Tuesday, June 14, 2011

အစိုးရကောင်း နိုင်ငံသားကောင်း

အစိုးရ (government) ရဲ့ အခြေခံ ရည်မှန်းချက်က လူမှု တည်ငြိမ်မှု (social order)ကို ထိန်းသိမ်းဖို့နဲ့ ဥစ္စာပစ္စည်း ပိုင်ဆိုင်မှုများကို ကာကွယ် စောင့်ရှောက် ပေးဖို့ ဖြစ်ပါတယ်။ လူပုဂ္ဂိုလ် တစ်ဦးချင်းနဲ့ ပိုင်ဆိုင်မှုများ လုံခြုံရေး၊ ပြီးတော့ လူတစ်ဦးချင်းစီ အကြား တန်းတူ တရားမျှတမှု (equal justice) တို့ဟာ လူ့အဖွဲ့အစည်းရဲ့ အဦးဆုံး လိုအပ်ချက်များ ဖြစ်သလို အစိုးရရဲ့ ပဓာန ရည်မှန်းချက်လည်း ဖြစ်ပါတယ်။
အစိုးရဆိုတာ ပေါ်ပေါက် လာတာနဲ့ စစ်တပ် ဆိုတာလည်း ပေါ်လာရတယ်။ စစ်တပ်ဟာ အိမ်နီးချင်း နိုင်ငံများနဲ့ ပဋိပက္ခ ဖြစ်တဲ့အခါနဲ့ နယ်မြေသစ်များ တိုးချဲ့ရယူဖို့ လိုအပ်လာတဲ့ အခါ အသုံးချရတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ စစ်တပ်ကို မည်သို့ အသုံးချရမယ် ဆိုတာ အစိုးရက ဆုံးဖြတ်ရပါတယ်။


လူမှုဖူလုံရေး
လူမှုဖုံလုံရေးဟာ စီးပွားလုံခြုံရေးနဲ့ ဆက်စပ်မှု ရှိတယ်။ လူသားသမိုင်း တစ်လျှောက်မှာ မိဘတွေဟာ သားသမီးတွေ များများ မွေးဖို့ အလေးထားခဲ့ကြတယ်။ သူတို့ အိုမင်းမစွမ်း ဖြစ်လာချိန်ကျရင် သားသမီးတွေက ပြန်လည် စောင့်ရှောက် ကျွေးမွေး လိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ မွေးမြူခဲ့ကြတာ ဖြစ်တယ်။ ယနေ့ ခေတ်မှာတော့ လူ့အဖွဲ့အစည်းတွေဟာ ယခင်ကနဲ့ ယှဉ်ရင် တိုးတက် လာကြပြီ။ အစိုးရက လူအိုရုံ (ဘိုးဘွား ရိပ်သာ) တွေ ဖွင့်လှစ်ပြီး တာဝန်ယူမှုတွေ ရှိလာတယ်။

တရားဝင်ဖြစ်မှု
အစိုးရများရဲ့ သဘော သဘာဝကို လေ့လာတဲ့အခါ တရားဝင် ဖြစ်မှု (Legitimacy) ဆိုင်ရာ ခံယူချက်တွေကို လေ့လာဖို့ လိုပါတယ်။ ထောမတ်စ်ဟော့ဘ်စ်နဲ့ ယန်းဂျက်ရူးဆိုး အစရှိတဲ့ လူမှု ပဋိညာဉ် (Social comtract) သဘောတရားရေး ဆရာများကတော့ အစိုးရများဟာ ပြည်သူတွေကို ကာကွယ် စောင့်ရှောက်ခြင်းနဲ့ တည်ငြိမ်မှု ထိန်းသိမ်းခြင်းတို့ကို လုပ်ဆောင်ပေးရတဲ့ အတွက် အတုံ့အလှယ် အားဖြင့် ပြည်သူတွေရဲ့ လွတ်လပ်ခွင့်နဲ့ ပိုင်ခွင့်များကို လျှော့ချခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ လူတွေဟာ သူတို့ရဲ့ လွတ်လပ်ခွင့်တွေကို ကျေကျေ နပ်နပ် စွန့်လွတ်သလား၊ သို့မဟုတ် အာဏာရ အဖွဲ့အစည်းက အင်အားနဲ့ ခြိမ်းခြောက်လို့ စွန့်လွှတ် ရသလား ဆိုတာကိုတော့ စောကြောစရာ ဖြစ်နေပါတယ်။ မိမိတို့ကို ကာကွယ် စောင့်ရှောက်တဲ့ အတွက် မိမိတို့ရဲ့ လွတ်လပ်မှုနဲ့ ပိုင်ခွင့်အချို့ကို ကျေကျေနပ်နပ် စွန့်လွှတ် လိုက်လျောတယ် ဆိုရင် အစိုးရရဲ့ တရားဝင် ဖြစ်မှုဟာ အတည် ဖြစ်ပါတယ်။

