ပရင်စတန် နောက်ပိုးနည်း သော့ချက်ပြဿနာနှင့် တူတာတွဲလုပ်ဗျူဟာ
ပရင်စတန် နောက်ပိုးနည်း
နောက်တွင် အကျော်ဒေးယျ ပညာရှင်ကြီး ဖြစ်လာမည့် ဂျွန်နက်(ရှ) တစ်ယောက် စစ်ပြီးခါစ ၁၉၄၈ ခုနှစ်တွင် ပရင်စတန် တက္ကသိုလ်သို့ ရောက်လာသည်။ တက္ကသိုလ် ရောက်ခါစ၊ ဖရက်ရှာ တို့၏ ထုံးစံအတိုင်း နက်(ရှ)တို့ သူငယ်ချင်း တစ်သိုက် မိန်းမပိုးဖို့ တိုင်ပင်ကြသည်။ သူငယ်ချင်းတွေက အလှဆုံး Queen ကို ပိုးချင်ကြသည်။ ဤတွင် နက်(ရှ)က အကောင်းဆုံး၊ အလှဆုံးကို လိုချင်သည်မှာ လူ့သဘာဝ ဖြစ်သော်လည်း လက်တွေ့ အကောင်အထည် ဖော်ဖို့ မလွယ်၊ ရွက်ကြမ်း ရေကျို ကောင်မလေးကို ပိုးသည်က အားလုံးအတွက် ပိုကောင်း လိမ့်မည်ဟု အကြံပြုသည်။
ဤ ပရင်စတန် နောက်ပိုးခန်း သည်ပင် နောင်ထင်ရှား လာမည့် ‘ချိန်ခွင်လျှာမှန် အယူအဆ’ (Nash's Equilibrium) ၏ မူလအစဟု ဆိုပါသည်။ ဤသီအိုရီ၏ အဆိုအရ ဂိမ်းတစ်ခုတွင် ပါဝင်ကြသော ပလေယာများ အနေနှင့် မိမိတို့၏ ‘မျှော်လင့် တန်ဖိုး’ (Expected Value) အသီးသီးကို အသေ ဆုပ်ကိုင်ထားလျှင် ဘယ်တော့မှ အဖြေရမည် မဟုတ်။ ‘လက်ရှိ အခြေအနေ ထက် ပိုကောင်း’ (Better off) ရေးကို နှလုံးသွင်းနိုင်မှသာ အများညီ အဖြေ၊ တစ်နည်း ‘ချိန်ခွင်လျှာမှန် အနေအထား’ ကို ဦးတည် နိုင်လိမ့်မည်ဟု ဆိုသည်။
အစဉ်အလာအရ နိုင်ငံရေး ပြဿနာများကို အဖြေ ရှာကြရာတွင် ‘အကောင်းဆုံး’ (The Best) ကို ဦးတည်သော ‘မျှော်လင့် တန်ဖိုး’ တွေနှင့် ဗျူဟာ ခင်းလေ့ ရှိပါသည်။ ‘စံအခြေပြု ချဉ်းကပ်နည်း’ (Normative approach) ဟုခေါ်သည်။ တကယ့် လက်တွေ့တွင် ဤနည်းနှင့် အလုပ် မဖြစ်တော့မှ ‘လက်တွေ့ အခြေပြု ချဉ်းကပ်နည်း’ (Pragmatic approach) သို့ လှည့်ပြောင်း လာခဲ့ခြင်း ဖြစ်သည်။ ဤနည်း၏ အဓိက ဗျူဟာမှာ ‘လက်ရှိ အခြေအနေထက် ပိုကောင်းရေး’ ကို ချိန်ညှိကြဖို့ ဖြစ်သည်။ ဆိုရလျှင် ဂျွန်နက်(ရှ) ၏ သီအိုရီကို အသုံးပြု လာကြခြင်း ဖြစ်သည်။
သော့ချက် ပြဿနာ
