Wednesday, June 1, 2011

"အပြောမှန်ကြရဲ့လား"

            ၁၉၇၅ ခုနှစ်၊ အပေါင်းလောင်းမြစ်ကမ်းဘေး.....။             ထိုင်နေတဲ့လူစုကတော့ ကျွန်တော်ရယ်၊ ကိုသင်းခိုင်ရယ်၊ ဇော်(ပျဉ်းမနား)ရယ်၊ ကိုဟိန်းလတ်ရယ်၊ ကိုဝင်းမောင်ထိုက်ရယ်၊ ကိုကျော်မင်းဟန်ရယ်၊ ပြီးတော့...ဆရာ ဒဂုန်တာရာနဲ့ ဦးလေးဦးတင်အောင်....။        ...     ဆရာဗန်းမော်တင်အောင်ကို 'ဦးလေး ဦးတင်အောင်' လို့ပဲ ကျွန်တော်ခေါ်လေ့ရှိပါတယ်။ ဘာကြောင့် လည်းဆိုတော့ ဆရာဗန်းမော်တင်အောင်တို့၊ ဆရာမြသန်းတင့်တို့ကို၊ 'ဦးလေး'လို့ပဲ ကျွန်တော်တို့လူငယ်တွေ က ခေါ်ခဲ့ကြတာကိုး။ နောက်တော့လဲ ဆရာ ဒဂုန်တာရာကိုပါ 'ဦးလေး'လို့ ကျွန်တော် ခေါ်ဖြစ်တော့တယ်....။ 
            လူငယ်တွေ (အဲဒီတုန်းကတော့ လူငယ်တွေပေါ့)ဘက်က အဲဒီအချိန်မှာ စကားဆက်တိုက်ပြောနေသူ က ကျွန်တော်....။ 
 
            ကျွန်တော် ဦးတည်ပြောနေသူကတော့ ဦးလေးဦးတင်အောင်......။ ဒါပေမယ့် တူတယောက်က ဦးလေး တယောက်ကို လေးစားစွာ ပြောနေတဲ့ အနေအထားမျိုး မဟုတ်ပါဘူး၊ အသည်းအမည်းကြီးကြီး၊ အညိုးတကြီး စကားလုံးတွေနဲ့ ပစ်ပေါက်နေခဲ့တာ။            ကျွန်တော်ပြောနေတာကတော့ အဲဒီကာလအတွင်းက ထွက်ခဲ့တဲ့ ဦးလေး ဦးတင်အောင်ရဲ့ ‘မြစ်ဧရာ ပေါ်ဝယ်’နဲ့ ပတ်သက်လို့ပါ။ အဲဒီစာအုပ်ထဲမှာ ဦးလေးက ‘ဓနရှင် လောက’ စာအုပ်ရေးသူနဲ့ပတ်သက်လို့ ကောက်ချက်တခုချမိတယ်။ ဒါကို ကျွန်တော်က သဘောမတူဘူး။ ကျွန်တော့်ဘက်က ထောက်ခံတဲ့ သမိုင်း အချက်အလက်တခုကိုလဲ ကျွန်တော်ရထားတယ်။ အဲဒီအချက်နဲ့နွယ်ပြီး ‘မြစ်ဧရာပေါ်ဝယ်’ကို ကျွန်တော်ဝေဖန် ခဲ့တာပါ။ အချက်အလက်ကတော့မှန်ပါရဲ့။ ဒါပေမယ့် အဲဒီအချက်အလက်နဲ့ တခြားအချက် အလက်တချို့ အပေါ်အခြေခံပြီးဦးလေး ဦးတင်အောင်အပေါ် ကျွန်တော်ဆွဲပြလိုက်တဲ့ ကောက်ချက်ကတော့(အခုပြန်တွေးရင်) ကြောက်စရာကောင်းလောက်အောင် ပြင်းထန်နေခဲ့တယ်။ ကျွန်တော့်စကားလုံးတွေကလဲ ရုပ်ဝတ္ထုများသာဖြစ်ခဲ့ ရင်တစ်ဖက်သား အပိုင်းပိုင်း ပြတ်သွားလောက်အောင် စူးရှနေခဲ့တယ်။ကြားဇတ်ဆောင်သဘောတရား...ဓနရှင် ပေါက်စကျောရိုးမဲ့မူ... လစ်ဘရယ်ဒီမိုကရက်... ပန်းခင်းကို မြင်းစီးပြီးကြည့်....။ အို... အဲဒီအချိန်က အရင့်သီးတ ကာ့ အရင့်သီးဆုံး ဆဲရေးစကားတွေနဲ့ ကျွန်တော် တစ်လုံးပြီး တစ်လုံး ပစ်ပေါက်...။           ဦးလေး ဦးတင်အောင်ဟာ ခေါင်းကို စိုက်ထားတယ်။ ကျွန်တော်စကားလုံးတွေ ရင့်သီးသထက်ရင့်သီး လာတာနဲ့အမျှ ဦးလေးရဲ့ ခါးဟာ ပိုမိုပီးကိုင်းကျလာတယ်။ နောက် ပခုံးနှစ်ဖက်ဟာ သိမ့်ခနဲ့...သိမ့်ခနဲ့........။ ဟော- ဦးလေးငိုနေပြီ။ မျက်လုံးမျက်ရည်တစမှ မတွေ့ရပေမယ့် ရင်ထဲက ငိုနေပြီ။            ဦးလေးနဲ့ နှစ်ပေါင်းများစွာ ဘေးချဉ်းယှဉ်အိပ်ခဲ့၊ မျက်နှာချင်းဆိုင် ပြောဆိုဆွေးနွေး ငြင်းခုန်ခဲ့၊ လက်ချင်း တွဲလို့ မရဏတရားကို ရင်ဆိုင်ခဲ့ဖူးတာပဲ။ ကိုယ့်ဦးလေး ဘာဖြစ်နေပြီ ဆိုတာ ကျွန်တော်သိတာပေါ့။ ဒါပေမယ့် ကျွန်တော်စကားကို ရပ်မပစ်ဘူး။ ကျွန်တော့် စကားလုံးတွေဟာ ကျွန်တော်တို့နှစ်ယောက်လုံး ကြုံခဲ့ဖူးတဲ့ လှိုင်း လုံးတွေ တ၀ုန်းဝုန်း။ နောက်ဆုံး ကျွန်တော် လက်ညိုးငေါက်ငေါက်ထိုးပြီး ဦးလေးကို ပြော လိုက်တယ်။               “ဦးလေးမှာ အဲဒီလို ရေးဖို့၊ အဲဒီလို ဝေဖန်သုံးသပ်ဖို့ အရေးမရှိဘူး” လို့။          ဦးလေးရဲ့ ခါးဟာ ဆတ်ခနဲမတ်လာတယ်။ ပြီးတော့ ကျွန်တော်ကို စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။ သူ့ မျက်လုံးမှာ မျက်ရည်ဝေနေပေမယ့် ထူးခြားတဲ့အလင်းရောင်တစ်ခုနဲ့ ရွှန်းတောက်နေရဲ့....။          ဦးလေးက သူ့ အံကပ်ကိုချွတ်လိုက်တယ်။ ကျွန်တော်တို့ကိုပြတယ်။ ကြိုးပြာ ပေါ်ပလင် လက်ရှည်အင်္ကျီ ရဲ့ လက်တွေကိုပင့်ပြီး အရိုးပြိုင်းပြိုင်းကျနေတဲ့ သူလက်အစုံကို ပြတယ်။ အင်္ကျီရင်ဘတ်ကို လှပ်ပြတယ်။----- ပြတယ်--ပြတယ်--ပြတယ်။ ပြီးတော့မှ သွားတွေ ကြိုးကြဲက လေထွက်နေပေမယ့် အင်မတန်ပီပြင်တဲ့အသံနဲ့ ပြောလိုက်တယ်။ (ဒေါသအသံတော့ လုံးဝမပါဘူး။ ဒါပေမယ့် အင်မတန်လေးနက်သလောက် ဆွေးမြေ့တဲ့အသံ နဲ့...