"စာဖတ်ခြင်းဟာ ဘ၀ကို တိုးတက်စေပါတယ် "
ဟုတ်ပါတယ် မိတ်ဆွေ စာဖတ်ခြင်းဟာ ဘ၀ကို လုံးဝ၊ လုံးဝ သေချာပေါက် တိုးတက်စေပါတယ် Written by လင်းသိုက်ညွန့် <!-- AddThis Button END --> ၁။“စာဖတ်ခြင်းဟာ ဘ၀ကို တိုးတက် စေပါတယ်” ဒီအဆိုကို ကျွန်တော်က အခုနေ အဆို ပြုလိုက်ရင် ဖူးငုံ တော်တော်များများက အားနာပါးနာနဲ့ ထောက်ခံကောင်း ထောက်ခံကြပေမယ့် စိတ်ထဲကတော့ သိပ်နှစ်နှစ်ကာကာ ယုံယုံကြည်ကြည် ရှိကြမည် မဟုတ်တာတော့ သေချာသည်။ အဲ... အဲသည်ထဲကမှ နည်းနည်း ပွင့်ပွင့်လင်းလင်း ဟောဟောဒိုင်းဒိုင်း ပြောတတ်သည့် ဖူးငုံတို့က ကျွန်တော့်ကို ခုလို ပြန်ပြောကြလိမ့်မည်။
“ဟား ဟား စာဖတ်ခြင်းဟာ ဘ၀ကို တိုးတက် စေတယ်လို့ဆိုရင် ခင်ဗျားတို့ စာရေးဆရာတွေက ဘာလို့ စုတ်တိစုတ်ပြတ် ဖြစ်နေကြတာလဲ၊ ဘာလို့ ကျိကျိတက် မချမ်းသာကြတာလဲ။ တချို့ စာလုံးဝ မဖတ်ဘဲ ဘ၀မှာ ဘာဖြစ်လို့ အောင်မြင်ချမ်းသာ နေကြတာလဲ”စသည်ဖြင့်။ ကျွန်တော့်ဆီကို စောဒက (Complaints) ပေါင်းများစွာ တက်ကြလိမ့်မည်။ ထိုသို့ ပြောလာကြပါကလည်း စာရေးသူက ခုလို ပြန်လည် ဖြေရှင်းရလိမ့်မည်။“ဟုတ်သည်။ ကျွန်ုပ် ပြောသည်ကား စာဖတ်ခြင်းဟာ ဘ၀ကို တိုးတက်စေတယ် လို့သာ ဆိုပေလတ္တံ့။ စာရေးဆရာတွေဟာ ဘ၀ တိုးတက် ချမ်းသာကြတယ်လို့ မဆို လိုပေလတ္တံ့”အနည်းဆုံးတော့ စာရေးသူတို့ဆီမှာ စာရေး ဆရာတွေ မချမ်းသာနိုင်ပေအံ့ဟု ယူဆရလတ္တံ့။
ဤစကားသည် မှန်ကန်သော သစ္စာစကားပေတည်း။ ဤသစ္စာစကား မှန်ကန်ပါက ကျွန်ုပ်တို့ စာရေးဆရာများ ဆိုက်နက်၊ လင်ခရူစာတွေ စီးပြီး မော်ဒယ်လ်တစ်ဖက် သုံးလေးယောက်နဲ့ ဥရောပ၊ အမေရိကားတစ်ခွင် ပြဲပြဲစင်အောင် ရှော့ပင်း ထွက်ကြရလတ္တံ့။၂။အမှန်စင်စစ် ဤသို့ဤသို့ ပြန်လည် စောဒက တက်ကြသော ဖူးငုံတို့ အနေဖြင့် ဘ၀ အောင်မြင်တိုး တက်ခြင်းနှင့် ချမ်းသာ ကြွယ်ဝခြင်း ဆိုတဲ့ စကားရပ် နှစ်ခုရဲ့ အနက် အဓိပ္ပာယ်ကို တိတိပပ မကွဲပြားကြ၍ သာဖြစ်သည်။ အမှန်စင်စစ် အောင်မြင် တိုးတက်ခြင်းနှင့် ချမ်းသာ ကြွယ်ဝမှုမှာ များသောအားဖြင့် ဒွန်တွဲ နေကြသော်လည်း အချို့ အချို့သော အခြေ အနေများတွင်ကား တစ်ပြည် တစ်ရွာစီ ဝေးကွာ နေတတ်၏။ဆိုကြပါစို့။
အရှေ့အလယ်ပိုင်း ဒေသရှိ ရေနံထွက်သော အာရပ်နိုင်ငံ တစ်နိုင်ငံ အနေဖြင့် ၎င်း၏ သဘာဝ သယံဇာတ ကြွယ်ဝမှုကြောင့် ကျိကျိတက် ချမ်းသာနေသော်လည်း အခြား နည်းပညာ (Technology) ပိုင်းတွင် တိုးတက် ထွန်းကားသည်ဟု မဆိုနိုင်ပေ။ သို့သော် စင်ကာပူ၊ ဂျပန်စသည့် နိုင်ငံငယ် လေးများမှာ သဘာဝ သယံဇာတ မရှိသလောက် ရှားပါးကြသော်လည်း နည်းပညာ(Technology) ထွန်းကားသဖြင့် နိုင်ငံ တိုးတက်သလောက် ချမ်းသာ ကြွယ်ဝကြပေသည်။ ထို့အတူပင် မိမိတို့ လူသားများတွင်လည်း ငွေကြေးစည်းစိမ် မည်မျှပင် ကြွယ်ဝချမ်းသာ နေသော်လည်း ဘ၀အောင်မြင် တိုးတက်သည်ဟု မဆိုနိုင်သော လူတန်းစားများ ဒုနှင့်ဒေး ရှိသည်ကို သတိ ချပ်သင့်ကြပေသည်။
