Sunday, June 19, 2011

စာမျက်နှာ ၃၇၀ နှင့် ၃၇၁

by Myo Tha Htet on Thursday, January 27, 2011 at 3:18am
ဘ၀ဆိုတာ ရေးထားသော စာအုပ် တအုပ်လားဆိုတာကို ကျွန်တော် အတန်ကြာကပင် သံသယ ရှိနေခဲ့ပါသည်။ သံသယသာ ရှိတာပါ၊ နေ့စဉ် ကျွန်တော် ပုံမှန် လှန်လှော ဖတ်ရှုနေခဲ့သည်မှာလည်း ထိုစာအုပ်သာ ဖြစ်သည်။ ဖတ်ဖန်များတော့ တချို့အကြောင်းအရာတွေက သိပြီးသားတွေလိုလို၊ တချို့ကျတော့ ရှေ့ဘာဖြစ်မယ်ဆိုတာကိုတောင် ဆ၀ါးမိနေသလိုလို၊ တခါတခါမှာတော့ အဲဒီလိုလိုတွေ ကြားထဲကနေ အထိတ်တလန့် ဖြစ်ခဲ့ရသည်။ ထိတ်သွားသမှ ရင်တုန်ပန်းတုန်...။



အခုတော့ စာမျက်နှာ ၃၇၀ နှင့် ၃၇၁ အရောက်မှာ ပြောစရာတွေ ရှိလာလို့ ရေးကြည့်ရပါသည်။


စာမျက်နှာ ၃၇၀ တွင် အောက်ပါအတိုင်း ရေးထားသည်ကို ဖတ်လိုက်ရသည်။


အခုတလော အလုပ် လုပ်ရာတွင် တခုခုကို စိုးထင့်နေသလို ရှိနေလိမ့်မည်၊ ရှိနေသော်လည်း ချာတိတ် မလုပ်လို့ မဖြစ်၊ လုပ်ကို လုပ်နေရမည်။ ဗိုက်မှာ အဆီတွေ တက်နေလို့ ထိုင်ရခက်နေလိမ့်မည်။ မောင်မင်း... စားသောက်တာတွေ များလှသည်၊ နည်းနည်းလျှော့ဖို့ လိုသည်၊ လျှော့ဖိုဆိုသည်မှာ ညဘက် ထမင်းစားရင်း အိမ်နေ၀တ်ထားသော ပုဆိုးကို လျှော့ခိုင်းခြင်း မဟုတ်ပါ။


ချာတိတ် သတိထားပါ၊ မင်းက... နောက်တီးနောက်ချာ နေသည်။ ဘ၀မှာ နောက်တီးနောက်ချာ လုပ်လို့ မရပါ။ အခုဖတ်နေတာကို ရယ်မနေပါနဲ့၊ မင်း ဘာတွေ လုပ်နေသလဲဆိုတာ မောင်ရင် အသိဆုံး ဖြစ်ပါလိမ့်မည်။ မိန်းကလေး အထူးသတိထားပါ၊ သူတို့နှင့်ပတ်သက်လျှင် မောင်ရင် ကွဲမည်။ အကွဲ မခံနိုင်ရင် သတိထား ဆက်ဆံပါ...။


အလုပ်စောစောပြီးတာနဲ့ အိမ်တန်းပြန်ဖို့ လုပ်လိမ့်မည်၊ စောစောပြန်ပေမယ့် ရထားက နောက်ကျလျှင် အိမ်ကို နောက်ကျမှသာ ရောက်ပါလိမ့်မည်။ သိပါသည်... မောင်ရင်က မယုံမကြည် ရှိချေလိမ့်မည်။ သွားကြည့်ပါလေ... ကျိန်းသေပေါက် ရထားနောက်ကျပါလိမ့်မည်။ သိပါသည်၊ ချာတိတ်အနေနဲ့ စမ်းကြည့်ပါလိမ့်ဦးမည်။