။)                 “ကိုဇော် သိပါတယ်ဗျာ၊ ကျွန်တော် ဘာအတွက် ဘယ်လောက်လုပ်ကိုင်ခဲ့တယ်၊ ဘာတွေရင်ဆိုင်                   ခဲ့ရတယ်၊ ဘာတွေကို စွန့်လွတ်ခဲ့ရတယ်ဆိုတာ ကိုဇော်အသိဆုံးပါ၊ ကျွန်တော် စွန့်လွတ်ခဲ့တဲ့ ဒီ                   အသွေးအသား၊ ကျွန်တော် ဆုံးရှူံးခဲ့တဲ့ ဒီခွန်အား၊ ကျွန်တော်ပေးဆပ်ခဲ့ရတဲ့ ဒီဘ၀အစိတ်အပိုင်း                 တွေကို ထောက်ထားပြီး ဒီလောက်မှ ပြောဖို့အခွင့်အရေး ကျွန်တော့်ကို မပေးနိုင်တော့ဘူးလား”တဲ့။            တခြားသူတွေအားလုံး ငြိမ်ကြည့်နေကြတယ်။ သူတို့အားလုံးရဲ့ မျက်ရည်တွေဟာ ဦးလေးကို လေးစား စွာ၊ ပြီးတော့ ၀မ်းနည်းစွာ။ ပေါင်းလောင်းမြစ်ရေစီးသံ တရှဲရှဲအကြားမှာ ကျွန်တော့်ဘေးကလူတွေရဲ့ ပင့်သက်ချ သံကို ကျွန်တော်ကြားနေရတယ်။           ကျွန်တော်ဆက်မပြောတော့ပါဘူး။ ဒါပေမဲ့ အံတချက်ကြိတ်ပြီး စိတ်ထဲက ဦးလေးကို ပြန်ပြောလိုက် တယ်။ ‘ကျွန်တော်အမှန်ကို ပြောတာဘဲလေ’လို့။             ၁၉၇၈ ခုနှစ်၊ ဆိတ်ဖလူးနံ့သင်းတဲ့ အခန်းလေးတစ်ခုအတွင်းမှာ...။           ကျွန်တော် ရုတ်တရက် လန့်နိုးလာတယ်။ ဒီဇင်ဘာရဲ့ အအေးရှိန်ထဲမှာပေမယ့် ကျွန်တော့်တကိုယ်လုံး ချွေးတွေရွဲလို့။ အပြင်မှာတော့ ပေတံတွေ တချောင်းပြီးတစ်ချောင်း ကျိုးသံကြားရဲ့။ အရှေ့အရပ်က တစ်ခုခုပြို လဲကျသံ။ နောက်- အနောက်ဘက် လေဟုန် ပြင်းပြင်း တိုက်ခတ်စပြုနေတာကိုလဲ အသံအရရော------------           ကျွန်တော် ရုတ်တရက် ထထိုင်တယ်။ ပြီးတော့ အော်ခေါ်လိုက်တယ်။               “ဦးလေး.... ဦးလေး ဦးတင်အောင်”လို့။          ပေါင်းလောင်းမြစ်ကမ်းတနေရာမှာ ကျွန်တော်အမှားကြီးတစ်ခုကို ကျူးလွန်ခဲ့မိပြီ။ ပြန်လည်ရုပ်သိမ်းလို့ မရနိုင်တဲ့ နှုတ်လွန်မှုကြီးကို ကျွန်တော်ကျူးလွန်ခဲ့မိပြီ။ အချက်အလက် အမှန်တချို့တလေအပေါ် အခြေ ခံပြီး ကောက်ချက်အမှားကြီးတွေကို ကျွန်တော်ဆွဲခဲ့မိပြီ။ ဦးလေးရေ ကျွန်တော်ကိုခွင့်လွတ်ပါ။         အလွန်ကြမ်းတမ်းတဲ့ ဘ၀ထဲကို အလွန် အသက်ငယ်ရွယ်စွာ ရောက်ရှိခဲ့တဲ့ ကျွန်တော်ကို