Thursday, June 9, 2011

ဦးအောင်ဆန်း၏ မိခင်

[By Rak Pay]   ဗိုလ်ချုပ်မိခင်   တက္ကသိုလ်ဆုမြိုင်   ပုခက်လွှဲသော လက်သည် ကမ္ဘာကို အုပ်စိုးသည် ဟူသော သိုးဆောင်း စကားပုံတခုရှိလေသည်။ ၎င်းစကားပုံ၏ အဓိပ္ပါယ်မှာ ကျေးဇူးရှင် အမိကောင်းများ၏ ပြုစုပျိုးထောင် ပေးခြင်းခံရသော သူတိုင်း ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးများ ဖြစ်နိုင်သည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဘခင်ကြီးဖြစ်သူ (၀ါ) မြန်မာနိုင်ငံ၏ ဗိသုကာ ဆရာကြီးဖြစ်သူ အာဇာနည် ဗိုလ်ချုပ်အောင်ဆန်းမှာလည်း အမေစုတည်းဟူသော ကျေးဇူးရှင် မိခင်ကြီး၏ ပြုစုပျိုးထောင်ပေးမှုကြောင့် ကမ္ဘာကျော်ခေါင်းဆောင်ကြီးတဦး ဖြစ်လာသည်ဟု ယူဆက မှားမည်မဟုတ်ပေ။ ဗိုလ်ချုပ် ၏ အထုပ္ပတ္တိကို ရေးသားရာ၌ ဗိုလ်ချုပ်၏ မိခင် အမေစု၏ အထုပ္ပတ္တိ ပါရှိမှသာ ပြည့်စုံသည်ဟု ဆိုရပေမည်။ ထို့ကြောင့်ပင် အမေစု၏ အထုပ္ပတ္တိကို တတ်နိုင်သမျှ ရှာဖွေ စုဆောင်း၍ မြ၀တီမှ တင်ဆက်ရပါကြောင်း။   အမေစုနှင့် ဗိုလ်ချုပ်မိသားစု   ဗိုလ်ချုပ်၏ ဇာတိဂုဏ် ဆောင်းပါးတွင် အမေစု၏ မျိုးရိုးနှင့်တကွ အစဉ်အဆက်များကို အကျယ်တ၀င့် ရှင်းလင်း ဖေါ်ပြ ရေးသားပြီး ဖြစ်သဖြင့် ယခုဆောင်းပါးတွင် ထပ်မံဖော်ပြရန် မလိုတော့ရကား အမေစု၏ ဘ၀ဖြစ်စဉ်ကိုသာ အသေးစိတ်ရေးသား ဖေါ်ပြပါအံ။ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကျေးဇူးရှင် မိခင်ကြီး အမေစုမှာ ၁၂၃၉ ခု၊ ကဆုန်လဆန်း ၁၀ရက် ၊ တနင်္ဂနွေ ည ၂ ချက်တီး အချိန်တွင် မကွေးခရိုင် နတ်မောက်မြို့ မင်းဝိုင်း ရှိ အလွန်ခံ့ညားကာ မင်းဟန် ရှိလှသည့် အိမ်ကြီး၍ ဘုန်းကြီး ဘ-ဦးမြအေး၊ ဘုန်းကြီး အမေဒေါ်သူဇာတို့မှ ဖွားမြင်သော သမီးထူး၊ သမီးမြတ် ဖြစ်လေသည်။ အမေစု၏ စိတ်နေသဘောထားနှင့် ဘ၀ပါရမီ မည်မျှရင့်သန်သည်ကို အောက်တွင် ကူးရေးဖော်ပြပါသည်။  


အဆိုပါ ဦးမြတ်အေး၊ ဒေါ်သူဇာတို့မှ ပေါက်ဖွား သော သားသမီးများအနက် အမေစုမှာ အကြီးဆုံးသမီး ဖြစ်လေသည်။ အမေစု၏ အောက်တွင် မောင်သုံးယောက်၊ ညီမသုံးယောက် ရှိသည်။ အမေစု၏ မောင်များမှာ ဦးဖိုးသင်၊ ဦးငွေဒိုင်၊ ဦးငွေဆိုင်တို့ ဖြစ်၍ ညီမ များမှာ ဒေါ်ယု၊ ဒေါ်ပု၊ ဒေါ်ခင်မေ တို့ ဖြစ်သည်။ အဆိုပါ မွေးချင်းခုနှစ်ဦးအနက် ယခုအချိန်တွင် ဦးငွေဒိုင်ခေါ် နတ်မောက်မြို့ သိမ်တော်ကျောင်း ဘုန်းတော်ကြီးဦးဃောသိတ မှ တပါး အားလုံး ကွယ်လွန်အနိစ္စ ရောက်ကြလေပြီ။   အမေစုမှာ မအေတူ သမီးဖြစ်၍ မျက်နှာသေးသွယ်သည်။ အသားညို၍ အရပ်မှာ မနိမ့်မမြင့် ဖြစ်သည်။ အရွယ်ကြီးသော်လည်း ရုပ်ရည်မှာ အခြားသော မွေးချင်းပေါက်ဖေါ်များထက် ပိုမို၍ အရွယ်တင်သည်။ ကိုယ်အင်္ဂါ အနေအထားမှာ မနိမ့်မမြင့် မ၀လွန်း မပိန်လွန်း ကြည့်၍ ကောင်းလှသည်။ စကားနည်းသည်။ မျက်နှာမှာ ကျက်သရေရှိ၍ ခံညားလှသည်။ အမေစုသည် အမအကြီးဆုံး ဖြစ်သည့်ပြင် လူကြီး၏ ဂုဏ်သိက္ခာ သမာဓိနှင့် ပြည့်စုံရကား မွေးချင်းပေါက်ဖေါ်အားလုံးက အမကြီး ဟု ခေါ်ကြသည်။ အခြားသူများကလည်း နှုတ်ယောင်လိုက်ကာ အမကြီးဟုပင် ခေါ်ကြသည်။ အမေစုသည် ငယ်စဉ်ကပင် ကောင်းမွန်သော အဖိုးတန် အရာများကိုသာ နှစ်သက်ခဲ့သည်။ မဲတကွက်၊ ရှန်နီတကွက် ရက်ထားသော ကွက်နုပ်ထဘီများကို ၀တ်လေ့ရှိသည်။ အင်္ကျီမှာ ရှေးအမယ်ကြီးများ ၀တ်ဆင်သည့် အင်္ကျီ မျိုးကို ၀တ်လေ့ရှိသည်။ အစားအသောက်တွင် အထူးသဖြင့် ဂျိုးသားကို အလွန်နှစ်သက်၍ လက်ဖက်ကို အမြဲစားလေ့ရှိသည်။   အမေစု၏ စိတ်နေသဘောထားမှာ အမျိုးသမီးလောကတွင် စံနမူနာ ထားလောက်ပေသည်။ ရိုးရိုးကျင့်၊ မြင့်မြင်ကြံ၊ မှန်မှန်ပြော၊ စောစောထ ဆိုသော စကားပုံသည် အမေစုအတွက် ရည်ရွယ်၍ ထားခဲ့ပေသလောဟု ယူဆမိသည်။ အမေစု၏ တည်ကြည်သောမျက်နှာ၊ ခံ့ညားသော အ၀တ်၊ ရိုးသားသော အစား၊ သစ္စာရှိသော စိတ်ထား၊ ကြံ့ခိုင်သောဇွဲ၊ ဘွင်းဘွင်းနှင့် ရှင်းရှင်းပြောတတ်သော နှုတ်၊ ကြီးမားသော လုံ့လ၀ီရိယတို့သည် အမေစု၏ ဂုဏ်အင်္ဂါရပ်များပင် ဖြစ်လေသည်။   အမေစုမှာ ငယ်စဉ်ကပင် မဟုတ်မခံ၊ ဇာတ်ဇာတ်ကြဲ စိတ်မျိုး ရှိသည်။ တခါတရံ အတောင် နှစ်ဆယ်ဝတ် မင်းယောက်ျားများ ထက်ပင် စိတ်ပိုမို ထက်မြက်စူးရှသည်ကို တွေ့ရသည်။ သို့သော် မျိုးရိုးဇာတိ ကောင်းသလောက် ဥစ္စာပစ္စည်း ကြွယ်ဝသလောက်၊ လောကီဂုဏ် မျိုးစုံနှင့် ပြည့်စုံသလောက်၊ စိတ်သဘောထား ပြည့်ဝနှင့်လည်း ပြည့်စုံပေသည်။ ဇာတိကြောင့် ဂုဏ်တက်ခြင်း၊ ဥစ္စာကြောင့် ဂုဏ်တက်ခြင်း၊ သားသမီးကြောင့် ဂုဏ်တက်ခြင်း စသော သူတော်ကောင်းတို့ မနှစ်သက်သည့် မာနမျိုး လုံးဝမရှိချေ။ ရိုးရိုးနေ ရိုးရိုးစား ရိုးရိုးသွားကာ လူတိုင်းနှင့် အဆင်ပြေအောင် ဆက်ဆံပေါင်းသင်းနေထိုင်လေသည်။ ဗိုလ်ချုပ်၏ ရိုးသားမှုများသည် အမေစုထံမှ ရရှိသော အမွေတခုပင် ဖြစ်သည်။ မိန်းမတို့ ဣနြေ္ဒ ရွှေပေးလို့မရ ဟူသော စကားပုံ အရ အမေစု၏ တည်ကြည်သော ဣနြေ္ဒမှာ တုပြိုင်သူ မရှိလောက်အောင် တည်ကြည်လှပေသည်။ ငယ်စဉ် အချိန်က စ၍ အနိစ္စရောက်သည့် အချိန်အထိ စိတ်တွင် မည်မျှ ပျော်ရွှင်သော်လည်း ဟက်ဟက်ပက်ပက် အသံ ကျယ်စွာဖြင့် ရယ်မောခြင်းကို တကြိမ်တခါမျှ မတွေ့မမြင်ခဲ့ရဘူးပေ။ အလွန်သဘောကျသော အခါတွင် ပြုံးရုံသာ ပြုံးတတ်လေသည်။ အမေစု၏ ဤမျှကြီးသော ကာယိဣနြေ္ဒကြောင့် အဓိပတိ ယောက်ျားများပင် ရိုသေကိုင်းရှိုင်း ကြလေသည်။ အမေစုသည် အ၀တ်၌၊ အစား၌ ၎င်း၊ အနေ၌ ၎င်း ၊လောကီ ပကာသန တရားများက မည်မျှပင် ထိုးဆွ ပေးနေသော်လည်း ကျူးလွန်ခြင်း မရှိ၊ ပကာသန တရားကို စွန့်ပယ်ကာ စည်းစံနစ် ကျကျ နေထိုင်တတ်လေသည်။ အထူးသဖြင့် မြတ်စွာဘုရား ဟောကြားသော သမ္ပဒါတရား လေးပါးနှင့် ပြည့်စုံလေသည်။ မည်သည့် ကိစ္စ၌မဆို မျှတသော တရားရှိ၍ မဟုတ်မမှန် မပြောတတ်၊ ပရိယာယ် မလုပ်တတ်၊ မာယာ မသုံးတတ်၊ တရားမျှတစွာ ဝေဖန် ပိုင်းခြား ဖြေဖြန် ပေးတတ်မှုကြောင့် အလွန်ကြီးမား များပြားလှသော ဆွေမျိုးထုကြီး၏ အလယ်တွင် ခုံသမာဓိတရားသူကြီးသဖွယ် အသိအမှတ်ပြုခြင်း ခံရလေသည်။ အမေစု၏ ဆွေမျိုး တဦးနှင့် တဦး မသင့်မတင့် အရှုပ်အရှင်း ဖြစ်လာသောအခါ အမေစုထံ လာရောက်တိုင်ကြား၍ အမေစု၏ သဘာဝကျကျ ဆုံးဖြတ်ပေးမှုကို ရိုသေကျိုးနွံစွာ လိုက်နာတတ်လေသည်။   အမေစုမှာ ဗိုင်းကောင်းကျောက်ဖိ ဆိုသော စကားကဲ့သို့ မိကောင်းဖခင် သားသမီး မှန်သည့် အတိုင်း အဘဦးမြတ်အေး အမိဒေါ်သူဇာတို့၏ ဆုံးမကွပ်ညှပ်ခြင်းကို ကောင်းစွာခံယူခဲ့ရသည်။ ထို့ကြောင့်ပင် ၁၁ နှစ်သမီးအရွယ်၌ မြန်မာ အမျိုးသမီးတို့ တတ်မြောက်အပ်သော ရက္ကန်းခတ်ခြင်းအတတ်ကို သူမတူအောင်ပင် တတ်မြောက်ခဲ့လေသည်။ ငယ်စဉ်ကပင် အဆင်များကို တမျိုးထွင်ခါ ရက်လုပ်နိင်သဖြင့် အမေစု၏ လက်ဖြစ်အထည်ကို လူတိုင်းကပင် ၀တ်လိုကြသည်။ ၎င်းအပြင် ရက္ကန်းအတတ်ဖြင့်ပင် မကျေနပ်ပဲ စက်ချုပ် အတတ်ကို သင်ပြန်ရာ အံသြဖွယ်ရာ ကောင်းလောက်အောင်ပင် တတ်မြောက်လေသည်။ အမေစုအတွက် ကံဆိုးသော အချက်တစ်ချက်မှာ အမေစုတို့ခေတ်က အမျိုးသမီးများစာသင်ကြားရသော အလေ့အထ နည်းပါးခဲ့ခြင်းကြောင့် စာရေး၊ စာဖတ်ကိုပင် မတတ်မြောက်ခဲ့ရခြင်းဖြစ်လေသည်။ သို့သော် ဘ၀ပါရမီ ရင့်သန်သူ ဖြစ်သည့်အတိုင်း အချို့နေရာတွင် စာတတ်သော ယောက်ျားများထက် အပြောအဆို အလုပ်အကိုင်မှ စ၍ ပိုမိုစူးရှ ထက်မြက် လှလေသည်။ ခေတ်စာပေကိုသာ တတ်မြောက်ပါက ယခုထက်ပင် ပိုမိုအဆင့်အတန်းမြင့်၍ ကမ္ဘာကျော် အမျိုးသမီးတစ်ဦး ဖြစ်လာနိုင်လိမ့်မည်ဟု ယူဆမိသည်။ အမေစု၏ မှတ်ဥာဏ်မှာ လူအများ၏ လက်ဖျားခါ ချီးကျုးခြင်းခံရလောက်အောင် ကောင်းလှပေသည်။ လူပေါင်းများစွာ အား ငွေပေးချေပြီးနောက် မည်သည့် အချိန်အခါမဆို မည်သူ့အား ငွေမည်မျှ မည်သည့်နေရာတွင် ပေးခဲ့သည်ဟု တိကျစွာ ပြန်ပြောနိင်လေသည်။   အမေစု၏ မိဘများသည် ရှေးလူကြီးများ ဖြစ်သည့်အတိုင်း သမီးကညာ အခါမလင့်စေနှင့် ဆိုသော စကားပုံအရ အမေစုအား အသက် ၁၉ နှစ် ပြည့်သော အချိန်တွင် နတ်မောက်မြို့ အနောက်ပိုင်းရှိ တောင်သူကြီး ဦးဒေကိုး၏ တဦးတည်းသော သား ဦးဖာနှင့် ထိမ်းမြားပေးလေသည်။ မိဘနှစ်ပါး သဘောတူ၍သာ အကြောင်းပါကြရသော်လည်း လက်မထပ်မီ အချိန်က အမေစုမှာ ဦးဖာအား တကြိမ်တခါမျှ မတွေ့မမြင်ခဲ့ရချေ။ ထိမ်းမြား၍ အကြောင်းပါသော အချိန်ကျမှသာ ဦးဖာတွင် ကျောက်ပေါက်မာများ ပါသည်ကို သိလေသည်။ “မောင်ဖာမှာ ကျောက်ပေါက်မာပါမှန်း အိမ်ထောင်ကျမှ သိရတယ်ကွယ်” ဟု တခါတရံရယ်စရာ မောစရာပြောတတ်လေသည်။   ထိုကဲ့သို့ တောင်သူ ဆင်းရဲသား ဦးဖာနှင့် အကြောင်းပါပြီးနောက် ဦးဖာမှာ တဦးတည်းသောသားဖြစ်သဖြင့် ကိုယ်ခွဲမရှိရကား ဦးဖာ၏ မိဘများ အိမ်သို့ လိုက်ပါ နေထိုင်ရရှာလေသည်။ ထိုသို့ယောက္ခမ အိမ်တွင် နေထိုင်စဉ် ၁၂၅၉ ခုနှစ် တွင် သမီးအကြီးဆုံးမခင်ညွန့်ကိုဖွားမြင်သည်။၎င်းနောက် ၁၂၆၀ ပြည့်နှစ်တွင် ဒုတိယ သမီး မ၀က်ကို ဖွားမြင်သည်။ ၁၂၆၃ ခုနှစ်တွင် ၀န်ကြီးဦးဘ၀င်းကို ဖွားမြင်သည်။ ၎င်းနောက် သားသမီးနှစ်ယောက် ဖွားမြင်သော်လည်း ငယ်စဉ်ကပင် အဖတ်မတင်ပဲ ပျက်စီးခဲ့သည်။ ၎င်း အချိန်တွင် အမေစုသည် ယောက္ခမအိမ်တွင်လည်း မနေ၊ မိဘအိမ်တွင်လည်း မနေ၊ မင်းဝိုင်းကြီး အတွင်းတွင် သီးသန့်အိမ်တဆောင် ဆောက်၍ စတင်နေထိုင်ခဲ့လေသည်။၁၂၆၇ ခုနှစ်တွင် ဒုတိယသား ဖြစ်သော ဦးနေအောင်ကို မွေးဖွားလာသည်။ ၎င်းအချိန်တွင် အမေစု၏ တိုက်တွန်းချက် အရ ဦးဖာမှာ တောင်သူဆင်းရဲသားဘ၀ကို စွန့်လွှတ်၍ ပျော်ဘွယ်မြို့တွင် ဥပဒေပညာများကို သွားရောက် သင်ကြားသည်။ ၎င်းနောက် တတိယတန်း အမိန့်တော်ရ စာမေးပွဲကို ၀င်ရောက် ဖြေဆိုရာ နှစ်ချင်းပင် အောင်မြင်ခဲ့လေသည်။ ထိုအချိန်မှ စ၍ ရိုးရိုးမယ်စုဘ၀မှ အမိန့်တော်ရ ကတော် ဒေါ်စုဘ၀သို့ မမြှော်လင့်ဘဲနှင့် ရောက်ရှိလာလေသည်။ ၎င်းနောက် ၁၂၇၃ ခုနှစ်တွင် ဦးအောင်သန်း