ဘီလူးတစ်ကောင်၊ မင်းသမီးတစ်ပါးနဲ့ သင်ယူခြင်း ညိုသူနွယ်
by Khin Maung Nyo on Wednesday, June 15, 2011 at 10:37am
နတ်သမီးပုံပြင်တွေကနေ လေ့လာလို့ရတဲ့ သင်ခန်းစာတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် နတ်သမီးပုံပြင်တွေက လက်တွေ့ မကျဘူး။ တကယ့် ဘ၀မှာ ဒီလိုမျိုးတွေ မဖြစ်နိုင်ဘူး။ အရင်တုန်းက နတ်သမီးပုံပြင်တွေကို အခြေခံတဲ့ ကာတွန်းတွေ ရှိသလို ခုနောက်ပိုင်းမှာ နတ်သမီးပုံပြင်တွေကို သရော်ထားတဲ့ ပိုပြီး လက်တွေ့ကျတဲ့ ကာတွန်းတွေကို တွေ့လာရတယ်။
Shrek ဆိုတဲ့ ကာတွန်းတစ်ကား ရှိပါတယ်။ ရယ်လဲ ရယ်ရသလို မှတ်သားစရာတွေလဲ အများကြီး ပါပါတယ်။ Shrek လေးကား ရှိပါတယ်။ ကျွန်မကတော့ သုံးကားပဲ ကြည့်ရသေးတယ်။ အဲဒီ ကာတွန်းကို မကြိုက်တဲ့သူ များပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီကာတွန်းက တခြား ကာတွန်းတွေလို လှလှပပနဲ့ ချစ်စရာ အရုပ်ကလေးတွေကို ဆွဲထားတာမှ မဟုတ်တာ။
အဲဒီ ကာတွန်းကားရဲ့ ဇာတ်လိုက်မင်းသားက Shrek ဆိုတဲ့ Ogre တစ်ကောင်။ Ogre ကို ဘီလူးလို့ ပြန်ရင် သင့်လျှော်မယ် ထင်ပါရဲ့။ အဲဒီ ဘီလူးနဲ့ သူရဲ့အချစ်ဇာတ်လမ်း ပုံစံမျိုးပေါ့။ အဲဒီ ဘီလူးက ရုပ်ကလဲ ခပ်ဆိုးဆိုး။ စိတ်ကလဲ ဘုဂလန့်။ ဘယ်သူနဲ့မှ သိပ်မတည့်ချင်ဘူး။ လူတွေကလည်း သူ့ကို ကြောက်တော့ ရှောင်ကြတယ်။
ပထမကာတွန်းကားရဲ့ အဓိက ဇာတ်ကောင်တွေက အဲဒီ Shrek ရယ်၊ သူ့သူငယ်ချင်း မြည်း Donkey ရယ်၊ မင်းသမီး Fiona ရယ်၊ နောက်တစ်ယောက်က ဘုရင်ဖြစ်ချင်နေတဲ့ အရပ်ပုပုနဲ့ မြို့စား Lord Farquad ဆိုတဲ့ သူတွေပါ။
တစ်ကားလုံးကို ပြောနေရင် လိုရင်းကို မရောက်မှာစိုးလို့ ကျွန်မ မှတ်သားမိခဲ့တဲ့ စကားတစ်ချို့ကိုပဲ ပြန်ပြီး ဝေမျှချင်ပါတယ်။ Shrek က Donkey ကို သိပ်ကြည့်မရပါဘူး။ အဲဒီမြည်းက စကားအရမ်းများပြီး အလွန် စိတ်အနှောင့်အယှက် ပေးတတ်တဲ့ မြည်းမို့လို့ပါ။ ခဏခဏလဲ မကြိုက်ကြောင်း ပြပေမယ့် Donkey က လုံးဝ ဂရုမစိုက်ပဲ Shrek နောက်ပဲ တကောက်ကောက် လိုက်နေတာပါ။
