Wednesday, June 1, 2011

သခင်နု (သို့မဟုတ်) မုန်တိုင်းထဲက သစ်ရွက်တစ်ရွက်

သခင်နု (သို့မဟုတ်) မုန်တိုင်းထဲက သစ်ရွက်တစ်ရွက် (ဒဂုန်တာရာ)   ဦးနု (၀ါ) သခင်နု (၀ါ) ကိုကြီးနုနှင့် ပတ်သက်၍ နိဒါန်းပျိုးစရာ သိပ်လိုမည် မထင်။ တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ၊ ဖဆပလ ဥက္ကဋ္ဌ၊ လွတ်လပ်သော မြန်မာပြည်၏ ပထမဆုံး ၀န်ကြီးချုပ်၊ ဂါးဒီးယန်း ဦးစိန်ဝင်းက... ရာဇပလ္လင် ဖင်ကပ်ပါသူဟု ဆိုခဲ့သူ၊ မိတ္တဗလကျမ်းကို ဘာသာပြန်ဆိုသလို ထိုကျမ်းကိုလည်း ထုံးလိုချေ ကျေညက်သူ၊ ဆဋ္ဌသဃာယနာတင် ဒါယကာကြီး စသည့် ဘ၀ ဖြစ်စဉ်များ။ နိုင်ငံရေးနယ်ပယ်ကို စွန့်ခွာရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း တ၀ဲလည်လည် ပြန်ရောက်ရှိလာခဲ့ရသည်။ သူ့ဘ၀သည်ပင် နှစ်ဆယ်ရာစု မြန်မာ့သမိုင်း ဖြစ်နေလေရော့သလား။ သူ့သမိုင်းကို တစ်ချို့က ဖျောက်ဖျက်ရန် ကြိုးစားချင်ကြသည်။ သို့သော် မပျက်။ သမိုင်းသည် သမိုင်းသာတည်း။  

  ဤဆောင်းပါးပါ အချက်အလက်များနှင့် ပတ်သက်၍ ပြောစရာ တစ်ခုရှိသည်ကား တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်နေပြီ ဖြစ်သော သခင်နုကို ကိုအောင်ဆန်းတို့က ခေါ်လာရသည် ဟူသော အချက် ဖြစ်သည်။ မှတ်သားမိသလောက် တို့ဗမာအစည်းအရုံးကို ကိုအောင်ဆန်း အရင်ဝင်သည်။ ထို့နောက် သခင်အောင်ဆန်းမှ ကိုကြီးနုကို အတင်းဝင်ရန် တိုက်တွန်းသောကြောင့် ကိုနုမှ သခင်နု ဖြစ်လာသည်။ သို့ဖြစ်ပါ၍ သခင်နုကို တို့ဗမာအစည်းအရုံးမှ ကိုအောင်ဆန်း သွားခေါ်သည်မှာ မဖြစ်နိုင်။ သခင်နု တို့ဗမာအစည်းအရုံးဝင် ဖြစ်နေချိန်တွင် သခင်အောင်ဆန်းလည်း ထိုအဖွဲ့ဝင် ဖြစ်နှင့်ပြီး ဖြစ်သည်။ ကိုအောင်ဆန်းတို့ သွားခေါ်ရိုးမှန်လျှင် ထိုအချိန်တွင် ကိုနုသည် တို့ဗမာအစည်းအရုံးဝင် မဖြစ်နိုင်သေးချေ။   ဂျပန်ခေတ်တွင် သခင်နုသည် နိုင်ငံခြားရေး ၀န်ကြီး ဖြစ်ရာ သခင်ဗဟိန်းမှာ သူ၏ အတွင်းဝန် ဖြစ်သည်။     သခင်နု (သို့မဟုတ်) မုန်တိုင်းထဲက သစ်ရွက်တစ်ရွက်   ဒဂုန်တာရာ   (၁)   သခင်နု - ကျောင်းသား သပိတ်၊ ကျောင်းသားသပိတ် - သခင်နု။   ကျွန်တော့်အဖို့ရာကား သခင်နုနှင့် ၁၉၃၆ ကျောင်းသားသပိတ်သည် ခွဲခွာ၍ မရအောင် ဆက်စပ်၍ နေသည်။ ဗမာပြည် နိုင်ငံရေး ရာဇ၀င်တွင် ၁၉၃၆ ခု ကျောင်းသားသပိတ်သည် မှတ်တိုင် တစ်တိုင် ဖြစ်သည်ဟု ထင်သည်။ ၁၉၃၆ ခု ကျောင်းသားသပိတ်သည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အသင်းချုပ်ကြီးကို မွေးဖွားပေးလိုက်သည်။ ကျောင်းသားသမဂ္ဂ၏ ကြွေးကြော်သံဝယ် လူထုကြီးသည် မျက်စေ့ကို ပွတ်ကာ ထလိုက်ကြသည်။   ကျွန်ပညာ အလိုမရှိ သခင်ပညာပေးလော့ ပညာရေး ပြုပြင်ပေး ကျောင်းသားသမဂ္ဂသည် လူထု၏ အသဲစွဲ ဖြစ်လာသည်။ 