စာရေးသူ အနေနှင့် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ‘ကစ်ဆင်းဂျား စကားနှင့် မြန်မာ့ နိုင်ငံရေး ပြဿနာ’ ဆိုသော ဆောင်းပါး တစ်ပုဒ် ရေးဖူးသည်။ ကစ်ဆင်းဂျား၏ ‘ပြဿနာ တော်တော် များများမှာ ချက်ချင်းလက်ငင်း အဖြေမရနိုင်၊ တစ်ဆင့်ချင်း၊ တစ်ထစ်ချင်း ညှိနှိုင်း အဖြေရှာရသည် ဖြစ်၍ အချိန်ယူဖို့ လိုသည်’ ဆိုသော အမှာစကားကို ညွှန်းပြီး မြန်မာ့နိုင်ငံရေး ပြဿနာ သုံးရပ်ကို ဖော်ပြခဲ့သည်။ အိုင်ဒီအိုလိုဂျီ ပြဿနာ၊ လူမျိုးစု ပြဿနာနှင့် စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေး ပြဿနာတို့ ဖြစ်သည်။
ဤတွင် စာဖတ်သူ တစ်ဦးက ‘ဆိုခဲ့ပါ ပြဿနာ သုံးရပ်အနက် ဘယ်ဟာက သော့ချက် အကျဆုံးလဲ’ ဟု မေးလာသည်။ လွန်ခဲ့သော နှစ် ၂၀ ဘာလင်တံတိုင်း ပြိုကျပြီး ကတည်းက အိုင်ဒီအိုလိုဂျီ တိုက်ပွဲ ပြီးဆုံးသွားခဲ့ပြီး ဖြစ်ရာ ပထမ ပြဿနာ (အိုင်ဒီအိုလိုဂျီ ပြဿနာ) မှာ အခြေခံအရ ပွဲသလောက် ဖြစ်သွားပြီ။ ဒုတိယ ပြဿနာ (လူမျိုးစု ပြဿနာ) မှာလည်း လက်နက်ကိုင် အင်အားစုများနှင့် အပစ်အခတ် ရပ်စဲနိုင် ကတည်းက ပြေလည်ရေး လမ်းစပေါ် ရောက်ခဲ့ပြီဟု မြင်သည်။ သို့အတွက် သော့ချက် အကျဆုံး ဖြစ်ဖွယ်ရှိသည်မှာ တတိယ ပြဿနာ (စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေး) ဟု အဖြေ ပေးလိုက်ပါသည်။
သို့သော် အဆိုပါ စာဖတ်သူက စာရေးသူ၏ အဖြေကို အပြည့်အဝ ဘဝင်ကျပုံ မပေါ်၊ နောက်ထပ် မေးခွန်းတစ်ခု ထပ်ဆင့် လာသည်။ “ဒါဖြင့်ရင် သော့ချက်ကို မဖြေရှင်းနိုင် မချင်း ဘာတစ်ခုမှ အလုပ် မဖြစ်နိုင်စရာ မရှိတော့ဘူးလား” ဆိုသော မေးခွန်း ဖြစ်သည်။ ကစ်ဆင်းဂျား အမှာစကားအရ ဆိုခဲ့ပါ သော့ချက် ပြဿနာမှာ ချက်ချင်းလက်ငင်း အဖြေရနိုင်ဖွယ်ရာ မရှိသေးရာ သူ့မေးခွန်းမှာ အလွန် မေးသင့် မေးထိုက်သည်ဟု သဘော ရပါသည်။ ယခု ဆက်ရေးမည့် အပိုင်းမှာ ဤမေးခွန်းနှင့် ပတ်သက်သော စာရေးသူ စဉ်းစား ရသလောက် အဖြေပင် ဖြစ်ပါသည်။