ရန်သူနိုင်ငံအပေါ် သဘောထား
နိုင်ငံနှစ်နိုင်ငံ စစ်ဖြစ်နေတဲ့ အချိန်မှာ တစ်နိုင်ငံက ပြည်သူတွေဟာ စစ်ဖြစ်နေတဲ့ နိုင်ငံကို ရန်သူလို့ သဘောထား ပါတယ်။ ရန်သူနိုင်ငံ အစိုးရရဲ့ တရားဝင် ဖြစ်မှုကို အသိအမှတ် မပြုပါဘူး။
လူသားသမိုင်း စောစောပိုင်းမှာ စစ်ရှုံးနိုင်ငံက ပြည်သူတွေဟာ ကျွန်အဖြစ်ကို ရောက်ကုန်ပါတယ်။ ကျွန်ပြုခံရတဲ့ ပြည်သူတွေဟာ ရန်သူနိုင်ငံ အစိုးရကို မိတ်ဆွေလို့ သဘောမထား နိုင်ကြပါဘူး။
တရားဝင် နိုင်ငံတော် ဘာသာ သတ်မှတ်ထားတဲ့ နိုင်ငံတွေမှာ အစိုးရကို အခြား ဘာသာဝင်တွေက မိတ်ဆွေလို့ မမြင်နိုင်ကြ ပါဘူး။ သူတို့ကို ဖိနှိပ်လာရင် ရန်သူလို့တောင် သဘောထားပါတယ်။

အစိုးရကို ထောက်ခံမှု
အရင်းရှင် နိုင်ငံတစ်နိုင်ငံမှ အရင်းရှင်တွေက အစိုးရကို ထောက်ခံတယ်။ လူတန်းစား စိတ်ဓာတ်ရှိတဲ့ စက်မှုအလုပ်သမား တွေကတော့ ဘယ်လိုမှ မထောက်ခံကြပါဘူး။ အရင်းရှင် အစိုးရက သူတို့ကို နှိပ်ကွပ်လာရင် အစိုးရကို ရန်သူလို့ သတ်မှတ် ပါတယ်။ လယ်သားတွေလည်း ထိုနည်းတူပါပဲ။ ရုရှားပြည်မှာ ကက်သရင်ဿးဂရိတ် ဘုရင်မ လက်ထက်မှာ လယ်သမား တွေက လယ်ပိုင်ရှင်တွေကို တော်လှန်တဲ့ အရေးအခင်း ဖြစ်ခဲ့တယ်။ သို့ပေမယ့် အစိုးရက မြေရှင်တွေဘက်က ရပ်ပြီး တော်လှန်သူ လယ်သမားတွေကို ရက်စက်စွာ ချေမှုန်း ပစ်ခဲ့တယ်။
ဒါကြောင့် အစိုးရတစ်ရပ်ကို သူ့ရဲ့ လူတန်းစား လက္ခဏာနဲ့ လူတန်းစား ကိုယ်စားပြုမှုကို ကြည့်ပြီး တိုင်းသူ ပြည်သား လူများစု အကျိုးကို ရှေ့ရှုတဲ့ အစိုးရလား၊ အမြီးစားဖက် ခေါင်းစားဖက် အကျိုးစီးပွားအုပ်စု အချင်းချင်း ဝေစားမျှစား လုပ်နေသလား ဆိုတာ အကဲဖြတ်နိုင်တယ်။