ညဘက်တွေမှာ အိပ်မပျော်သည့် ညများ ဖြတ်ကျော် ရလိမ့်မည်။ ဘာကိုမှန်း မသိသော စိုးရိမ်ပူပန်မှုများဖြင့် နိုးတ၀က် အိပ်စက်နေရလိမ့်မည်။ ဒါမျိုး ဟိုးရှေးရှေးပိုင်းက တခါ ဖြစ်ခဲ့ဖူးလိမ့်မည်။ သီချင်းခပ်တိုးတိုး ဖွင့်အိပ်တာမျိုးကို ချာတိတ်က စာတွေမှာ ဖတ်ထားဖူးသဖြင့် လုပ်ကြည့်လိမ့်ဦးမည်။ ရုပ်ရှင်ဇာတ်လိုက်များ နေတတ်သော အိမ်ခြံဝိုင်းများမှာ နေပုံမျိုးကို နိုးတ၀က် အိပ်နေသည့်ကြားမှ အိပ်မက် မက်လိမ့်ဦးမည်။


တခုတော့ မှာထားလိုက်ချင်သည်၊ မင်းက ဘာကိုမှ အလွယ်တကူ မယုံကြည်တတ်သောကြောင့် အခုလို မှာခြင်းဖြစ်သည်။ မောင်မျိုးသာထက်... မင်း ထိန်းချုပ်လို့ မရတဲ့ ကိစ္စတွေနဲ့ အချိန်ကုန် မခံနဲ့၊ လုပ်စရာရှိတာကို အကောင်းဆုံး လုပ်ပါ။ ကျန်တာကတော့ ချာတိတ်ကို များများ မှာကြားစရာ မလိုပါ။


ချာတိတ်လည်း တရားအကြောင်း နည်းနည်းပါးပါး သိတော့ ဒီနေရာမှာ များများ မမှာကြားလို၊ အထက်က အချက်ကိုသာ သတိရ လိုက်နာစေချင်သည်။ ဘ၀ တိုးတက်စေရန် ဘ၀င်ကို လျှော့ပြီး အလုပ်ကို မြှင့်ပါ။


စာမျက်နှာ ၃၇၀ က ကျွန်တော့်ကို ဆုံးမထားသလိုလို ရှိသည်။ အကြောင်းအရာ တော်တော်များများကလည်း ကျွန်တော် ဒီရက်ထဲ စိတ်မှာ၊ အလုပ်မှာ၊ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေနှင့် တထပ်တည်း ဖြစ်နေသည်။ ရှိသည့် ဘ၀င်ကို ထပ်လျှော့ဖို့ ဆုံးမထားသည်။ ကျွန်တော်က ဘ၀င်တော်တော် မြင့်တတ်သည်။


စာမျက်နှာ ၃၇၀ သည် ကျွန်တော့်ကို ဆုံးမသွားချေပြီ။ စာမျက်နှာ ၃၇၁ ကို ညာဖက်တွင် မြင်နေရ၍ ဆက်ဖတ်ကြည့်လိုက်သည်။ စိတ်ဝင်စားစရာ ကောင်းနေတော့သည်။


စာမျက်နှာ ၃၇၁ တွင် အောက်ပါအတိုင်း ရေးထားပြန်သည်။


တခါ ညက အိပ်မက် မက်သည်။ ပုဆိုးအသစ်တထည်ဝတ်ပြီး လန်ဒန်မြို့ကို ပတ်နေသည်။ ပုဆိုးကောင်းကောင်းနှင့် ၀တ်စားထားသည်မှာ ရှေးဟောင်း ဓာတ်ရှင် များထဲက မင်းသားနှင့် တူသည်ဆိုပြီး ဘ၀င်ရူးလိမ့်ဦးမည်။ အိပ်မက်သည် တကယ်မဟုတ်ပါ။ လန်ဒန်မြို့တော်မှာလည်း ပုဆိုးဝတ်သူ မရှိသလောက် နည်းပေလိမ့်မည်။


