ဖားကို မြွေကိုက် တုတ်နှင့်ရိုက်သော်...
လွတ်လပ်ခြင်း ဂရုမှကူးယူဖေါ်ပြပါသည်။
မေး။ ။ (က) ဖားကို မြွေကိုက်နေရာ ဖား၏အသက်ကို ကယ်သော အနေအားဖြင့် လူတစ်ယောက်က မြွေကို တုတ်နှင့်ရိုက်ကာ ပယ်ရှား၏။ မြွေသည် သူ၏အစာဖြစ်သော ဖားကို လွတ်သွား၏။ မြွေ၏ အစာကို တားဆီးပိတ်ပင်သော ထိုလူ၌ အပြစ်ရှိပါသလား။ ဖား၏ အသက်ကို ကယ်ခြင်းကြောင့် ကုသိုလ်ကော- ရပါသလား။ ကျမ်းအကိုးအကားဖြင့် ပညာရှင်များ ဖြေကြားပေးကြပါရန် မေးမြန်းအပ်ပါသည်။ (စိန္တာမဏိမဂ္ဂဇင်းမှာ ရေးဖြေဖြစ်ခဲ့တဲ့ အဖြေလေး တစ်ပုဒ်ပါ။ မေးတဲ့သူတောင် မေ့နေပြီ။)
ဖြေ။ ။ (က) မြွေ၏အစာကို တားဆီးပိတ်ပင်သော ထိုလူ၌ အပြစ်ရှိပါသလား-ဟူရာ၌ မြွေကို တုတ်နှင့်ရိုက်ရာတွင် (မေးခွန်းအရ) ဖား၏အသက်ကို ကယ်သောအနေအားဖြင့် ရိုက်ခြင်းဖြစ်၏။ တမင်တကာ မြွေ၏အစာကို တားဆီးပိတ်ပင်လိုစိတ်၊ သက်သက်မဲ့ မြွေကို အစာငတ်စေလိုစိတ် မရှိ။ ထိုသို့ မရှိသည့်အတွက် အပြစ်မဖြစ်။ ဘုရားရှင်လက်ထက်တော်တွင် အဝရုဒ္ဓက မည်သော ဘီလူးသည် ၁၂-နှစ်တိုင်တိုင် ဝေဿဝဏ်နတ်မင်းကြီးကို လုပ်ကျွေးခစားသဖြင့် “ဤနေ့မှနောက် (၇)ရက်မြောက်နေ့၌ (အာယုဝဍ္ဎနသတိုးသား ဖြစ်လာလတံ္တ့သော) ဤသူငယ်ကို ဖမ်းယူစားသောက်လော့”ဟု ဆုအဖြစ် ပေးလေ၏။ မြတ်စွာဘုရား၏ အစီအမံဖြင့် သူငယ်ကို ခြံရံကာ ရဟန်းတော်တို့သည် (၇)ရက်တိုင်တိုင် အဆက်မပြတ် ပရိတ် ရွတ်ကြရ၏။ (၇)ရက်မြောက်သောည၌ ဘုရားရှင်ကိုယ်တော်တိုင် ကြွလာ၏။ ဘုရားရှင်ကြွလာတော်မူသောအခါ တန်ခိုးကြီးနတ်များ လည်း လာရောက်ကြသဖြင့် အဝရုဒ္ဓကဘီလူး အနားကပ်ခွင့်မရ။ (၇)ရက်ကျော်သွားလျှင်လည်း စားခွင့်မရှိတော့။ ဤနည်းဖြင့် ဘုရားရှင် ကိုယ်တိုင် ဘီလူးစားမည့်ဘေးမှ ကလေးတစ်ယောက်ကို ကယ်တင်တော်မူခဲ့ဘူး၏။ (ဓမ္မ၊ဋ္ဌ၊၁၊၄၂၃)
ဖား၏အသက်ကို ကယ်တင်ခြင်းကြောင့် ကုသိုလ်ရပါသလား ဟူရာ၌ ကုသိုလ်ရပါသည်။ ဇီဝိတဒါန ဖြစ်ပါသည်။ အဋ္ဌသာလိနီ- အဋ္ဌကထာတွင် “ဇီဝိတဒါနဖြစ်လတ္တံ့ဟု ကြံ၍ စာရေးတံဆွမ်း၊ သံဃိက ဆွမ်းစသည်တို့ကို ပေးလှူ၏။ မကျန်းမာကုန်သော ရဟန်းတို့အား ဆေးလှူ၏။ ဆေးဆရာခေါ်ပေး၏။ ပိုက်ကွန်ကို ဖောက်ဖျက်စေ၏။ မြှုံးကို ဖျက်ဆီးစေ၏။ ငှက်လှောင်ချိုင့်ကို ပျက်စီးစေ၏။ အချုပ်အနှောင်မှ လွတ်မြောက်ခြင်းကို ပြုစေ၏။ သားကြီးငါးကြီး မသတ်ရဟု ကြွေးကြော်ကာ စည်လည်စေ၏။ ” (အဘိ၊ဋ္ဌ၊၁။၁၂၂) စသည်ဖြင့် လာရှိပါသည်။ ဝိနည်းဋီကာတွင်လည်း “ဖားကိုခဲထားသော မြွေမကို (အမဖြစ်၍ ရဟန်း မကိုင်ကောင်းသောကြောင့်) တုတ်စသည်တို့ဖြင့် ညှပ်၍ ဖျစ်ညှစ်ဖိနှိပ်ကာ ဖားကို လွှတ်စေခြင်းငှါ အပ်၏။” ဟု လာရှိပါသည်။ (သာရတ္ထ၊ဋီ၊ ၂။၃၁၉)