အစိုးရဆိုတာ ဘာလဲဆိုတဲ့ အမြင်
အထူးထူး အပြားပြားသော အစိုးရပုံစံများနဲ့ ပတ်သက်လို့ ဒဿန ပညာရှင်တွေ နိုင်ငံရေး သမားတွေနဲ့ အခြား စိတ်ဝင်စား သူတွေ အခြေအတင် ဆွေးနွေးခဲ့ကြတာ ရာစုများစွာ ကြာခဲ့ပြီ။ ၂၀ ရာစုကစပြီး အစိုးရဆိုတာ ဘာလဲဆိုတဲ့ အမြင်အပေါ် အစဉ်အလာ ခံယူချက်တွေကို လက်ခံလိုကြ တော့ဘူး။ အစိုးရဟာ စိုးမိုး အုပ်ချုပ်သူ ဆိုတာထက် နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူများရဲ့ လုံခြုံရေးနဲ့ သာယာ ဝပြောရေးကို ရွက်ဆောင်ပေးတဲ့ အဖွဲ့အစည်း (ovtaining security and prosperity at a national level) လို့ ခံယူလာကြတယ်။
အဲသလို ရွက်ဆောင်ပေးနိုင်ဖို့ အစိုးရဟာ 'အာဏာ' ရှိရပါမယ်။ အာဏာဟာ အဆိုးရော အကောင်းရော နှစ်မျိုးစလုံးကို လုပ်နိုင်စွမ်းရှိတယ်။ ဒေးဗစ်ဟျူးမ် (David Hume)က 'အဆိပ်ဟာ လူတစ်ယောက် အတွက် အဆိပ်ဖြစ်ပေမယ့် အခြား တစ်ယောက် အတွက် အဆိပ်ဖြေဆေး ဖြစ်နေတတ်တယ်' လို့ ပြောခဲ့ဖူးတယ်။ အလားတူပဲ အာဏာ ကျင့်သုံးမှုဟာ လူတချို့ အတွက် နစ်နာရပေမယ့် လူတချို့အတွက် ကောင်းခြင်း မင်္ဂလာတွေ ဖြစ်တတ်တယ်။ အစိုးရရဲ့ အာဏာ ကျင့်သုံးမှုဟာ လူအများစုကြီး အတွက် ကောင်းပြီး အနည်းစုအတွက်ပဲ နစ်နာစေတယ် ဆိုရင် လိုလားအပ်တယ်လို့ ဆိုနိုင်ပါတယ်။
အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာရဲ့ အဆိုအမိန့် တစ်ခု ရှိပါတယ်။
A simple and proper function of government is just to make it easy for us to do good and difficult for us to do wrong. - Jimmy Carter
အစိုးရရဲ့ ရိုးရိုးပုံမှန် လုပ်ငန်းဆိုတာ ကောင်းတာတွေကို လွယ်လွယ်လေး လုပ်နိုင်အောင် ဖန်တီးပေးဖို့၊ ပြီးတော့ အမှားအယွင်းတွေ လုပ်ဖို့ကိုကျတော့ ခက်ခဲအောင် ဖန်တီးထားဖို့ပဲ။

(ဂျင်မီကာတာ)
အစိုးရနဲ့ လူတစ်ဦးချင်း လွတ်လပ်ခွင့်
လူတစ်ဦးချင်းရဲ့ လွတ်လပ်ခွင့် ဆိုတာ မရှိမဖြစ် လိုအပ်ပေမယ့် လူတစ်ယောက်က သူ့လွတ်လပ်ခွင့်ကို အတိုင်းအဆ မရှိ ကျင့်သုံးလို့ ကျန်လူမှု အသိုက်အဝန်းမှာ ထိခိုက်နစ်နာ ရတယ်ဆိုရင် ထိုသူရဲ့ လွတ်လပ်ခွင့်ကို ထိန်းချုပ်ဖို့ လိုအပ်တယ်။ အဲဒီ တာဝန်ကို အစိုးရက ထမ်းဆောင်ရပါတယ်။ အစိုးရက လူတစ်ဦးချင်းရဲ့ လွတ်လပ်ခွင့်ကို ထိန်းချုပ် ကန့်သတ်ခြင်းဟာ အစိုးရ တည်တံ့ ခိုင်မြဲရေး အလို့ငှာ အဖြစ်စေရဘူး။ အခြားသူများရဲ့ လွတ်လပ်ခွင့်ကို မထိပါးအောင် ကာကွယ်ပေးတာလို့ မှတ်ယူရပါမယ်။ မင်းမဲ့စရိုက် မဟုတ်တဲ့ တစ်ဦးချင်း လွတ်လပ်ခွင့် (individual freedom without anarchy) ကို အစိုးရက အစွမ်းရှိသမျှ ကာကွယ် စောင့်ရှောက် ပေးရပါတယ်။

