Friday, June 17, 2011

ပျော်ရွှင်ခြင်းရဲ့ စိတ်တန်းခိုးရှင်

တခါတုန်းက သနားစရာကောင်းတဲ့ ကလေးငယ်လေးတယောက်ရှိခဲ့တယ်။ သူ့နာမည်က မောင်ညိုလို့ခေါ်ပါတယ်။ သူငယ်စဉ်မှာပဲ မိဘတွေဟာ လမ်းခွဲပြီး အမေနဲ့ အတူနေထိုင်ခဲ့တယ်။ သူ့အမေဟာ နောက်အိမ်ထောင်ထူထောင်ပြီး သူ့အဖေဟာ ဘယ်မှာမှန်းမသိခဲ့ဘူး။ သိပ်မကြာခင်မှာပဲ သူ့အမေသေဆုံးသွားတော့ ပထွေး...ဟာ သူ့ကို သူတပါးကိုပေးပစ်လိုက်တယ်။ မောင်ညိုဟာ ငယ်စဉ်ကထဲက ဘယ်သူ့ရဲ့ချစ်ခြင်းမှ မခံစားခဲ့ရဘူးတော့ လူတွေကို မုန်းတီးနေခဲ့တယ်။   အလွန်ဆင်းဆင်းရဲရဲ နေခဲ့ရတဲ့မောင်ညိုလေးဟာ ချမ်းသာတဲ့သူတွေကို တွေ့ရင်အလွန်မုန်းတီးတယ်။ 
 
သူများတွေပျော်နေတာတွေ့ရင်လဲ စိတ်ဆိုးတတ်တယ်။ အပေါင်းအသင်းလည်း မရှိတဲ့မောင်ညိုဟာ လူတွေကို မကြိုက်သလို တိရိစ္ဆာန်လေးတွေကိုတွေ့ရင်လည်း ရိုက်နှက်တတ်တယ်။ သူဟာ သူ့ဘ၀မှာ တခါမှ ပျော်ရွှင်လို့ရီမောတာ မရှိခဲ့ဖူးဘူး။ မုန်းတီးလို့လှောင်ပြောင်ရီမောတာပဲ သူတတ်ခဲ့ပါတယ်။   တနေ့တော့သူဟာ အိမ်မက်တခုမက်ပါတယ်။ အိမ်မက်ထဲမှာ ထူးဆန်းတဲ့ အဖိုးအိုတယောက်ဟာ သူ့ဆီရောက်လာပြီး ဘာလိုချင်လဲလို့ မေးပါတယ်။ သူဟာ ငယ်ရွယ်စဉ်မှာ လိုချင်တာတွေဟာများတော့ ဘာကိုပြန်ဖြေရမှန်းမသိခဲ့ဘူး။ အမြဲတမ်း ငတ်မွတ်ခဲ့တဲ့ အတွက် အကောင်းဆုံး အစားအသောက်တွေလိုချင်ပါတယ်လို့သာ ပြောခဲ့ပါတယ်။ ဒါနဲ့ နောက်တနေ့မှာ လူတယောက်က သူစားချင်တဲ့ အကောင်းဆုံးထင်တဲ့ အစားအသောက်ကို ထူးဆန်းစွာဝယ်ကျွေးခဲ့တဲ့ အတွက်သူဟာ စားသောက်ခဲ့ရပါတယ်။ ဒါပေမယ့် သူဟာ ကျေနပ်ပျော်ရွှင်မူ့ကို မရခဲ့ဘူး။   ဒီလိုနဲ့ မောင်ညိုအရွယ်ရောက်လာတော့ သူဟာ လူတွေကို ပိုမုန်းလာခဲ့တယ်။ ဒါပေမယ့် သူဟာ အလွန်လှတဲ့ ကောင်မလေးတယောက်ကို စိတ်ဝင်စားမိခဲ့တယ်။ ကောင်မလေးက သူ့ထက်သာတဲ့ တခြားကောင်လေးတွေကိုသာ နှစ်သက်တယ်လို့ထင်ပြီး အားငယ်ကာ အလိုလို မကျေမနပ်ဖြစ်နေခဲ့တယ်။
 
