Wednesday, June 1, 2011

သခင်အောင်ဆန်း၏ ရိုင်းပုံ၊ ကြမ်းပုံ

Shin Goun Gwep 5:17pm Jun 1
သခင်အောင်ဆန်း၏ ရိုင်းပုံ၊ ကြမ်းပုံ ၊ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရေးတစ်ခုတည်းကိုသာ စိတ်နှစ်ထားပုံ တို့ကို သခင်တင်မောင်(ကျုံမငေး) က ၄ - ၁ - ၁၉၆၃ နေ့ထုတ် ကြေးမုံသတင်းစာတွင်အောက်ပါအတိုင်း ရေးခဲ့ပါသည်။
Wall Photos
ဗိုလ်ချုပ်၏ သခင်အောင်ဆန်းဘ၀ တစေ့တစောင်း ၁၉၄၀ ခုနှစ် ဇန်န၀ါရီလတွင် တို့ဗမာ အစည်းအရုံးကြီး၏ အမှုဆောငအစည်းအဝေးကို မန္တလေးမြို့၌ ကျင်းပလေသည်။ အမှုဆောင်အားလုံး မန္တလေး ရုံတော်ကြီးရှိ ဦးဘဦး တိုက်ကြီးတွင် တည်းခိုကြသည်။ အစည်းအဝေးကိုလည်း ထိုတိုက်မှာပင် ကျင်းပလေသည်။ အမှုဆောင် အစည်းအဝေး ကျင်းပနေဆဲမှာပင် ဗြိတိလျှလေဘာပါတီခေါင်းဆောင်တဦးဖြစ်သူ ဆာစတက်ဖို့ကရစ်ပ် သည် ဗမာပြည်၏ အခြေအနေကို လေ့လာရန် ရောက်ရှိလာလေသည်။ ဗမာပြည်မလာမီကလေးပင် ၄င်းအားလေဘာပါတီမှ ထုတ်ပယ်ခံထားရသည်။ အကြောင်းမှာ စစ်အတွင်းတွင် ဖက်စစ်ဆန့်ကျင်ရေး တပ်ပေါင်းစု တခုဖွဲ့သင့်သည်ဟု ပါတီတွင်အကြံပေးမိသည့်အတွက် ဖြစ်လေသည်။ ဗမာပြည်တွင် ဦးတင်ထွဋ်အိမ်၌ခေတ္တတည်းခိုပြီး တို့ဗမာအစည်းအရုံး ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးလိုသည့်အတွက် မန္တလေးသို့လိုက်လာခဲ့လေသည်။ ဆာစတက်ဖို့ကရစ်ပ်အား သခင်ကျော်စိန်က မန္တလေးသို့ လိုက်ပို့ရလေသည်။ မန္တလေးတွင် ထိုလေဘာပါတီ ခေါင်းဆောင်ကြီးနှင့် တို့ဗမာ အစည်းအရုံး အမှုဆောင်များဆွေးနွေးကြပုံမှာ ကျွန်တော်တသက်တာတွင်မမေ့နိုင်အောင်ရှိတော့သည်။ ဆွေးနွေးပွဲကို သခင်အောင်ဆန်း၊ သခင်သန်းထွန်း၊သခင်စိုး၊သခင်လေးမောင် တို့အား ဦးဆောင်ဆွေးနွေးရန်သတ်မှတ်ထားကြသည်။ သခင်မြမှာ မန္တလေးတွင် ကြာရှည် မနေနိုင်ဘဲ အစည်းအရုံးတာဝန်များနှင့်ပင် ရန်ကုန်သို့ပြန်သွားရလေသည်။ ဆွေးနွေးပွဲတွင် ကရစ်ပ်၏ လက်ယာဘက်က သခင်ကျော်စိန်၊ သခင်လေးမောင်၊သခင်လှဘော်၊ သခင်ထိပ်တင်ကိုယ်တော်ကြီးတို့က ထိုင်နေကြ၍ ၊ လက်ဝဲဘက်တွင် သခင်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်စိုး နှင့် ကျွန်တော်တို့ ထိုင်နေကြပါသည်။ ကရစ်ပ်က ဗမာပြည်ကိုမလာခင်တုန်းက တို့ဗမာအစည်းအရုံးနဲ့ ခေါင်းဆောင်တွေရဲ့ အကြောင်းကို ကျွန်တော်နားလည်တာနဲ့၊ ဒါတွေဟာ မြန်မာမြေပေါ်ရောက်လို့ တညလဲအိပ်မိရော ကျွန်တော်သိထားတာတွေ အားလုံး အမြီးနဲ့ ခေါင်းနဲ့လွဲနေတာ တွေ့ရပါတယ် ဟုပြောရင်း ဟားတိုက်ရယ်လိုက်ပါသည်။ ကျွန်တော် သိခဲ့ရတာက ခင်ဗျားတို့အစည်းအရုံးဟာ လူရမ်းကားကလေးတွေ၊ ဆင်ခြင်တုံတရား ကင်းမဲ့သူတွေ၊ သူပုန်ထဘို့ သွေးဆူနေတဲ့သူကလေးတွေ၊ ပညာမဲ့အလုပ်လက်မဲ့ကလေးတွေ စုပေါင်းပါဝင်တဲ့ အစည်းအရုံကြီးပဲလို့နားလည်လာခဲ့ပါတယ်။ အခုဒီလိုမဟုတ်မှန်းသိရပါတော့တယ်။ သခင်အောင်ဆန်းက ရယ်လျက် ဒါဟာ ဓမ္မတာပါပဲ။ အုပ်စိုးသု ဆိုတာဟာ အုပ်စိုးခံရသူများ အပေါ်မှာ ဒီလိုဘဲ သဘောထားတတ်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့က အတိုက်အခံလုပ်နေတော့ ဒီလိုပဲ သတင်းပေးကြမှာပါပဲ။ တခုပဲ ကျွန်တော်ပြောချင်တာက ဗမာပြည်မှာရှိတဲ့ လူငယ်တိုင်းဟာ ဒီလိုဘဲ ပညာမဲ့ အလုပ်လက်မဲ့ လူပေ လူတေကလေးတွေချည်းဖြစ်နေရတယ်ဆိုရင်လဲ ဘယ်သူ့အပြစ်လဲ။ ဗြိတိသျှ အုပ်စိုးခြင်းအောက်မှာ ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်တခုအနေနဲ့ ဗြိတိသျှလူမျိုးတွေဘဲ ရှက်စရာကောင်းနေမှာပေါ့။ ကရစ်ပ်။ ။ ကျွန်တော်တခုမေးစမ်းပါရစေ၊ စပ်စုတယ်လို့လဲမထင်ပါနဲ့။ ရင်းရင်းနှီးနှီးသဘောထားလို့ မေးရဲတာပါ။ ခင်ဗျားတို့က အခု အင်္ဂလိပ် လက်အောက်ခံဘ၀က လွတ်အောင်ကြိုးပမ်းနေကြတယ်။ လွတ်လပ်ရေးကို ဘယ်လိုနည်းနဲ့ရအောင်လုပ်ကြမှာလဲ။ သခင်အောင်ဆန်း။ ။ နည်းကတော့ ကျွန်တော်တို့တရားတယ်ထင်တဲ့နည်းနဲ့ ရအောင်ယူရမှာပဲ။ ကရစ်ပ်။ ။ မစ္စတာအောင်ဆန်း ပြောတာ ကျွန်တော်နားမလည်သေးပါဘူး။ ထပ်ရှင်းစမ်းပါအုံး၊ သခင်အောင်ဆန်း။ ။ ရှင်းပါတယ်။ တရားတယ်ထင်တဲ့နည်းဆိုတာက ရရာနည်းနဲ့ လုပ်ရမယ်လို့ ဆိုတာပဲ။ ဥပမာဗျာ ခင်ဗျားအိပ်ထဲမှာ ထည့်ထားတဲ့ ဖောင်တိန်ဟာ ကျွန်တော်ပိုင်တဲ့ဖောင်တိန် ဆိုပါတော့။ ခင်ဗျားက ကျွန်တော်ဆီက အနိုင်ကျင့်လုယူထားတယ်ဆိုပါတော့။ ဒီတော့ ကျွန်တော်က ခင်ဗျားကိုတောင်းပန်ပြီး ပြန်ပေးပါဗျာလို့ ချော့တောင်းမယ်။ မရရင်နောက်တနည်းနဲ့တောင်းမယ်။ အဲဒီလို မရတဲ့အဆုံးကျတော့ မပေးဘူးလား ပေးမလားဆိုပြီး ခြိမ်းခြောက်တောင်းမယ်။ ဒါနဲ့မှမရရင်ဟောဒီလို အတင်းလုယူမယ်။ သခင်အောင်းဆန်းသည် ပြောပြောဆိုဆို ဆာစတက်ဖို့ကရစ်ပ်၏ အိပ်ကပ်ထဲက ဖောင်တိန်ကို ဆွဲယူလိုက်ရာ ကရစ်ပ်၏ ကုတ်အင်္ကျီအိပ်ကြီးပါ ပြဲ၍ပါလာလေတော့သည်။ သခင်အောင်ဆန်းမှာ ဧည့်သည်တယောက်၏ အင်္ကျီပြဲသည်ကိုပင် အားမနာတတ်၊ အလိုက်မသိတတ်ဘဲ ဆက်၍ ပြောလိုက်သေး၏။ ကဲဒီနည်းဟာကျွန်တော် တရားတယ်ထင်တဲ့နည်းပဲ။ ကျွန်တော့်ဖောင်တိန်ပြန်ရတာလိုရင်းပဲ။ ကရပ်စ်မှာ ဘာမျှမပြောနိုင်။ အားရပါးရ ဟားတိုက်၍သာ ရယ်မောနေရှာတော့၏။ သခင်အောင်ဆန်းက ဆက်ပြီး ကဲအခုလိုလုပ်ယူရတော့ကောင်းသေးရဲ့လား ။ ကျွန်တော့်မှာတော့ ကျွန်တော့်ဖောင်တိန်ပြန်ရပါရဲ့။ ခင်ဗျားမှာတော့ အင်္ကျီအိပ် အပြဲခံရတာသာ အဖတ်တင်တာပေါ့။ စောစောကသာ ပြန်ပေးလိုက်ယင် အင်္ကျီလဲမပြဲဘူး။ ကျွန်တော့်လက်တောင် တော်တော်နာသွားတယ်။ ခု ကျွန်တော်ပြောနေတာတွေဟာ အပိုပြောတာလဲမဟုတ်ဘူး။ ခြိမ်းခြောက်နေတာလဲမဟုတ်ဖူး။ တကယ်ဖြစ်လာနိုင်တဲ့ သဘောကို ပြောပြနေတာပဲ။ ကရစ်ပ်မှာ ဘာမှမပြောနိုင်။ အူတက်မတက်ဖြစ်နေရှာသည်။ နောက်အတန်ကြာမှ အိုချစ်စရာကောင်းတဲ့ အောင်ဆန်း၊ ချစ်စရာကောင်းတဲ့ အောင်းဆန်း ဟူ၍သာ ထပ်ကာထပ်ကာ ရေရွတ်နေရှာပါတော့သည်။ ကျွန်တော်တို့တတွေမှာ ဧည့်သည်များကိုလဲအားနာ၊ မရယ်ဘဲလည်း မနေနိုင်ဖြစ်ကာ မျက်နှာအထားရခာက်နေကြရတော့၏။ ။ ထိုသို့ ပင် စာရေးဆရာ ဒဂုန်တာရာက ၁၉၄၆ ခုနှစ်တွင် ထုတ်ဝေသော တာရာမဂ္ဂဇင်း၌ ( အောင်ဆန်း သို့မဟုတ် အရိုင်း ) ဟူသော ခေါင်းစဉ်ဖြင့်အောက်ပါအတိုင်းရေးသားခဲ့ပါသည်။ သူတွင် နိုင်ငံရေး ၀ိဥာဉ်ကားပြင်းထန်လှ၏။ နိုင်ငံရေးတခု တည်းသာ လုပ်သော လူတဦးဖြစ်၏။ သူသည် ရိုင်း၏၊ ကြမ်း၏၊ ကြောင်၏၊ ကိစ္စမရှိ။ သူသည် ဧည့်ခန်းမဆောင်မှ ဂုဏ်သရေရှိ လူကြီးလူကောင်းမဟုတ်၊ တခုတည်းသော ယုံကြည်ချက်နှင့် တခုတည်းကိုသာ လုပ်သော နိုင်ငံရေးသတ္တ၀ါ ဖြစ်၏။ ထိုကြောင့်ကိစ္စမရှိ။ ဟူ၍ဖော်ပြခဲ့သည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...