Wednesday, June 1, 2011

ချစ်တဲ့ မေ

by Eingyin Khaine on Tuesday, May 31, 2011 at 9:16pm

မေမေရေ....

မေလကုန်ခါနီးလေ ရာသီဥတုကတော့ သိသိသာသာ နွေးလာပါပြီ။ ဒီနေ့ မိုးရွာတယ်လေ..ဒီနေ့ဆိုရင် မေလကုန်ပြီပေါ့။ မေလ အစကထဲ ကရေးထားတဲ့စာကို မေလကုန်မှအဆုံးသတ်ရမယ်ထင်ပါရဲ့။ မေလရဲ့ ဖီလ်လင်(feeling) ကတော့ ကိုရီးယားမှာ နေလို့အကောင်းဆုံးလလို့ ပြောလို့ရတာပေါ့။ မေလထဲ ၀င်လာပြီဆိုရင် အအေးကသိသိသာသာလျော့လာပါတယ်။ အေးလဲမအေး ပူလဲမပူနဲ့ အရမ်းပဲနေလို့ကောင်းပါတယ်။
ဒါ့အပြင် ရောင်စုံပန်းတွေ ဖူးပွင့်တဲ့လပေါ့.. ရာသီဥတုကလဲသာယာ ပန်းရောင်စုံတွေကလည်း ဖူးပွင့်နေတော့ မေမေဆို သိပ်သဘောကျမှာပါပဲ။


ဧပြီလဆို မြန်မာပြည်မှာ ပိတောက် ငုဝါတွေပွင့်တဲ့ အချိန်မှာ ဒီမှာ ချယ်ရီတွေပွင့်ပြီပေါ့ မေလထဲဝင်ပြီဆိုရင် မိုးလေးတခါနှစ်ခါကျလာတော့ ချယ်ရီတွေကြွေကုန်ရောလေ။ တခြားပန်းရောင်စုံလေးတွေတော့ ပွင့်လာတာပေါ့ မေလရောက်ပြီဆို အနွေးထည်ပါးပါးလေးတွေပဲ ၀တ်ရတော့တယ်လေ ခုဆို လှလှပပလေးတွေ ၀တ်လို့ရပြီပေါ့….မေလထဲမှာ သစ်ပင်တွေကနေ အရွက်နုလေးတွေ ထွက်လာတော့ စိမ်းစိမ်းစိုစိုနဲ့ သိပ်ကြည့်ကောင်းတာပဲ လလယ်လောက်ဆို သစ်ပင်တွေမှာ အရွက်စိမ်းလေးတွေဝေနေပဲ မေလကုန်ခါနီးတော့ မိုးရွာတတ်တော့ တခါတလေ မိုးလေးအုံ့နေရင် မြန်မာပြည်ကို လွမ်းသလိုပါပဲ။ ဟိုတနေ့ကဆို ဒီကလမ်းလေးတလမ်းထဲက ဖြတ်လျှောက်တော့ သစ်ပင်တွေ စိမ်းစိမ်းစိုစိုလေးတွေနဲ့ဆိုတော့ သစ်ပင်စိမ်းစိမ်းတွေသိပ်ပေါတဲ့ မြန်မာပြည်က ယောမင်းကြီးလမ်းဘက်နားကလိုပဲ သတိရမိသေးတယ်။ Ginkgo ခေါ် ကိုရီးယားလို အွန်းနှမ်းလို့ခေါ်တဲ့ ဘဏ်နဲ့အဓိပါယ်ဆင်တူတဲ့ သစ်ပင်တွေဟာ ကိုရီးယားမှာ အများဆုံးတွေ့ရတာပါပဲ။ ကျန်တဲ့နေရာတွေတော့ သေသေခြာခြာမသိပေမယ့် သမီးနေတဲ့ အင်ချွန်းနဲ့ ကျောင်းပါတ်ဝန်းကျင်မှာ အဲဒီသစ်ပင်တွေ တတန်းကြီးစိုက်ထားတာလေ ခုဆိုအရွက်တွေဝေပြီးစိမ်းစိုနေတာပေါ့။ အဲဒီသစ်ပင်တွေက ဆောင်းဦးဆိုရင် အရွက်တွေက အ၀ါရောင်တွေပြောင်းကုန်တာ သိပ်လှတာပဲ မေမေရယ်။ ခုဆိုလကုန်ပြီဆိုတော့ တခါတလေ နေပူရင် နေ့လယ်ဘက်တွေဆို သိသိသာသာပူလာပြီလေ ညဘက်တော့ အပြင်မှာ နဲနဲလေးအေးသေးတယ်။ ညနေဆို ၇နာရီကျော်မှနေ၀င်တော့တယ်လေ အပြင်မှာ လင်းနေတုန်းပဲ။ နွေအစခေါ်မှာပေါ့ ဒီရာသီရောက်တော့ နှင်းဆီနီတွေပွင့်ပြီလေ ကိုရီးယားမှာ နှင်းဆီပန်းရိုင်းနီနီတွေ လမ်းဘေးမှာတပုံကြီးပါပဲ..တချို့နေရာတွေမှာဆို ခြံစည်းရိုးသဘော ကာစိုက်ထားတာ ရှေ့အပါတ်လောက်ဆို နီရဲနေအောင်ပွင့်ပြီပေါ့ မေမေ့ကို ပြချင်လိုက်တာ..

