အခြေခံဥပဒေ ပြင်ဆင်ခြင်း ( တူရကီအတွေ့အကြုံ)
ပြီးခဲ့တဲ့၂၀၁၀ စက်တင်ဘာ ၁၂ ရက်နေ့က တူရကီနိုင်ငံမှာ အခြေခံဥပဒေ ပြင်ဆင်ဖို့ အတွက် ပြည်သူ့ ဆန္ဒခံယူပွဲ လုပ်ပါတယ်။ မဲပေးခွင့် ရှိတဲ့သူရဲ့ ၇၃.၇၁ % က မဲလာပေးပြီး မဲပေးသူများ အနက် ၅၇% ကျော်က ထောက်ခံလို့ အခြေခံဥပဒေ ပြင်ဆင်ချက် အတည် ဖြစ်သွားပါတယ်။ တူရကီနိုင်ငံမှာ ၂၀၀၁ ခုနှစ်နဲ့ ၂၀၀၄ ခုနှစ်များမှာ အခြေခံဥပဒေ ပြင်ဆင်မှု တစ်ချို့ လုပ်ခဲ့ပေမယ့် အခု တစ်ခါကတော့ ၁၉၈၂ ခုနှစ် အခြေခံ ဥပဒေမှာ ပါတဲ့ အရေးကြီးတဲ့ အချက်များကို ပြင်ဆင်ခဲ့တာ ဖြစ်လို့ သမိုင်းတွင်တဲ့ လုပ်ရပ်လို့ အကဲခတ်များက ဆိုပါတယ်။ ဒါပေမယ့် ဒီလို ပြုပြင်နိုင်ဖို့ ကြိုးစားခဲ့တဲ့ ခရီးကတော့ ရှည်လျား လှပါတယ်။
တူရကီတပ်မတော်
အော်တိုမန် အင်ပါယာကနေ ခေတ်သစ် တူရကီနိုင်ငံကို တည်ထောင်ခဲ့တဲ့ ၁၉၂၃ ခုနှစ်ကစပြီး တူရကီ နိုင်ငံရေးမှာ စစ်တပ်က အရေးကြီးတဲ့ အခန်းက ပါခဲ့တာ ဖြစ်ပါတယ်။ စူလတန် ဘုရင်တွေ အုပ်ချုပ်မှု အောက်မှာ ဥရောပတိုက်ရဲ့ လူမမာကြီးလို့ အပြောခံ နေရချိန်၊ ပထမ ကမ္ဘာစစ် အပြီးမှာ မဟာမိတ် တပ်တွေနဲ့ ဂရိတပ်တွေက တူရကီ နယ်မြေများကို သိမ်းပိုက် ထားချိန်မှာ ကာမဲလ်အာတာတပ်ခ် ခေါင်းဆောင်တဲ့ ပြုပြင် ပြောင်းလဲရေးဝါဒီ တူရကီ စစ်တပ် အရာရှိများက မဟာမိတ်တွေကို မောင်းထုတ်၊ ဘုရင်စနစ်ကို ဖယ်ရှားပြီး ခေတ်သစ် တူရကီနိုင်ငံကို ထူထောင်ခဲ့ပါတယ်။ ကာမဲလ်ရဲ့ ခေတ်သစ် တူရကီ နိုင်ငံဟာ အစ္စလမ် ဘာသာဝင် အများစုနိုင်ငံ ဖြစ်ပေမယ့် ဘာသာရေးနဲ့ နိုင်ငံရေးကို ခွဲခြားထားပြီး သမ္မတနိုင်ငံ ဖြစ်ပါတယ်။ တူရကီနိုင်ငံရဲ့ အခြေခံမူများဟာ democratic, secular, unitary, constitutional republic လို့ ဆိုပါတယ်။ ဒီမူများကို ထိန်းသိမ်း နိုင်ဖို့ အတွက် တူရကီ စစ်တပ်က သူတို့မှာ တာဝန်ရှိတယ်လို့ အစဉ်အဆက်ခံ ယူခဲ့ပါတယ်။ တနည်းအားဖြင့် ကာမဲလ် မျှော်မှန်းခဲ့တဲ့ ဘာသာရေးနဲ့ စည်းခြား ထားသော၊ အခြေခံ ဥပဒေနှင့် အညီ အုပ်ချုပ်သော၊ ဒီမိုကရေစီ ကျသော၊ တစ်ပြည်ထောင် စနစ်ကို ကျင့်သုံးသော တူရကီသမ္မတ နိုင်ငံ အနေအထားကို ထိခိုက်မယ် ဆိုရင် စစ်တပ်က ၀င်ရောက် စွက်ဖက် နိုင်တယ်လို့ ခံယူထားတာ ဖြစ်ပါတယ်။
