ကဲ . . . မယုံချင်နေ . . .
Written by အတ္တကျော် Thursday, 09 June 2011 13:09
လေယာဉ်နဲ့ ကျွန်တော်က ဖွားဖက်တော်လို့တောင် ဆိုနိုင်ပါတယ်။ အသက်နှစ်လသား မပြည့်ခင် ကတည်းက လေယာဉ် စစီးရတာကိုး။... ၁၉၅၈ ခုနှစ် ဇန်န၀ါရီလထဲလောက်မှာ ဖြစ်လိမ့်မယ် ထင်တယ်။ ဆန်းတော့လည်း မဆန်းပါဘူး။ ကျွန်တော့်အဖေက အဲဒီ့အချိန်က တည်ဆောက်ဆဲ လောပိတ လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းက ၀န်ထမ်း ဆိုတော့ သျှောင်နောက်ကို ဆံထုံးတင်လိုက်ရတာ မဟုတ်ဘဲ ဆံညှပ်လေး ပိစိကွေး ကျွန်တော်ပါ အချောင် ပါသွားရတော့တာပါ။ အခုဆို ကျွန်တော့် အသက်က ၅၄ နှစ်ထဲမှာ။ အဲဒီ့ အတောအတွင်း စီးလိုက်ရတဲ့ လေယာဉ်ခရီးစဉ်တွေ ဆိုတာ မနည်းပါဘူး။ သမုဒ္ဒရာကြီး ကျော်ဖြတ်ပြီး အချိန်ကာလကို ကျော်လွှားသွားရတဲ့ ခရီးစဉ်တောင် ပါခဲ့ဖူးသေးတယ်။ သို့ပေမယ့်ဗျာ... မြေပြင်ကနေ ပေပေါင်း နှစ်သောင်းနဲ့မှ ရှစ်ထောင် အမြင့်မှာ လေယာဉ် ပျံသန်းနေတုန်း လေယာဉ်မယ် တစ်ယောက် တာတို ပြေးပွဲဝင်သလို အူယားဖားယား ပြေးတာ တစ်သက်နဲ့တစ်ကိုယ် တစ်ခါဆို တစ်ခါဖူးမှ မမြင်ခဲ့ဖူးပါဘူး။ မြင်မယ့်မြင်တော့ မနေ့တစ်နေ့ကမှခင်ဗျ။
၂၀၁၁ ခုနှစ် မတ်လ ၂၄ ရက်နေ့မှာ ကျွန်တော်တို့ မိသားစု ဇင်းမယ် ကနေ ရန်ကုန်ကို ပုဂံလေကြောင်းနဲ့ ပြန်လာကြပါတယ်။ အဲဒီ့အချိန်မှာ တွေ့လိုက်ရတာပါ။ ဟုတ်မဟုတ်တော့ မသေချာဘူး၊ ခရီးသည်တွေကို ကျွေးမွေးပြီးလို့ လေယာဉ်ပဲ့ပိုင်းမှာ သိမ်းစရာရှိတာ သိမ်းနေကြတုံး သူတို့ဆီမှာ အချက်ပေးသံတို့၊ အချက်ပြမီးတို့ ပေါ်သွားလို့လား မသိဘူး။ လေယာဉ်မယ်လေး ကျွန်တော့် ဘေးကနေ လှစ်ခနဲ ပြေးချသွားလိုက်တာ မျက်စိနဲ့တပ်အပ် မြင်လိုက်ရပါတယ်။ ရွှေတွေ ဘာ့ကြောင့် သည်လိုဖြစ်နေတာလဲ ဆိုတာကို ဆက်စဉ်းစားတဲ့ အခါမှာတော့ ကျွန်တော့်မှာ အဖြေ တွေ့သလိုလို၊ မတွေ့သလိုလိုနဲ့ ခေါင်းနောက်လာပါတယ် . . . အား... ဘယ်ဟုတ်မတုန်း။ သူ့ခမျာ ပြေးသင့်လို့ ပြေးရတာပါ။ သူသွားတာက ကျွန်တော်တို့ ရှေ့ခုံတန်း ငါးတန်း အကျော်လောက်ကို