ကိုရီးယားလို ၄ရာသီရှိတဲ့နိုင်ငံတွေမှာတော့ ရာသီပြောင်းတာနဲ့ သစ်ပင်တွေက လိုက်ပြောင်းတာလေ ဆောင်းဦးဆို အရွက်တွေ အရောင်ပြောင်းလာတယ်လေ အ၀ါအနီ လိမ်မော်ရောင်လေးတွေ သိပ်လှတာပဲ ပန်းပွင့်တွေမရှိပေမယ့် အရွက်ရောင်စုံလေးတွေကိုက သိပ်လှတာပဲ ဒီမှာ မေပယ်လ်(Maple)ပင်တွေပေါ့ အဲဒီအပင်လေးတွေကို ဒီမှာ ဒါန်းဖူန်း(단풍)လို့ခေါ်တယ်လေ။ ဒါပေမယ့် တောင်ပေါ်မှာ အဲဒီအပင်တွေသွားကြည့်တာကို ဒါန်းဖူန်းသွားကြည့်တယ်လို့ ခေါ်တယ် သူတို့က အရွက်ရောင်စုံတွေကို သွားကြည့်ကြတာလေ။

မေမေရေ..ဆောင်းဦးကုန်ခါနီးဆိုရင်တော့ အရွက်တွေကြွေတယ်လေ ဆောင်းဝင်ပြီဆို မြန်မာပြည်ကနွေလို အရွက်တွေမရှိတော့ဘူး အရိုးတန်တွေပေါ်မှာ နှင်းတွေကျလာရင်နှင်းတွေနဲ့ အုပ်သွားတာ နွေဦးဝင်ပြီဆိုတာနဲ့ အဲဒီအရိုးတန်တွေပေါ်ကနေ ပန်းဖူးလေးတွေထွက်လာပြီး ဧပြီဆို ပန်းတွေပွင့်လာတာ အရွက်မရှိပဲ ပန်းတွေပွင့်တာ ပန်းချစ်တဲ့မေမေဆို သိပ်သဘောကျမှာပါပဲ…အထူးသဖြင့် ခုနကပြောတဲ့ မေမေချစ်တဲ့ ချယ်ရီတွေပေါ့ သမီးနေတဲ့ ပါတ်ဝန်းကျင်မှာ ချယ်ရီပင်တွေအများကြီးလေ ချယ်ရီပန်းသွား ကြည့်တဲ့သူတွေကလည်း အများကြီးပါပဲ ကြုံတုန်းပြောပြတာပါ။