တစ်ခါတစ်ရံ ဘ၀၏ တိုးတက် အောင်မြင်မှုကို ငွေကြေးနှင့် တိုင်းတာ မရစကောင်းပါချေ။ သို့သော် စာပေ ဖတ်ရှု လေ့လာသူ အများစုမှာ ငွေကြေး ကြွယ်ဝချမ်းသာ လာကြလျှင်လည်း ဘ၀ အောင်မြင်တိုးတက်မှုက တစ်ပါတည်း လိုက်ပါလာလေ့ ရှိကြပြီး အကယ်၍ ကံဇာတာ နိမ့်ပါး၍ ဆင်းရဲ နွမ်းပါးနေလင့် ကစား ပတ္တမြား မှန်လျှင် နွံမနစ် ဆိုသကဲ့သို့ ဘ၀ အောင်မြင် တိုးတက်မှု လမ်းကြောင်းပေါ်တွင် တော့ ရှိနေကြသေးပေသည်။ စာပေ ဖတ်ရှုကြ ခြင်းဖြင့် ဘ၀၏ အောင်မြင်မှု (Success of Life) ကို နည်းမှန် လမ်းမှန်နှင့် အားမလျှော့တမ်း ရှာဖွေနိုင်ကြပေသည်။နိုင်ငံနှင့် ချီ၍ အောင်မြင် တိုးတက်လိုပါလျှင်လည်း အဆိုပါ နိုင်ငံတွင် မှီတင်း နေထိုင်ကြသည့် လူများ၏ စာဖတ်ရှုနှုန်း(Reading Rate) မလွဲမသွေ မြင့်မား တိုးတက်နေရမည် ဖြစ်ပေသည်။ ယနေ့ စာရေးသူတို့ တစ်တွေ၏ စာဖတ်နှုန်းတွေ တိုးတက်မြင့်မား နေကြပါသလား။ စာရေးသူတို့၏ စာပေ လောကကြီး ဖွံ့ဖြိုးဝေဆာ စည်ပင်နေပါသလား။လူဦးရေ သန်း ၆၀ နှင့် စာအုပ်တွေ၏ ပုံနှိပ်အုပ်ရေ (Printed Quantity) တစ်ထောင်ဆို သည်မှာ နိုင်ငံနှင့် လူမျိုး၏ အနာဂတ် အသိပညာ ဖွံ့ဖြိုး တိုးတက်မှု (Future Knowledge Development) အတွက် များစွာ ရင်လေးဖွယ် ကောင်းသည့် အခြေအနေ ဖြစ်ပါသည်။
သို့ဆိုလျှင် စာရေးသူတို့၏ စာဖတ်နှုန်းတွေ ဘာဖြစ်လို့ ဤမျှလောက် ကျဆင်း နေကြပါသလဲ။ ဤသို့ ဆန်းစစ်၊ စစ်ကြောကြည့်လိုက်သော အခါ ဖော်ပြပါ အကြောင်းတရားများ ထွက်ပေါ် လာသည်။
၁။ သက်ဆိုင်ရာ လူ့အဖွဲ့အစည်း(Society) ၏ စာပေအပေါ် တန်ဖိုးထားမှု
၂။ စာပေဆိုင်ရာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ၏ လုပ်ခလစာနှင့် အခွင့်အရေး ခံစားခွင့်များ (Professional Income and Facilities)
၃။ စာအုပ်များ၏ ဈေးနှုန်းနှင့် စာအုပ်ဆိုင်များ ၏ ဈေးကွက်ရှာဖွေမှု (Marketing) အား နည်းမှုများ
၎။ ခေတ်လူငယ်များ၏ ဖျော်ဖြေရေး ပုံစံ (Entertainment Format) များ၏ ရွေးချယ်စရာ များပြားလာမှု စသဖြင့် အကြောင်းတရားများ ထွက်ပေါ် လာကြသည်။