ဦးလေးတို့ဝိုင်း ပြီး ဖေးမကူညီခဲ့ကြတယ်။ လမ်းကြောင်းတည့်မတ်ပေးခဲ့ကြတယ်။ ၀မ်းစာ ဖြည့်တင်းပေးခဲ့ကြတယ်။ နေရာတ ကာမှာလဲ ‘အဲဒီတုန်းက ကျွန်တော်တို့ထဲမှာတော့ သူက အငယ်ဆုံးလေ’ဆိုပြီး ရှေ့တန်းတင် ပေးခဲ့ကြတယ်။ ဦးလေးကို ပြန်ခြောက်ခဲ့ပြီ။         စကားတတ်စကလေးငယ်က သူတတ်လာတဲ့ အဆဲစကားနဲ့ ဆဲပြတာကို မနာနိုင်ကြဘဲ ‘ဟဲ.... ဒီလူက လေး ဆဲတောင်ဆဲတတ်နေပြီဟဲ့’လို့ ချစ်စိတ်ကို အရင်းခံပြီး ခွင့်လွတ်ခဲ့တဲ့ လူကြီးမိဘတွေလိုအတူ နေရစဉ် ဘ၀ကြမ်းက (စကားလုံးအကြီးကြီးတွေနဲ့) ကျွန်တော်သင်ဆဲ ဆဲခဲ့တာမှန်သမျှ မနာနိုင်ကြတာကို အခွင့်ကောင်း ယူပြီး လူပုံလယ်မှာ ဦးလေးကို ကျွန်တော်စော်ကားမိခဲ့ပြီ။ အကျင့်စာရိတ္တအရ မနှိုင်းယှဉ်သာအောင် ဖြူစင်သန့် ရှင်းတဲ့၊ ရိုးသားမှုမှာ စံနမူနာဖြစ်တဲ့၊ ဆင်းရဲပင်ပန်းခံရာ စွန့်လွတ်ရာမှာ သူမတူတဲ့၊ ပြီးတော့ ယုံကြည်ရာကို တည်ငြိမ်စွာ စူးတစိုက်ရှိခဲ့တဲ့ ဦးလေးကို ကျွန်တော်က... ကျွန်တော်လိုကောင်က လက်ညိုးငေါက်ငေါက်ထိုးပြီး ပြစ်တင်ရှုတ်ချမိခဲ့ပြီ။         ကျွန်တော် ကျွန်တော်ယုံကြည်ရာမှန်သမျှကို တိုင်တည်ပြီး အလေးအနက် ဆုံးဖြတ်လိုက်မိတယ်။             “ဥိးလေးနဲ့ ပြန်တွေ့တွေ့ချင်း ဦးလေးကို ငါတောင်းပန်မယ်” လို့။        ဒါပေမယ့် အဲဒီအချိန်မှာပဲ ဦးလေးမရှိတော့ပြီဆိုတာ၊ ဦးလေးကို ဘယ်တော့မှ ပြန်မတွေ့နိုင်တော့ဘူး ဆိုတာ၊ ဦးလေးကို ဘယ်တော့မှ တောင်းပန်လို့ မရနိုင်တော့ဘူးဆိုတာ အဲဒီတုန်းက ကျွန်တော်မသိခဲ့ ဘူး။  
 
        ဆရာဗန်းမော်တင်အောင်ကို ကျွန်တော်ဝေဖန်ခဲ့ရာမှာ အချက်အလက်တချို့တော့ မှန်ပါရဲ့၊ ဒါပေမယ့် အောက်ပါနည်းနာဆိုင်ရာ အမှားတွေကို ကျူးလွန်ခဲ့မိတယ်လို့ ကျွန်တော် ပြန်သုံးသပ်မိပါတယ်။ ၁။ ကျွန်တော်ရဲ့ ဝေဖန်ရေးဟာ ‘အကျကောက်ဝေဖန်ရေး’ သာဖြစ်ခဲ့တယ်။.....           လူတယောက်...