နိုင်ငံသားကောင်း ဖြစ်မြောက်ရေး
တိုင်းသူ ပြည်သား လူအများဟာ မိမိတို့ မှီတင်း နေထိုင်နေတဲ့ လူ့အဖွဲ့အစည်း ကောင်းရာ ကောင်းကြောင်း အတွက် ကြီးလေးတဲ့ တာဝန်တွေ ရှိပါတယ်။ အို ငါတို့က အစိုးရမှ မဟုတ်တာ၊ ငါတို့က အုပ်ချုပ်သူတွေမှ မဟုတ်တာ၊ ငါတို့က အစိုးရမှ မဟုတ်တာ၊ ငါတို့က အုပ်ချုပ်သူတွေမှ မဟုတ်တာ၊ ငါတို့က ဘာတာဝန် ရှိရမှာလဲလို့ ပေယျာလကန် ပြောချင်သူတွေ ရှိကောင်း ရှိနိုင်ပါတယ်။
ဒါကြောင့် တိုင်းသူ ပြည်သားများရဲ့ တာဝန် အကြောင်း အချက်အလက်နဲ့ ပြောလို့ရအောင် နိုင်ငံသား တာဝန် (Civic Duty)၊ နိုင်ငံသား တာဝန်ရှိမှု (Civiv Responsibility) စကားလုံးတွေနဲ့ အနက် အဓိပ္ပာယ်တွေကို သိထားသင့်ပါတယ်။
နိုင်ငံသား တာဝန်နဲ့ နိုင်ငံသား တာဝန်ရှိမှု
Civic Duty အကြောင်း အင်တာနက်မှာ ရှာကြည့်တော့ ၂၀၀၆ တုန်းက ထုတ်လုပ် ပြသခဲ့တဲ့ ဟောလီးဝုဒ် ရုပ်ရှင်ကား တစ်ကား အကြောင်း သွားတွေ့သေးတယ်။ ဇာတ်ကားက သည်းထိတ်ရင်ဖို အမျိုးအစား၊ ဒါရိုက်တာ ဂျက်ဖ်ရင်းဖရိုး၊ သရုပ်ဆောင်တွေက ပီတာခရော့စ်၊ ခါလက်အဘိုလ်နာဂနဲ့ ရစ်ချက်ရှစ်ဖ်။ ၉/၁၁ နောက်ပိုင်းကာလ ကြေးနန်းသတင်းတွေနဲ့ အကြမ်းဖက် သမားတွေ အကြောင်း အရမ်း စိတ်ဝင်စားတဲ့ အမေရိကန် စာရင်းကိုင်ဝန်ထမ်း တစ်ယောက် သူ့အခန်းနီးချင်း အဖြစ် မူဆလင် လူငယ် တစ်ယောက် ရောက်လာတဲ့အခါ ကြုံရတဲ့ ဖြစ်အင်တွေကို ရိုက်ထားတာ ဖြစ်တယ်။

ကလေးများထံသို့ သွတ်သွင်းပေးဖို့
အဘိဓာန် အဓိပ္ပာယ်မှာတော့ civic duty နဲ့ civiv respon sibility ကို အတူတူ ပြထားတယ်။ နိုင်ငံသား တာဝန်နဲ့ နိုင်ငံသား တာဝန်ရှိမှုဟာ အတူတူပါပဲ။ ဝေါဟာရဘဏ် တစ်ခုက အမေရိကန် သူဌေးကြီး ဂျွန်ဒီရော့ကဲဖဲလား ဂျူနီယာရဲ့ အဆိုအမိန့် တစ်ခုကို ကိုးကားပြီး ရှင်းပြထားတယ်။
'ကျွန်ုပ်တို့၏ ကလေးများ ထံသို့ တာဝန်ယူတတ်သည့် စိတ် သွတ်သွင်းပေးရမည်။ အခွင့်အရေးတိုင်းမှာ တာဝန်ရှိမှု ဒွန်တွဲ ပါတယ်။ အခွင့်အလမ်းတိုင်းမှာ လိုက်နာရမယ့် ဝတ္တရားပါတယ်။ ပိုင်ဆိုင်မှုတိုင်းမှာ တာဝန်ရှိပါတယ်' (we must instill a sense of duty in our children'; 'every right implies a responsibility; every opportunity, an obligation; every possession, a duty'- John D.Rockefeller Jr)

