ဒီမိုကရေစီသို့ ရှေးရှုရာလမ်း
၂၀၁၀ ပြည့်နှစ် အကုန်ပိုင်းတွင် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ တစ်ရပ် ကျင်းပခဲ့ပြီး များမကြာမီက ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး တစ်ခု ခေါ်ယူခဲ့ရာ၊ နှစ်ပေါင်း ၂၀ ခန့်အကြာ၌ မြန်မာ့ နိုင်ငံရေးသည် တစ်စုံတစ်ရာ ပြောင်းလဲခဲ့ပြီဟု ဆိုရပေမည်။
ယခုဆိုလျှင် အစိုးရသစ် တစ်ရပ် ပေါ်ပေါက်လာတာ တွေ့မြင်နေရပြီ။
ရှေ့ဆက် ဘာဖြစ်မည်လဲ။
ထိုအစိုးရသစ် နှင့်အတူ မြန်မာ့နိုင်ငံရေးသည် မည်သို့ ပြောင်းလဲမည်လဲ။ အသွင်သဏ္ဌာန် ပိုင်းတွင် မည်သို့ အသစ် ဖြစ်ပေါ်ပြီး အနှစ်သာရပိုင်းတွင် မည်သည့် တိုးတက်မှုများကို ပြည်သူတို့ ခံစားရမည်လဲ။
တစ်နည်းပြောသော်၊
၂၀၁၁ ခုနှစ်တွင် ကျွန်တော်တို့သည် နိုင်ငံရေးအရ မည်သည့် အခြေအနေ အဆင့်အတန်းလောက် ရောက်ရှိ လာမည်လဲ။
အဲဒါသည် နိုင်ငံ့အရေး အလေးထား သူတို့အတွက် စဉ်းစားချင့်တွက်စရာ တစ်ခုဖြစ်ရာ ယင်းသို့ တွက်ဆရာ၌ အထောက်အကူ ပြုရန်အတွက် နိုင်ငံရေး တွေးခေါ်ရှင် ရောဘတ်ဒေါလ် (Robert Dahl)၏ စဉ်းစားပုံ နည်းလမ်း တစ်ရပ်ကို မှီငြမ်း ဖော်ပြလိုသည်။
Polyarchy, Participation and Opposition အမည်ရှိ ကျမ်းတွင် ဒေါလ်က လူနည်းစု အုပ်စိုးမှုမှ လူများစု အုပ်စိုးမှုသို့ ကူးပြောင်းပုံ အမျိုးမျိုးအကြောင်း သုံးသပ်ဖော်ပြကာ နိုင်ငံရေး အနေအထား အမျိုးမျိုးကို အမည် နာမများလည်း ပေးခဲ့သည်။
သူက တစ်ဦး သို့မဟုတ် ဦးရေ အလွန်နည်းသော အစုတစ်ခုတည်းက ကြီးစိုး လွှမ်းမိုးထားသော အုပ်စိုးမှုမျိုးကို အင်အားကြီး အုပ်စိုးမှု (hegemony) ဟု ခေါ်ဆိုပြီး အဲသည် အနည်းစုအတွင်း အာဏာခွဲဝေ ဆောင်ရွက်ပုံ အနေ အထားကို ပြင်ပက သိမြင်ခွင့် မရှိဘူးဆိုက ယင်းအား အလုံပိတ် အင်အားကြီး အုပ်စိုးမှု (closed hegemony) ဟု သတ်မှတ်သည်။
ယင်းအနေအထားသည် အများပြည်သူနှင့် အဝေးကွာဆုံး အုပ်စိုးမှု၊ သို့မဟုတ် အနည်းစု အုပ်စိုးမှုများထဲတွင် အပြင်းဆုံး စနစ်ဟု ဆိုနိုင်သည်။ ထိုအနေအထား ရှိသော အုပ်စိုးမှု တစ်ခုသည် အနည်းငယ် ပွင့်ဟလာကာ၊ အုပ်စိုးသူ လူနည်းစု အတွင်း ပို၍ လူမြင်သူမြင် ရှိသော ယှဉ်ပြိုင်မှုမျိုးဖြင့် ရာထူးအာဏာ ခွဲဝေခြင်းမျိုး ရှိလာသော်၊ ယှဉ်ပြိုင်မှုရှိသည့် လူနည်းစု အုပ်စိုးမှုစနစ် (competitive oligarchy) ဖြစ်လာသည်ဟု ဒေါလ်က ဆိုသည်။
ဤအဆင့်၌ ယှဉ်ပြိုင်မှုနှင့် မြင်သာမှုဟူသော အင်္ဂါနှစ်ရပ် ရှိလာခြင်းကို အကြောင်းပြုကာ အုပ်စိုးသူသည် ယခင် အဆင့်ထက် သဘောထား ပျော့ပျောင်း ကျယ်ဝန်းလာသည်၊ လွတ်လပ် ပွင့်လင်းမှုဘက်သို့ ရှေးရှုလာသည်ဟု သူက မှတ်ချက်ပြုသည်။
ဒေါလ်က နောက်ထပ် ပြောင်းလဲနိုင်ပုံ တစ်မျိုးကိုလည်း ဖော်ပြသည်။
ယင်းက၊ အလုံပိတ် စနစ်ဖြင့် အုပ်စိုးနေသော အင်အားတစ်ရပ်သည် ဖွင့်ဟခြင်း၊ လူမြင်သူမြင် ယှဉ်ပြိုင်ခြင်းမျိုး မပြုသော်လည်း အုပ်စိုးသူ အဝန်းအဝိုင်းထဲသို့ အခြားသော သူအချို့ သို့မဟုတ် အင်အားအချို့ကိုပါ ထည့်သွင်းကာ မိမိ အုပ်စိုးမှုကို အများ ပိုမို လက်ခံလာအောင် စည်းရုံးချဲ့ထွင်ခြင်းမျိုး ဖြစ်သည်။ ၎င်းနည်းလမ်းဖြင့် ပြောင်းလဲလာသော အနေအထားသစ် ကိုမူ တိုးချဲ့ ပါဝင်လာသော လူနည်းစု အုပ်စိုးမှု စနစ် (inclusive oligarchy) ဟု သူက သတ်မှတ်သည်။
ဤသည်က အလုံပိတ် အနည်းစု အုပ်စိုးမှု တစ်ခု ပြောင်းလဲသွားနိုင်သည့် မတူသော လမ်းကြောင်း နှစ်ခုကို ပြခြင်း ဖြစ်သည်။ ပထမ လမ်းသည် ပိတ်ထားရာမှ ဖွင့်ဟသည့် ဘက်သို့ ရှေးရှုသောလမ်း ဖြစ်၍၊ ဒုတိယလမ်း သည်မူ အပိတ်ကို မဖွင့်သော်လည်း၊ ပိတ်ထားသော အဝန်းအဝိုင်းကို ချဲ့ထွင်ကာ ပိုမို ပါဝင်ခွင့် ပြုသောလမ်း ဖြစ်သည်။ သို့သော် ပြောင်းလဲမှုသည် အဆိုပါ လမ်းကြောင်း နှစ်သွယ် အနက်မှ တစ်ခုခုသို့သာ ဦးတည်နိုင်သည် မဟုတ်ပါ။
ပထမ လမ်းကြောင်း၏ လက္ခဏာ များရော၊ ဒုတိယ လမ်းကြောင်း၏ လက္ခဏာများပါ ပေါင်းစပ် ပါဝင်သည့် လမ်းကြောင်း တစ်ခုလည်း ရှိနိုင်ပါသေးသည်။ ယင်းက၊ ပွင့်လင်းမြင်သာမှု၊ ယှဉ်ပြိုင်မှုနှင့် အများပါဝင်မှု တို့ကို ဦးတည်သည့် တတိယ လမ်းကြောင်း ဖြစ်ပါသည်။ ယင်း တတိယ လမ်းကြောင်းဖြင့် ပြောင်းလဲ ဖြစ်ပေါ်လာမည့် အနေအထားသစ်ကို အများစု အုပ်စိုးသော စနစ် (polyarchy) ဟု ဒေါလ်က အမည်ပေးသည်။
စင်စစ် ထိုတတိယ လမ်းသည် ဒီမိုကရေစီ စနစ်ဆီသို့ ရှေးရှုရာ လမ်းဖြစ်သည်။ ထိုလမ်းအတိုင်း လျှောက်လှမ်း သည်နှင့်အမျှ အနည်းစု၏ အလုံပိတ် အင်အားကြီး အုပ်စိုးမှု စနစ်မှ ဒီမိုကရေစီ အသွင်သို့ တိုးတက် ကူးပြောင်း သွားမည် ဖြစ်သည်။
