Wednesday, June 1, 2011

"သူခိုးမရှိသောနိုင်ငံ"

[By De Nay]

ကမ္ဘာမြေပေါ်တွင် သူခိုးမရှိသော နိုင်ငံတစ်နိုင်ငံ ရှိခဲ့ဖူးသည် ။ ထိုနိုင်ငံသည် မြန်မာနိုင်ငံ ဖြစ်သည်ဟုဆိုလျှင် ယခုခေတ်လူငယ်တော်တော်များများက စာရေးသူကို ကိုယ့်ငါးချဉ် ကိုယ်ချဉ်သူ ကိုယ့်ဘက်ကိုယ်ယက်သော လိပ်လိုလူဟု ဆိုကြပေလိမ့်မည် ။ သို့သော် ထိုစကားကို ပြောသူသည် စာရေးသူလို မြန်မာတစ်ယောက်မဟုတ်ဘဲ ဘာသာခြား ၊ လူမျိုးခြား နိုင်ငံခြားသားတစ်ယောက် ဖြစ်သည်ဟု သိရလျှင်ကား များစွာအံ့သြကြပေလိမ့်မည် ။

ကမ္ဘာပေါ်တွင် သူခိုးမရှိသော တစ်ခုတည်းသောနိုင်ငံကား မြန်မာနိုင်ငံသာဖြစ်သည် ဟူ၍ ရဲရဲဝင့်ဝင့်ပြောခဲ့သူကား အိန္ဒိယနိုင်ငံသား ဟိန္ဒူဘာသာဝင် ဘဆေဆ်လာလ်ဂျီးပင် ဖြစ်ပါသည် ။ သူသည် ၁၈၅၉ ခုနှစ်တွင်မွေးဖွား၍ ၁၉၃၂ ခုနှစ်တွင်မှ ကွယ်လွန်ခဲ့ပါသည် ။ အိန္ဒိယနိုင်ငံ ၊ အီဂတ်ပူရီပြည်နယ်၌ ဗုဒ္ဓ၏ ၀ိပဿနာတရားများကို ကမ္ဘာသို့ ဖြန့်ဝေ လျှက်ရှိသော ဂုရုကြီးဦးဂိုအင်ကာ၏ အဘိုးတော်သူပင်ဖြစ်သည် ။

အရောင်းအ၀ယ်ကုန်သည်အလုပ်ဖြင့် ကမ္ဘာအနှံ ခြေဆန့်ခဲ့ဖူးသော ဘဆေဆ်လာလ်ဂျီသည် သူအမြတ်နိုးဆုံးဖြစ်သော မန္တလေးရတနာပုံနေပြည်တော်တွင် အခြေချနေထိုင်ခဲ့ သည် ။ ထိုအချိန်က အထက်မြန်မာပြည်သည် မြန်မာဘုရင်၏ လက်ထဲမှာသာ ရှိသောကြောင့် သူခိုး ၊ လူလိမ်ဆိုသည်မှာ ချိုနဲ့လားဟု မေးရလောက်အောင် မြန်မာတိုင်း စာရိတ္တအပြည့်ရှိနေချိန်ပင် ဖြစ်ပါ၏ ။

ဘဆေဆ်လာဂျီသည် ကုန်သည်ကြီးတစ်ဦးဖြစ်ရာ အထက်မြန်မာပြည်ရှိ မြို့ ကြီးအသီးသီးတွင် သွားလာရောင်းဝယ်ရသည် ။ အရောင်းအ၀ယ်လုပ်သော ပစ္စည်းပစ္စယများ တင်ရန် မြင်းငါးကောင်နှင့်အတူ မြန်မာမြင်းစီးသမား ငါးယောက်ကိုလည်း တစ်ခါတည်း အသွားအပြန် ငှားလာခဲ့ရသည် ။ အရောင်းအ၀ယ်ပစ္စည်းများသောကြောင့်  ရက်ကြာလာသည်နှင့် အမျှ ဘဆေဆ်လာဂျီ၏ ပိုက်ဆံထည့်သည့်အိတ်ကြီးမှာလည်း ငွေဒင်္ဂါးပြားဖြင့် ပြည့်ပြည့်လာခဲ့သည် ။