ကာတွန်းကားရဲ့ ဇာတ်ရှိန်အတက်ဆုံး အချိန်မှာ သူတို့နှစ်ယောက် ရန်ဖြစ်ပါတယ်။ Donkey က Shrek ကို တစ်ကိုယ်ကောင်း ဆန်တယ်။ ကိုယ့်အတွက်ပဲ ကြည့်တယ်။ ကိုယ့်ရဲ့ ခံစားချက်တွေကို လက်မခံဘူး။ သူများက ကိုယ့်အတွက် လုပ်ပေးတာတွေကို အသိအမှတ် မပြုဘူး စသဖြင့် ပြောပါတယ်။ အဲဒီတော့ Shrek က ဒါဆို ဘာလို့ Donkey က ရှိနေသေးလဲ။ သွားပါတော့လား လို့ ပြန်ပြောပါတယ်။ အဲဒီမှာ Donkey က ပြန်ပြောလိုက်ပါတယ်။ "ဘာလို့လဲ ဆိုတော့ ငါက မင်းရဲ့ သူငယ်ချင်း မို့လို့ပဲ"တဲ့။
လူတစ်ယောက်ဟာ အမြဲတမ်းတော့ ဘယ် စိတ်ကောင်း ထားနိုင်ပါ့မလဲ။ တကယ့် သူငယ်ချင်းကောင်း ပီသတဲ့သူဟာ စိတ်ဆိုးနေ၊ စိတ်တိုနေတဲ့အချိန်မှာလဲ ကိုယ့်အနားမှာ သူငယ်ချင်းအဖြစ်နဲ့ ရှိနေမှာပါပဲ။ နောက်တစ်ခုက ကိုယ်ဟာ ဘာကြီးပဲ ဖြစ်နေနေ ကိုယ့်သူငယ်ချင်းကတော့ ကိုယ့်ကို သူ မြင်နေတဲ့ အမှန်အတိုင်း ပြောမှာပါပဲ။ ဟန်ဆောင်ပြီးတော့ နှစ်သိမ့်နေမှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အနားမှာ ရှိနေပေးပါလိမ့်မယ်။
နောက်တစ်ခုကလဲ Shrek နဲ့ Donkey ရန်ဖြစ်တာပါပဲ။ သူတို့က ကျိန်စာသင့်လို့ နဂါးတစ်ကောင် စောင့်တဲ့ ရဲတိုက်မှာ နေနေရတဲ့ မင်းသမီး Fiona ကို သွားကယ်တာပါ။ ကယ်လို့ရမှ Shrek ရဲ့အိမ်ကို Lord Farquad က ပြန်ပေးမှာ ဖြစ်ပါတယ်။ သွားကယ်လာလို့ အပြန်ခရီးမှာ ညအိပ်နားနေရင်းနဲ့ Donkey က ငါတို့အိမ်လို့ ပြောလိုက်ပါတယ်။ အဲဒါကို Shrek က ငါ့အိမ်လို့ ပြန်ပြောပါတယ်။ အိမ်ကို ပြန်ရရင် ဆယ်ပေလောက် မြင့်တဲ့ တံတိုင်း ခတ်မယ်လို့ ပြောနေတော့ Donkey က "မင်း ဘယ်သူတွေကို ပုန်းဖို့လဲ"လို့ အမေးမှာ Shrek က လူတွေ အားလုံးကို ရှောင်ချင်တာလို့ ပြောပါတယ်။ အကြောင်းရင်းကတော့ သူက ဘီလူးတစ်ကောင်လို့ သိလိုက်တာနဲ့ အားလုံးက သူ့ကို မြင်မြင်ချင်း ရှောင်သွားကြတယ်၊ သူ့ကို သိဖို့တောင် မကြိုးစားတော့ဘူးလို့ ဆိုပါတယ်။
ကျွန်မတို့တွေလဲ သတိမထားမိတဲ့ အဆိုးရွားဆုံး အကျင့်တစ်ခုပါပဲ။ လူတစ်ယောက်ရဲ့ စိတ်သဘောကို အပြင်ပန်းမှာ မြင်နေရတဲ့ ရုပ်ဆင်းသွင်ပြင်နဲ့ ဆုံးဖြတ်လို့ မရပါဘူး။ တကယ် လက်တွေ့ကျကျ ခေါ်ရင်း ပြောရင်း မေးရင်း မြန်းရင်းမှ လူတစ်ယောက်ရဲ့ စိတ်သဘောကို အကဲခတ်သင့်ပါတယ်။