တူတာတွဲလုပ်ဗျူဟာ
ယခင်စာရေးသူနှင့် ယဉ်ပါး ခဲ့ဖူးသော လက်ဝဲ စဉ်းစားနည်း အရ ဆိုလျှင် ပြဿနာ အထွေထွေမှ အဓိက ပြဿနာ (သော့ချက်) ကိုရှာ။ ဒါကို ရှင်းနိုင်လျှင် ကျန်ပြဿနာ တော်တော်များများ အခြေခံအရ ပြေလည် သွားလိမ့်မည်ဟု ဆိုသည်။ တကယ့် လက်တွေ့တွင် သော့ချက် ပြဿနာတွေက ချက်ချင်းလက်ငင်း အဖြေရဖို့ မလွယ် ဖြစ်လာသောအခါ ဆိုခဲ့ပါ လက်ဝဲ စဉ်းစားနည်းမှာ အလုပ် မဖြစ်သော ဇာတ်မျောကြီးတွေ ဖြစ်လာရသည်။ ထို့ထက် ပိုဆိုးလာခြင်းမှာ မပြေလည်ရုံမျှ မက ရှိရင်းစွဲ ပြဿနာ ပိုဆိုး လာခြင်းပင် ဖြစ်သည်။ ဆိုရင်လျှင် ‘ဆေးအတွက် လေးရသည်’ များ၊ မနည်းမနော ကြုံခဲ့ရသည်။
ဤသို့ဆိုလျှင် ဘာလုပ်ကြ မည်နည်း။ “သော့ချက်ကို ဘေးမှ ပန်းတိုက်” ဟု စဉ်းစားနည် အသစ်က ဆိုပါသည်။ သော့ချက် ပြဿနာ ဖြေရှင်းရေး လိပ်ခဲတည်းလည်း ဖြစ်နေလျှင် သော့ချက်ကို ယာယီအားဖြင့် လက်ရှောင်ထားပြီး တူညီရာ Common Ground တစ်ခု ရှာပြီး တွဲလုပ်ပါ။ ဤသို့ လက်တွဲ ဆောင်ရွက်ရင်းမှ သော့ချက် ပြဿနာ ဖြေရှင်းရေး အတွက် လမ်းပွင့်လာနိုင် စရာများ ရှိပါသည်ဟု ဆိုသည်။ တစ်နည်း ဆိုရင်လျှင် ပူးပေါင်း ဆောင်ရွက်ရေး နည်းလမ်းဖြင့် လက်ရှိထက် ပိုကောင်းသော အခြေအနေ တစ်ရပ်ကို လက်တွဲ အကောင်အထည် ဖော်ကြဖို့ ဖြစ်သည်။ ဤနေရာတွင် နက်(ရှ)၏ ပရင်စတန် သူငယ်ချင်း တွေကို ‘အလှဆုံးကိုမှ လိုချင်တယ်’ ဆိုသော စိတ်အခံနှင့်တော့ မဖြစ်။ ‘ရွက်ကြမ်းရေကျို’ ရောင့်ရဲစိတ် ရှိဖို့တော့ လိုလိမ့်မည် ဟုလည်း သတိပေးသည်။
နိုင်ငံတကာ အိုင်ဒီယာ လှိုင်းများနှင့် နိုင်ငံတကာ ဖြစ်စဉ် ဖြစ်ရပ်များမှာ မိမိ နိုင်ငံရေး အရနှင့် ကွက်တိ ကျကောင်းမှ ကျပါလိမ့်မည်။ သို့နှင့်တိုင် ကျယ်ကျယ်ပြန့်ပြန့် ဆက်စပ် စဉ်းစားနိုင်ရေး အတွက်မူ အထိုက်အသင့် အသုံးတည့်နိုင် စရာ ရှိသည်ဟု ထင်ပါသည်။ စိတ်ကိုဖွင့်၍ စဉ်းစား ကြစေချင်သည်။
ကျော်ဝင်း

0 comments:
Post a Comment