ပြေးတာပါ။ အဲဒီ့ခုံတန်းမှာ ထိုင်နေတဲ့သူ နှစ်ဦးထဲက တစ်ဦးက လေယာဉ်ရဲ့ အရေးပေါ်ထွက်ပေါက် အဖွင့် ခလုတ်ကို သွားဆွဲလို့ ပြေးရတာမှန်း ကျွန်တော်တို့ သိလိုက်ရပါတယ်။ သိဆို လေယာဉ်မယ်လေးက အဲဒီ့ခလုတ်ကို တဖိဖိလုပ်နေတော့တာကိုး။ အဲဒါနဲ့လည်း သူစိတ်မချဘူး၊ အဲဒီ့ ခရီးသည် နှစ်ဦးကို နေရာ ပြောင်းခိုင်းပါတော့တယ်။ အဲလိုနဲ့ ကျွန်တော့်ရှေ့ ငါးတန်းအကျော်က နှစ်ဦးဟာ ကျွန်တော်တို့နောက် နှစ်တန်းကျော်က လေယာဉ်မောင်မယ်များ အတွက် ထားရှိတဲ့ခုံကို ရွှေ့လာကြရပါတယ်။
ဘယ့်နှယ့်ဟာတွေတုံး ဆိုပြီး စူးစမ်းချင်မိလို့ ကြည့်လိုက်မိရတော့ သားအမိလို့ ယူဆရတဲ့ မြန်မာ အမျိုးသမီး နှစ်ယောက်ပါ ခင်ဗျ။ ခုခေတ်စကားနဲ့ ပြောရရင်တော့ အဲဒီ့နှစ်ယောက်ဟာ သူတို့ပဲ ဘာမှအမှားမလုပ်မိသလို ''ရုပ်တည်ကြီးတွေနဲ့'' ချီတက်လာပါတယ်။ ဘာပြုလို့များ အဲဒီ့ အရေးပေါ် ထွက်ပေါက် ခလုတ်ကို သွားဆွဲရတာလဲဗျာလို့ မေးကြည့်ချင်စိတ်က တဖွားဖွား ပေါ်ပါတယ်။ သို့ပေမယ့် သည်အခြေအနေမှာ သင်းတို့ ရှက်ရမ်းရမ်းမဲ့အရေးကို တွေးမိရတဲ့အတွက် သိချင်စိတ်ကို ဇွတ်မျိုချရင်း အသာငြိမ်နေ လိုက်ရပါတော့တယ်။ လေယာဉ်မယ်လေးခမျာ စိတ်မချရှာဘူး။ ဟိုသားအမိ ထသွားတဲ့ နေရာမှာ ထိုင်လိုက်၊ ထလိုက်နဲ့ အဲဒီ့ ခလုတ်ကို ဖိနေ၊ စမ်းနေရရှာတယ်။ နောက်ဆုံးမှာ လေယာဉ်မှူးကြီး ကိုယ်တိုင်ရောက်လာ၊ စစ်ဆေးပြီးတော့မှ ကိစ္စပြီးသွားပါတယ်။ ထပ်ပြောပါရစေနော်... ဇင်းမယ်က ရန်ကုန်ကိုလာတဲ့ ခရီးစဉ်ပါ ခင်ဗျာ။ ဒါကို ထပ်ပြောရတာက အဲဒီ့ နှစ်ယောက်ဟာ အခုမှ လေယာဉ်ကို ပထမဆုံး စစီးဖူးသူတွေ မဖြစ်နိုင်တာပါ။ ပြီးတော့ သမီးလုပ်သူက ဂါဝန်နဲ့ဘာနဲ့ အကျအန ဆိုတော့လည်း ခေတ်နဲ့ အထိုက်အလျောက်တော့ ညီနေပါသေးတယ်။ စာမတတ်သူတွေ များလားလို့ ဖော့တွေးလည်း ဖြစ်နိုင်စရာ သိပ်တော့အကြောင်း မရှိပါဘူး။ အဲဒီ့ အရေးပေါ်ထွက်ပေါက် အဖွင့်ခလုတ်က အနီရောင် ဖြစ်သလို ''ထွက်ပေါက်''ဆိုတဲ့ စာတန်းကိုလည်း အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ အနီရောင်ပဲ ထင်ထင်ရှားရှား ရေးထားပါတယ်။ အဲဒါကိုမှဘာပြုလို့ သွားဆွဲတာလဲ ဆိုတာ ကျွန်တော့်အတွက်တော့ အဖြေရှာမရတဲ့ ပုစ္ဆာတစ်ပုဒ် ဖြစ်နေခဲ့ပါတယ်။ ဖြစ်ချင်တော့ အဲဒီ့ကနေ နှစ်ပတ်အကြာ မေလ ၇ ရက်နေ့မှာ တောင်ငူကို စာပေဟောပြောပွဲ သွားရပြန်ပါတယ်။ ဟောပြောပွဲ စီစဉ်သူတွေက အသွားအပြန်ကို ခရီးသည်တင် မှန်လုံလေအိတ် ဘတ်(စ်)ကားကြီးတွေ စီစဉ်ပေးပါတယ်။ ကားတွေက ကားသစ်ကြီးတွေ ဖြစ်တော့ အင်မတန် ငြိမ့်ငြိမ့်ငြောင်းငြောင်း ရှိပါတယ်။ လေအေးစက်ကလည်း အသွားတုန်းက ကားက သိပ်မအေးပေမယ့် အပြန်ကားက အတော်အေးတယ်။ အသွားတုန်းက သိပ်မအေးဘူး ဆိုသည့်တိုင် အပြင်မှာ ခြစ်ခြစ်တောက်ပူနေတာနဲ့ စာရင် အတော်နေသာထိုင်သာရှိတဲ့ အပူချိန်မို့ သက်သောင့်သက်သာပါပဲ။ သို့သော်... အသွားမှာရော၊ အပြန်မှာပါ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေက ကျွန်တော်တို့ နောက်ဖက်က ခရီးသည်တွေကို ဘေးမှန်တွေ မဖွင့်ကြပါနဲ့လို့ လှမ်းလှမ်းအော်ရတာ ငါးခေါက်စီလောက် ကျပါတယ်။ အသွားတုန်းကလဲ သူတို့မှာ အတော် အော်ရရှာတယ်။ အပြန်ကျတော့လည်း အော်ရရှာတယ်။ အဲတော့မှ ကျွန်တော်လည်း လေယာဉ်ပေါ်က သားအမိကို သွားသတိရမိပါတော့တယ်။ အင်း... အဲဒီ့ သားအမိလည်း သည်ခရီးသည်တွေလိုပဲနေမှာ ဆိုတဲ့ အတွေးနဲ့ ပြုံးမိရပါတယ်။ ဟုတ်တယ်လေ... တချို့က မှန်လုံကားနဲ့ သိပ်ယဉ်ပါးတာ မဟုတ်ဘူး။ မွန်းကျပ်ရှာကြမှာပေါ့။ သူတို့ တစ်သက်လုံး အစီးများလာခဲ့တဲ့ကား ဆိုတာတွေက ဘေးမှန်တွေ ဖွင့်ထားရင်လည်းဖွင့်ထား၊ ဒါမှမဟုတ်လည်း ကုန်တင်ယာဉ်ကြီးငယ်ရဲ့ နောက်ပိုင်း ကုန်တင်တဲ့နေရာကို ပျဉ်ပြား ဘယ်ညာ ဆင်ရိုက်ထားပြီး ကားဦးတည်ရာကို ပုခုံးလှည့်ထားရတဲ့ ခရီးသည်တင်ကားမျိုးတွေရင်လည်း ဖြစ်နေခဲ့မှာမို့ အသက်ကို ၀အောင်ရှူနိုင်ရုံသာမက လူတောင် လွင့်မကျန်ရစ်အောင် မနည်း ကိုင်တွယ်ထားရတဲ့ လေတိုးမှုကို ခံစားခဲ့ရမှာလေ။ အဲဒါတွေနဲ့ အသားအကျလွန်သွားတော့ လေလုံးလုံးမတိုးတဲ့ မှန်လုံကားတွေထဲမှာ ဗျာတွေများကုန်ပြီး လျောက်ဖွင့်ကြတာ နေမှာပေါ့။ အင်း... ဟိုသားအမိခမျာလည်း အလုံပိတ်လေယာဉ်ထဲ မွမ်းရှာကြမှတ်တယ်။