  ၁၉၃၆ ခု ကျောင်းသားသပိတ်မှ ပေါ်ပေါက်လာသော ကျောင်းသားများသမဂ္ဂသည် ၁၉၃၈ ခု ရေနံမြေအလုပ်သမား အရေးတော်ပုံကြီးဝယ် နယ်ချဲ့စနစ် တိုက်ခိုက်ရေး တပ်ဦးသို့ ဘွားကနဲ ရောက်လာလေပြီ။ သမဂ္ဂသည် အလုပ်သမား၊ လယ်သမားတို့နှင့် အတူလက်တွဲကာ အရင်းရှင်စနစ် ဆန့်ကျင်ရေး အလံတော်ကို လွှင့်ထူခဲ့ကြပေပြီ။   အရင်းရှင်စနစ် ပျက်စီးပါစေ။ မီးတုတ် မီးတုတ် ရှို့ရှို့။ သူပုန် သူပုန် ထထ။ အရေးတော်ပုံ အောင်ပါစေ။   ကျောင်းသားသမဂ္ဂသည် နယ်ချဲ့တိုက်ခိုက်ရေး အင်အားစုကို ရှေ့ဆောင်လာလေပြီ။ ဤ ၁၉၃၈ အထွေထွေသပိတ် အရေးတော်ပုံ၏ သားသမီးများ ဖြစ်ကုန်သော သခင်များ၊ ကျောင်းသားများသည် ဟိုင်နန်ကျွန်းသို့ လျှို့ဝှက်စွာ စစ်ပညာသင် သွားပြီး ၁၉၄၁ က အင်္ဂလိပ် မောင်းထုတ်ရေးကို ရှေ့ဆောင်ပြုကြလေပြီ။   ၁၉၄၁ - ၁၉၄၅၊ ဖက်ဆစ်မုန်တိုင်းကြီး။   ဤ ဖက်ဆစ်တော်လှန်ရေးကြီးကို ဤ ၁၉၃၆၊ ၁၉၃၈၊ ၁၉၄၁ ခု အရေးတော်ပုံများ၏ တိုးတက်သော အစိတ်အပိုင်းကပင် ပြုခဲ့ပေပြီ။ ဤ ဖက်ဆစ်တော်လှန်ရေးကပင် အမျိုးသား တပ်ပေါင်းချုပ်ကြီး ဖြစ်သော ဖဆပလကို မွေးဖွားလိုက်လေပြီ။   ယခုကား လွတ်လပ်ရေး အောင်ပွဲကို ဆင်နွှဲကာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဟု ကြေညာခဲ့ပေပြီ။   ၁၉၃၆ ကျောင်းသားသပိတ်၏ အမှတ်အသား သခင်နု။   ၁၉၃၈ အထွေထွေ သပိတ် အရေးတော်ပုံ၏ အမှတ်အသား သခင်ဗဟိန်း၊ ဒေါက်တာလှရွှေ။   ၁၉၄၁ အင်္ဂလိပ်မောင်းထုတ်ရေး အမှတ်အသား သခင်အောင်ဆန်း။   ၁၉၄၅ ဖက်ဆစ်တော်လှန်ရေး အမှတ်အသား သခင်စိုး၊ သခင်သန်းထွန်း၊ ဗိုလ်ချုပ်အောင်ဆန်း။   ၁၉၄၆၊ ၁၉၄၇ ဖဆပလ အမှတ်အသား ဗိုလ်ချုပ်အောင်ဆန်း။   ယခု ဖဆပလ ဥက္ကဋ္ဌနှင့် နိုင်ငံတော် ၀န်ကြီးချုပ် သခင်နု။   (၂)   ၁၉၃၆ ကျောင်းသားသပိတ်။   ကျွန်တော်သည် ကျိုက်လတ် အမျိုးသားကျောင်းတွင် ပညာသင်လျက် ရှိသည်။ သပိတ်မမှောက်ခင်ကပင် သခင်နု အကြောင်းများကို သတင်းစာတွင် ဖတ်ရ၏။ သမဂ္ဂတရားပွဲ တစ်ပွဲတွင် သမဂ္ဂဥက္ကဋ္ဌ သခင်နုက “ဦးဥတ္တမကြီး ကုလားပြည် ပြန်လော့” ဟု ကြွေးကြော်လိုက်ပုံကို ဖတ်ရသောအခါ သူ၏ ရဲရင့်ခြင်းအတွက် တက်ကြွ၍ နေခဲ့၏။ နောက် ကျောင်းအုပ်ကြီး မစ္စတာ စလောစ်နှင့် သခင်နု အပြန်အလှန် စာပေးသည့် သတင်းများကို ဖတ်ရ၏။ လူငယ်များက သခင်နုကို ချီးကျူးကြသည်။ 