၁၉၈၀ အာဏာသိမ်းပွဲနှင့် ၁၉၈၂ အခြေခံဥပဒေ
၁၉၇၀ ပြည့်လွန်နှစ်များ အတွင်းမှာ တူရကီ နိုင်ငံရေး အခြေအနေက မတည်မငြိမ် ဖြစ်လာပါတယ်။ ၁၉၇၇ ရွေးကောက်ပွဲမှာ ဘယ်ပါတီကမှ အစိုးရ ဖွဲ့နိုင်တဲ့ အများစု မရတော့ ညွန့်ပေါင်း အစိုးရဖွဲ့လိုက်၊ ပြန်ပျက် သွားလိုက် ဖြစ်ခဲ့တယ်။ တစ်ခါ လွှတ်တော်ကနေ ရွေးရမယ့် သမ္မတကိုလည်း မရွေးနိုင်ခဲ့ဘူး၊ ဒီထက် ဆိုးတာက နိုင်ငံထဲမှာ လက်ယာစွန်း အုပ်စုတွေနဲ့ လက်ဝဲစွန်း အုပ်စုတွေကြား အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်လာတာပါပဲ။ ၁၉၇၈ ခုနှစ် တစ်နှစ်တည်းမှာပဲ အုပ်စုတိုက်ပွဲ သုံးထောင်ကျော် ဖြစ်ပြီး လူ ရှစ်ရာကျော်သေ၊ သုံးထောင်ကျော် ဒဏ်ရာရခဲ့ပါတယ်။ တိုတို ပြောရရင် အဲဒီ အဖြစ်တွေကနေ နောက်ဆုံး ၁၉၈၀ စက်တင်ဘာ ၁၂ ရက်နေ့မှာ စစ်တပ်က အာဏာ သိမ်းခဲ့ပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်များက အမျိုးသား လုံခြုံရေး ကောင်စီကို ဖွဲ့ပြီး အုပ်ချုပ်ပါတယ်။ လက်ဝဲ၊ လက်ယာ အစွန်းရောက် အုပ်စုတွေကို ပြင်းပြင်း ထန်ထန် နှိပ်ကွပ်ခဲ့ပါတယ်။ အဲဒီ ကာလမှာ လူနှစ်သိန်းခွဲကျော် အဖမ်းခံရပြီး နှစ်သိန်း သုံးသောင်းကို ရုံးတင် အပြစ်ပေးခဲ့ပါတယ်။ လူတစ်သောင်းကျော်ကို နိုင်ငံသား အဖြစ်က ရပ်စဲခဲ့ပြီး လူတစ်သန်း ခွဲကျော်ကို နံမည်ပျက် စာရင်းသွင်း ခဲ့ပါတယ်။ အဲဒီအချိန်က စစ်အေး တိုက်ပွဲကာလ ဖြစ်ပြီး တူရကီဟာ နေတိုး အဖွဲ့ဝင်နိုင်ငံ၊ အမေရိကန်ရဲ့ အဓိက စစ်အခြေစိုက် စခန်းများ ရှိရာ နိုင်ငံ ဖြစ်တဲ့အတွက် ဒီလုပ်ရပ်တွေကို အမေရိကန် တို့ကလည်း လျစ်လျူ ရှုထားခဲ့တာ ဖြစ်ပါတယ်။