တော်သေးတယ်။ လေယာဉ်ပြတင်းတွေက အသေပိတ်တွေမို့၊ ခရီးသည်တင်ကားတွေမှာလို အရှင်သာ ဆိုလို့ကတော့ လေယာဉ်မယ်လေးတွေခမျာ တစ်နေ့တစ်နေ့ ပြေးလိုက်ရမယ့် ဖြစ်ခြင်း...အံမယ်မင်းတဲ့မှ မင်း... ဇာတ်လမ်းကသည်မှာ ဆုံးရမှာ။ မဆုံးချင်တော့ နောက်ဆက်တွဲနဲ့ တွေ့တယ်။ သည်အဖြစ်ကို စင်္ကာပူက ပြန်လာပြီး ကျွန်တော့်ကို တခုတ်တရ လာနှုတ်ဆက်တဲ့ မိတ်ဆွေလေး တစ်ယောက်ကို ပြောပြတော့ သူနဲ့အတူ ပါလာသူ ပြန်ပြောတဲ့ စကားက ငိုအားထက် ရယ်အားသန်။သူလည်း ကျွန်တော့်လိုပဲ လေယာဉ် ခဏခဏစီးခဲ့ရာက မကြာသေးခင် တစ်ခေါက်မှာတော့ စင်္ကာပူက ရန်ကုန်ကို အပြန်ခရီးမှာ သူနဲ့ဘေးချင်းကပ် ထိုင်ရသူက သနရုပ္ပ သူငယ်မလေး တစ်ယောက်တဲ့ခင်ဗျ။ ၀တ်ထားစားထားတာကလည်း အပျံစားတဲ့။ အဲ...သို့သော် လေယာဉ်ပေါ်မှာ အစားအသောက်ကျွေးတဲ့အခါ ကျတော့ အဲဒီ့ကလေးမလေးက လေယာဉ်ကပေးတဲ့ တစ်ယောက်စာ ပလတ်စတစ် သောက်ရေအေးခွက်ကလေးကိုဖွင့်၊ ပြီးတော့ ကော်ဖီ၊ လက်ဖက်ရည်သောက်တဲ့အခါ သုံးဖို့ အရံသင့် ပေးထားတဲ့ သကြားနဲ့ နို့မှုန့်ထုတ်ကလေးတွေထဲက နို့မှုန့်ထုတ်လေးကို ဖြည်ကာ အဲဒီ့အမှုန့်တွေကို သောက်ရေအေးခွက်ထဲ သွန်ချပြီး မွှေပါသတဲ့ ခင်ဗျား။ နို့မှုန့်လို့သာ အလွယ်ရေးလိုက်တာပါ။ အမှန်ကကော်ဖီ၊ လက်ဖက်ရည်နဲ့ သောက်တဲ့အခါ နို့အစား သုံးလို့ရတဲ့ ''ခရီမာ''ခေါ် နို့မှုန့်နဲ့ ခပ်ဆင်ဆင်တစ်မျိုးသာ ဖြစ်ပါတယ်။ အဲဒါက ရေနွေးပူပူနဲ့မှ ပျော်ပါတယ်။ ရေအေးနဲ့ကတော့ အခဲလိုက် အဖတ်လိုက်တွေ ဖြစ်နေတာပေါ့ ခင်ဗျာ။ မိတ်ဆွေခမျာ မိန်းကလေး ရှက်သွားမှာ စိုးတာနဲ့ ပြောလည်းမပြောရဲ၊ ရယ်ကလည်း ရယ်ချင်ပက်ကျိ ဖြစ်နေပါသတဲ့။ အမယ်... မမက အဲဒါကို သောက်ကြည့်သေးတယ်တဲ့ ခင်ဗျ။ သောက်ကြည့်တော့လည်း ဘယ်အဆင်ပြေမတုံး ခင်ဗျာ။