ဘီအေဘွဲ့ကို ပြန်အပ်ကြောင်း ကြားရသောအခါ လက်ခုပ်တီးကာ သြဘာပေးလိုက်ကြသည်။   ဇ၀န၏ ကောလိပ်ကျောင်းသားကို ဖတ်၍ တက္ကသိုလ်ကို အထင်ကြီးနေစဉ် တက္ကသိုလ်၏ “ငွေလရောင်နှင့် အရိပ်” ဇာတ်လမ်းများကို အိပ်မက်မက်နေစဉ် သခင်နုက ဘီအေဘွဲ့ကို ပြန်အပ်လိုက်ကြောင်း ကြားရသောအခါ သခင်နုကို နှစ်သက်စွဲလမ်းမိသည်။   ဖေဖော်ဝါရီ (၂၅) ရက်နေ့တွင် တက္ကသိုလ်မှ ခေါင်းဆောင်၍ သပိတ်မှောက်လိုက်သည့် သတင်းကို ကြားရသောအခါ ရင်တလှပ်လှပ် ဖြစ်လာ၏။ သပိတ်ကြီးကို မော်တော်ကားအမိုးတွင် လှန်တင်ကာ ကားကို တ၀ုန်းဝုန်း ထုပြီး “ဘာစီတီ ဘာစီတီ ဘွိုက်ကောက် ဘွိုက်ကောက်” ဟု အော်ကြသော အသံသည် ရန်ကုန်ဘုရားလမ်းမှ ကျော်ကာ နယ်သို့ တဝေ့ဝေ့ ပဲ့တင်ထင်ရိုက်လာသည်။   ကျွန်တော်တို့ ဆယ်တန်းကျောင်းသားများမှာ စာမေးပွဲ နီးကပ်၍ အိမ်တွင် စာကျက်ရန် အခွင့်ပေးထားသော ကျောင်းအားရက်အတွင်း ဖြစ်လေရာ သပိတ်သတင်းကိုသာ နားတစွင့်စွင့် ရှိနေကြ၏။   ထိုအခိုက် ဖျာပုံကျောင်းသားများနှင့် ဆက်သွယ်ကြ၏။   တစ်ညနေတွင် ဖျာပုံမှ “ဖျာပုံမှောက်ပြီး။ အဆွေတို့လည်း မှောက်ပါ” ဟူသော သံကြိုးစာကို ရ၏။ ဆယ်တန်း ကျောင်းသားများ စုဝေးကာ သပိတ်မှောက်ရန် ဆုံးဖြတ်ကြပြီး သပိတ်မှောက် ကြေညာစာတမ်းကို လက်မှတ်ထိုး၍ ရန်ကုန် သပိတ်စခန်းသို့ ပို့လိုက်ကြ၏။   ထိုညတွင် ကျောင်းသားတစ်ဦး၏ အိမ်တွင် မအိပ်ဘဲ တစ်ညလုံး တရုတ်မှင်တောင့်များကို ဖျော်ကာ ကြွေးကြော်သံများကို ရေးပြီး ဈေးဆိုင်များ ကုက္ကိုလ်ပင်များတွင် ကပ်ကြသည်။   သပိတ်မှောက်ပြီ။ ကျွန်ပညာရေးကို မီးရှို့လော့။ စုတ်ချာသော ပညာရေးကို အမြန်ပြုပြင်။   နောက်တစ်နေ့တွင် လူများသည် မိုးပေါ်က ကျလာသလို ဗြုန်းကနဲ တွေ့ရသော ကြွေးကြော်သံများကို အံ့သြစွာ ဖတ်ကြရသည်။ ရှုတ်ချမည့်သူကား မရှိ။ မြို့မ စုံထောက်သည် ကျောင်းသားများကို လိုက်၍ မေးမြန်း၏။   သို့နှင့် သပိတ်သည် တောမီးလောင်သလို တစ်ပြည်လုံး ကူးစက်တောက်လောက်၍ သွားလေပြီ။   (၃)   သပိတ်မှောက် ခေါင်းဆောင်များသည် အနယ်နယ်သို့ ၀ါဒ ဖြန့်ဖြူးရေး တရားဟော ထွက်လာကြလေသည်။ ကျွန်တော်တို့ မြို့ကိုကား သခင်နု၊ သခင်ဗိုလ် (ဂျပန်ခေတ်က ကွန်မြူနစ် ပြောက်ကျား ကိုယ်စားလှယ်၊ လေယာဉ်ပျံ ပျက်ကျ၍ ဆုံးသူ)၊ ကိုထွန်းတင် (ယခု ဗိုလ်မှူးထွန်းတင်) တို့ လာကြသည်။ ကွယ်လွန်သူ ဖေဘီယံအဖွဲ့ဝင် သတင်းစာဆရာ ဦးဘခိုင်လည်း သခင်နုတို့နှင့်အတူ ပါလာသည်။   သတင်းစာထဲမှ မျက်နှာမဲ စာလုံးများဖြင့် ကော်လံဦးမှ ဖော်ပြသော သခင်နု၏ ဓာတ်ပုံရိပ်ကို ယခု ကိုယ်တိုင်တွေ့ရပေပြီ။ သင်္ဘောဆိပ်မှ ဆင်းလာပြီး သင်္ဘောဆိပ်အနီး ကျွန်တော်တို့အိမ်တွင် ခေတ္တနားသည်။   အိမ်တွင် လဘက်ရည်ပွဲဖြင့် တည်ခင်းကာ သခင်နုကို မြို့ပေါ်ရှိ လူများနှင့် မိတ်ဖွဲ့ပေးသည်။ အမျိုးသား