တညမှာ မောင်ညိုဟာ ထူးဆန်းတဲ့ အဖိုးအိုကို အိမ်မက်ထပ်မက်ပြန်ပါတယ်။ ဒီတခါ အဖိုးက ဘာလိုချင်သလဲလို့မေးတော့ သူဟာ ကောင်မလေးကို လိုချင်ပါတယ်လို့ ပြန်ဖြေခဲ့တယ်။ နောက်တနေ့မှာ ကောင်မလေးဟာ သူ့ကိုကြည်ကြည်သာသာနဲ့ ချစ်ကြောင်းပြောခဲ့တယ်။ သူက အံ့သြောနေခဲ့ပြီး မယုံနိုင်ဖြစ်နေခဲ့ပါတယ်။ သူကြိုက်တဲ့ ကောင်မလေးရဲ့ အချစ်ကို ရပေမယ့် မောင်ညိုဟာ မပျော်ရွှင်ခဲ့ပါဘူး။ သူဟာ အမြဲ သံသယ၀င်နေခဲ့တယ် သူက ဆင်းရဲတော့ ကောင်မလေးကပစ်သွားမယ် သူ့ကိုတကယ်မချစ်ဘူးလို့သာ ထင်နေတော့ ကောင်မလေးနဲ့ လမ်းခွဲခဲ့ပြန်ပါတယ်။   သူဟာဆင်းရဲလို့ လူတွေကနှိမ်တယ်လို့သာ စိတ်ထဲကစွဲနေပါတယ်။ လူတွေကိုလည်း မုန်းသထက်မုန်းနေခဲ့တယ်။ သည်လိုနဲ့တနေ့မှာ ထူးဆန်းတဲ့အဖိုးအိုဟာ သူ့ထံထပ်ရောက်လာခဲ့တယ်။ အဖိုးအိုကပြောပါတယ် ဒီတခါနောက်ဆုံးလာတာပါတဲ့ မောင်ညိုကို ဘာလိုချင်သလဲလို့ မေးပါတယ်။ ဒီတခါမှာတော့ မောင်ညိုဟာ ပိုက်ဆံတွေအများကြီးလိုချင်ကြောင်း ချမ်းသာချင်ကြောင်းပြောပါတယ်။ နောက်ရက်မကြာမှီမှာ မောင်ညိုဟာ အများဆုံးသိန်းဆုကြီးပေါက်ခဲ့တယ်။ သူလိုချင်တဲ့ ပိုက်ဆံတွေအများကြီးရတော့ သူဟာ ငွေနဲ့ ဘာမဆို ၀ယ်နိုင်တယ်လုပ်နိုင်တယ်ဆို စိတ်ကူးနဲ့ လုပ်နိုင်သမျှအားလုံးကို လုပ်ကြည့်ခဲ့တယ်။ ငွေနဲ့ရင်းနှီးပြီး ပိုက်ဆံတွေရှာခဲ့တယ်။ ပိုပြီးချမ်းသာလာပေမယ့် သူဟာ လွတ်လပ်စွာ ရီမောပျော်ရွှင်တာမရှိခဲ့ဖူးဘူး။ သူဟာ လူတွေကိုမုန်းတဲ့စိတ်ဟာလည်းလျော့မသွားခဲ့ဘူး။ သူဟာ ပျော်ရွှင်မူကိုတောင့်တခဲ့တယ်။ ဒါပေမယ့် ဒီတခါသူ့ဆန္ဒဖြည့်ပေးနိုင်မယ့် ထူးဆန်းတဲ့အဖိုးအိုဟာ ရောက်မလာတော့ဘူးလေ။ သူဟာ ကိုယ့်ကိုကိုယ် သတ်သေချင်ပေမယ့် မသေရဲခဲ့ဘူး။ ပျော်ရွှင်တဲ့ အပြုံးကို သူမပြုံးနိုင်ခဲ့ပါဘူး။ 
 
  တနေ့တော့ စိတ်ညစ်စွာနဲ့ လျှောက်သွားရင်း လမ်းမှာ ကောင်လေးတယောက်ကို သူတွေ့ပါတယ်။ ကောင်လေးဟာ သီချင်းလေးဆိုရင် ပြုံးပျော်နေတာကို သူတွေ့ရပါတယ်။ သူ့နာမည်မောင်ဖြူလို့ခေါ်ပါတယ်။ မောင်ဖြူဟာ ခြေထောက်မသန်တဲ့ ဒုက္ခိတလေးဖြစ်ပြီး နွမ်းနွမ်းပါးပါးလေး ဖြစ်ပေမယ့် သူ့မျက်နှာပေါ်မှာ ရွှင်လန်းတဲ့အပြုံးကို မြင်ရတော့ မောင်ညိုဟာ မင်းပျော်သလားလို့ သူ့ကိုမေးပါတယ်။ မောင်ဖြူဟာ ပျော်တာပေါ့လို့ ပြန်ဖြေပါတယ်။ ဒါနဲ့မောင်ညိုက မင်းဟာ ဒုက္ခိတဖြစ်ပြီး ရုပ်ရည်ကလည်းမချောမောဘူး ချမ်းသာပုံလည်းမရဘူး ဘာလို့ပျော်နေသလဲလို့ မေးပါတယ်။ မောင်ဖြူက သူ့အကြောင်းကို မောင်ညိုကို ပြောပြပါတယ်။ သူဟာ မွေးကထဲက ဒုက္ခိတလေးဖြစ်ပြီး မိဘတွေဟာ ငယ်စဉ်ကထဲက သေဆုံးခဲ့ကြောင်း၊ အလွန်ဆင်းရဲတဲ့ မွေးစားမိဘတွေနဲ့နေခဲ့ရပြီး ခုချိန်မှာ ရောဂါတခုကြောင့် နောက် ၃လကြာရင် သေရတော့မယ်လို့ ပြောပါတယ်။ ဒါနဲ့မောင်ညိုဟာ အလွန်အံ့အားသင့်သွားပါတယ်။ ဒါဆို ဘာကြောင့် ၀မ်းနည်းစိတ်ပျက်မနေတာလဲလို့မေးတော့ မောင်ဖြူဟာ သူငယ်စဉ်က ထူးဆန်းတဲ့အဖိုးအိုတယောက်ဟာ အိမ်မက်ထဲမှာလာရောက်ကြောင်း သူ့ကိုဘာလိုချင်လဲလို့မေးတော့ သူဟာ သူများတွေလို ၀မ်းသာပျော်ရွှင်ချင်ကြောင်း ပြောခဲ့တယ်လို့ပြောပြပါတယ်။ မောင်ညိုဟာ သိချင်တာနဲ့ ဘယ်လိုလုပ်ခဲ့သလဲ ပျော်ရွှင်ရမယ်ဆိုရင် ငါမင်းကို ပိုက်ဆံတွေ ပေးပါ့မယ် ပြောပြပါလို့ တောင်းဆိုတယ်။ မောင်ဖြူက ပိုက်ဆံတွေဟာ ပျော်ရွှင်ဖို့ ဘယ်လောက်များများလိုမယ်ဆိုတာ သူမသိကြောင်း၊ ဒါကြောင့်ပိုက်ဆံတွေ မလိုချင်ကြောင်းပြန်ဖြေပါတယ်။ ဒါပေမယ့် မောင်ဖြူကပြောပါတယ် သူဟာ အဖိုးအိုကိုတွေ့မြင်ပြီးနောက် ပျော်လာကြောင်း သူများတွေပျော်နေတာတွေ့ရင် ၀မ်းသာကြောင်းပြောပြပါတယ်။ 
 