မိတ်ဆွေက ဆက်ပြောပါတယ်။ ''စင်္ကာပူ အသွားခရီးစဉ် ဆိုရင်တော့လည်း မပြောပါဘူးဗျာ။ အခုဟာက အပြန်ဆိုတော့ သူလေယာဉ်စီးဖူးမှာ သေချာပါတယ်။ ဟိုမှာလည်း နေခဲ့မှာ သေချာတယ်။ ဒါပေမယ့် ဒါတွေနဲ့ မကြုံခဲ့ဖူးတာ အံ့သြစရာနော်''တဲ့။ ကျွန်တော်လည်း ရယ်လို့သာ နေမိပါတယ်။ စိတ်ထဲမှာလည်း ကျွန်တော်ကိုယ်တိုင် လွန်ခဲ့တဲ့ သုံးနှစ်ကျော်အထက်ကာရီက ကြုံဖူးတာလေးကို ပြေးမြင်မိတယ်။ အဲတုန်းက ကျွန်တော်က အလုပ်တာဝန်နဲ့ သွားရတာခင်ဗျ။ တစ်ယောက်တည်းလည်း မဟုတ်ဘူး။ ၁၅ ယောက်လောက်ပါတဲ့ အဖွဲ့နဲ့သွားရတာ။ တည်းတော့ ဟိုဘက်က စီစဉ်ပေးတာမို့ ကြယ်ငါးပွင့်ဟိုတယ် အကောင်းစားကြီးမှာ တည်းရတာ ဖြစ်သလို စားတော့လည်း အဲဒီ့ ဟိုတယ်ကြီးမှာပဲ မနက်စာရော၊ နေ့လည်စာရော၊ ညစာပါ စားရတာ ခင်ဗျ။ အဲဒါဗျာ၊ တစ်ရက်မှာ တစ်ယောက်တည်း ထိုင်စားနေတဲ့ ကျွန်တော်နဲ့အတူ လာပူးပေါင်းပြီး မနက်စာစားတဲ့ ဘိုးတော်တစ်ပါးနဲ့ ကြုံတယ်ခင်ဗျ။ လာကတည်းက တစ်ဖွဲ့တည်း အတူလာ၊ ဟိုကျတော့လည်း အတူတွဲပြီး အလုပ်လုပ်တဲ့ ရက်ကလေးလည်း ရလာပြီမို့ တစ်ယောက်နဲ့ တစ်ယောက် ကောင်းကောင်း သိကျွမ်းနေပြီ ဆိုတော့ တစ်စားပွဲတည်း လာစားတာ ဘာမှကန့်ကွက်စရာ မရှိပါဘူး၊ အဖော်တောင် ရပါသေးတယ်။ အဲ... သူ ထိုင်အချလိုက်မှာ မြင်လိုက်တာက သူ့ပန်းကန်ထဲမှာ ထည့်လာတဲ့ ထောပတ်တွေပါပဲ။ စားနေတာက မနက်ခင်းစာ ခင်ဗျာ။ အဲတော့လည်း ပေါင်မုန့်သုတ်စားဖို့ တစ်ယောက်စာ ထောပတ်ခဲလေးတွေ ချပေးထားပါတယ်။ အဲဒါလေးတွေက အလျားအနံ တစ်လက်မ ပတ်လည် မရှိတရှိ၊ အထူ တစ်မတ်လောက် ရှိတဲ့ ကော်ဘူးလေးထဲမှာ ထည့်ပြီး အလုံပိတ်ထားတာလေး တွေပါ။ ပေါင်မုန့်စားတဲ့ သူအတွက် အဲဒါလေး တစ်ဘူးက ကောင်းကောင်း လုံလောက်ပါတယ်။ အဲဒါဗျာ၊ သူ့ပန်းကန်ထဲမှာ ပါလာတာ အနည်းဆုံး ငါးဘူး ခင်ဗျ။
ကျွန်တော် လန့်သွားပါတယ်။ အိမ်များသယ်သွားဖို့ ကြံတာလားလို့လည်း တွေးမိတယ်။ ဘယ်ဟုတ်မတုံး ခင်ဗျာ၊ သူကခဏနေတော့ အဲဒါလေးတွေကို ဖွင့်၊ စားပွဲတင်ဓားနဲ့ အကျအန ကလော်ပြီး တုပ်ပါလေရောလား။အား... တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မမြင်ဖူးတာ မြင်ရပြန်တာပါပဲ ခင်ဗျာ။ ကျွန်တော်လည်း ဘာပြောရမှန်း မသိဘူး။ စောစောက မိတ်ဆွေ ပြောသလိုပဲ၊ ကျွန်တော် တစ်ခုခု ပြောလိုက်ရင် ခမျာ ရှက်သွားမှာ စိုးတာနဲ့ မသိချင်ယောင်ပဲဆောင် နေလိုက်ရပါတယ်။ ဒါနဲ့ မပြီးသေးပါဘူး။ အဲဒီ့ ထောပတ် ငါးဘူးလောက်ကို ကုန်အောင် တွယ်ပြီးတဲ့နောက် သူထသွားပြန်ပါတယ်။ မနက်စာက ဘူဖှေးဆိုပြီး ကိုယ့်ဟာကိုယ် ကြိုက်တာ ကြိုက်သလောက် ထယူစားလို့ရတဲ့အမျိုး ဆိုတော့ သူက ထပ်သွားယူတာပါ။ ပြန် လာတော့ သူ့လက်ထဲမှာ ဒိန်ချဉ်ဘူးလေးတွေ ပါလာပြန်တယ်။ သည်တစ်ခါလည်း လေးဘူး သယ်လာပြန်တာ ခင်ဗျ။ အဲဒီ့ ဘူးလေးတွေကလည်း တစ်ခါသုံး ဖန်ခွက်ပုံစံ၊ ဖော့ဘူးလေးတွေနဲ့ အလုံပိတ်ထားတဲ့ ဘူးလေးတွေပါ။ လေးဘူးဆိုတော့ သူ့ခမျာ ဒိန်ချဉ် အတော်ကြိုက်ရှာလို့ နေမှာပဲလို့ ကျွန်တော် တွေးမိနေရပြန်တယ်။ သူကပြန်ထိုင်တယ်။ အဲဒီ့ လေးဘူးကို သူ့ဘေးမှာ ချတယ်။ ပြီးတော့ တစ်ဘူးကို ဖောက်တယ်၊ ဇွန်းကလေးနဲ့ မြည်းပါတယ် ခင်ဗျ။ ပြီးတော့ မှိုရတဲ့ မျက်နှာနဲ့ ''ဟီး... ဟီး... ဒိန်ချဉ်တွေဗျ... ကောင်းတယ်၊ စားပါဦးလား''လို့ ကျွန်တော့်ကို ပြောပါတယ်။ ကျွန်တော် ခေါင်းသာ ရမ်းပြလိုက်မိရပါတော့တယ်။
(ဘူးပေါ်မှာ ဒိန်ချဉ်လို့ အဓိပ္ပာယ်ရတဲ့ အင်္ဂလိပ်စာလုံးကို ထင်ထင်ရှားရှား ရေးထားတာ သူမ ဖတ်မိတာလား၊ မဖတ်တတ်တာလားတော့ သူပဲ သိပါလိမ့်မယ်။)အင်း ခက်လှပါလားကွယ်ရို့။ ရွှေတွေ ဘာ့ကြောင့် သည်လို ဖြစ်နေတာလဲ ဆိုတာကို ဆက်စဉ်းစားတဲ့ အခါမှာတော့ ကျွန်တော့်မှာ အဖြေတွေ့သလိုလို၊ မတွေ့သလိုလိုနဲ့ ခေါင်းနောက်လာပါတယ်။ ဒါ့ကြောင့် စာဖတ်သူ လူကြီးမင်းများကို အဖော်စပ်ပါရစေလား။ ရွှေတွေဘာ့ကြောင့် အဲလိုတွေ ဖြစ်နေတာလဲ ဆိုတာလေး ကျွန်တော့်ကို တစ်ဆိတ် ကူစဉ်းစားတော် မူပေးကြပါလား ခင်ဗျာ။ အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ။ (ရန်ကုန် - ၂၈၀၅၁၁) (၀န်ခံချက် - 'ကဲ .. . မယုံချင်နေ' ဟူသည့် ခေါင်းစဉ်မှာ လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်က ရုပ်ရှင်ကားတစ်ကား အမည် ဖြစ်ပါသည်။ By Eleven Media GroupSee More
By: Kyaw Aye
0 comments:
Post a Comment