ကျောင်းအုပ်ကြီးနှင့် သခင်နုမှာ ဖော်ရွေပြုံးရယ်ကာ စကားပြောနေကြသည်။   သခင်နုသည် မီးခိုးရောင် သက္ကလပ် အပေါ်ဖုံး၊ အစိမ်းရင့် မန္တလေးလုံချည်ကို သပ်ရပ်စွာ ၀တ်ထားသည်။ ဆံပင်၏ အတွန့်အလိပ်များမှာ လှိုင်းထလျက် ရှိသည်။ သူ၏ မျက်နှာမှာ ကြည်လင်၍ ဖြူစင်ခြင်း လက္ခဏာသည် တောက်ပ၍ နေသည်။   အထူးခြား အပေါ်လွင်ဆုံးကား တဖိတ်ဖိတ် ရွှန်းမြသော မျက်လုံးများ ဖြစ်သည်။ သူ၏ မျက်လုံးများမှာ ကောင်းကင်ပြာမှ ကြယ်ပွင့်ကဲ့သို့ ချစ်ဖွယ်ကောင်းသည်။ ပရိတ်သတ်ကို ဆွဲငင် စွဲလန်းအောင် လုပ်သော စိတ်တန်ခိုး နဂါးငွေ့များသည် ဤကြယ်ပွင့်မှ ဖိတ်ကျရစ်သန်းလျက် ရှိပေသည်။   သခင်နုသည် လဘက်ရည်စားပွဲတွင် စကားပြောနေရာမှ ဧည့်ခန်းထောင့်ရှိ စန္ဒယားကို သွားမြင်၍ “သြ စန္ဒယားနဲ့ပါလား၊ ဘယ်သူတီးသလဲ” ဟု ပြုံးကာ မေးသည်။ သူသည် လူ့ဘ၀၏ လူမှုရေးရာ မြောက်မြားစွာထဲတွင် သီချင်းဂီတကိုလည်း မမေ့ပေ။   သခင်နုသည် ကျိုက်လတ်တွင် နှစ်ရက်ခန့်နေစဉ် ရွှေကျင်သာသနာပိုင် ဆရာတော် ဘုရားကြီးအား သွားရောက် ကန့်တော့သေးသည်။ တစ်နေ့လုံး အချိန်ယူ၍ ကုသိနာရုံ စသော ဘုရားပုထိုးများကို လှည့်လည် ဖူးမြှော်သည်။ ကျွန်တော်တို့ ကျောင်းသားတတွေကား သူ၏ နောက်မှ တကောက်ကောက် လိုက်၍ နေကြသည်။   တိလောကမာရဇိန် ဘုရားအထွက်တွင် အ၀တ်အစား စုတ်စုတ်နွမ်းနွမ်းနှင့် လူတစ်ယောက်ကို သခင်နုက နှုတ်ဆက်စကား ပြောသည်ကို တွေ့ရသည်။ သူသည် ပြုံးရယ်ကာ ဖော်ရွေစွာ နှုတ်ဆက် ပြောဆိုသည်။ ကျွန်တော်တို့ စိတ်ထဲတွင်ကား သူ၏ မေတ္တာဓာတ်ကို ချီးမွမ်း၍ နေမိသည်။   

သပိတ်လှန်ကာနီး ဂျူဗလီဟောလ်တွင် ကျင်းပသော ပထမနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံသို့ တက်ရောက်သောအခါ ကျောင်းသားများ၏ ပါးစပ်ဖျား၌ “ကိုကြီးနု” ဟူသော အသံသည် ဒေါင့်နေရာတိုင်းတွင် ကျူးရင့် မြည်ဟီးလျက် ရှိသည်ကို ကြားရလေသည်။   (၄)   အမှန်အားဖြင့် ကျွန်တော်သည် သခင်နုနှင့် တစ်ခါမှ လက်ပွန်းတတီး မနေခဲ့ရဘူးပေ။ ကျွန်တော် တက္ကသိုလ်သမဂ္ဂတွင် ရှိသောအခါ သခင်နုသည် တို့ဗမာအစည်းအရုံးတွင် ရောက်နေပေပြီ။ သို့သော် နိုင်ငံရေးရာ၊ စာပေရေးရာတို့တွင် သခင်နု၏ ပုံကားချပ် တစေ့တစောင်း ကလေးများကား ရံဖန်ရံခါဆိုသလိုပင် ဆုံတွေ့နေရပေသည်။   တစ်ခါက ကိုအောင်ဆန်း ဥက္ကဋ္ဌ ဖြစ်သောနှစ်၊ သမဂ္ဂက ဒေါက်တာဘမော်၏ တက္ကသိုလ် ပြင်ဆင်ရေး ဥပဒေကြမ်းကို ပယ်သည့် ကိစ္စနှင့် ပတ်သက်၍ ကျောင်းသားအချို့ မကျေနပ်၍ အယုံအကြည်မရှိ အဆိုတင်သွင်းရန် စိုင်းပြင်းလျက် ရှိ၏။ သမဂ္ဂက လူထုအစည်းအဝေးကို ခေါ်ပေးရ၏။   သမဂ္ဂစည်းမျဉ်းတွင် ပါတီနိုင်ငံရေး၌ မစွက်ဖက်ရဟူသော စာပိုဒ်ပါရှိရာ ထိုစာပိုဒ်ကို ကိုးကား၍ အတိုက်အခံဘက်က ဆူပူလျက် ရှိသည်။ ကျောင်းသားများမှာ အတိုက်အခံဘက်သို့ ယိမ်းလျက်ရှိရာ လက်ရှိ သမဂ္ဂ အမှုဆောင်များ၏ အခြေအနေမှာ စိုးရိမ်စရာ ဖြစ်နေသည်။   သို့သော် လူထု အစည်းအဝေးပွဲတွင် သခင်နုကို စကားပြောခွင့်ပေးလေသည်။ ကိုအောင်ဆန်းတို့က သခင်နုကို တို့ဗမာအစည်းအရုံးမှ ခေါ်လာရသည်။ သခင်နု ထ စကားပြောသောအခါ ဝေါဝေါ အော်နေသော ပရိသတ်သည် ငြိမ်သက်သွားလေသည်။   သခင်နု၏ သတ္ထုသံပါသော အသံသည် ခန်းမကြီးတစ်ခုလုံးတွင် တလွင်လွင် ပြည့်လျက် ရှိသည်။ သတ္ထုသံသည် တစ်ဒေါင့် တစ်ဒေါင့်သို့ ဝေ့ရိုက်လျက် ရှိသည်။ သူ၏ ကုလား - ဗမာ အဓိကရုဏ်း အတွက် စိတ်ထိခိုက်ပုံကို စပြောသောအခါ ပရိသတ်သည်လည်း သူနှင့်အတူ လိုက်၍ စိတ်ထိခိုက်နေပုံ ရသည်။   နောက် အဓိကရုဏ်းတွင် ညွန့်ပေါင်းအစိုးရ တာဝန်မကျေပုံမှ စပြီး လက်ရှိ သမဂ္ဂ အမှုဆောင်၏ ကိုယ်ရေးကိုယ်တာကို စွန့်ကာ ဆောင်ရွက်ကြပုံကို ချီးကျူးပြောသည်။ ပရိသတ်ကား သခင်နု ခေါ်ရာသို့ လိုက်ပါကြလေပြီ။ နောက်ဆုံး မဲခွဲသောအခါ သမဂ္ဂ အပြတ်အသတ် အနိုင်ရလေသည်။   သည်ကတည်းက ကျွန်တောသည် သခင်နု၏ ဆွဲငင်နိုင်သော သံလိုက်ဓာတ်ကို ယုံကြည်မိသည်။   သခင်နု၏ တစေ့တစောင်း ကားချပ်များထဲတွင် စကော့ဈေးနားရှိ နဂါးနီ စာအုပ်တိုက်သည် နောက်ခံကား အဖြစ် ပေါ်လာတတ်ပေသည်။ လက်နှိပ်စက် ရိုက်သံ၊ သခင်စိုး၊ သခင်သန်းထွန်းတို့နှင့်အတူ သခင်နုကို စာအုပ်များ ကြားထဲမှ တွေ့မြင်ရတတ်သည်။ သူတို့သည် နဂါးနီ စာအုပ်အသင်းကို စတင် တည်ထောင်သူများ ဖြစ်ကြသည်။   ၁၉၃၉ ခုက ကျွန်တော်သည် သခင်ထိန်ဝင်းနှင့် ကိုဗဆွေတို့၏ တိုက်တွန်းချက်အရ ဖိလစ်ပိုင် မျိုးချစ် ဒေါက်တာဂျိုဆေရီဇာ ရေးသားခဲ့သော (အထိမခံ) ၀တ္ထုကြီးကို ဘာသာပြန်ခဲ့ရာ ပြီးဆုံး၍ စကော့ဈေးရှိ နဂါးနီတိုက်သို့ သွားပေးသည်။ (ထိုစာမျက်နှာ ၃၀၀ ရှိ ဘာသာပြန် လက်ရေးမူမှာ ဂျပန်အတက် သခင်ဗိုလ်၏ အိမ် မီးလောင်ရာတွင် ပါသွားပြီ။)   နဂါးနီ အခန်းတွင် သခင်နုကို တွေ့ရသည်။ ကျွန်တော်သည် စာအုပ် ဘီဒိုထဲရှိ ရောင်းသော စာအုပ်များကို ကြည့်ရှုနေရာ သခင်နုသည် အပါးတွင် လာရပ်၍ “အခု ဘာစာအုပ်တွေ ဖတ်နေသလဲ။ ဒါတွေ ဖတ်ကြည့်ပါလား” ဟု ပြောကာ ဘီဒိုထဲရှိ လက်ဝဲ စာအုပ်အသင်းမှ ကွန်မြူနစ်စာပေများကို လက်ညှိုးထိုးပြသည်။ ကျွန်တော်လည်း သူညွှန်ပြသော လီနင်စာပေစဉ်မှ မာ့စ်စာပေ စာအုပ် နှစ်အုပ်ကို ၀ယ်ခဲ့သည်။ သည်ကစ၍ မာ့စ်ဝါဒနှင့် ပတ်သက်သော စာအုပ်များကို ပထမအကြိမ် ဖတ်ဖူးလေသည်။   (၅)   နဂါးနီစာအုပ်တိုက်မှ သခင်စိုး၏ “ဆိုရှယ်လစ်ဝါဒ” ကျမ်းသည် ဗမာပြည်တွင် ကွန်မြူနစ်ဝါဒ မျိုးစေ့ တစ်စေ့ ဖြစ်ပေ၏။ သခင်နုသည်လည်း ကွန်မြူနစ်ဝါဒ ခေတ်စားလာအောင် လုပ်သူ တစ်ဦး ဖြစ်ခဲ့၏။ သူ၏ ဆောင်းပါးများကို နဂါးနီ သတင်းစဉ်တွင် ဖတ်ရ၏။   သူ၏ “ခေတ်မီ ပြဇာတ်များ” ကိုကား အတော်ကို စွဲလမ်းခဲ့၏။ လူ့အထုပ္ပတ္တိ လူ့ဇာတ်ကို သရုပ်ဖော်ပြသော လူ့ဘ၀ ကြေးမုံများ ဖြစ်၏။ ပြဇာတ်ထဲရှိ ပြောသော စကားများမှာ တကယ့် လူဆန်၏။ မြေကြီးနှင့် နီးကပ်၏။   “မယားဆိုးလင်” နှင့် “လင်ဆိုးမယား” မှာ သဘာဝကျလှ၏။ မယားဆိုးလင် ထဲရှိ မိန်းမကြီး၏ လေသံမှာ ဖတ်နေရင်း နားထဲတွင် စူးဝင်လာ၏။ ဖောင်သမားတစ်ဦး၏ မယား လင်ငယ်နေပုံ ပြဇာတ်တစ်ခုမှာ လွမ်းစရာလည်း ကောင်း၏။ သံဝေဂ ရဖွယ်လည်း ကောင်း၏။ “နောင်တော်ချွတ်ခန်း” ပြဇာတ်ကား ထိုအခါက သခင်နု၏ လူ့ကျင့်တရားနှင့် နိုင်ငံရေးအမြင်ကို ဖွင့်ဟလိုက်ခြင်းဟု ထင်သည်။   လူမွဲတို့၏ ထွက်ရပ်လမ်း၊ လူပေါ်လူဇော် စသော ဘာသာပြန် စာအုပ်ကြီးများလည်း ရေးခဲ့သေး၏။ လူပေါ်လူဇော်မှာ အထူးသဖြင့် ကုန်သည်များအဖို့ အသုံးဝင်လှ၏။ ဂျပန်ခေတ်ကလည်း သူ၏ “ပုတုဇ္ဇနော ဥမ္မတကော” မှာ ကြွ၍ ဖျတ်လတ်၏။ “နွားသိုး ကြိုးပြတ်” ကား လိင် ပြဿနာကို မကွယ်မထောက် ပြောပြထား၏။ သူသည် လူများကို အိမ်ထောင်မှု၊ လိင်မှု စသည်တို့ကို နားလည်စေချင်၏။   ယခုခေတ်တွင် ထွက်သော “မာ့(ခ်)ဆဇ္ဇင်း(မ်) ကိုကား နာမများ အမှတ်ရ ခက်သဖြင့် မဖတ်ဖြစ်ခဲ့ပေ။ “ငါးနှစ်ရာသီ ဗမာပြည်” မှာ ဖွင့်ဟ ၀န်ခံချက်များ ဖြစ်ပေသည်။   သူ၏ “ရက်စက်ပါပေ့ကွယ်” ၀တ္ထုကိုကား အကြိုက်ဆုံးပင်။ ယခုခေတ် စာပေလောကတွင် ထူးခြားသော ရတနာ တစ်ခုပင် ဖြစ်၏။ ပထမ အရင်းရှင်စနစ်၏ စာရိတ္တများကို ဖော်ကာ ၀တ္ထုကို ဖွင့်လိုက်၏။ (သို့သော် ဖော်ပုံမှာ အကြမ်းပြေး နိုင်သည်ဟု ထင်၏။) နောက် တဖြည်းဖြည်း တောင်ကို တက်ရဘိသကဲ့သို့ မြင့်၍ မြင့်၍ လာ၏။ မြင့်လာလေ မြေကြီးရှိ လှုပ်လှုပ်ရွရွ သနစ်တွေကို မြင်လာ၏။ အကျဉ်းသား ဘ၀ကို မီးမောင်းထိုးပြသည်မှာ ပေါ်လွင်လှ၏။ ဖတ်ရင်း ဆင်းရဲ ပင်ပန်းလာ၏။ ပင်ပန်းလာ၏ နောက် ဆုံးသောအခါမှ သက်ပြင်းကို ရှူထုတ်နိုင်တော့၏။ ဆုံးသည်အထိ သိမ်မွေ့လှပစွာ ခေါ်ဆောင်သွားပေ၏။   စင်စစ်အားဖြင့် ဤ၀တ္ထုသည် ရာဇ၀တ်မှု ပပျောက်ရေးကို ရည်ညွှန်းထားသော ပြုပြင်ရေးဝတ္ထု ဖြစ်၏။ အကျဉ်းထောင်၏ ဒုက္ခကို အရိပ်ထင်ပြထား၏။   ဂျပန်ခေတ်က ကိုဗဟိန်း၏ နိုင်ငံခြားရေး အတွင်းဝန်ရုံးခန်းတွင် လက်နှိပ်စက်ဖြင့် ရိုက်ထားသော “ညချမ်းချိန်ခါဝယ်” ပြဇာတ်ကို ဖတ်ခဲ့ဖူးသည်။ သခင်နုတွင် မရိုက်ထုတ်ရသေးသော ပြဇာတ်၊ ၀တ္ထုများ ရှိသေးသည်ဟု သိရ၏။ ဘယ်တော့မှ ထုတ်မည်မသိ။   သခင်နုကား ပြဇာတ်၊ ဘာသာပြန်ကျမ်း၊ ၀တ္ထုများကို ရေးခဲ့ရာ စာရေးဆရာ တစ်ဦးဟု ဆိုလောက်ပေသည်။   (၆)   လူအဖြစ်ကား သူသည် ကျယ်ဝန်းများပြားသော လူ့ဘ၀၏ အသွေးအသားတို့ကို ထိတွေ့ဆုံမိသူ ဖြစ်၏။ လူ့ဘ၀သည်ကား သွေးသားတို့၏ အရာအားဖြင့်သာ ပြွမ်းတီးသည် ဖြစ်ကုန်၏။ 