မေလထဲဝင်တော့ အရွက်နုလေးတွေ ထွက်လာတယ်လေ.ကိုရီးယားမှာဆို မေလကတော့ သမီးအကြိုက်ဆုံးလပေါ့ မြန်မာပြည်မှာဆို သမီးက ဒီဇင်ဘာကိုအကြိုက်ဆုံးလေ အဲဒီရာသီနဲ့လဲ ဆင်တယ်လေ….တကယ်တော့ မေလက နေလို့ကောင်းသလို အလုပ်သိပ်ရှုပ်တဲ့လပေါ့မေမေရယ်.. ကျောင်းသားကျောင်းသူတွေအတွက် အလုပ်အတော်ရှုပ်တဲ့လဆို မမှားပါဘူး စာမေးပွဲကနီးလာပြီလေ အရင်နှစ်တွေကတော့ သမီးက ကျောင်းအတန်းတွေမပြီးသေးတော့ စာတွေကုန်းလုပ်နေရတာပေါ့.....ရာသီဥတုလေးက သာသာယာယာနဲ့ အလွန်နေလို့ကောင်းတော့ လျှောက်လည်ချင်စရာအချိန်ပဲလေ မေမေရေ ပွင့်လင်းရာသီပေါ့…မေလမှာ အအေးက သိသိသာသာလျော့ကျသွားပြီဆိုတော့ အနွေးထည်တထပ်သာထက်စွပ်ရုံနဲ့ အဆင်ပြေတယ်လေ။ တချို့ဆို လက်တိုကလေးတွေနဲ့ အပေါ်က အနွေးထည်တောင် ထပ်မ၀တ်တော့ဘူးလေ။ ရောင်စုံပန်းကလေးတွေနဲ့ ပါတ်ဝန်းကျင်တခုလုံး အလွန်လှတဲ့ အချိန်ဆိုတော့ ဓါတ်ပုံရိုက်ရင်လှတာပေါ့။

ဒါပေမယ့် ဒီလဆို ကျောင်းသား စာတမ်းတွေတင်ရတော့ ပြင်ဆင်ရတယ်။ နှစ်စဉ်ဒီအချိန်ဆို အင်ဟာကျောင်းမှာ ပျော်ပွဲရွှင်ပွဲ ကျင်းပလေ့ရှိတာကြောင့် အလုပ်ရှုပ်ကြပါသေးတယ်။ ကျောင်းသားတွေကျောင်းပိတ်ခါနီးဆို မေလ လယ်လောက်မှာ နှစ်စဉ်ကျင်းပနေကျလေ.. ကျောင်းသားကျောင်းသူတွေဟာ တဲထိုးပြီး ဂိမ်းတို့ တခြား ပစ္စည်းလေးတွေရောင်းတာတို့ အသားကင်လို စားသောက်ဆိုင်လေးတွေ ဖွင့်ပြီး ပျော်စရာ ဖန်ရှာကြတာပေါ့မေမေ..တချို့အသင်း အဖွဲ့တွေကလည်း လာရောက်ရောင်းချကြတယ်လေ။ ကျောင်းထဲမှာ ကိုယ့်ဝါသနာအရ သီချင်းဆိုတာတို့ ပန်းချီတို့ ဓါတ်ပုံတို့တွေခင်းရောင်းတာတို့ ကိုလည်းစုပြီးလုပ်ကြတယ်။ စတိတ်ရှိုးကတော့ ညဘက်မှသာ ကျောင်းသားတွေဖျော်ဖြေကြပြီး အားပေးတဲ့ ကျောင်းသူကျောင်းသားတွေကလည်း အုံးအုံးကျွက်ကျွက်နဲ့ ဆူညံနေတာ ကြည့်ရတာ ပျော်စရာတကယ်ပဲကောင်းပါတယ်။ ကျောင်းထဲမှာ ဆိုင်လေးတွေ ယာယီလုပ်ပြီး တညလုံးနီးပါး စားကြသောက်ကြနဲ့ ကျောင်းသားတွေအတွက် ပျော်စရာအချိန်ပါပဲ။ တပြိုင်နက်ထဲမှာ ဒီအချိန်ဟာ စာမေးပွဲဖြေချိန်နဲ့ကပ်နေတယ် နှစ်ကုန်စာတမ်းတင်ဖို့ လုပ်နေရသလို စာမေးပွဲနီးလာပြီမို့ အသဲအသန်စာလုပ်ကာ ပင်ပန်းနေရချိန်မှာ ဒီပွဲဟာ ကျောင်းသူကျောင်းသားတွေအတွက် ပျော်စရာစိတ်ထွက်ပေါက်တခုပါပဲမေမေရယ်။ သမီးတို့လို နိုင်ငံခြားသား ကျောင်းသူကျောင်းသားတွေ အတွက်လည်း နိုင်ငံတကာယဉ်ကျေးမူ ဖလှယ်လို့ရတဲ့ ပွဲမျိုးတွေကိုလည်း ကျောင်းကနေ ဦးစီးကျင်းပပေးတယ်လေ။ ဂိမ်းတို့ စားသောက်စရာပြိုင်ပွဲတွေကိုလည်း ပြုလုပ်ပေးပါတယ်။ အင်ဟာ(Inha)ပျော်ပွဲရွှင်ပွဲဟာ ၁ပါတ်ထိကျင်းပလေ့ရှိပါတယ်။ ဒါတွေလည်း စိတ်ပျော်ရွှင်စရာကောင်းတဲ့ လူငယ်ဘ၀ရဲ့ ပုံရိပ်တခုပဲပေါ့။ ဒီအချိန်စာထဲကို အာရုံစိုက်ဖို့ရာ အတော်ကြိုးစားယူရပါတယ်။ သမီးကတော့ စာမေးပွဲတွေမရှိတော့ပေမယ့် အလုပ်ကတော့ အမြဲရှုပ်နေတာပဲလေ…