နောက်ထပ် မြို့ သုံးမြို့  ၊ ငါးရက်ခရီးနှင်ပြီးလျှင် သည်တစ်ခေါက် အရောင်းအ၀ယ်ကိစ္စ ပြီးဆုံးပြီဖြစ်၍ ဘဆေဆ်လာလ်ဂျီတစ်ယောက် အိမ်ပြန်ရတော့မည်ကိုတွေးပြီး ၀မ်းမြောက်ဝမ်းသာ ဖြစ်နေလေသည် ။ နေ၀င်စပြုပြီဖြစ်သည့်အတွက် လှမ်းမြင်နေရသော ဇရပ်တစ်ခုပေါ်တွင် တစ်ညအိပ်ရန် မြင်းသမားများကို အချက်ပြလိုက်သည် ။

ရှေးခေတ်က ဇရပ်ဆိုသည်ကို ယခုခေတ်လူငယ်များ နားလည်ရန် မလွယ်သောကြောင့် အနည်းငယ် ရေးသားပါမည် ။ ယခု ခေတ်လူငယ်များသိကြသည်ကား ကျောင်းဝိုင်း ၊ဘုရာဝိုင်းအတွင်း ဥပုသ်သည်များနားနေရန် ဆောက်လုပ်သည့် ဇရပ်များသာ ဖြစ်ပေသည် ။ ဘဆေဆ်လာဂျီတို့ တည်းခိုမည့်ဇရပ်ကား ထိုကဲ့သို့မဟုတ်ပေ ။

ညဉ့်အိပ် ၊ ညဉ့်နေခရီးသည်များအတွက် လမ်းဆုံလမ်းခွတွင် ဆောက်လုပ်ထားသော ဇရပ်မျိုးသာဖြစ်ပေသည် ။ အမိုးနှင့် အခင်းကို အကောင်းဆုံးလုပ်ထားသော်လည်း အကာမရှိပေ ။ အကာမထားခြင်းသည် အရပ်လေးမျက်နှာမှ ခရီးသွားများတံခါးမရှိ ။ ဓားမရှိလွတ်လပ်ချမ်းသာစွာ တည်းခိုးနိုင်သည်ဟူသော အဓိပ္ပါယ်ကို ဆောင်သည်ဟု ယူဆပါသည် ။

တတ်နိုင်သောဇရပ်အလှူရှင်အချို့ သည် ခရီးသွားများအတွက် ဆန်ဆီစသော စားသောက်ဖွယ်ရာများကိုပင် ထားပေးကြောင်းသိရသည် ။ ကား ၊မီးရထားစသော ယာဉ်များ မပေါ်သေးသောခေတ်တွင် ခရီးသွားများအနေဖြင့် ခြေလျင်နှင့် နွားလှည်းလောက်ကိုသာ အားကိုးပြီး သွားကြရာတွင် လမ်းခုလတ်၌ တည်းခိုးရန် ဇရပ်တန်ဆောင်းများကို အမှန်ပင်လိုအပ်ပါသည် ။

ချက်ပြုပ်စားသောက်ပြီး နေလည်းမရှိတော့ပြီဖြစ်၍ ထိုဇရပ်မှာပင် ညအိပ်လိုက်ကြသည် ။ နောက်တစ်နေ့ မိုးမလင်းမီ မနက်စောစော ခရီးဆက်ကြရန် မြင်းသမားတို့ကို ညကတည်းက ဆော်သြထားလိုက်သည် ။ အရေးအကြီးဆုံးဖြစ်သည့် ငွေဒင်္ဂါးအိပ်ကြီးကို ခေါင်းအုံးအိပ်လိုက်သည် ။ မနက်စောစော ခရီးခွက်သောအခါ မေ့ကျန်ခဲ့မှာစိုး သောကြောင့် ဖြစ်သည် ။

မနက်လေးနာရီလောက်ထပြီး မြန်မြန်ထက်ထက် ပြင်ဆင်ကာ ရှေ့ ခရီးကိုဆက်ခဲ့ကြသည် ။ ခြောက်နာရီခန့် ခရီးပေါက်ပြီးအခါမှာပင် ခေါင်းအုံးအိပ်ခဲ့သော ငွေအိပ်ကြီး ပါမလာမှန်း ဘဆေဆ်လာဂျီသိသွားသည် ။ ပြင်းထန်သော စိုးရိမ်သောကစိတ်ကြောင့်နှလုံးမှာ တဒိန်းဒိန်းခုန်လာပြီး အမောဆို့သလိုပင်ဖြစ်လာသည် ။