နိုင်ငံသားရဲ့ ပိုင်ခွင့်နဲ့ တာဝန်ရှိမှု
Civic duty ကို နိုင်ငံသား ဖြစ်ခြင်း၊ နိုင်ငံသား ပီသခြင်း (citizenship)နဲ့ တွဲပေးထားတယ်။ နိုင်ငံသား ဆိုတာ အမျိုးသား လူ့အသိုက်အဝန်း (national community) တစ်ခုရဲ့ အဖွဲ့ဝင်ကို ဆိုလိုတယ်။ နိုင်ငံသားတိုင်းမှာ ပိုင်ခွင့် (rights)နဲ့ တာဝန်ရှိမှု (responsibilities) အသီးသီး ရှိတယ်။ တက်ကြွနိုင်ငံသား ('Active citizenship') အယူအဆ တစ်ခုက ဘယ်လို ခံယူသလဲ ဆိုတော့ နိုင်ငံသားများသည်။ ယင်းတို့၏ လူ့အသိုက်အဝန်းကို သာလွန်ကောင်းမွန် စေရန်အလို့ငှာ စီးပွားရေး စွမ်းဆောင်မှု၊ အများပြည်သူ ဝန်ဆောင်မှု၊ စေတနာ့ဝန်ထမ်း အလုပ်များနှင့် အလားတူ ကောင်းကျိုးပြု လုပ်ငန်းများဖြင့် ပါဝင် လုပ်ဆောင် ကြရမည်လို့ ဆိုပါသည်။
နိုင်ငံသားဘဝ ဆိုတာ လူတစ်ဦးချင်းနဲ့ သက်ဆိုင်ရာ နိုင်ငံအကြား ဆက်ဆံရေး ဘဝ ဖြစ်ပါတယ်။ ရှေးခေတ် ဂရိနိုင်ငံမှာ နိုင်ငံသားတွေဟာ မြို့ပြနိုင်ငံရဲ့ အဖွဲ့ဝင်တွေ ဖြစ်တယ်။ အဲဒီကနေ နောက်နှစ် ၅၀၀ အတွင်း အမျိုးသား နိုင်ငံတွေ ပေါ်ထွန်း လာတော့ နိုင်ငံသားဘဝဟာ ပို၍ ကျယ်ပြန့်လာတယ်။ ဥပမာ မြန်မာနိုင်ငံ အနေနဲ့ဆိုရင် ဟိုးယခင်က အင်းဝသား၊ ပြည်သား၊ ဟံသာဝတီသား၊ တောင်ငူသား၊ ဓညဝတီသား စသည်ဖြင့် ရှိခဲ့ကြရာက အမျိုးသား နိုင်ငံဖြစ်လာတဲ့ အခါ မြန်မာ နိုင်ငံသားများ ဖြစ်လာတာမျိုးကို ဆိုလိုပါတယ်။
(မှတ်ချက်။ ။ နိုင်ငသား ခံယူချက် သဘောတရားတွေ ကလည်း တဖြည်းဖြည်း တိုးချဲ့လာနေပါတယ်။ ကမ္ဘာသူ ကမ္ဘာသား (citizen of the world) ဆိုတဲ့ စကားလုံးတောင် ပေါ်နေပါတယ်။ နိုင်ငံတကာ နိုင်ငံသား ခံယူမှုအထိ မှန်းဆ ထားကြတယ်။ အမျိုးသားလွန် နိုင်ငံသား (supranational citizenship) ဆိုတဲ့ စကားလုံးလည်း သုံးနှုန်းလာကြတယ်။ လောလောဆယ်တော့ ဥရောပသမဂ္ဂ (အီးယူ)က အီးယူအဖွဲ့ဝင် နိုင်ငံတွေက နိုင်ငံသားတွေဟာ အပိုဆောင်း နိုင်ငံသား အဖြစ် အီးယူနိုင်ငံသား ဘဝ (citizenship of the European Union) ကို မူလနိုင်ငံသား ဘဝ မစွန့်လွှတ်ဘဲ ခံစားခွင့် ရှိတယ်လို့ ကြေညာခဲ့ပါတယ်။)