နောက်ပြီး မေလ ၁၅ရက်နေ့ဟာ ဆရာများနေ့ဖြစ်တယ်လေ။ ကျောင်းရှေ့မှာ လက်ဆောင် ပန်းစည်းရောင်းတဲ့ဆိုင်တွေ လာဖွင့်ကြတယ်လေ။ လက်ဆောင်ပေးဖို့လဲပြင်ဆင်ကြတာပေါ့ တချို့ ဆရာတွေကတော့ လက်မခံပါဘူး ဒါ့အပြင် မေလ ၃ပါတ်ရဲ့ ပထမဆုံး တင်္နလာနေ့ဟာ ဆွေန်းနယွန်း(성년의 날)လို့ခေါ်တဲ့ အရွယ်ရောက်သူများနေ့ပေါ့ ကလေးဘ၀ကနေ လူကြီးဖြစ်လာတဲ့နေ့အနေနဲ့ သတ်မှတ်ကျင်းပလေ့ရှိပါတယ်။ ခုနက အရွယ်ရောက်သူများနေ့အကြောင်းကိုဆက်ပြောပြမယ်နော်။ သမီးတို့ အရှေ့တောင်အာရှနိုင်ငံတော်တော်များများမှာ အဲဒီလိုနေ့မျိုးမရှိတဲ့တာကြောင့် ကိုရီးယားမှာ ခုလိုရက်ကို စိတ်ဝင်စားမိတယ်လေ။ အသက် ၂၀ပြည့်ပြီး၂၁နှစ်ထဲဝင်တဲ့ သူတွေဟာ အရွယ်ရောက်လာပြီလို့ စတင်လက်ခံပြီး ဂုဏ်ပြုတဲ့ပွဲလေးတွေ ကျင်းပပြုလုပ်ပေးကြတယ်။ မိမိခြေထောက်ပေါ်ရပ်နိုင်ပြီဆိုတဲ့ တာဝန်ယူစိတ်ပါ တွဲလက်ခံရမယ့် အဓိပါယ်ရှိတဲ့ ပွဲအနေနဲ့ပါ ကျင်းပပေးကြတဲ့သဘောပေါ့။

ပြောပြရအုံးမယ် မေလ ၁၆ရက်နေ့က ဟိုအန်းတက္ကသိုလ်မှာ ၃၉ကြိမ်မြောက် အရွယ်ရောက်သူများနေ့ကို တယ်ဂျိုဆန်ပန်းခြံမှာ ရိုးရာနေနဲ့ ကိုရီးယားရိုးရာ အ၀တ်စုံဝတ်ပြီး ကျင်းပခဲ့ပါသေးတယ်။ တကယ်တော့ အဲဒီနေ့ဟာလည်း ဂျပန်နိုင်ငံရိုးရာကနေ ဆင်းသက်လာတာလေ။ ဂျပန်ရဲ့ လက်အောက်ကိုကျရောက်ဖူးတဲ့ ကိုရီးယားနိုင်ငံမှာ ဂျပန်ကနေ ဆင်းလာတဲ့ ခုလိုနေ့မျိုးတွေ ဖြစ်လာတာ မဆန်းဘူးပေါ့မေမေရယ်။ တောင်ကိုရီးယားနိုင်ငံမှာ ၁၉၇၃ခုနှစ်က စတင်ခဲ့ သတ်မှတ်ခဲ့တာပေါ့။ ၁၉၈၅ခုနှစ်ကစတင်ပြီး အဲဒီနေ့ကို မေလ တတိယပါတ်ရဲ့ တင်္နလာနေ့မှာ စတင်ပြောင်းလဲ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ယဉ်ကျေးမူဝန်ကြီးဌာနကနေအသက် ၂၀ပြည့်ပြီးသူတွေကို အနာဂါတ်မှာ တိုင်းပြည်နဲ့ မိမိရိုးရာအစဉ်အလာကို တာဝန်ယူနိုင်တဲ့ ဂုဏ်ယူစရာကောင်းတဲ့သူတွေ အနေနဲ့ သတ်မှတ်ပြုလုပ်ကျင်းပပေးခဲ့ပါ။ သမီးတို့ဆီမှာလဲရှိရင်ကောင်းမယ်နော်.
အဲဒီနေ့မှာ အသက်၂၀ပြည့်ပြီး မိန်းကလေးတွေဟာ နှင်းဆီပန်းလက်ဆောင်ရလေ့ရှိတယ်တဲ့လေ လက်ဆောင်ကတော့ အဲဒီနေ့အတွက်၃မျိုးပါတဲ့..နှင်းဆီ၊ ရေမွှေးနဲ့ အနမ်းပါတဲ့။ အဲဒီနေ့က နှင်းဆီပန်းလာရောင်းတဲ့ ဆိုင်လေးတွေကို တွေ့ရပြီး နှင်းဆီတပွင့်ချင်း ရောင်းတာက ပိုများတာတွေ့ရတယ်လေ။ ဒါပေမယ့် ကျောင်းထဲက ပွဲတော်က ဆိုင်တွေနဲ့ရောနေတော့ ခါတိုင်းလိုဘာနေ့အတွက်ပါလိမ့်လို့ မစဉ်းစားမိခဲ့ဘူးပေါ့။ မေလထဲမှာ အဲလိုနေ့လေး လုပ်တာဟာ စိတ်ထဲမှာ အဓိပါယ်ရှိသလိုပဲနော်။ သစ်ပင်လေးတွေက အရွက်နုလေးတွေဟာ တလူလူတက်လာပြီး သစ်ပင်ကြီးတပင်ရှင်သန်ဖြစ်လာဖို့ အားယူနေသလို လူငယ်လေးတွေဟာလည်း အနာဂါတ်ရဲ့ တာဝန်ယူဖို့ ခြေလှမ်းအစပျိုးနေသလိုပေါ့သမီးတော့ အဲလိုထင်မိတယ်။

မေမေရေ စာကလဲတော်တော်ရှည်သွားပြီနော် မနက်ဖြန်ဆို မေလကုန်လို့ ဇွန်လထဲဝင်ပြီ နှင်းဆီနီတွေလဲ ပွင့်နေပြီပေါ့ မေမေ..

ချစ်တဲ့

အင်ကြင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...