၁၉၈၂ ခုနှစ်မှာတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကို အတည်ပြုပြီး အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Kenan Evren သမ္မတ ဖြစ်လာပါတယ်။ အခြေခံ ဥပဒေအရ ပါတီစုံစနစ်၊ ၀န်ကြီးချုပ် ဦးဆောင်တဲ့ အစိုးရအဖွဲ့တို့ ရှိပေမယ့် သမ္မတရဲ့ လုပ်ပိုင်ခွင့်၊ တရားရုံးများရဲ့ လုပ်ပိုင်ခွင့်နဲ့ အမျိုးသား လုံခြုံရေး ကောင်စီရဲ့ လုပ်ပိုင်ခွင့်တွေကို အများကြီး ပေးထားပါတယ်။ အထူးသဖြင့် တရားရုံးချုပ်ဟာ တူရကီနိုင်ငံရဲ့ ဘာသာရေးနဲ့ နိုင်ငံရေး စည်းခြား ထားမှုကို ဖောက်ဖျက်တဲ့ ပါတီများကို ဖျက်သိမ်းခွင့် ရှိပြီး တရားရုံးချုပ် တရားသူကြီးများကို သမ္မတ သဘောနဲ့ ခန့်အပ်ထားပါတယ်။ နောက်ပြီး အမျိုးသား လုံခြုံရေး ကောင်စီမှာ စစ်တပ်က အများစုဖြစ်ပြီး လုံခြုံရေးဆိုင်ရာ ကိစ္စများမှာ စစ်တပ်ရဲ့သြဇာက အလွန် ကြီးပါတယ်။ နောက်တစ်ခါ ၁၉၈၀ အာဏာ သိမ်းမှုမှာ ဦးဆောင်ခဲ့တဲ့ အရာရှိများကိုလည်း တရားစွဲဆိုခြင်းက ကင်းလွတ်ခွင့် ပေးခဲ့ပါတယ်။
အခြေခံ ဥပဒေသစ် အရ ၁၉၈၃ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပတဲ့အခါ ၁၉၈၀ မတိုင်ခင်က ရှိတဲ့ပါတီနဲ့ ထင်ရှားတဲ့ နိုင်ငံရေး သမားတွေ ပါဝင်ခွင့်မရဘဲ စစ်တပ်က အတည်ပြုပေးတဲ့ ပါတီသုံးခုပဲ ၀င်ပြိုင်ရပါတယ်။ ဒါပေမယ့် ၁၉၈၇ ခုနှစ်မှာတော့ အရင်တုံးက ဖျက်သိမ်းခဲ့တဲ့ နိုင်ငံရေး ပါတီများ၊ ပါတီ ခေါင်းဆောင်များဟာ ရွေးကောက်ပွဲမှာ ပါဝင်ခွင့် ရလာခဲ့ပါတယ်။ အဲဒီကနေ တစ်ဖြေးဖြေး ပါတီစုံ စနစ်ပုံစံက ပိုပြီး ပီပီပြင်ပြင် ဖြစ်လာတယ်လို့ အတိုချုပ်ဆိုပါရစေ။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း
ပါတီစုံစနစ် ပုံစံပိုပြီး ပီပြင် လာတာနဲ့ အမျှ နိုင်ငံရေးပါတီတွေဟာ ၁၉၈၂ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲကို ပြင်ဆင်ဖို့ ကြိုးစားခဲ့ ကြပါတယ်။ ဒါပေမယ့် တူရကီ အခြေခံ ဥပဒေအရ အခြေခံဥပဒေကို ပြင်ဆင်မယ် ဆိုရင် နည်းလမ်း နှစ်ခု ရှိပါတယ်။ ပထမ တစ်ခုက လွှတ်တော် (အမတ် ၅၅၀ ရှိပါတယ်) အမတ် သုံးပုံနှစ်ပုံက ထောက်ခံရင် လွှတ်တော် အဆုံးအဖြတ်နဲ့ပဲ ပြင်နိုင်ပါတယ်။ တကယ်လို့ သုံးပုံနှစ်ပုံ ထောက်ခံမှု မရပေမယ့် ၆၀ % ကျော်က ထောက်ခံတယ် ဆိုရင် ပြည်သူ ဆန္ဒခံယူပွဲ လုပ်ခွင့် ရပါတယ်။ ၆၀ % ကျော်မှ မရဘူး ဆိုရင်တော့ ပြင်ဆင်ချက် အဆိုက ရှုံးနိမ့်ပါတယ်။ ဒါ့ကြောင့် အစောပိုင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ ကြိုးစားမှုများဟာ သိပ်ပြီး ထိရောက်မှု မရှိခဲ့ပါဘူး။