ဆက်လက်၍ အနည်းငယ် လျှာရှည်ချင်ပါသေးသည်။ ပြဿနာတစ်ရပ်ကို အဖြေရှာရာတွင် ဗုဒ္ဓဝါဒအလို အဖြေရှာနည်း။ အခြားသော ဘာသာဝါဒ အယူအဆရှိသူ ဒဿနဆရာတို့၏ အဖြေရှာနည်းဟု နှစ်မျိုးခွဲခြားနိုင်၏။ အခြားဆရာတို့၏ အဖြေရှာနည်းမှာ အပေါ်ယံ အသွင်သဏ္ဍာန်ကို ကြည့်၍ ဆုံးဖြတ်၏။ ဗုဒ္ဓဝါဒအလို အဖြေရှာနည်းမှာ အတွင်းပိုင်း အနှစ်သာရကို ကြည့်၍ ဆုံးဖြတ်ရ၏။ ဥပမာ- အခြားသော ဆရာတို့က ရယ်သောသူသည် အသက်ရှည်၏-ဟု ဒဿနတစ်ရပ်ကို အဆိုပြု၏။ ၎င်းကို ဗုဒ္ဓဝါဒအလို အဖြေရှာကြမည်ဆိုလျှင် ရယ်မောခြင်းဟူသော အပေါ်ယံ အသွင်သဏ္ဍာန်မျှကို အသက်ရှည်ခြင်း၏ အကြောင်းတစ်ရပ်အဖြစ် သတ်မှတ်အတည်ပြုကာ အဖြေထုတ်လိမ့်မည်မဟုတ်။ ၎င်းပျော်ရွှင် ရယ်မောရခြင်း၏ အကြောင်းရင်းဖြစ်သော သောကကင်းခြင်း စသည်ကိုသာ အသက်ရှည်ခြင်း၏ အကြောင်းတစ်ရပ်အဖြစ် သတ်မှတ်ရပေလိမ့်မည်။ မှန်ပါသည်။ ဘဝတွင် ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမော မနေနိုင်လောက်အောင် သောကဒုက္ခများနေသော သူသည် ကိုယ့်ကိုကိုယ် ကလိထိုးကာ ရယ်မောနေရုံမျှဖြင့် အသက်မရှည်နိုင်ပါ။
အထက်ပါမေးခွန်းတွင် (မပြေးသော်လည်း ကန်ရာရှိဆိုသလို) မြွေ၏အစာကို တားဆီးပိတ်ပင်ရာ ရောက်သည်မှန်၏။ သို့သော် မေးခွန်းတွင် ဖား၏အသက်ကို ကယ်သောအနေအားဖြင့်-ဟု ဆိုသည့်အတိုင်း ဖားကိုသနားသော စေတနာကောင်း ပြဋ္ဌာန်း၏။ မြွေကို အစာငတ်စေလိုသော စေတနာဆိုးမရှိ။ ဥပမာ- အရက်ဆိုင်တွင် ထိုင်ကာ အရက်မှာနေသော သားအား အတင်းအကြပ်ဆွဲခေါ်လာသော ဖခင်ကို မိဘမေတ္တာ ကြီးမားသူဟု ဆိုမလား။ အရက်ဆိုင်ပိုင်ရှင်ကို စီးပွားရေး ထိခိုက်အောင်လုပ်သူဟု စွပ်စွဲမလား။ အပေါ်ယံ အသွင်သဏ္ဍာန်မျှဖြင့် ဆုံးဖြတ်လျှင် နှစ်ခုလုံး ပြောပိုင်ခွင့် ရှိပါသည်။
အတွင်းပိုင်း အနှစ်သာရအထိ ကြည့်လျှင်ကား “စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ”ဟု ဟောတော်မူသည့်အတိုင်း ကမ္မအရ အပြုအမူဟု သဒ္ဒါနည်းအရ အနက်ထွက်သည့်တိုင် သာမာန်အပြုအမူ၊ လှုပ်ရှားမှု၊ အမူအရာမျှကိုသာ ယူရသည်မဟုတ်။ ထိုအပြုအမူကို ဖြစ်စေသော လှုံ့ဆော်တိုက်တွန်းတတ်သော စေတနာကိုသာ ကံဟု ဆိုရ၏။ ထို့ကြောင့် စေတနာကောင်းလျှင် (အပြုအမူနှစ်သက်ဖွယ် မရှိသည့်တိုင်) အလုပ်ကောင်း ကံကောင်း ဟု ဆိုရ၏။ စေတနာဆိုးလျှင် အလုပ်ဆိုး ကံဆိုးဟု သမုတ်ရ၏။ ဤမျှဆိုလျှင် (က)အမှတ်ပြ ပုစ္ဆာ ပြေလောက်ပါပြီ။