ဟေ့… အားလုံးခဏရပ်ကြဦး

သူ၏စကားလုံးကြောင့် မြင်းသမားများအားလုံး ရပ်လိုက်ကြသည် ။ ဘာဖြစ်လို့ပါလိမ့်ဟူသော အတွေးဖြင့် မြင်းသမားများက သူ့ကိုလှမ်းကြည့်လိုက်ကြသည် ။ သူက…..

ကျွန်တော် ငွေဒင်္ဂါးအိပ်ကြီး ညအိပ်တဲ့ဇရပ်ပေါ်မှာ ကျန်ခဲ့တယ် ၊ ဒါ့ကြောင့် နောက်ကြောင်းပြန်လှည့်ကြရမယ် ဟုပြောလိုက်သော်လည်း မြန်မာလူမျိုး မြင်းသမားငါးယောက် လုံး တစ်ယောက်မှတအံ့တသြ တစ်ထိတ်တစ်လန့်ဖြစ်မသွားကြ ။ သွားယူပေးမည့် အမူအရာလည်းမပြကြသဖြင့် ဘဆေဆ်လာလ်ဂျီ မနေနိုင်တော့

ကဲ….မြန်မြန်သွားယူဘို့ပြင်ကြလေ ။ ဘာလို့အေးတိအေးစက်ဖြစ်နေကြတာတုန်း ဟုပြောလိုက်သောအခါတွင်မှ အသက်ခပ်ကြီးကြီး မြင်းသမားတစ်ဦးက -

 “မိတ်ဆွေကြီး ဘာမှစိတ်ပူမနေပါနဲ့ ၊ ကိုယ့်ခရီးကိုသာ ဆုံးအောင်ဆက်သွားပါ ။ အပြန်ကျမှ ငွေအိတ်ကိုယူပါ ။ မိတ်ဆွေကြီး ငွေအိတ်က ဘယ်မှထွက်မပြေးပါဘူး ။ ဘယ်သူ မှလည်းမယူပါဘူး ။’’

ဟုပြောလိုက်သဖြင့် ဘဆေဆ်လာလ်ဂျီတစ်ယောက် ဒေါသထွက်သွားသည် ။ လွယ်ရင်သူကြွယ်တောင်မနေဘူးဟူသော စကားရှိနေရာ အဆင်သင့်တွေ့ရသော  ငွေဒင်္ဂါအိတ် ကြီးကို အဘယ်လူသည် မယူဘဲနေနိုင်အံ့နည်း ။ ဘယ်သူမှ မယူပါဘူးဟု တာဝန်ခံနိုင်လောက်အောင် သူတို့မြန်မာလူမျိုးတွေက ဘယ်လောက်များ စာရိတ္တကောင်းနေကြလို့ နည်းဟု တွေးနေမိသည် ။

“အေးလေ ၊ အခု ငါတို့ထွက်လာတာပဲ ခြောက်နာရီကျော်သွားပြီဆိုတော့ ဒီငွေအိတ်ကြီးကို ခရီးသွားတစ်ယောက်ယောက်ကရပြီး ယူသွားရောပေါ့ ။ ငါသွားနေလည်း ပင်ပန်း တာ အဖတ်တင်မှာပဲ” ဟုတွေးမိပြီး ရှေ့ မှာရှိသည့် မြို့  ဈေးများသို့သာ ဆက်ထွက်သွားလေသည် ။

ငါးရက်ခန့်ရှိမှ ပြန်လာကြသောအခါ ဘဆေဆ်လာလ်ဂျီထားခဲ့သော ငွေဒင်္ဂါးအိတ်ကြီးကို ခေါင်းအုံးအိတ်စဉ်ကအတိုင်း လက်ရာမပျက်ပြန်တွေ့သွားခဲ့သည် ။ ရေတွက်ကြည့် သောအခါတွင်လည်း တစ်ပြားတစ်ချပ်မှ မလျှော့ ၊ ထို့ကြောင့်လည်း ဘဆေဆ်လာလ်ဂျီးက ကမ္ဘာ့ဝိဿနာတရားပြဆရာကြီးဖြစ်လာမည့် ဦးဂိုအင်ကာ အလောင်းလျာ သူ့မြေးလေးကို

ငါ့မြေးရေ …. အဘိုးတို့ ဒီမြန်မာပြည်မှာ နေခွင့်ရတာ သိပ်ကံကောင်းတယ် ။ ဘာဖြစ်လို့လည်းဆိုတော့ တစ်ကမ္ဘာလုံးမှာ သူခိုးမရှိတဲ့နိုင်ငံဆိုလို့ ဒီမြန်မာနိုင်ငံတစ်ခုပဲရှိတယ် ။ အဘိုး ကိုယ်တွေ့ပါ ။ နောက်တစ်ခု ဆက်ပြောပြမယ် ။

“တစ်ခါတော့ မန္တလေး ရတနာပုံ ဈေးချိုတော်ကြီးလမ်းအလယ်မှာ အမျိုးသမီးကြီးတစ်ယောက် အဖိုးတန် စိန်နားကပ်တစ်ဖက် ပြုတ်ကျသွားခဲ့တယ် ။ ဈေးတန်းကြီးအလယ် တည့်တည့်မှာ ပြုတ်ကျတာဆိုတော့ ဥဒဟိုသွားလာနေကြတဲ့ ဈေးဝယ်တွေအနက်က တစ်ယောက်မဟုတ်တစ်ယောက်တော့ တွေ့မှာပဲ ”

“ဟိုဘက်ဒီဘက်က ဈေးသည်တွေလည်း တစ်ချိန်မဟုတ်တစ်ချိန်တော့ မြင်ကြမှာပဲ ။ ဒါပေမဲ့ တစ်ယောက်မှ ကောက်မယူကြဘူး ။ ဘယ်လောက်အံ့သြဖို့ကောင်းသလဲ ၊ အလွယ်တကူတွေ့ရတဲ့ အဖိုးတန်ပစ္စည်းကိုတောင် ကောက်မယူတဲ့ မြန်မာလူမျိုးတွေဟာ သူတစ်ပါးအိမ်ကပစ္စည်း မသိအောင်ယူဘို့ဆိုတာကတော့ ပိုပြီးဝေးသေးတာပေါ့ ”

“မိုးချုပ်လို့ဈေးချိုတော်ကြီးသာ ပိတ်သွားတယ် ။ စိန်နားကပ်ကြီးကတော့ လမ်းပေါ်မှာ ဒီအတိုင်းပဲ ၊ နောက်တစ်နေ့မနက် ဈေးချိုတော်ကြီးဖွင့် ခါနီးမှာ သန့်ရှင်းရေးအလုပ်သမ လေးတွေက တံမြက်စည်းကိုယ်စီကိုင်ပြီး လှဲကြကျင်းကြရတယ် ။ ဒီအချိန်မှာ အလုပ်သမလေးတစ်ယောက်က ဒီစိန်နားကပ်ကြီးကို တွေ့သွားတယ် ။

“ဥစ္စာဓနဆင်းရဲသော်လည်း စာရိတ္တမဆင်းရဲတဲ့သူတွေကို တွေ့ချင်ရင် မြန်မာပြည်ကိုလာခဲ့ပါလို့ပဲ ပြောရတော့မှာပဲ မြေးလေးရေ  ဘာဖြစ်လို့လဲဆိုတော့ ဆင်းရဲရှာတဲ့ သန့်ရှင်းရေးအလုပ်သမလေးဟာ စိန်နာကပ်ကြီးကို တွေ့တဲ့အခါ ကောက်တော့ကိုင်လိုက်သေးတယ် ”

“ယူဖို့မဟုတ်ဘူး ၊ စိန်နာကပ်အောက်က ဖုန်တွေ အမှိုက်သရိုက်တွေ လှဲပစ်ဖို့ပါ ။ လှဲကျင်းပြီးတဲ့အခါ တွေ့တဲ့နေရာမှာပဲ အတိအကျ ပြန်ထားလိုက်တယ် ။ပိုင်ရှင်က သူကျ ပျောက်သွားခဲ့တဲ့နေရာ ပြန်လာရှာရင် မြန်မြန်တွေ့ပါစေဆိုတဲ့ စေတနာပေါ့ ”