၂၀၀၇ ခုနှစ် ရွေးကောက်ပွဲမှာ တရားမျှတမှုနှင့် ဖွံ့ဖြိုး တိုးတက်မှု ပါတီက အမတ်နေရာ ၃၄၁ နေရာ အနိုင်ရခဲ့ ပြီးနောက်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ ကြိုးစားမှုတွေ စလုပ်ခဲ့ပါတယ်။ ၂၀၀၇ ခု ပြည်သူ့ ဆန္ဒခံယူပွဲမှာ လွှတ်တော် သက်တမ်းကို ငါးနှစ်အစား လေးနှစ် ပြင်ဆင်ဖို့နဲ့ သမ္မတရဲ့ သက်တမ်းကို ခုနှစ်နှစ်အစား ငါးနှစ် သက်တမ်း နှစ်ကြိမ်ပဲ ထမ်းဆောင်ဖို့ ပြင်ဆင်နိုင်ခဲ့ပါတယ်။
၂၀၁၀ မတ်လမှာတော့ တရားမျှတမှုနှင့် ဖွံ့ဖြိုး တိုးတက်မှု ပါတီက အရေးကြီးတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ချက် ၂၆ ခု လုပ်ဖို့ အဆို တင်ခဲ့တယ်။ အဲဒီ ပြင်ဆင်ချက်တွေထဲမှာ အရေးကြီးတဲ့ အချက်တွေကတော့ အောက်မှာ ဖော်ပြထားတဲ့ အတိုင်း ဖြစ်ပါတယ်-
၁။ ၁၉၈၀ အာဏာသိမ်းမှုတွင် ပါဝင်ခဲ့သည့် တပ်မတော် အရာရှိကြီးများကို တရားစွဲဆိုခြင်းမှ ကင်းလွတ်ခွင့် ပြုထားမှုကို ပယ်ဖျက်မည် ဖြစ်ပြီး နောင်တွင် အာဏာ သိမ်းရန် ကြံစည်မှုများကို နယ်ဘက် တရားရုံးများတွင် တရားစွဲဆိုသွားမည်။
၂။ အလုပ်သမား သမဂ္ဂများ အနေဖြင့် သပိတ် မှောက်ခွင့်နှင့် သက်ဆိုင်သည့် ကန့်သတ်ချက်များကို ပယ်ဖျက်မည်။
၃။ ဥပဒေအရ ပယ်ဖျက် ခံရသည့် နိုင်ငံရေး ပါတီများမှ လွှတ်တော် အမတ်များ အနေဖြင့် နိုင်ငံရေး လုပ်ဆောင်ခြင်းမှ ပိတ်ပင်ခြင်း မခံရဘဲ လွှတ်တော် သက်တမ်း ကုန်သည် အထိ ၎င်းတို့၏ လွှတ်တော် နေရာများတွင် ဆက်လက် တာဝန်ယူခွင့် ရရှိမည်။
၎။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ တရားရုံး အဖွဲ့ဝင်များကို သမ္မတကသာ ခန့်အပ်ခွင့် ရှိမှုကို ပယ်ဖျက်ပြီး သမ္မတမှ ခန့်အပ်သူနှင့် လွှတ်တော်မှ ရွေးချယ်သူများဖြင့် ပူးပေါင်း ဖွဲ့စည်းမည်။ တရားရုံး အဖွဲ့ဝင် အရေအတွက်ကို ၁၁ ဦးမှ ၁၄ ဦးသို့ တိုးချဲ့မည်။ ထိုအထဲမှ ၁၁ ဦးကို သမ္မတက ခန့်အပ်ပြီး ၃ ဦးကို လွှတ်တော်မှ ခန့်အပ်မည်။