နိုင်ငံသား တာဝန်များ
တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကွဲပြားခြား နားမှုအချို့ ရှိနိုင်သော်လည်း အခြေခံ နိုင်ငံသား တာဝန်များမှာတော့ တူညီကြပါတယ်။
၁။ အခွန်ထမ်းဆောင်ခြင်း၊
၂။ ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးခြင်း၊
၃။ တိုင်းပြည်အတွက် လိုအပ်၍ ဆင့်ခေါ်ချိန်တွင် စစ်မူထမ်းခြင်း၊
၎။ မိမိနိုင်ငံ၏ ပြစ်မှုဆိုင်ရာ ဥပဒေများကို (မိမိသည် နိုင်ငံခြားတွင် ရောက်နေသည့် တိုင်အောင်) လိုက်နာ စောင့်ထိန်းခြင်း၊
၅။ တရားစီရင်ရေး အဖွဲ့ (ဂျူရီ) တာဝန် အလှည့်ကျလျှင် ထမ်းဆောင်ခြင်းတို့ ဖြစ်ပါတယ်။
သူတို့ဆီမှာ ကျောင်းသင်ခန်းစာ
အင်္ဂလန်က အစိုးရ ကျောင်းများမှာ အမျိုးသား သင်ရိုးညွှန်းတမ်းထဲ မသင်မနေရ ဘာသာရပ် အဖြစ် ပြဋ္ဌာန်းပြီး နိုင်ငံသားကောင်း ဖြစ်မြောက်ရေး (Citizenship education) ကို သင်ကြားနေပါတယ်။ ကျောင်း အတော် များများမှာ နိုင်ငံသား ဘာသာရပ်ကို စားမေးပွဲ စစ်ဆေးတယ်။ အစိုးရကျောင်း အားလုံးဟာ ကျောင်းသားရဲ့ နိုင်ငံသားကောင်း ဘာသာရပ် ဆိုင်ရာ တိုးတက်မှု အခြေအနေကို ပညာရည် မှတ်တမ်း (report)ထဲမှာ မဖြစ်မနေ ဖော်ပြရပါတယ်။ ဝေလနယ်က ကျောင်းများ မှာတော့ နိုင်ငံသားကောင်း ဘာသာရပ်ပါ သင်ခန်းစာတွေကို 'ကိုယ်ရေးနှင့် လူမှုပညာရေး' (Personal and Social Education) ဘာသာရပ် ခေါင်စဉ်အောက်မှာ သင်ကြားပါတယ်။ စကော့တလန် ကျောင်းတွေ မှာတော့ နိုင်ငံသားကောင်း ဘာသာရပ်ကို 'ခေတ်ပညာများ' (Modern Studies) ခေါင်းစဉ် အောက်မှာ သင်ကြားပါတယ်။ အဲဒီ ဘာသာရပ် ကတော့ ပိုပြီး ကျယ်ပြန့်တယ်။ မိမိတို့ နယ်မြေဒေသ၊ မိမိတို့ နိုင်ငံနဲ့ နိုင်ငံတကာ အထိပါတယ်။ လူမှုရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး အကြောင်းတွေကို ပို့ချပေးတာ ဖြစ်တယ်။
အိုင်ယာလန် သမ္မတနိုင်ငံမှာ နိုင်ငံသားကောင်း ပညာကို အလယ်တန်း ကျောင်းထွက် လက်မှတ်ရ စာမေးပွဲမှာ ဘာသာရပ် တစ်ခုအနေနဲ့ ဖြေဆိုရတယ်။ ဘာသာရပ် ခေါင်းစဉ်ကတော့ ပြည်သူ့ရေးရာ၊ လူမှုရေးရာနှင့် နိုင်ငံရေး ပညာရေး (Civic, Social and Political Education- CSPE) လို့ ခေါ်ပါတယ်။