သို့သော် ဒေါလ်၏ သုံးသပ်ချက်အရ ယနေ့အထိ ကမ္ဘာတွင် ရာနှုန်းပြည့် ဒီမိုကရေစီဟု ဆိုနိုင်လောက်သော တိုင်းပြည်မျိုး မရှိသေးရာ၊ တတိယလမ်းအတိုင်း လျှောက်ခဲ့သည့် နိုင်ငံတို့ အမြင့်ဆုံး ရောက်ရှိသည့် အနေအထားကို အများစု အုပ်စိုးသော စနစ် (ပေါ်လီအာခီ) ဟု သူက ခွဲခြား ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ပေါ်လီအာခီ များသည် ဒီမိုကရေစီ ပြည့်ဝပြီ မဆိုနိုင်သည့်တိုင် ယနေ့ ကမ္ဘာ၌ အုပ်စိုးခံ ပြည်သူတို့ မျှော်လင့် နိုင်သည့် အကောင်းဆုံး အနေအထားဟု ဆိုရလိမ့်မည်။
ရောဘတ်ဒေါလ်က တိုင်းပြည်တို့ နိုင်ငံရေးအရ ရွေ့လျား ကူးပြောင်းနိုင်၊ ရပ်နေနိုင်၊ နောက်ကြောင်း ပြန်နိုင်၊ ဘေးသို့ ဖဲ့နိုင်သည့် အထက်က လမ်းကြောင်းများကို ဖော်ပြပြီး နောက်တွင် တိုင်းပြည် တစ်ပြည်သည် ဘယ်နေရာ လောက်တွင် ရောက်နေသနည်း ဟူသည်ကို ပို၍ ရှင်းလင်းစွာ ချင့်တွက် ခန့်မှန်းနိုင်ရန် အတွက် သရုပ်ပြပုံ တစ်ခု ရေးဆွဲ ပြသသည်။ (ပူးတွဲပါ ပုံကို ကြည့်ပါ။)
ဖော်ပြပါ စတုဂံပုံတွင် ထောင့်လေးထောင့်၌ အုပ်စိုးမှု သဘောအရ နိုင်ငံတို့ ရောက်ရှိ နေနိုင်သည့် အနေအထား ၄မျိုးကို ပြထားသည်။ သို့သော် လက်တွေ့တွင် ကမ္ဘာ့ နိုင်ငံများ အနက် အရေအတွက် အများစုသည် အမည်နာမ ဖော်ပြထားသည့် ထိုထောင့်နေရာ များထက်၊ အမည်နာမ တိတိကျကျ ဖော်ပြရန်ခက်သည့် အလယ် ကွက်လပ်ထဲက နေရာ အနှံ့ အပြားတွင် ရောက်ရှိ နေကြသည်ဟု ဒေါလ်က ဆိုသည်။ အချို့သည် အလယ်ဗဟို လောက်တွင် ရှိ၍၊ အချို့က A နှင့် နီးစပ်ကာ၊ အချို့က C နား ရောက်နေနိုင်သည်။ ထိုနည်းတူ အချို့က B နှင့် C ကြား၊ အချို့က C နှင့် D ကြား စသဖြင့်၊….
စာဖတ်သူတို့ အနေနှင့်လည်း ပုံကိုကြည့်ကာ ကျွန်တော်တို့ ဘယ်နားဆီ လောက် ရောက်နေပြီလဲ၊ ဘယ်ဆီသို့ ဦးတည် ရွေ့လျားမည်လဲ၊ ချင့်တွက် ခန့်မှန်းနိုင်ကြ ပါလိမ့်မည်၊ မည်သို့ပင် ဖြစ်စေ၊ လူအများ စုဝေးနေထိုင်ရာ အရပ်၌ အချိန် တန်သော် အများစုသဘော လွှမ်းမိုးလိမ့်မည်ဟု ယုံကြည်ကြောင်း တင်ပြလိုပါသည်။
ပြည်သူခေတ်ဂျာနယ်

0 comments:
Post a Comment