၅။ အမျိုးသမီးများ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးကို ကာကွယ် ပေးသည့် အချက်များ ထပ်မံ ထည့်သွင်းမည်။
၆။ ပုဂ္ဂိုလ်ရေး ဆိုင်ရာ အချက်အလက်များ လျှို့ဝှက်ထားမှုကို ပိုမို အကာအကွယ် ပေးနိုင်မည့် အချက်များ ထပ်မံ ထည့်သွင်းမည်။
၇။ တူရကီနိုင်ငံသားများ ပြည်ပ ခရီးသွားလာမှု အပေါ် ကန့်သတ် ထားမှုများကို ဖြေလျှော့ပေးမည်။
၈။ ပြည်သူ့ဝန်ထမ်းများ အနေဖြင့်လည်း ၎င်းတို့၏ အခွင့်အရေးများ အတွက် တောင်းဆိုပိုင်ခွင့် ရရှိမည်။
၉။ အစိုးရ အဖွဲ့အစည်းများနှင့် ပြည်သူများ အကြား အငြင်းပွားမှုများကို ဖြေရှင်းရန်၊ ပြည်သူများ၏ တိုင်ကြားချက်များကို ဖြေရှင်းရန် အတွက် ခုံသမာဓိ အဖွဲ့ဖွဲ့စည်းမည်။
၁၀။ ဌာနဆိုင်ရာ စည်းမျဉ်းအရ အရေးယူ ထုတ်ပယ် ခံရသော တပ်မတော်သားများနှင့် ပြည်သူ့ ၀န်ထမ်းများ အနေဖြင့် တရားရုံးတွင် အယူခံခွင့်ရရှိမည်။
၁၁။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက နိုင်ငံရေး ပါတီတစ်ခုကို ပယ်ဖျက်ရန် အတွက် လိုအပ်သော ထောက်ခံမဲ အရေအတွက်ကို သုံးပုံနှစ်ပုံအစား ငါးပုံသုံးပုံ အဖြစ် ပြောင်းလဲ သတ်မှတ်မည်။
အဲဒီ ပြင်ဆင်ချက်တွေကို ဒီနှစ်ဧပြီလနဲ့ မေလမှာ မဲခွဲတော့ အမတ် ၆၀ % ကျော်ကပဲ ထောက်ခံတဲ့ အတွက် စက်တင်ဘာ ၁၂ ရက်နေ့မှာ ပြည်သူ့ ဆန္ဒခံယူပွဲ လုပ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့သလိုပဲ ၅၇ % ကျော်က ထောက်ခံလို့ အတည်ပြု နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီပြောင်းလဲမှုရဲ့ အကျိုး သက်ရောက်မှုများကိုတော့ ဆက်ပြီး စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် တူရကီနိုင်ငံ ဖြစ်စဉ်ဟာလည်း အသွင် ကူးပြောင်းရေး ပုံစံတစ်ခုအဖြစ် လေ့လာသင့်တဲ့ ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။
ပိထောက်မြေ

0 comments:
Post a Comment