ကို ဝေဖန်တော့မယ်ဆိုရင် အဓိကနဲ့ သာမညကို ခွဲခြားဖို့လိုပါတယ်။ အသေးအဖွဲအမှား လေးတွေကို မှန်ဘီလူးနဲ့ ပြုးပြဲရှာပြီး အဲဒီ လက်ရာတစ်ခုလုံးရဲ့ သာလွန်ကောင်းမွန်ချက်တွေကို မျက်ကွယ်ပြု ပစ်တာ၊ အသေးအဖွဲ အမှားကလေးတွေကို ပုံကြီးချဲ့ပြီး အားကောင်းချက်များကို ဖုံးကွယ်သွားစေတာဟာ ‘အကျကောက်ဝေဖန်ရေး’လို့ အမည်ပေးရမယ် ထင်ပါတယ်။ ကျွန်တော်အနေနဲ့လဲ ဆရာဗန်းမောင်တင်အောင် ရဲ့ ‘မြစ်ဧရာပေါ်ဝယ်’ကို ဝေဖန်ရာမှာ အဲဒီ ၀တ္ထုထဲက အသေးစိတ်အချက်အလက် တစ်ခုနှစ်ခုကို အကျကောက် ပြီး သူဝတ္ထုရဲ့ ဦးတည်ချက်၊ သူ့ဝတ္ထုရဲ့ ၀ိညာဉ်၊ သူ့ဝတ္ထုရဲ့ အားကောင်းချက်တွေကို ဖုံးလွှမ်းပစ်ခဲ့မိတယ်။   ၂။ ကျွန်တော့်ရဲ့ ဝေဖန်ရေးဟာ ‘အဆောတလျင် ယေဘုယျပြုခြင်း’ အမှားကို ကျူးလွန်ခဲ့တယ်။        ဝေဖန်ရေးဟာ ဆင်ခြင်စဉ်းစားမှု၊ ခွဲခြမ်းစိတ်ဖြာမှုပေါ်မှာ အခြေပြုတာပါ။ ဒါကြောင့် ဝေဖန်ရေးလုပ်တော့ မယ်ဆိုရင် ယုတ္တိဗေဒနည်းကျ ဆင်ခြင်စဉ်းစားမှု ရှိဖို့လိုပါတယ်။ ယုတ္တိဗေဒမှာ ‘အဆောတလျှင် ယေဘုယျ ပြုခြင်း’ (Hasty Generalization)ဆိုတဲ့ ဆင်ခြင်ပုံ အမှားတစ်မျိုးရှိတယ်။ ခြုံယူဆင်ခြင်မှုစနစ်နဲ့ ဆင်ခြင်ရာမှာ အချက်အလက်တွေကို ကျယ်ကျယ် ပြန့်ပြန့် ပြည့်စုံသထက် ပြည့်စုံအောင်မစုဆောင်းဘဲ ရရာအချက်အလက် တစ်ချို့တပေါ် အခြေပြုပြီး အမြန်အဆန် ကောက်ချက်ဆွဲလိုက်တဲ့ အမှားမျိုးပါ။ ကျွန်တော့်အနေနဲ့လဲ ဆရာ ဗန်းမော်တင်အောင်ရဲ့ တခြား ပြုစုပြီးစာပေတွေ၊ သူ့ဖြတ်သန်းမှု အစဉ်အလာတွေ၊ သူ့ရဲ့ အထင်အရှားဖြစ်တဲ့ သဘောတွေကို ထည့်သွင်း မစဉ်းစားမိခဲ့ဘူး။ အချက်အလက်တွေကို ပြည်စုံသထက် ပြည့်စုံအောင် မစုဆောင်း မိခဲ့ဘူး။   ၃။ ကျွန်တော်ရဲ့ ဝေဖန်ရေးဟာ “ဆန္ဒစွဲကျတဲ့ ဝေဖန်ရေး”ဖြစ်ခဲ့တယ်။....              ကောက်ချက်ကို အရင်ဆွဲပြီးမှ အဲဒီကောက်ချက်ကို ထောက်ခံဖို့ အချက်အလက်တွေ ရှာတာဟာ ဆန္ဒစွဲကျတဲ့စဉ်းစားမှု (Subjective thinking) ပါ။ ဝေဖန်ရေးမှာလဲ ‘ဒီလူ၊ ဒီစာရေးဆရာဟာဖြင့် ဒီလိုလူမျိုး ဖြစ်တယ်။ ဒါကြောင့် သူ့မှာတော့ ဒီလိုအမှားမျိုးရှိမှာပဲ’လို့ ကြိုတင် ဆုံးဖြတ်ထားမိတာမျိုး ရှိတတ်တယ်။ အဲဒါ ဆန္ဒစွဲကျတဲ့ ဝေဖန်ရေးပါ။ ကျွန်တော်အနေနဲ့လဲ (အဲဒီအချိန်က