နောက်ထပ် Shrek က မင်းသမီး Fiona ကို သွားကယ်တုန်းက အကြောင်းလေးပါ။ မင်းသမီးကို သွားကယ်တော့ မင်းသမီးက နတ်သမီးပုံပြင်တွေထဲကလို သူတို့ တွေ့တွေ့ချင်း အချိန်ဟာ ကြည်နူးစရာ ကောင်းတဲ့ အချိန် ဖြစ်ရမယ်လို့ တွေ့ထားပေမယ့် Shrek က သူ့ကို အတင်းဆွဲခေါ်ပါတယ်။ နဂါးကိုလဲ မသတ်ခဲ့ပါဘူး။ မင်းသမီးက ဒါ အစီအစဉ်အတိုင်း မဟုတ်ဘူးလို့ ပြောပါတယ်။ Shrek က အစီအစဉ်အတိုင်း နဂါးကို အရင်သတ်ပြီးမှ မင်းသမီးကို လာကယ်ရမယ်ဆို အဲဒီရဲတိုက်ထဲမှာ သေနေတဲ့ တခြား သူရဲကောင်းတွေလို ပြာ ဖြစ်နေလောက်ပြီလို့ ပြန်ပြောပါတယ်။
အဓိကနဲ့ ပဓာနပေါ့။ အဓိက အလုပ်က မင်းသမီးကို ကယ်ရမှာ။ ဒါပေမယ့် နဂါးက ရှိနေတယ်။ ရိုးရိုးတန်းတန်း တွေးရင်တော့ နဂါးကို သတ်မှ မင်းသမီးကို ကယ်လို့ ရမှာပေါ့။ ဒါပေမယ့် နဂါးကို သတ်ဖို့ဆိုတာ လွယ်တဲ့အရာ မဟုတ်ဘူး။ ကိုယ်ပါ သေနိုင်တယ်။ အဲဒီတော့ နဂါးကို ရှောင်ပြီး မင်းသမီးကို ကယ်တယ်။ ပြီးတော့ ထွက်ပြေးတယ်။ ဒါလဲ လွယ်တော့ မလွယ်ပါဘူး။ ဒါပေမယ့် အသက်ရှင်နိုင်ခြေ ပိုများတယ်။ သူရဲဘောကြောင်တယ်လို့ တွေးရင် တွေးလို့ ရပေမယ့် ပိုလွယ်ကူပြီး အဓိကအလုပ်ကို ပြီးအောင် လုပ်နိုင်တယ် ပြောနိုင်ပါတယ်။ ကျွန်မတို့တွေလဲ လွယ်တာတွေကို ခက်အောင် လုပ်နေကြတာ တော်တော်ကို များနေကြပြီ။
နောက်တစ်ခုက မင်းသမီး Fiona နဲ့ Shrek ကြိုက်သွားတဲ့ အခန်းပေါ့။ သူတို့က တွေ့တွေ့ချင်းမှာ တဇောင်းစေးနဲ့ မျက်ချေး။ Shrek က နေရာတကာမှာ စိတ်ကူးယဉ်ပြီး သည်းပြနေတဲ့ မင်းသမီးကို စိတ်မရှည်သလို မင်းသမီးကလဲ ဘုဂလန့်လုပ်တဲ Shrek ကို ကြည့်မရဘူး။ ဒါပေမယ့် သူတို့တွေ စကားတွေ ပြောကြရင်း ရင်းနှီးသွားကြတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ချစ်သွားကြတယ်။
တကယ်ဆို Shrek က ရုပ်ကလဲဆိုး၊ စိတ်ကလဲ ဘုဂလန့်နဲ့ ရုပ်ပိုင်းဆိုင်ရာ နည်းနည်းလေးမှ မလှတဲ့ ဘီလူးတစ်ကောင်။ မင်းသမီးက ညညဆို ဘီလူးမ ဖြစ်အောင် ကျိန်စာသင့်ထားပေမယ့် အချစ်စစ်ကို တွေ့ပြီး ချစ်သူကို နမ်းလိုက်ရင် ကျိန်စာပြယ်မယ့် မင်းသမီး ချောချောလှလှ။ ဒါပေမယ့် မင်းသမီးက Shrek ရဲ့ စိတ်ထားအလှကို တွေ့သွားလို့ ချစ်သွားကြတာ။ ရုပ်ကလေး လှရုံနဲ့ အချစ်ဆိုတာ ဖြစ်မလာပါဘူး။ အရေပြား တစ်ထောက်စာ အလှက အချစ်ကို မဖန်တီးနိုင်ပါဘူး။ ကြိုက်တာကိုပဲ ဖန်တီးနိုင်ပါတယ်။ ရုပ်ကို ကြိုက်တာ ဖြစ်တဲ့အတွက် ရုပ်က အိုမင်းသွားတဲ့အခါ ဘယ်လိုမှ ဆက်ပြီး ကြိုက်နေတော့မှာ မဟုတ်ပါဘူး။