စိတ်ကူး သိပ်မယဉ်ပါနှင့်၊ လက်တွေ့တထပ်တည်း မကျရင်တောင် လက်တွေ့နှင့်နီးနီး လုပ်စေချင်၊ တွေးစေချင်သည်။ အခု လုပ်ကိုင်နေသော အလုပ်နေရာတွင် အခက်အခဲများ ရှိနေလိမ့်မည်။ အဖွဲ့အစည်းတခုလုံးနှင့်စပ်၍ ၀န်ထမ်းလျှော့ခြင်း၊ အသုံးစရိတ်လျှော့ခြင်းများ ဖြစ်ပေလိမ့်မည်။ ထို့အတွက် ကြေညာချက် ထွက်လာလိမ့်မည်၊ အထူးတော့ စိုးရိမ်စရာ မရှိပါ။


တိုးသည့်အချိန်တွင် တိုးလို့ လျော့သည့်အချိန်တွင် လျော့ခြင်းမှာ ဓမ္မတာသာဖြစ်ပါသည်။ လန်ဒန်မြို့မှ မြန်မာအများစု တခါတရံတွင် ပတ်သက်ဆက်ဆံရသော နေရာတခုသို့လည်း ဒီရက်ပိုင်းထဲ ရောက်လိမ့်ဦးမည်၊ အားလုံး အဆင်ပြေပါလိမ့်မည်။ ဘ၀တွင်သော်လည်းကောင်း၊ လောကတွင်သော်လည်း ဖြစ်၊ ပျက်၊ ပြောင်းလဲမှုတိုင်းတွင် အကြောင်းတရားနှင့် အကျိုးတရား ဆက်စပ် ကူးလူး ရှိနေသည်ကို လက်ခံထားမိလိုက်လျှင် နေသာထိုင်သာ ရှိပါလိမ့်မည်။


လက်ရှိကာလတွင် မိတ်ဆွေ များလာသလို ကိုယ့်ကို စောင့်ကြည့် ဝေဖန်နေသူတွေလည်း ရှိမည်၊ လူအားလုံး ကျေနပ်နိုင်စွမ်း မရှိရင်တောင် ခေတ္တခဏ တွေ့ရသော ဒီလူတွေ မုန်းအောင် မနေထိုင်တတ်ရန်၊ မပြောဆိုမိရန် အရေးကြီးသည်။ လူတယောက်က ကိုယ့်ကို ချစ်နေစေရန် အတော်လေး ထိန်းထိန်းသိမ်းသိမ်း နေထိုင်တတ်ရသည်၊ မုန်းသွားရန် အလွယ်ကလေး ပြုလို့ရသည်။ မုန်းလမ်းကို မလိုက်လေနှင့်...။


ပညာများကို နိုင်သလောက် ဆည်းပူးထားရန် လိုပါသည်၊ သို့မှသာ အရေးကြုံက သက်လုံကောင်းလိမ့်မည်။ မောင်ရင့် အလုပ်က များများ ဖတ်မှတ်၊ လေ့ကျင့်ထားမှ တော်ရုံကျပါလိမ့်မည်။ လူတွေကိုလည်း နိုင်သလောက် ကူညီရန်လိုသည်၊ ကိုယ်ချည်း အဆင်ပြေနေရုံနှင့် အားလုံး အဆင်ပြေနေပြီဟု တသမှတ်တည်း မတွေးပါနှင့်၊ အားလုံးအဆင်ပြေဖို့ လိုသည်။ သူငယ်ချင်း မိတ်ဆွေ၊ ဆွေမျိုးနှင့် မိသားစုဝင်များ အဆင်ပြေစေရန် ကြိုးစားပါလေ။


စိတ်ဝင်စားစရာ ကောင်းသည်၊ ကျွန်တော် အခုရက်ပိုင်း စိတ်ကူးနေတာနှင့် စာအုပ်ထဲ ဖတ်ရတာတွေ၊ သတိပေးထားတာတွေ၊ ကျွန်တော့်စိတ်နှင့် တွန်းထိုး လွန်ဆွဲနေတာတွေက တော်တော့်ကို တိုက်တိုက်ဆိုင်ဆိုင် ရှိလွန်းလှသည်။ တချို့စာကြောင်းများက ကျွန်တော့်စိတ် ကျွန်တော် ပြန်ဖတ်နေရသလို...။


အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် တဘ၀စာ ကံကြမ္မာကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဗေဒက၀ိ လက္ခဏာဝိဇ္ဇာများ ကြိုတင်ရေးသားထားခဲ့သော ဟောစာတမ်းများ ရှိသည်။ ထိုခေတ်ထိုအချိန်က အသုံးပြုသောစာဖြင့် ထန်းရွက်ပေရွက်များပေါ်တွင် ရသလို ရေးသားခဲ့ခြင်းဟု ဆိုသည်။ ကိုယ်တိုင် ဒေလီသို့ ရောက်နေသူများ စုံစမ်း ဖွေရှာပြီး စမ်းကြည့်နိုင်ကြသည်။ ဒေါ်လာ ရာဂဏန်းလောက်တော့ ကုန်ကျမည် ထင်သည်။


ထိုထို ၀န်ဆောင်မှု ပေးသူများထံ သွား၍ ကိုယ့်ဟောစာတမ်းကို အရင်ရှာရသည်။ ကိုယ့်နာမည်၊ မွေးသက္ကရာဇ် စသည်ဖြင့်ပြောလျှင် ၀န်ဆောင်မှုပေးသူက ကိုယ့်ဟောစာတမ်းကို သွားရှာသည်ဟုဆိုသည်။ တွေ့လျှင် ဟောစာတမ်းဖတ်သူက ဖတ်ပေးသည်၊ ကိုယ်က အင်္ဂလိပ်ဘာသာဖြင့် ဟောစာတမ်းကို နာလိုလျှင် ဘာသာပြန်ပေးသည်။


ထိုသို့ ဟောစာတမ်း လာရှာသူများအတွက် ဟောစာတမ်းများကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ဆိုခဲ့ပါ ဆာဒူးကြီးတွေ၊ ၀ိဇ္ဇာကြီးတွေက ကြိုတင်ရေးသား ထားခဲ့ကြသည်ဟု ဆိုသည်။ အလွန်စိတ်ဝင်စားစရာ ကောင်းလှသည်။


အခုလာသူ ဘယ်သူ၊ ဘယ်က လာသည်၊ ဘာလုပ်သည်၊ ဘာဆက်ဖြစ်မည်၊ ဘယ်အချိန်သေမည် စသည်ဖြင့် အံ့သြစရာ ဟောစာတမ်းများဟု ဆိုသည်။ ကိုယ်တိုင် စမ်းခွင့် မကြုံသေးသဖြင့် အဘယ်မျှ စွမ်းသည်ဟု ကိုယ်တိုင် ခံဝန်ချက် မပေးနိုင်ပါ။ အစစ်တခု၊ အတုတရာ၊ အယောင်ဆောင် အနန္တဟု ဆိုရလေမလား။ ထိုထို ၀န်ဆောင်မှုတွင် အတုများလည်း ရှိနိုင်ပါသည်။ ဘယ်အရာမဆို ချင့်ယုံဖို့ လိုပါသည်။


ကျွန်တော်ကတော့ ကျွန်တော့်ဘ၀စာအုပ်ကိုသာ ဖြည်းဖြည်းမှန်မှန် ဆက်ဖတ်နေပါသည်။ နေ့စဉ်ဖတ်ရှုနေသလို စာအုပ်ပါ စာမျက်နှာများတွင် ရေးသားချက်များနှင့် ပတ်သက်၍လည်း ကျွန်တော်သံသယ ကြီးနေဆဲ၊ မယုံဆဲ၊ စမ်းသပ်နေဆဲ ဖြစ်ပါသည်။ စာမျက်နှာ ၃၇၀ နှင့် ၃၇၁ တို့ကိုမူ ကျွန်တော် တအံ့သြသြ ရှိနေခဲ့ပါသည်။


၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ ၂၆ ရက်။
ည ၉ နာရီ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...