သည်အထဲမှ တစ်ယောက်တလေသာ ထူးချွန်၍ သွေးသားထဲမှ ရုန်းထွက်ကာ ဟိမ၀န္တာတောသို့ သွားပြီး ဘုရားဖြစ်ရန် ကျင့်၏။ တစ်ခုတည်းသော ရည်မှန်းချက်ကို တမ်းတပြီး သဲသဲမဲမဲလုပ်သူ၊ သခင်အောင်ဆန်းသည်လည်း နိုင်ငံရေးတစ်ခုတည်းကိုသာ စွဲပြီး ဒိုင်နမိုစက်လို မရပ်မနား ရှေ့သို့ တိုးကာ အတင်းလုပ်သူ ဖြစ်၏။   သည်နေရာ၌ သခင်အောင်ဆန်းနှင့် သခင်နုမှာ မတူဟု ထင်သည်။ အောင်ဆန်းမှာ တစ်နေ့လုံး နေပူကြီးထဲတွင် တကုတ်ကုတ် နိုင်ငံရေး တိုက်ပွဲများကို လုပ်ပြီးနောက် ညတွင် နိုင်ငံရေးနှင့် ပတ်သက်သော ထမင်းလုံးတစ္ဆေ အိပ်မက်များနှင့် နပန်းလုံးခိုက် သခင်နုကား နိုင်ငံရေးမှ အားလပ်သည့်အခါ နိုင်ငံရေးဖိုင်တွဲကြီးကို ခေါင်းအုံးရင်း ရေဒီယိုမှ မေရှင်၏ “မြပန်းဝတ်ကြည်” တေးသံလေးတွင် ငြိမ့်၍ နေချင်ပေမည်။ ဒါမှမဟုတ် ကဗျာ တေးတစ်ပုဒ် ကာရန်တစ်ခုကို စိတ်ကူးချင် ကူးနေပေမည်။   လူ့ဘ၀တွင် အရေးကြီးဆုံး အရေး (၃) ခုကား အစာအာဟာရ၊ အ၀တ်အိုးအိမ်၊ လိင်ကိစ္စ ဖြစ်သည်ဟု ဆိုသည်မှာ ဟုတ်သည်။ စင်စစ် နိုင်ငံရေးဆိုတာလဲ ဒါပဲ ဖြစ်၏။ အောင်ဆန်းလို လူကား တစ်ခါက လိင်ကိစ္စကို နောက်ထားချင် ထားခဲ့ပေမည်။ ဒါတွေအားလုံး၏ ပြွမ်းတီး ရောယှက်မှု အထွေထွေကို မပယ်နိုင်သည်ကို တွေ့မြင်၍ ပုတုဇ္ဇနော ဥမ္မတကော ဟု ကျူးရင့် ကြပေမည်။ သခင်နုသည်လည်း ပုတုဇ္ဇနော ဥမ္မတကော သဘောကို တွေ့မြင်ပေသည်။ တစ်ခါက ဂျပန်ခေတ်တွင် ကုက္ကိုင်းရှိ သခင်နု၏ နိုင်ငံခြားရေးဝန်ကြီးအိမ်တွင် နေသော သခင်ဗဟိန်းထံသို့ သွားလည်၏။   သခင်ဗဟိန်း ဇနီး မခင်ကြီး၏ မှန်တင်ခုံတွင် သခင်နု ငယ်စဉ်က ဓာတ်ပုံကို ယိုးဒယားပန်းတွန့် မှန်ဘောင်နှင့် အလှတင် ထားသည်ကို တွေ့ရသည်။   ရုပ်ပုံလွှာ၏ ကျောတွင် “ရီနဲ့ မောင်နု” ဟု လက်မှတ်ထိုးထားသည်ကို ဖတ်ရ၏။ သခင်ဗဟိန်းကား သခင်နု၏ ကလေးကို ပွေ့ချီရင်း ကျွန်တော့်အား ပြုံး၍ ကြည့်ကာ “မမရီကို ပေးတဲ့ပုံပေါ့ဗျ” ဟု ပြောလေသည်။   သခင်နု ဧည့်ခန်းကား စန္ဒယားသံဖြင့် ငြိမ့်နေတတ်၏။ သူ၏ ၀င်းထဲတွင် ဦးဥာဏ၊ မောင်ထင်တို့ကို ဗမာသစ် ပြဇာတ်အတွက် သက်သက် ခေါ်ထားသည်ကို တွေ့ရ၏။ အဓိပတိ ရုံးခန်းတွင် ဒေါက်တာဘမော်နှင့် ပြဇာတ်အကြောင်း၊ စာပေအကြောင်း နှစ်နှစ်ခြိုက်ခြိုက် ဆွေးနွေးပြောဆိုနေသည်ကို