နောက်ဆုံး အခန်းမှာ မင်းသမီးက နယ်စား Lord Farquad ကို လက်ထပ်ခါနီး Shrek က လာတားတဲ့ အခန်းပါ။ မင်းသမီးက တစ်ခုခုကို ရွေးရတော့မယ်။ Lord Farquad ကို သူမချစ်ပေမယ့် လူပြန်ဖြစ်ချင်ရင် လက်ထပ်ရလိမ့်မယ်။ Shrek ကို သူချစ်ပေမယ့် လက်ထပ်မယ်ဆို ဘယ်တော့မှ လူပြန်ဖြစ်မှာ မဟုတ်ဘူး။ သူ ရွေးချယ်ရတော့မယ်။
သူ မရွေးချယ်ခင်မှာ သူ့ရဲ့ လျှို့ဝှက်ချက်ကို ပြပါတယ်။ နေ၀င်သွားတော့ သူ ဘီလူးမ ဖြစ်သွားပါတယ်။ Shrek က အံ့သြသွားပေမယ့် မတုန်လှုပ်ခဲ့ပါဘူး။ Lord Farquad ကတော့ အစတည်းက မင်းသမီးကို ချစ်လို့ လက်ထပ်တာမှ မဟုတ်ဘဲ။ သူ ဘုရင်ဖြစ်အောင် မင်းသမီးကို လက်ထပ်မှာဆိုတော့ ဘီလူး ဖြစ်သွားတော့ ခါးခါးသီးသီးကို ဖြစ်သွားတာပါပဲ။ လက်တော့ ထပ်မယ်။ ဒါပေမယ့် လက်ထပ်ပြီးတာနဲ့ မင်းသမီးကို အကျဉ်းချမှာ ဖြစ်ပါတယ်။
အဲဒီမှာ မင်းသမီးက သူ့အပေါ် သဘောထား မှန်တဲ့သူကို တွေ့လိုက်ရပါတယ်။ မင်းသမီးက Shrek ကိုပဲ ရွေးပြီး သူ့ကိုသူ ဘီလူးမအဖြစ် ခံလိုက်ပါတယ်။ ဘောဂဗေဒ ဘာသာရပ်ထဲမှာ ပါတဲ့ ရွေးချယ်မှုရဲ့ အခွင့်အလမ်းစရိတ် (Opportunity Cost) သဘောပါပဲ။ တစ်ခုကို လိုချင်တော့ တစ်ခုကို စွန့်လွှတ်ရတာပေါ့။ သူ့အပေါ်မှာ စစ်မှန်တဲ့ ချစ်သူကို ရွေးလိုက်တဲ့အတွက် သူ လူမဖြစ်ရတော့ဘူးလေ။ ဒါပေမယ့် သူ နောင်တ မရခဲ့ပါဘူး။
ဇာတ်ကားအပြီးမှာ မင်းသားနဲ့ မင်းသမီး ညားကြလေသတည်းပေါ့။ ဒါပေမယ့် တခြား တခြားသော ကာတွန်းကားတွေ၊ နတ်သမီးပုံပြင်တွေလို ညားတာနဲ့ အသက်ထက်ဆုံး ပျော်ရွှင်စွာ နေသွားကြလေသည်တော့ မဟုတ်ဘူး။ တခြား နတ်သမီးပုံပြင်တွေမှာလို အစမှာ စာအုပ်လေး ဖွင့်ပြီး အဆုံးမှာ ပြန်ပိတ်သွားတဲ့အတိုင်း ဇာတ်သိမ်းသွားပေမယ့် နောက်တစ်ကားကျမှ သူတို့ရဲ့ တကယ့်ဘ၀က စတာ ဖြစ်ပါတယ်။
ကလေးကြည့်တဲ့ ကာတွန်းကားပါပဲ။ ဒါပေမယ့်လဲ ပြန်စဉ်းစားကြည့်ရင်တော့ သိပ်မခေလှပါဘူး။ တွေးချင်စရာတွေ အများကြီး ပါနေပါသေးတယ်။ ကျွန်မ ဘာလို့ ကာတွန်းကား ကြည့်လဲ၊ ဘာလို့ ကြိုက်လဲလို့ တချို့က မေးကြပါတယ်။ ပထမ အကြောင်းပြချက်က စိတ်ချမ်းသာလို့။ ကလေးကြည့်ဖို့ ဖြစ်တဲ့အတွက် သွေးထွက်သံယိုတွေ မပါဘူး။ စိတ်ဆင်းရဲစရာ အခန်းတွေ မပါဘူး။ နောက်တစ်ချက်ကတော့ တွေးချင်လို့ပါ။
ဆက်လက်ကြိုးစားပါဦးမယ်…
ညိုသူနွယ်
0 comments:
Post a Comment