ဆရာဗန်းမော်တင်အောင်ကို အားမလိုအားမရနဲ့ ကြိုတင်သတ်မှတ်ထားချက်တွေ ရှိနေခဲ့တယ်။အဲဒီ ကြိုတင်သတ်မှတ်ထားချက်အရအဲဒီ ကြိုတင်သတ်မှတ်ထား ချက်ကို အထောက်အကူပြုမဲ့ အချက်အလက်တွေကိုသာ လိုက်ရှာနေမိတယ်။ အမှားတွေ့တယ် ထင်လိုက်တာ နဲ့ အဲဒီအချက်အလက်ပေါ်မှာ အခြေပြုသလို ပုံဖမ်းပြီးမူလကောက်ချက်ကို ချပြလိုက်တာပါပဲ။   ၄။ ကျွန်တော်ရဲ့ ဝေဖန်ရေးဟာ ‘အတ္တဗဟိုပြု ဝေဖန်ရေး’ သာဖြစ်ခဲ့တယ်။              အဲဒီအချိန်က ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို သိပ်မှန် သိပ်ဟုတ် သိပ်ပြတ်သားတယ်လို့ ထင်နေခဲ့ တယ်။ အခြားသူတွေကိုလဲ..... လူတယောက်မှားတယ်လို့ထင်ရင်လဲ ‘မှားရကောင်းလား၊ ငါ့လောက်မှ မမြင်ရ ကောင်းလား’လို့ ဒေါသသိပ်ထွက်မိပြန်ရော၊ ပြီးတော့ ‘အကြောင်းပြန်လိုက်မယ်’ဆိုတဲ့ စိတ်တွေကဲ နေတာ ကြောင့် ‘နည်းနည်း မမှားလိုက်နဲ့၊ ငါနဲ့ တွေ့သွားမယ်’ဆိုတဲ့ မာန်မာနတွေ ကဲနေမိခဲ့တယ်။ ဒီလို အတ္တဗဟိုပြု စိတ်နဲ့ ဆရာဗန်းမော်တင်အောင်ကို ကူညီလိုစိတ်က ပေါ်လာတာမဟုတ်ဘဲ ကျွန်တော်ရဲ့ အတ္တကို အစာကျွေး ရာက ပေါ်ပေါက်လာတဲ့ အတ္တဗဟိုပြု ဝေဖန်ရေး (Self-centred Criticism)သာ ဖြစ်ခဲ့ပါတယ်။               ကျွန်တော်ကြားဖူးခဲ့တယ်။ ရွယ်တူသူငယ်ချင်းတစ်ယောက်က ပြောတာလား၊ ကိုယ့်ထက် အသက်အ ရွယ်ကြီးသူတယောက်က ပြောတာလား မမှတ်မိဘူး။ ပြောသူရဲ့ ကိုယ်ပိုင်စကားလား၊ သူကိုယ်တိုင်တနေရာရာ က ကြားဖူးဖတ်ဖူးလို့ ထပ်ဆင့်ကိုးကားတာလား ဆိုတာလဲမသိဘူး။ မှတ်မှတ်ရရတော့ ကြား ဖူးတယ်။                  “အမှန်ကို ပြောသလို အပြောလဲမှန်ရတယ်” တဲ့။           အမှန်ကို ပြောဖို့ ကျွန်တော်တို့မှာ အခွင့်အရေးရှိသလို တာဝန်လဲရှိပါတယ်။ အမှန်လို့ တထစ်ချမဆိုနိုင် ရင်တောင်မှ မှန်တယ်ထင်ရာကို ပြောဖို့ ကျွန်တော်တို့မှာ အခွင့်အရေးရှိပါတယ်။ မှန်တယ်ထင်ရာကို ပြောရဲတဲ့ သတ္တိကိုလဲ  ကြိုဆိုသင့်ပါတယ်။          ဒါပေမယ့် ဘယ်ချိန်ပြောရမှာလဲ၊ ဘယ်လိုပြောရမလဲ၊ ဒါကတော့ သေသေချာချာစဉ်းစားရမယ့် ကိစ္စပါ။ ပြောသူက ဘယ်သူလဲ၊ အပြောခံရသူကဘယ်သူလဲ၊ ပြောသူရဲ့ ဖြတ်သန်းမှုကဘယ်လိုလဲ၊ အပြော ခံရသူရဲ့ ဖြတ်သန်းမှုနဲ့ အစဉ်အလာက ဘယ်လိုလဲ၊ အဲဒီအခြေအနေအရပ်ရပ်နဲ့ အချက်အလက်ပေါင်း မြောက်များစွာကို သုံးသပ်ပြီးမှ ဘယ်လိုပြောမလဲဆိုတဲ့ နည်းနာကို မှန်ကန်စွာ ရွှေးချယ်သင့်ပါတယ်။          အပြောခံရသူက အစဉ်အလာကြီးမားရင် သတိထား ပြောရမယ်လို့ ဆိုတာမဟုတ်ပါဘူး။ အပြောခံရသူရဲ့ အနေအထားကို ထည့်သွင်းတွက်ချက်ဖို့ပါ။အပြောခံရသူဟာ နုနယ်သေးတဲ့အချိန်မှာ ရေနွေးပူနဲ့လောင်းပစ်တာ မျိုး၊ မိတ်တွေအချင်းချင်းကို ပြောရမှာကို ရန်သူလို ရန်စွယ်ငေါငေါပြောတာမျိုးလဲ မှန်ကန်တဲ့ ပြောနည်းလို့ဆိုနိုင် မှာ မဟုတ်ပါဘူးပေါ့။          အထူးသဖြင့် စာပေနယ်မှာ စာပေသမားအချင်းချင်း ပြောကြဆိုကြတာဟာ ဘယ်လိုပုံစံမျိုး ဖြစ်သင့်ပါသ လဲ။ ကိုယ်မှန်တယ်ထင်ရုံမျှနဲ့၊ ကိုယ့်ဘက်က ပိုင်နိုင်ပြီလို့ ထင်ရုံမျှနဲ့ နှုတ်စွမ်းအားရှိသမျှ တဆုံးတဆ ပြောလိုက် ကြတော့မှာလား။ အလွန်အကျွံ ဒေါသတကြီးနဲ့  ပြောကြဆိုကြတော့မှာလား။           လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုကျော်ကျော်အတွင်းမှာ မဂ္ဂဇင်းတွေ အပြိုင်အရိုင်းပေါ်လာကြပါတယ်။ တချို့က ဟုန်းခနဲတောက်၊ ဟုပ်ကနဲပျောက်၊ တချို့က တအုပ်နဲ့ ဇာတ်သိမ်း၊ တချို့ကလဲ စိုက်လိုက်မတ်တပ် အောင်လံ လွင့်လို့။         ဒီမဂ္ဂဇင်းတွေထဲမှာ လူငယ်ဝေဖန်ရေး ဆောင်းပါးရှင်တွေလဲ အများအပြား ပါဝင်ရေးသားလာကြတယ်။ သူတို့အများစုဟာ ရဲရဲတွေး၊ စူးစူးနစ်နစ်ခွဲခြမ်းစိတ်ဖြာပြီး ထက်ထက်မြက်မြက်ရေးတာကြောင့် စာပေလောကမှာ ‘စာပေဝေဖန်ရေး’ဆိုတဲ့ ကဏ္ဍကလေးဟာ အုံးအုံး ကျွတ်ကျွတ်နဲ့ပါပဲ။         အစပိုင်းမှာတော့ စာပေလောကသား အချင်းချင်းရော၊ စာဖတ်ပရိသတ်တွေကပါ ဒီစာပေ ဝေဖန်ရေး ဆောင်းပါးတွေကို ရွှင်လန်းတက်ကြွစွာနဲ့ ကြိုဆိုကြတယ်။ ‘ဘယ် ဆောင်းပါးမှာတော့ ဘယ်စာရေးဆရာ ဘယ် စာအုပ်ကို ဘယ်လိုဝေဖန်တားလေရဲ့’ ဆိုပြီး စာပေသမားအချင်းချင်းလဲ လက်တို့ သတင်းပေးကြရဲ့၊ စာဖတ်ပရိ သတ်တွေကလဲ စိတ်ဝင်တစား ရှာဖွေဖတ်ရှုကြရဲ့။        ဒါပေမယ့် တဖြေးဖြေးနဲ့ စာပေဝေဖန်ရေးဆိုတဲ့ ဆောင်းပါးတွေမှာ စကားလုံး မီးရှူးမီးပန်း လွှတ်တာတွေ များသထက် များလာတယ်။ အချက်အလက်ကို အသေအချာ မစုဆောင်းဘဲ ‘မြန်မြန်ပြော များများပြော မှားမှား မှန်မှန်ပြော’ဆိုတာမျိုးတွေ ဖြစ်လာတယ်။ အစဉ်အလာရှိတဲ့ စာရေးဆရာကြီးတွေကို ‘တမင်ဖြိုလိုက်မဟဲ့’ ဆိုတဲ့  စိတ်မျိုးနဲ့ ဝေဖန်တာတွေ မကြာခဏတွေ့လာရတယ်။ နာမည်တက်စ လူငယ် စာရေးဆရာတွေကို အညွန့်ချိုးသ လို ပစ်ပစ်ခါခါ ဝေဖန်တာမျိုးလဲ အများအပြား ဖတ်လာရတယ်။ စာပေ ဝေဖန်ရေးဟာ စာဖတ်ပရိသတ်အတွက်၊ စာပေသမားအချင်းချင်းအတွက် အင်အားဖြစ်ရမဲ့အစား ကြောက်စရာ လန့်စရာဖြစ်လာတယ်။ သူတို့တွေရဲ့ ဆောင်းပါးတွေမှာသာမက သူတို့ရဲ့ ‘အင်တာဗျူး’ ဆိုတာတွေမှာပါ သူတို့အတ္တတွေဟာ အငွေ့တထောင်း ထောင်းနဲ့။           ကိုယ်ကိုယ်ကို ဒဏ်ခတ်တဲ့အနေနဲ့ ချောင်းထိုးထားခဲ့တဲ့ ကလောင်ကို ကောက်ကိုင် လိုက်မိတာဟာ မေးခွန်းတခု မေးချင်လို့ပါ။ ကိုယ်တိုင်ကျူးလွန်ခဲ့မိတဲ့ အမှားတခုကို တမြေ့မြေ့ ပြန်လည်သုံးသပ်ရင်း စာပေ ဝေဖန်ရေးဆောင်းပါးရှင်တွေကို ရင်းနှီးခင်မင်စွာ မေးမြန်းချင်လို့ပါ။               မိတ်ဆွေရောင်းရင်းများခင်ဗျာ၊ စာပေညီအစ်ကိုတော်များ ခင်ဗျား-              “အမှန်ကို ပြောတယ်ပဲ ထားပါတော့၊ အပြောရောမှန်ကြပါရဲ့လား။”                                                                                                                                                                                                                                                                ဇော်ဝင်းကို 
  ဗန်းမော်တင်အောင် တိုင်းပြုပြည်ပြု စာရေးဆရာ သတင်းစာဆရာ   ဗန်းမော်တင်အောင် ကွယ်လွန်တဲ့အနှစ် (၂၀)ပြည့် အလေးအမြတ်ပြု ထုတ်ဝေလိုက်သော စာအုပ်တွင်းမှ ရိုက်နှိပ်ထားပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...