တာဝန်ကြီးလေးတဲ့ နိုင်ငံသား
နိုင်ငံသားဆိုတာ ဒီနိုင်ငံသားမှာ ရှိတဲ့ ရွှေတွင်းငွေတွင်း ပယင်းဒုတ္ထာ ရတနာ အလုံးစုံကို တကယ်ပိုင်ဆိုင်တဲ့ ပိုင်ရှင်အစစ်ပါ။ နိုင်ငံသား ဆိုတာ နိုင်ငံတော် ယန္တရား လည်ပတ်နေနိုင်ဖို့ အခွန်အတုတ်တွေ ပေးဆောင်ပြီး ကျားကန် ပေးထားသူပါ။ နိုင်ငံသားဆိုတာ ဥပဒေပြု အာဏာ၊ တရားစီရင်ရေး အာဏာ၊ စီမံခန့်ခွဲရေး အာဏာ ဆိုတဲ့ အာဏာကြီး သုံးရပ်ကို ကိုင်တွယ် ထမ်းဆောင်မည့် ပုဂ္ဂိုလ်များကို ဆန္ဒမဲပေးပြီး ရွေးချယ်ခွင့် ရှိသူပါ။ နိုင်ငံသားဆိုတာ နိုင်ငံတော်တာဝန် ထမ်းဆောင် နေသူများကို လုပ်ခလစာ ပေးနေသူပါ။
နိုင်ငံသားလို့ ခေါ်သော တိုင်းသူပြည်သူ တို့သည် သိမ်ငယ်စိတ် ရှိဖို့ မလိုပါ။ နိုင်လို မင်းထက် စိတ်လည်း မွေးစရာ မလိုပါ။ တိုင်းရေး ပြည်မှုများနဲ့ စပ်လျဉ်းလို့ မိမိတို့က အဆုံးအဖြတ် ပေးရန် တာဝန်ကျ ရောက်လာတဲ့ အခါတိုင်းမှာ တိုင်းပြည် ကောင်းကျိုးအတွက် မှန်မှန် ကန်ကန် ရဲရဲဝံ့ဝံ့ ဆုံးဖြတ် ဆောင်ရွက် ကြဖို့သာ အရေးကြီးပါကြောင်း။
တရုတ်ပညာရှိ စကား
ခေါင်းဆောင်မှုနဲ့ ပတ်သက်လို့ တရုတ်ပညာရှိ လောင်ဇူးရဲ့ အဆိုအမိန့်ဖြင့် နိဂုံးကမ္ပာတ် အဆုံးသတ်လိုက်ပါတယ်။
To lead people,
Walk beside them…
As for the best leaders, the people do not notice their existence.
The next best, the people honor and praise.
The nest, the people fear; and the next, the people hate…
When the best leader's work is done the people say,
"We did it ourselves!"
-Lao-tsu
လူတွေကို ဦးဆောင်ချင်ရင် သူတို့ ဘေးကနေ လျှောက်ပါ။
အကောင်းဆုံး ခေါင်းဆောင်တွေ ဆိုတာ လူတွေက သူတို့ရှိနေမှန်းတောင် မသိဘူး။
ဒုတိယ အကောင်းဆုံး ခေါင်းဆောင် တွေကတော့ လူတွေရဲ့ ဂုဏ်ပြု ချီးကျူးခြင်း ခံရသူတွေ ဖြစ်တယ်။
တတိယကတော့ လူတွေရဲ့ ကြောက်ရွံ့ခြင်း ခံရသူတွေ။
နောက်ဆုံးကတော့ လူတွေ့ရဲ့ ရွံ့မုန်းခြင်း ခံသူတွေ ဖြစ်တယ်။
အကောင်းဆုံး ခေါင်းဆောင်ရဲ့ အလုပ်ထမြောက် အောင်မြင်သွားတဲ့ အခါ လူတွေက ပြောကြတယ်။
'အဲဒါ ငါတို့တွေ ကိုယ်တိုင် လုပ်ခဲ့ကြတာ'တဲ့။
လောင်ဇူး
မောင်ဝံသ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...