မိဘတွေမရှိတော့တဲ့အတွက် မွေးစားမိဘတွေကို ချစ်ရမယ်လို့သိလာပြီးပျော်ရွှင်ကြောင်း၊ တိရိစ္ဆာန်လေးတွေကို ပိုပြီးသနားပြီးချစ်လာ တဲ့အခါမှာ ပျော်ရွှင်ကြောင်းပြေပါတယ်။ သူများတွေ ၀တ်ကောင်းစားလှတွေဝတ်ထားတာတွေ့ရရင်၊ ချမ်းသာတဲ့ သူတွေကို တွေ့ရင် ကောင်းလိုက်တာလို့ ၀မ်းသာပြီး ပျော်ရွှင်ကြောင်းပြောပါတယ်။   ဒါနဲ့မောင်ညိုက မင်းဟာ ဒုက္ခိတဖြစ်နေပြီး မကြာခင်သေရတော့မှာပဲ ပျော်သေးရဲ့လားလို့ ထပ်မေးပါတယ်။ အဲသည်အခါမောင်ဖြူက ဒုက္ခိတဖြစ်နေလို့ ဘယ်လောက်နေရတာခက်သလဲသူများထက်ပိုသိလို့ သူတပါး ဒုက္ခိတဖြစ်တဲ့အခါ ကူညီနိုင်လို့ ၀မ်းသာတယ်လို့ပြောပါတယ်။ သူများမသိနိုင်တဲ့ သေရမှာကို သူများထက်ကြိုသိရလို့ နေရတဲ့အချိန်မှာ သူဟာ ဘယ်လိုနေထိုင်ရမယ်ဆိုတာ ပိုနားလည်လာတဲ့အတွက် ၀မ်းသာမိကြောင်းပြောပါတယ်။ မောင်ညိုဟာ အံ့သြောနေခဲ့ပြီး မောင်ဖြူဆီလာတဲ့အဖိုးအိုဟာ ဘယ်သူလဲလို့သိချင်လာခဲ့တယ်။   မောင်ဖြူက သူ့ထံတကြိမ်သာလာတဲ့အဖိုးအိုကို အဖိုးကဘယ်သူလဲလို့ မေးကြည့်တော့ သူဟာ လူတိုင်းမှာ အသီးသီးရှိနေတဲ့ ကိုယ်ကို စောင့်ရှောက်တဲ့ ပျော်ရွှင်ခြင်း စိတ်တန်ခိုးရှင်လို့ပြောခဲ့ပါတယ်။ မောင်ဖြူဟာ ပျော်ရွှင်ခဲ့လို့ အဖိုးအိုဟာ သူ့ထံနောက်တကြိမ်ထပ်ရောက်လာစရာမလိုတော့ကြောင်း မောင်ညိုကို ပြောပြလိုက်ပါတယ်။
  (သည်စာလေးကို တကယ့်အဖြစ်အပျက်ဖြစ်တဲ့ အလွန်ဆင်းရဲတဲ့ မိဘမဲ့ကလေးလေးတယောက်အကြောင်း သိရပြီး ခံစားချက်စိတ်ကူးနဲ့ရေးလိုက်ပါတယ်)   အင်ကြင်း   3: 59 pm 17 June 2011.     See More

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...