(ခ) မြွေကို တုတ်နှင့်ရိုက်ရာတွင် အကယ်၍ မြွေသေသွားခဲ့ပါက တုတ်နှင့်ရိုက်သူ ထိုလူ၌ ပါဏာတိပါတကံ ကျူးလွန်ရာ ရောက်ပါသလား ဆိုသည်ကို ဖြေကြားပေးကြစေလိုပါသည်။
ဖြေ။ ။ ပါဏာတိပါတကံမြောက်ဖို့ အင်္ဂါ (၅)ချက် ပြည့်စုံဖို့ လိုပါသည်။ အင်္ဂါတို့မှာ --
(၁) သတ္တဝါဖြစ်ခြင်း၊ (၂) သတ္တဝါဟု သိရှိခြင်း၊ (၃) သေစေ လိုသော စေတနာရှိခြင်း၊ (၄) သေအောင်လုံ့လပြုခြင်း၊ (၅) သေခြင်း တို့ဖြစ်ပါသည်။
အထက်ပါ အင်္ဂါ ၅-ချက်စုံမှ ကမ္မပထမြောက်ပါသည်။ ပါဏာတိပါတကံ ထိုက်ပါသည်။ ယခုမေးခွန်းပါ ပြဿနာတွင်ကား ဖားကိုလွှတ်ကာ ထွက်ပြေးစေရုံသာ ရည်ရွယ်ပြီး မြွေကို သေစေလိုသော စိတ်စေတနာ မရှိသည့်အတွက် ပါဏာတိပါတကံ ကျူးလွန်ရာ မရောက်ပါ။ “ဒီမြွေဟာ အကုသိုလ်ကံကြောင့် တိရစ္ဆာန် ဖြစ်ရတယ်။ ယခု ပါဏာတိပါတအမှု ထပ်ပြုနေပြန်ပြီ။ ဒီမြွေအကုသိုလ် မဖြစ်အောင် ငါတားမည်”ဟု စိတ်ထားတတ်လျှင် ကုသိုလ်ပင် ဖြစ်ပါသေးသည်။
ဘုရားအလောင်းတော် ကာသိတိုင်း ဗာရာဏသီပြည် ဗြဟ္မဒတ် မင်း၏သား “မဟိသာသ” မည်သော မင်းသားဖြစ်ခဲ့စဉ်က ညီငယ်နှစ်ယောက်ကို စားဖို့ရန် ဖမ်းထားသော ရေကန်စောင့်ဘီလူးကို ဒေဝဓမ္မတရား ဟောကြားပေးရာ ဘီလူးက ကြည်ညိုသဖြင့် ညီငယ်နှစ်ယောက်ကို ပြန်လွှတ်ပေး၏။ ဘုရားလောင်းက ဆက်လက်၍ ဘီလူးအား “သင်သည် ရှေးက မကောင်းမှု့ပြုခဲ့သဖြင့် သူတစ်ပါးတို့၏ အသွေးအသားကို စားသောက်ရသော ဘီလူးဖြစ်နေရ၏။ ယခုလည်း မကောင်းမှု့ ပြုနေပြန်၏။ ယခုလိုသာ မကောင်းမှု့တွေ ပြုနေမည်ဆိုလျှင် အပါယ်လေးပါးမှ လွတ်ခွင့်ပင် ရလိမ့်မည်မဟုတ်။ ယနေ့မှစ၍ မကောင်းမှု့တွေ စွန့်ပြီး ကောင်းမှု့ပြုပါ” ဟု ဆုံးမ၏။ ဘီလူးကလည်း လိုက်နာ၏။ နောင်ဘုရင်ဖြစ်သောအခါ ဘီလူးကို နတ်ကွန်းဆောက်ပေးပြီး ပန်း၊ ထမင်း စသည်တို့ကို ဦးဦးဖျားဖျား ဆက်စေခဲ့ဘူး၏။ (ဒေဝဓမ္မဇာတ်တော်ကြည့်)
သူတော်ကောင်းစိတ်ထားဖြင့် အားနည်းသူဘက်က ရပ်တည်၍ အကူအညီပေးကာ အားကြီးသူကိုလည်း ထို“အား”ကို အကြောင်းပြု၍ အနိုင်အထက်ပြုကာ အကုသိုလ်မပြုဖြစ်စေရန် တားမြစ်နိုင်ကြပါစေ။
အရှင်ကောဝိဒ (ယော)
Ei Aye

0 comments:
Post a Comment