မကြာခဏ တစေ့တစောင်း တွေ့ခဲ့ရဖူး၏။   ဂီတ၊ ပြဇာတ် စသော ယဉ်ကျေးမှု၊ လူ့ဘ၀ရေးရာတို့တွင် ခံစားမှု၌ သခင်အောင်ဆန်းနှင့် မတူသော်လည်း နယ်ချဲ့စနစ်မှ လွတ်မြောက်ရေးကိုကား အတူ ယုံကြည်ကြ၏။ ထို့ကြောင့်ပင် သခင်အောင်ဆန်း အစိုးရ အဖွဲ့ထဲ ၀င်သောအခါ သခင်နုကို ခေါ်ကာ ဖဆပလ ဒုတိယ ဥက္ကဋ္ဌ နေရာကို ခေါ်ပေးခဲ့ပေသည်။   ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရသည့်ညက သခင်နု ခေါင်းဆောင်၍ အစိုးရ အဖွဲ့သစ် ဖွဲ့သည်ဟု သိရသောအခါ အနည်းငယ် စိတ်သက်သာရာရမိသည်။ တစ်ပါတီက ဦးစီး၍ တစ်ပါတီ အစိုးရ တက်လျှင် အာဏာရှင်ဆန်သွားပေမည်။ ပါတီများက မပယ်နိုင်သော ကြားနေသူ တစ်ယောက်လည်း ဖြစ်သည်။ တစ်ခါကလည်း “ကွန်မြူနစ်ဝါဒ အောင်မြင်ပါစေ” ဟု ကြွေးကြော်ခဲ့သည်။   မုန်တိုင်းတိုက်သော် လွင့်ဝိုက်လေပါ ဝေ့လည်ချာနှင့် မျောကာ သစ်ရွက် တစ်ရွက်တည်း။   သခင်နု၏ ဘ၀ကို ရှုကြည့်ရင်း အဆုံးမသတ်သော ကဗျာလေးကို ရေးစပ်မိ၏။ သစ်ရွက်တစ်ရွက်ကား မုန်တိုင်းတွေ ပြင်းထန်စွာ တိုက်သည့်ကြားထဲမှာပင် လွင့်ပျောက်၍ မသွားဘဲ ချာလည် ချာလည်နှင့် ဝေ့ကာ မျောနေသည်။   အင်္ဂလိပ်ကို မောင်းထုတ်သည့် ဘီအိုင်အေ စစ်တပ် ချီလာစဉ် သခင်နုမှာ ထောင်ထဲတွင် ရောက်နေ၏။ ဂျပန်ခေတ်က ဖက်ဆစ်ဆန့်ကျင်ရေး မြေအောင်းလုပ်ငန်းများ လုပ်နေစဉ် သခင်နုသည် ပြဇာတ်ကို လုံးပမ်းလျက် ရှိနေသည်။ ကွန်မြူနစ်ခေါင်းဆောင် သခင်ဗဟိန်းသည် သခင်နုအိမ်မှပင် မြေလျှိုးသွားခဲ့၏။ နောက် ဂျပန်အပြေးဝယ် သူသည် အဓိပတိနှင့်အတူ မုဒုံသို့ ပါသွား၏။   ၁၉၃၆ သပိတ် စသော လှုပ်ရှားမှုများတွင် သူသည် ခေါင်းဆောင်ခဲ့ပြီး လက်နက်ကိုင် တော်လှန်ပုန်ကန် ထကြွသည့် အရေးတော်ပုံများတွင်ကား သူသည် မုန်တိုင်းထဲတွင် မျော၍ နေပေသည်။   

ပြန်လည်ထူထောင်ရေးခေတ်တွင် သခင်နုသည် ၀န်ကြီးချုပ် ဖြစ်နေ၏။ လူမှုရေးရာကို လျစ်လျူမရှု၊ တေးသီချင်း၊ ပြဇာတ်၊ စာပေ စသည့် ယဉ်ကျေးမှုများကို မမေ့၊ မျှမျှတတနှင့် အလယ်က နေ၏။   သူ၏ နိုင်ငံရေး အမြင်ကား ခေတ်မီချင်မှ မီပေမည်။ သူ၏ နိုင်ငံရေး လုပ်ငန်းစဉ်ကား ခေတ်ပြောင်း တော်လှန်ရေး မဟုတ်ဘဲ ပျော့ချင် ပျော့ပေမည်။ ကျွန်တော် မသိပေ။ ယခုစာသည် နု-အက်တလီ စာချုပ်ကို ဝေဖန်ခြင်း မဟုတ်။ လူအဖြစ် သူ၏ ဘ၀ကို တစေ့တစောင်း ကြည့်ရှုခြင်းသာ ဖြစ်ပေသည်။   သူ့ဘ၀နှင့် ယှဉ်လျှင် မဆုံးသော ကဗျာကိုပင် ထပ်၍ ဆိုပြချင်ပေသည်။   မုန်တိုင်းတိုက်သော် လွင့်ဝိုက်လေပါ ဝေ့လည်ချာနှင့် မျောကာ သစ်ရွက် တစ်ရွက်တည်း။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...