၁။ သက်ဆိုင်ရာ လူ့အဖွဲ့အစည်း (Society) ၏ စာပေအပေါ် တန်ဖိုးထားမှု“စာပေသမားတွေ ဆိုတာ ခပ်ကြောင်ကြောင်တွေပါကွာ။ စာရေးဆရာဆို တာ လက်ကြော မတင်းတဲ့သူတွေ လုပ်တဲ့အလုပ်။ အလကား ပုံမှန်ဝင်ငွေရှိတဲ့ အလုပ်အကိုင်လည်း မဟုတ်ဘူး” စသဖြင့် အလားတူ အသံဗလံများ လူ့အဖွဲ့အစည်းထဲမှာ ကျယ်ကျယ်လောင်လောင် ကြားနေရသရွေ့ စာဖတ်နှုန်း မြင့်မားလာပြီး စာပေလောက ဖွံ့ဖြိုး တိုးတက်လာစရာ မရှိ။ ၎င်းတို့ကို ပြုပြင်ရမည်။
၂။ စာပေဆိုင်ရာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ၏ လုပ်ခလစာနှင့် အခွင့်အရေး ခံစားခွင့်များ (Professional Income and Facilities) အယ်ဒီတာ တစ်ယောက်ရဲ့ လုပ်ခလစာ (Salary) နဲ့ ရပိုင်ခွင့်(Facilities) တွေဟာ ကုမ္ပဏီက လက်ထောက် မန်နေဂျာတစ်ယောက်ရဲ့ လစာ၊ ရပိုင်ခွင့်တွေနဲ့ များစွာ ကွာခြား နေသရွေ့၊ စာရေးဆရာ တစ်ယောက်ရဲ့ အနုပညာ ကြေးဟာ မင်းသား၊ မင်းသမီး၊ အဆိုတော် တစ်ယောက်ရဲ့ အနုပညာကြေး၏ ဆယ်ပုံတစ်ပုံလောက်တောင် မရှိသရွေ့၊ မိမိ၏ ကလေးက “သားကြီးလာရင် ချာရေးချရာကြီး လုပ်မယ်”လို့ ထက်ထက်သန်သန် ပြောသည့် ရည်မှန်းချက်ကို မိဘတွေက ၀မ်းမြောက်ဝမ်းသာ ကြည်ကြည်ဖြူဖြူ လက်မခံနိုင်ကြသရွေ့ စာဖတ်နှုန်း မြင့်မားပြီး စာပေလောက ဖွံ့ဖြိုး တိုးတက် လာစရာ မရှိ။ ၎င်းတို့ကို ပြုပြင်ရမည်။
၃။ စာအုပ်များ၏ ဈေနှုန်းနှင့် စာအုပ်ဆိုင်များ၏ ဈေးကွက် ရှာဖွေမှု (Marketing) အားနည်းမှုများShopping Center ကြီးများမှ အရောင်းဝန်ထမ်း ကောင်မလေးတွေက ပြုံးနေသလောက် စာအုပ်ဆိုင်မှ အရောင်းဝန်ထမ်း မမကြီးတွေက မျက်နှာ ရှစ်ခေါက်ချိုးနှင့် ဆူပူ နေသရွေ့၊ လမ်းဘေးတွင် ဇာတ်လမ်း ၂၀ လောက်ပါ သည့် VCD,DVD တစ်ချပ်ကို ငွေငါးရာလောက်သာ ပေးရပြီး စာအုပ် တစ်အုပ်ကို နှစ်ထောင်၊ သုံးထောင်ပေး ၀ယ်ဖတ် နေရသရွေ့ စာဖတ်နှုန်းမြင့်မားပြီး စာပေလောက ဖွံ့ဖြိုးတိုးတက် လာစရာ မရှိ။ ၎င်းတို့ကို ပြုပြင်ရမည်။
၎။ ခေတ်လူငယ်များ၏ ဖျော်ဖြေရေးပုံစံ (Entertainment Format) များ၏ ရွေးချယ်စရာ များပြားလာမှုရှိုးပွဲတွေ၊ ရှော့ပင်းစင်တာ (Shopping Center) တွေမှာ လူငယ်တွေ လျှောက်လည်နိုင်၊ သမီး ရည်းစားတွေ ချိန်းတွေ့နိုင်အောင် ဖန်တီးဆောင်ရွက် ပေးထားသကဲ့သို့ စာအုပ်ဆိုင်တွေ၊ စာကြည့်တိုက် (Library) တွေမှာ အလားတူ မဖန်တီးသရွေ့ စာဖတ်နှုန်း မြင့်မားပြီး စာပေလောက ဖွံ့ဖြိုးတိုးတက် လာ စရာမရှိ။ ၄င်းတို့ကို ပြုပြင်ရမည်။အဆိုပါ ပြုပြင်စရာများကို ပြုပြင်၍ ပြီးပါက “စာဖတ်ခြင်းဟာ ဘ၀ကို သေချာပေါက် အမှန်တကယ် တိုးတက်လာစေ”မှာ ဖြစ်ပါသည်။
လင်းသိုက်ညွန့်၊မြန်မာ့မြေ၊See you at the top!
(Teen မဂ္ဂဇင်း၊ဇွန်လ ၂၀၁၁)
By: Fly Bird
0 comments:
Post a Comment