“နောက်ဆုံး ဈေးရုံးတာဝန်ခံကိုယ်တိုင် မြို့ ထဲ မောင်းထုပိုင်ရှင်ရှာပြီး ပြန်ပေးလိုက်ရတယ် ”

ဟု ပြောပြခဲ့ပါသည် ။ ၁၈၈၅ ခုနှစ် ၊ မြန်မာဘုရင်စနစ် နိဂုံးချုပ်သည့်အချိန်အထိ အထက်မြန်မာပြည်တွင် အိမ်မှန်သမျှ သော့ခတ်သော အလေ့အထမရှိကြပေ ။ ခွေး ၊ နွားစသော တိရစ္ဆာန်များမ၀င်နိုင်ရုံ ဂလန့်ထိုးရုံသာ ထိုးထားကြသည် ။

မြန်မာပြည်အင်္ဂလိပ် လက်အောက်ရောက်ပြီး နိုင်ငံခြားသားမျိုးစုံဝင်ရောက်လာကြသောအခါတွင်ကား အောက်တန်းစားများက အိမ်နောက်ဖေးက ထမီကို ၀င်ခိုးတတ်သလို အထက်တန်းစားများကလည်း ပန်ကာအောက်တွင်ထိုင်ပြီး စာရင်းလိမ်ကာ အချီကြီးခိုးတတ်လာကြသည် ။

စင်စစ်ခိုးတတ် ၊ ဖွက်တတ် ၊ လိမ်တတ်သော အကျင့်သည် မြန်မာတို့၏ အကျင့်မဟုတ် ၊ မြန်မာပြည်ကို နိုင်ထက်စီးနင်းဝင်ရောက်သိမ်းပိုက်ကြသည့် နယ်ချဲ့ အင်္ဂလိပ်နှင့် ထိုစဉ်အချိန်က မြန်မာပြည်တွင်းသို့ တံခါးမရှိ ၊ ဓားမရှိဝင်ရောက်ခဲ့သော နိုင်ငံခြားသားတို့၏ အကျင့်သာဖြစ်ပေသည် ။

နယ်ချဲ့ တို့ဝင်ရောက်အုပ်ချုပ်လိုက်သည့်အတွက် မြန်မာပြည်သည် အိုးအိမ် ၊ တိုက်တာ ၊ အဆောက်အဦးများနှင့် အတူ အကျင့် စာရိတ္တပါ ပျက်စီးသွားခဲ့ရသည် ။ ပျက်စီး သွားသော အိုးအိမ် ၊ တိုက်တာ အဆောက်အဦးများကို ပြန်လည်ပြုပြင်နိုင်ခဲ့ပြီဖြစ်သော်လည်း ပျက်စီးသွားသော အကျင့်စာရိတ္တကိုကား လွယ်လွယ်နှင့် ပြန်၍ပြုပြင်ဖို့ မလွယ်ကူပေ ။

အချို့ နိုင်ငံကြီးများတွင် အရောင်းဆိုင်ကြီးများ ခင်ကျင်းထားသော်လည်း စောင့်ရောင်းမည့်သူမရှိ ၊ အချိန်မှန် ပြေးဆွဲနေသော ရထားကြီးများရှိသော်လည်း လက်မှတ်စစ်မရှိ ၊ ၀ယ်မည့်သူ ၊ စီးမည့်သူများသည် တန်ရာတန်ကြေးပေးပြီး ၀ယ်သွားကြသည် ။ စီးသွားကြသည် ။ ခိုးဘို့အခွင့်အလမ်းကြုံသော်လည်း မခိုးယူကြ ။

ထိုသို့ မခိုးယူခြင်းဖြင့် ဘာအကျိုးရှိသနည်းဆိုငြားအံ့ ။ ထိုနိုင်ငံများသည် ကမ္ဘာပေါ်တွင် လက်ချိုးရေတွက်၍ ရနိုင်သော ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်နေရခြင်းသည် စာရိတ္တမဏ္ဍိုင် မြဲခိုင်ခြင်း၏ ကောင်းကျိုးပင်ဖြစ်ပါတော့၏ ။

ထိုကဲ့သို့သော် စာရိတ္တမျိုးကို ဖွံ့ဖြို့  ဆဲနှင့် ဆင်းရဲသားနိုင်ငံများတွင် မတွေ့ရခြင်းကို ထောက်သောအားဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတတ်ပြီး နိုင်ငံကြီးတစ်ခုဖြစ်ရန် စာရိတ္တသည် အရေးအကြီးဆုံးဖြစ်ကြောင်း ထင်ရှားလှပါသည် ။

ထို့ကြောင့် မိမိနိုင်ငံကို တကယ်တိုးတတ်စေချင်လျှင် မိမိကိုယ်ကစ၍ ပြုပြင်ရပါမည် ။ ငါတစ်ယောက်တည်းမပြုပြင်ရုံနဲ့ ဘာမှမဖြစ်လောက်ပါဘူး ။ ပြုပြင်မည့်သူတွေအများ ကြီးရှိပါတယ် ဆိုပြီး ပေါ့ပေါ့တန်တန်နေလိုက်မည်ဆိုလျှင် ကချင်ကျေးရွာတစ်ရွာမှ ခေါင်ရည်သောက်ပွဲတစ်ခုကဲ့သို့ ဖြစ်သွားပါလိမ့်မည် ။

ထိုရွာမှ ရွာသူကြီးက စုပေါင်းခေါင်ရည်သောက်ပွဲ ကျင်းပမည်ဖြစ်သဖြင့် လူတစ်ယောက်လျှင် ခေါင်ရည်တစ်အိုးယူလာပြီး အခမ်းအနားအလယ်မှာချထားသည့် ရာဝင်အိုးကြီး ထဲသို့ လောင်းထည့်ကြရန် နှိုးဆော်လိုက်သည် ။ ထိုအချိန်တွင် လူလည်တစ်ယောက်က တစ်ရွာလုံးရှိသမျှလူတွေ ခေါင်ရည်တစ်အိုးစီယူလာကြမှာဘဲ ငါတစ်ယောက်တည်း ရေထည့်ရုံနဲ့ ဘာမှ မသိသာလောက်ပါဘူး ဟုတွေးပြီး ရေကိုသာယူလာပြီး ရာဝင်အိုးထဲ လောင်းထည့်လိုက်သည် ။

အခမ်းအနားစသောအခါ ခေါင်ရည်အိုးကြီးကို ဖွင့်လိုက်သည်နှင့် အားလုံးရေများချည်းဖြစ်နေလေသည် ။ ထို့ကြောင့်ခေါင်ရည်သောက်ပွဲအခမ်းအနားလည်း ပျက်သွားလေသည် ။ ထိုကဲ့သို့ မဖြေစ်အောင် စာရိတ္တကို မိမိကိုယ်တိုင်က အရင်ဆုံးပြုပြင်ဖို့ အရေးကြီးလှပါသည် ။

နိဂုံးချုပ်ဆိုပါအံ့ ၊ မြန်မာတို့သည် မခိုးတတ် ၊ မဖွက်တတ် ၊ မလိမ်တတ်ပါ ။ ထို့ကြောင့် ခိုးတတ် ၊ဖွက်တတ် ၊လိမ်တတ်သော သူများသည် မြန်မာမဟုတ်ပါ ။ မြန်မာမစစ်ပါ ။

ရွှေဂုဏ် ၊ ငွေဂုဏ် ၊ ရာထူးဂုဏ်သည် ၊
လူ့ဘုံလောက ၊ အကာမျှတည့် ၊
သူက ငြူစူ ၊ မကြည်ဖြူ၍ ၊
ခွာယူလိုက ၊ ခွာ၍ ရ ၊
ရိုးဂုဏ်ဖြောင့်ဂုဏ် ၊ ယဉ်ကျေးဂုဏ်သည် ၊
လူ့ဘုံလောက ၊ နှစ်သာရတည့် ၊
သူကငြူစူ ၊ မကြည်ဖြူလည်း ၊
ခွာယူမရ ၊ ကွာမကျ ။

ဤအကြောင်းအရာများကို မေတ္တာရှင်ရွှေပြည်သာ ( အရှင်ဇ၀န ) ရေးသားတော်မူသော စာရိတ္တသတ္တိမှ ကောက်နုတ်ဖေါ်ပြထားပါသည် ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...