အား မွေးဖွား၍၊ ၁၂၇၆ ခုနှစ်တွင် ဗိုလ်ချုပ်ဦးအောင်ဆန်းအား နောက်ဆုံး မွေးဖွားလေသည်။ ထို့ကြောင့် အမေစုတွင် အဖတ်တင်သော သားသမီးကြီးပေါင်း ၆ ဦးတိတိ ရှိခဲ့လေသည်။   အမေစုမှာ အိမ်ထောင်ကျစ အချိန်ကစ၍ ဦးနေအောင် မွေးသည့် အချိန်ထိ ဆင်းရဲပင်ပန်းစွာ လုပ်ကိုင်ခဲ့ရလေသည်။ အိမ်သား ဦးဖာမှာ ငယ်စဉ်က မြင်းစီး အလွန် ၀ါသနာပါ၍ ထိုအချိန်က နတ်မောက်တွင် အလွန်ခေတ်စားခဲ့သော မြင်းပြိုင်ပွဲများတွင် ၀င်ရောက် ယှဉ်ပြိုင် စီးနေခြင်းဖြင့် အချိန်ဖြုန်းခဲ့လေသည်။ အမေစု တဦးတည်းကသာ အိမ်ထောင်ကို ထိန်းချုပ်၍ ကျွေးမွေးပြုစုခဲ့ရလေသည်။ အမေစုမှာ ဇာတိသွေးပါသူ ဖြစ်သည့်အတိုင်း ယုတ်ညံ့သိမ်ဖျင်းသော အလုပ်များကို ရှောင်ရှား၍ လက်ဖြင့်ရင်းနှီးရသော ရက္ကန်းရက်ခြင်း၊ တောင်သူလုပ်ခြင်း၊ ချွေတာသုံးစွဲခြင်းဖြင့် သားသမီးများအား လူလားမြောက်အောင် ကျွေးမွေးပြုစုနိုင်ခဲ့လေသည်။   အမေစုသည် ရက္ကန်းဘက်တွင် ကျွမ်းကျင်လိမ္မာသည့်အတိုင်း မိမိအိမ်သားများ ၀တ်ရန်အတွက်သာမက ရောင်းစားနိုင်လောက်အောင်ပင် ရက်လုပ်နိုင်ခဲ့လေသည်။ သမီးအကြီး မခင်ညွန့်နှင့် မ၀က်တို့က မိခင်ကြီးအား ရက္ကန်းအလုပ်တွင် ကူညီလုပ်ကိုင်ခဲ့ကြရသည်။ ထိုအချိန်က ရက္ကန်းယက်ရာတွင် ချည်ကိုသာ နိုင်၍ ပိုး နိုင်သူ ရှားပါးခဲ့သော်လည်း အမေစုမှာ ပိုးကိုင် အတတ်တွင် ကျွမ်းကျင်သောကြောင့် အမေစု၏ ပိုး ရော ချည်ပါ လုံချည်များမှာ အထူးတွင် ကျယ်ခဲ့လေသည်။ အိမ်သား ဦးဖာနှင့် တကွ သားသမီးအားလုံး အိမ်တွင်းဖြစ် သော အထည်ကိုသာ ၀တ်ဆင်ခဲ့ကြသည်။ ၀န်ကြီး ဦးဘ၀င်း၊ ဦးအောင်သန်း၊ ဗိုလ်ချုပ် ဦးအောင်ဆန်းတို့မှာ တက္ကသိုလ်ရောက်သည် အထိ မိခင်နှင့် အစ်မများ ရက်လုပ်ပေးသော ပိုးတကွက် ချည်ဖြူတကွက် လုံချည်များ ၀တ်ဆင် ကျောင်းတက်ခဲ့ရလေသည်။ ၎င်းနောက် အမေစု၏ ကံဇာတာမှာ တရှိန်ရှိန် တက်လာသည့်အတိုင်း ဦးဖာ ကလည်း အမိန့်တော်ရ စာမေးပွဲကို အောင်မြင်လာခြင်း၊ ရက္ကန်းအလုပ်မှ ပဲနှမ်း ဆီ လုပ်ငန်းတို့ကို ကူးပြောင်းလုပ်ကိုင်ခြင်း၊ အမေစု၏ လုံ့လ နှင့် ဥာဏ်ပညာ ကြီးခြင်းတို့ကြောင့် စီးပွားဥစ္စာ အလွန့်အလွန် တိုးတက်လာရကား ဦးအောင်သန်းနှင့် ဦးအောင်ဆန်းတို့ လူလားမြောက်သော အချိန်တွင် နတ်မောက်မြို့ရှိ လူချမ်းသာများ စာရင်းတွင် အမေစုမှာ တဦး အပါအ၀င်ဖြစ်လာလေသည်။ ထို့ကြောင့်ပင် ဦးဘ၀င်း၊ ဦးအောင်သန်း၊ ဦးအောင်ဆန်းတို့အား တချိန်တည်း ဘီအေ အောင်မြင်သည် အထိ ပညာသင်ကြားပေးနိုင်ခြင်း ဖြစ်သည်။ အမေစုသည် အခြားသူများအပေါ်၌ သြဇာရှိသည်သာမဟုတ် သားသမီးများ အပေါ်၌ အထူးပင် သြဇာရှိလာလေသည်။ သားသမီးများအားလည်း စည်းကမ်းတကျ ဖြစ်စေရန် ငယ်စဉ်ကပင် ကျပ်တည်းစွာ ထိန်းသိမ်း ဆုံးမခဲ့သည်။ သမီးအကြီးဆုံး မခင်ညွန့်မှ စ၍ ဦးနေအောင်အထိ အမေစု၏ စကားကို မြေ၀ယ်မကျ နားထောင်ရလေသည်။ သားသမီးများကို အကြွား အလွှာက ဖျက်ဆီးစေနိုင်ကြောင်း သိရှိနားလည်ထားရကား သားသမီးအားလုံးအား သရေစာဘိုး ပေးလေ့ မရှိ၊ အိမ်တွင် ၀ယ်ကျွေးလေ့ရှိသည်။ သားသမီး အားလုံးအား ဈေးဆိုင်များ၌ ၀ယ်ယူစားသောက်ခြင်းကို ခွင့်မပြုချေ။ အ၀တ်ဝတ်ဆင်ရာ၌လည်း အကြွား အလွှား မရှိစေရန် အိမ်တွင်းဖြစ် အ၀တ်အထည်ကိုသာ ၀တ်ဆင်စေသည်။ သားသမီးတိုင်းပင် အပြစ်ရှိက တုတ်ကောက်၍ အမေစုရှေ့မှောက်၌ လက်ဖ၀ါးဖြန့်ကာ အရိုက်ခံကြရသည်အထိ ရိုသေကိုင်းရှိုင်းကြသည်။   ၎င်းနောက် သားဦးနေအောင်၏ အောက် သမီး မရွှေမသည် ၁၂ နှစ်သမီးအရွယ်တွင် အနိစ္စရောက်သွားရာ အမေစု၏ စိတ်ဓါတ်ကို ပြုပြင်ပြောင်းလဲစေခဲ့လေသည်။ ရှေးကကဲ့သို့ သားသမီးများကို သံမဏိ စည်းကမ်းဖြင့် မအုပ်ချုပ်တော့ပဲ စတင် အလိုလိုက်စ ပြုလေသည်။ အထူးသဖြင့် ဦးအောင်သန်း နှင့် ဦးအောင်ဆန်းတို့ အပေါ်တွင် အငယ်ဆုံးသော သားများ ဖြစ်သဖြင့် အလိုလိုက်ခဲ့သည်။ ထိုသို့ မိခင်၏ အလိုလိုက်မှုကြောင့်သာ ဗိုလ်ချုပ်အောင်ဆန်းမှာ နိုင်ငံရေး လုပ်ငန်း၌ သံယောဇဉ် မတွယ်တာဘဲ ကျွတ်ကျွတ်လွတ်လွတ် ပြတ်ပြတ်သားသား ဆောင်ရွက်နိင်ခြင်း ဖြစ်လေသည်။ မိခင်ကြီး၏ အလိုလိုက်ခြင်းကို ခံရသော်လည်း ဗိုလ်ချုပ်အောင်ဆန်းမှာ တိုင်းပြည်ခေါင်းဆောင်ဖြစ်သည်အထိ မိခင်ကြီး၏ အမိန့်ကို မလွန်ဆန်ရဲဘဲ အခြားသားသမီးများကဲ့သို့ ရိုသေကိုင်းရှိုင်းသည်ကို တွေ့ရလေသည်။   အမေစုသည် ငယ်စဉ်အခါကစ၍ ဇာတိသွေးဇာတိမာန် ထက်သန်သည့်အတိုင်း အောက်ကျနောက်ကျ စိတ်မျိုးမရှိ။ မည်မျှလောက် ဆင်းရဲနွမ်းပါးသော်လည်း မည်သူ့ထံကိုမျှ အောက်ကျို့ခြင်းမရှိ၊ မိမိကိုယ်ကိုသာ မိမိအားကိုးသော ကိုယ့်ဒူးကိုယ်ချွန် အမျိုးသမီးကြီး ဖြစ်လေသည်။ အခြားသူများကို မှီခိုအားထားရန် မဆိုထားဘိ၊ မိမိ၏ လင်ယောက်ျား ဦးဖာ အပေါ်ကိုပင် အားမကိုးချေ။ လင်ယောက်ျားအမိန့်တော်ရ မဖြစ်မီအချိန်ကလည်း အမေစုပင် အိမ်ကို ဦးစီး၍ သားသမီးများကို ကိုယ်တိုင်ကြိုးစားအားထုတ်ပြုစု ကျွေးမွေးခဲ့သည်။ လင်ယောက်ျား အမိန့်တော်ရ စာမေးပွဲ အောင်မြင်လာသော အခါ၌လည်း အမေစုပင် ယောက်ျားနှင့် တန်းတူ ပခုံးချင်းယှဉ်၍ ကုန်အရောင်းအ၀ယ်ကို ဆက်လက် လုပ်ကိုင်ခဲ့လေသည်။ လင်ယောက်ျား အနိစ္စရောက်သွားသော အချိန်၌လည်း မုဆိုးမ ဘ၀နှင့်ပင် ကုန်အလုပ်များကို ဆက်လက်ရောင်းဝယ်ကာ ဟန်မပျက် နေထိုင်ခဲ့လေသည်။ အမေစု၏ တစ်ဘ၀လုံးသည် ကြီးကျယ်သော ဆွေမျိုးထု အလယ်၌ လည်းကောင်း ကြီးမားသော အိမ်ထောင်စုကြီး၌ လည်းကောင်း၊ ဦးစီးခေါင်းဆောင် အဖြစ်ဖြင့် အမြဲတမ်းလုပ်ကိုင်ခဲ့ရပေသည်။ အမေစု၏ များပြားလှသော ပစ္စည်းတို့မှာ အမေစု တဦးတည်း လုပ်ကိုင်ခဲ့သော လက်ရာများ ဖြစ်သည်ဟု ဆိုက မှားမည် မဟုတ်ချေ။   အမေစုမှာ ငယ်စဉ်အခါက မဟုတ်မခံဇတ်ဇတ်ကြဲ အမျိုးသမီးတစ်ဦး ဖြစ်ခဲ့လေသည်။ အမေစုသည် နကို သဘောအားဖြင့် စကားနည်း၍ အခြားအိမ်များသို့ အလည်အပတ် သွားတတ်သော အကျင့်မျိုး မရှိပေ။ မိန်းမ တဦးနှင့် တဦး စကားယူ စကားပို့ ပြုလုပ်လိုသော ၀ါသနာလည်း မရှိခဲ့ပေ။ ထိုခေတ်ထိုအခါက နတ်မောက်မြို့ပေါ်တွင် မင်းကတော်များ အမိန့်တော်ရ ကတော်များ ပေါများ၍ တဦးနှင့် တဦး ပြင်းထန်စွာ ဂုဏ်ပြိုင်ခြင်း ခေတ်စားခဲ့လေသည်။ လင်ယောက်ျားများ ရုံးတက်နေစဉ် အိမ်၌ အလုပ်မရှိသော မင်းကတော်များ၊ အမိန့်ရ ကတော်များသည် တအိမ်တက် တအိမ်ဆင်း အလည်သွားကာ တဦး၏ အကြောင်း ကို တဦး အတင်းပြောဆို ခြင်းဖြင့် အချိန်ကုန်ခဲ့ကြလေ၏။ အမေစုကား ၎င်းတို့၏ လောကကို ရွံရှာ မုန်းတီး သည့်အတိုင်း ၎င်းတို့နှင့် မပေါင်းဘဲ တဦးတည်း ရှောင်ကွင်း၍ ကိုယ့်အလုပ်ကိုသာ လုပ်ကိုင် အချိန်ဖြုန်းခဲ့လေသည်။ သို့သော် တနေ့တွင် အမေစု၏ ပစ္စည်းတိုးတက်လာမှုကြောင့် ဂုဏ်ပြိုင်လိုသော အမိန့်တော်ရ ကတော်တဦး ပေါ်ပေါက်လာလေသည်။ ၎င်း အမိန့်တော်ရ ကတော်သည် အမေစုနှင့် ပတ်သက်၍ မဟုတ်မမှန်သောသတင်းကို နတ်မောက်တောင်ပိုင်း၌ ဖြန့်မိလေသည်။ ၎င်း၏ ၀ါဒဖြန့်မှုကို အမေစုကိုယ်တိုင် နားဆတ်ဆတ် ကြားရလေသောအခါ လူဖြောင့်စိတ်တို ဆိုသည့်အတိုင်း သည်းမခံနိုင်လောက်အောင် စိတ်ဆိုးလာလေသည်။ ချက်ခြင်းပင် လုံချည်တိုတို ၀တ်၍ အင်္ကျီလက်ကိုပင့်ကာ နတ်မောက်တောင်ပိုင်းသို့ ဒလကြမ်း လိုက်၍ ရှာလေသည်။ အမိန့်တော်ရ ကတော်တဦး၏ သမီးအိမ်တွင် ထို အမိန့်တော်ရ ကတော်အား တွေ့လျှင် တွေ့ချင်း အမေစုသည် အခြားမိန်းမများကဲ့သို့ နှုတ်သီးကောင်း ရှာပါး သဘောမျိုးဖြင့် ရန်တွေ့ပြောဆို နေခြင်း မရှိဘဲ အမိန့်တော်ရ ကတော်၏ ဆံပင်ကို ဆွဲကိုင်၍ နဖူးကို အုတ်ကြမ်းပြင်ဖြင့် ပွတ်တိုက်ပစ်သည့်ပြင် လက်ဖြင့် အကြိမ်ကြိမ် ရိုက်နှက်မိလေသည်။ အတင်းပြောမိသော အမိန့်တော်ရ ကတော်မှာ ဒဏ်ရာ ပြင်းပြစွာရ၍ အိမ်ထဲမှာ တလတိတိမထွက်ဘဲ ပုန်းအောင်းနေခဲ့ ရလေသည်။ ၎င်းအမိန့်တော်ရကတော်မှာလည်း ရုံးတွင် တရားစွဲက ပို၍ အရှက်ကွဲမည် စိုး၍ မတိုင်ဘဲ နေခြင်းကြောင့်သာ အမေစုမှာ အမှုမှာ ကင်းလွတ်ခဲ့ခြင်း ဖြစ်သည်။   အမေစုသည် စာလုံးဝ မတတ်မြောက်ငြားသော်လည်း လောကီရေး၊ လောကတ္တရာ ရေးတို့၌ အကြားအမြင် ကျွမ်းကျင်စွာ တတ်မြောက်လေသည်။ ၁၉၁၄ ခုနှစ်က စ၍ ပဲ၊ ဆီ၊ နှမ်း ကုန်များကို မြန်မာ၊ တရုတ်၊ ကုလား ကုန်သည်ကြီးများနှင့် ပခုံးချင်း ယှဉ်၍ ကြီးကျယ်စွာ လုပ်ကိုင်ခဲ့သည်။ ၀ါရင့် ပြီးသား ကုန်သည်ကြီးများပင် အရောင်း အ၀ယ်၌ အမေစုကို မယှဉ်ပြိုင်ဝံ့ ကြချေ။ အမြဲ အရှုံးပေးကြရလေသည်။ အမေစုမှာအရောင်းအ၀ယ်ကို အိမ်ပေါ်မှ ထိုင်၍သာ လုပ်ကိုင်သည်၊ မည်သည့် မြို့ရွာ ကိုမျှ မသွား။ သို့သော် လာဘ်မြင်ခြင်း၊ အကင်းပါးခြင်း ရဲရင့်ခြင်း၊ စွန့်စားဝံ့ခြင်း၊ ဆက်ဆံရေးကောင်းခြင်း များကြောင့် နတ်မောက်ရှိ ကုန်သည်တိုင်း အမေစုကို အန်မတုရဲဘဲ အမေစု၏ လက်အောက်သို့သာ ၀င်ရောက်ကြရလေသည်။   အမေစု၏ ထူးခြား မွန်မြတ်သော အရည်အချင်းတခုမှာ ဘာသာရေးဘက်၌ အလွန့်အလွန် ရိုသေကိုင်းရှိုင်းလှခြင်းပင် ဖြစ်သည်။ အမေစုသည် အမြဲပင် ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်း၍ ရုန့်ရင်းကြမ်းတမ်း သိမ်ဖျင်းသော စကားများကို မည်သည့်အခါမျှ ပြောဆိုလေ့၊ ပြောဆိုထ မရှိချေ။ ဆိုလိုသည်မှ နှုတ်ကြမ်း အာကြမ်းခြင်းများမှ ရှင်းရှင်းကင်းလွတ်သူဖြစ်သည်။ သို့သော် အမှန်တရားကို အမှန်တရားအတိုင်း အသွယ်အ၀ိုက် မရှိဘဲ ဘွင်းဘွင်းနှင့် ရှင်းရှင်းပြောတတ်လေသည်။ အရောင်းအ၀ယ်တွင် မုသား အနည်းငယ်သုံးမှသာ အောင်မြင်နိုင်သည်ဟု လူတိုင်း ယူဆနေကြသော်လည်း အမေစုသည် ၎င်းအယူအဆကို လက်မခံချေ။ အရောင်းအ၀ယ်ပြုလုပ်ရာ၌ မုသားသုံးလေ့ မရှိ။ ၀ယ်ချင်သော ဈေးကို မဆစ်ပဲ ၀ယ်၊ ရောင်းချင်သော ဈေးကို အပိုမဆိုဘဲ တိကျစွာ ပြောဆိုရောင်းချ တတ်လေသည်။ အရောင်းအ၀ယ် လုပ်ကိုင်နေသော ဆွေမျိုးသားချင်းများအားလည်း ညစ်ပါတ်စုတ်ပဲ့သော ကောက်ကျစ်ဥာဏ်များ မသုံးရန်၊ အထူးသဖြင့် အလေးတင်းတောင်းများ မခိုးရန် အမြဲဆုံးမလေ့ရှိသည်။ ပညာ၊ ဥစ္စာ၊ ကုသိုလ် သည်ကလွဲ အမှုပို ဟူသော စကားကဲ့သို့ အမေစုသည် နေ့စဉ် ဥစ္စာရလျှင် ရ၊ မရလျှင် ပညာရ ရမည်။ ပညာမရလျှင် ကုသိုလ်ရ ရမည် ဟူသော ၀ါဒကို အမြဲလိုက်နာခဲ့သူဖြစ်သည်။ နေ့စဉ် ရေချမ်းသက်စေ့ ဆွမ်းသက်စေ့လှူ၍ အချိန်ရသမျှ ပုတီး စိပ်နေထိုင်တတ်သူဖြစ်သည်။ ဥပုသ်နေ့တိုင်း ရှစ်ပါးသီလကို စောင့်ထိန်းလေ့ရှိသည်။ မောင် ဘုန်းကြီးဖြစ်သော သိမ်တော်ကျောင်း ဦးဃောသိတ၏ ကျောင်းတိုက်နှင့် ဘုရားကြီး ကျောင်းတိုက်တို့တွင်လည်း ပစ္စည်း လေးပါး ဒါယကာ ဖြစ်သည်။ နိစ္စပါတ် ဆွမ်းအဖြစ်ဖြင့် ကျောင်းသုံးကျောင်းသို့ ဆွမ်းဝတ်သုံးဝတ်ကို အိမ်ထောင် ကျသည့် အချိန်ကစ၍ အနိစ္စရောက်သည့်အချိန် အထိ အမြဲတမ်း ချက်ပြုတ်လှုဒါန်းခဲ့သည်။ ရေတွင်း၊ ရေကန် ဇရပ် တန်ဆောင်းစသော အမေစု၏ ထာဝရ ကုသိုလ်များမှာလည်း များပြားလှပေသည်။ အမေစုသည် ဆွေမျိုးများနှင့် တကွ ၎င်းထံ လာရောက် ဆည်းကပ်ကြသော လူတိုင်းအား ကံ၊ ကံ၏ အကျိုးကို အမြဲ ဟောပြောလေ့ ရှိသည်။ ကံတရား၏ ပြုပြင်ဖန်တီးမှု့များကို အထူးယုံကြည်လေးစားသည်။ ဘ၀ကံကြောင့် ရဟန္တာ ရှင်မောဂ္ဂလာန် မထေရ်ပင် ခိုးသားငါးရာ၏ ရိုတ်ပုတ်ညှင်းဆဲခြင်း ခံရသေးတာဘဲ။ တို့လဲ အတိတ်ကံပါလာရင် ဘယ်လိုမှ ရှောင်လွဲနိုင်မှာ မဟုတ်ဖူး။ ကျွန်ုပ်သေရင် ဘယ်ပစ္စည်း၊ ဘယ်သားသမီးမှ ပါလာမှာ မဟုတ်ဘူး။ ကုသိုလ်ကံ၊ အကုသိုလ်ကံ နှစ်ပါးသာ ပါလာမယ်။ အကုသိုလ် ကြောက်ကြ ဟု အမြဲ ဟောပြော ဆုံးမလေ့ရှိသည်။   အမေစုသည် သူတပါးအပေါ်၌ မှီခို အားထားလေ့ မရှိကြောင်း အထက်တွင် ဖေါ်ပြခဲ့လေပြီ။ ငယ်စဉ်ကလည်း သူတပါးအပေါ် မှီခိုလိုစိတ်မရှိ။ အိမ်ထောင်ကျသော အခါ၌ လည်း လင်ယောက်ျား အပေါ်၌ မှီခိုလိုစိတ်မရှိ။ အသက်ကြီးရင့် လာသော်လည်း သူတပါးအပေါ်မဆိုထားဘိ မိမိသားသမီး အရင်းများ အပေါ်၌ပင် မှီခိုအားကိုးလိုသော ဆန္ဒမျိုးမပြခဲ့ပေ။ သားသမီးများထံမှ တစုံတရာ မျှော်လင့်ခြင်း မရှိ။ အမေစုကသာ ရှိသမျှပစ္စည်းများကို ခွဲဝေပေးလိုသည်ဟု မကြာခဏ ပြောသံ ကြားခဲ့ရဘူးလေသည်။ သားများ၊ ချွေးမများ သမီးများ သမက်များက ကုသိုလ် ရလိုသဖြင့် ကန်တော့ကြသော ပစ္စည်းများကိုပင် သမီး သမက်၊ သား၊ ချွေးမများ ကုသိုလ်ရစေရန် အတွက်သာ အနည်းငယ်စီ သုံးဆောင်၍ ပိုသမျှကို ဘုန်းကြီးကျောင်းများသို့ ပို့တန်ပို့၊ ဆင်းရဲ နွမ်းပါးသူများအား ပေးတန်ပေး နှင့် အားလုံး စွန့်ကြဲလေ့ရှိလေသည်။   အမေစုကား မင်းမျိုးစိုးမျိုးဖြစ်သည့်အတိုင်း အမျိုးဇာတိ မြင့်မြတ်လှသည်။ လောကီ အားဖြင့်လည်း ဥစ္စာဓန ကြွယ်ဝသည်။ ဆွေမျိုးအင်အား တောင့်တင်းသည်။ သားသမီး အားလုံးမှာလည်း အထက်တန်းစား ဘ၀သို့ ရောက်ရှိနေကြပြီ။ သို့သော် ဤအရှိန်အ၀ါ အဆောင်အယောင်များဖြင့် သူတပါး အပေါ်အနိုင်ယူလိုခြင်း၊ ကြွားဝါလိုခြင်း စသော ညံ့ဖျင်းစိတ်များ လုံးဝကင်းစင်သည်။ အမေစု၌ကား ကြီးမားသော မာနတခု ရှိလေသည်။ ၎င်းမာနမှာ သူတပါးအပေါ် အနိုင်ကျင့်လိုသော မာနမျိုး၊ အခွင့်အရေးယူလိုသော မာနမျိုး မဟုတ်ချေ။ မိမိကိုယ်ကို မိမိအားကိုး၍ မတရားသော အခွင့်အရေးများကို မလိုလားသော မာနမျိုး အစစ်ဖြစ်သည်။ သားထွေး ဗိုလ်ချုပ် အောင်ဆန်းမှာ မြန်မာနိုင်ငံတော်တွင် အကြီးမားဆုံးသော တန်ခိုးအာဏာ ရာထူးကို ရရှိနေသည့်အပြင် သားကြီး ဦးဘ၀င်းမှာလည်း ၀န်ကြီး ရာထူးကိုရရှိထားသူ ဖြစ်၏။ သို့သော် အမေစုသည် သားနှစ်ဦးအား ကိုယ်နှင့် မဆိုင်သောကိစ္စများ၌ တစုံတရာ အမိန့်ပေးခြင်း၊ စွက်ဖက်ခြင်း မပြုလုပ်ခဲ့ပေ။ အရာရှိ ကြီးငယ်များနှင့် အတူ အချောင်သမားများသည် အမေစုကို ကပ်ရပ်၍ အခွင့်အရေးယူရန် ကြိုးစားကြသည်။ သို့သော် အမေစုသည် သားနှစ်ဦးအား မည်သည့်အခါမျှ ၎င်း ကိစ္စများ၌ စွက်ဖက်ပြောဆိုခြင်း မရှိခဲ့ပေ။ သားနှစ်ဦးသည် မိဘကို ရိုသေသူများဖြစ်သည့်အတိုင်း မိခင်၏ သြဇာကို နာခံမှန်း သိသော်လည်း မတရားသော လုပ်ရပ်များ၌ သားနှစ်ဦးအပေါ်တွင် မိခင်၏ သြဇာ တကြိမ်မျှ မသုံးစွဲခဲ့ပေ။ ထို့ကြောင့်ပင် ဗိုလ်ချုပ်ဦးအောင်ဆန်းနှင့် ၀န်ကြီးဦးဘ၀င်းတို့မှာ အနိစ္စရောက်သည့် အချိန်ထိ နိင်ငံရေးလောက၌ မှည့်တပေါက်မစွန်းဘဲ အသန့်ရှင်းဆုံး ပုဂ္ဂိုလ်များ အဖြစ်ဖြင့် ရာဇ၀င်တွင်အောင် ဆောင်ရွက်နိင်ခဲ့ကြခြင်းဖြစ်ပေသည်။   ဗိုလ်ချုပ်၏ အရှိန်ဖြင့် နတ်မောက်မြို့သို့ ရောက်ရှိလာကြသော နိုင်ငံရေးခေါင်းဆောင်များ၊ ရဲဘော်ရဲမေများ အရာရှိ ကြီးငယ်များသည် အမေစု၏ အိမ်သို့ ၀င်ရောက်၍ ကန်တော့လေ့ရှိကြသည်။ ၎င်းနောက် အမေစုအား မျက်နှာလုပ်လိုသော အားဖြင့် အကူအညီ တစုံတရာ အလိုရှိပါက အမိန့်ရှိရန်နှင့် လိုအပ်သော အကူအညီများ ပေးပါမည်ဟု ပြောဆိုကြသည်။ သို့သော် အမေစုသည် အခြားသော သူများကဲ့သို့ မတရားသော အခွင့်အရေးကို ရယူလိုသော စိတ်မျိုးမရှိသဖြင့် မည်သည့် အကူအညီမျိုးကိုမျှ တောင်းယူလေ့မရှိချေ။ ရန်ကုန်မြို့ရှိသားသမီးများထံ အလည်အပါတ်သွားရာ၌ပင် အထူးအခွင့်အရေး အဖြစ်ဖြင့် မော်တော်ကား တောင်းခြင်း၊ အစောင့်အရှောက် တောင်းခြင်း စသော အခွင့်အရေး ရိုးရိုးများကိုပင် တောင်းဆိုလေ့မရှိချေ။ သာမန်အရပ်သူ အရပ်သားတဦးကဲ့သို့ပင် မိမိစရိတ်ဖြင့် သွားလာခဲ့လေသည်။ ထို့ကြောင့်ပင် အမေစု အနိစ္စရောက်သည့်အထိ ကိုယ်ပိုင်မော်တော်ကားမရှိ၊ မီးရထား သင်္ဘောတို့၌ ပထမတန်းမှ စီးခဲ့ဘူးခြင်း မရှိ။လေယာဉ်ပျံဖြင့် သွားလာခဲ့ခြင်း မရှိခဲ့ချေ။ အာဏာရနေသော သားနှစ်ဦး၏ အရှိန်ကို ယူ၍လည်း လူုထုအပေါ်၌ မတရား ညှဉ်းပန်း နှိပ်စက် ပြုမှုခြင်း လုံးဝကင်းစင်သည့်ပြင် မာနသံပါသော စကားမျိုးကိုပင် နိုင့်ထက်စီးနင်း ပြောခြင်းမျိုး တကြိမ်မျှ မတွေ့ခဲ့ရဘူးပေ။   အမေစု ရှာဖွေ စုဆောင်းခဲ့သော ပစ္စည်းများမှာအလွန်ပင် သန့်ရှင်းစင်ကြယ်လှပေသည်။ မတရား ညစ်ပတ်သော နည်းဖြင့် ရှာဖွေခဲ့သော ပစ္စည်းတစုံတခုမျှ မပါဟု ဆိုရဲပေသည်။ ထို့ကြောင့်ပင် အမေစု၏ ကြီးမားလှသော ပစ္စည်းထုကြီးမှာ ခေတ်အမျိုးမျိုးနှင့် ရင်ဆိုင်ခဲ့ရသော်လည်း အနည်းငယ်မျှ ပျက်စီးထိခိုက်ခြင်း မရှိခဲ့ပေ။ ဂျပန်ခေတ်က လူဆိုးသူခိုးများကို ကြောက်သဖြင့် အိမ်အောက်တွင် ရွှေအချို့ကို မြှုပ်နှံထားရာ ဓါတ်သိ အိမ်တွင်းသူခိုး တဦးက အားလုံးတူးဖော် ခိုးယူသွားသည်။ သို့သော် ဥစ္စာရင်း မှန်သည့် ပြင် စင်ကြယ်သော ပစ္စည်းဖြစ်သဖြင့် တခုမကျန်ပြန်၍ ရရှိလေသည်။ အမေစု၏ တသက်တာတွင် မီးဘေး၊ ရေဘေး၊ ခိုးသူ ဓါးပြဘေးတို့မှ လုံးဝကင်းစင်ခဲ့သဖြင့် အံ့ဘွယ်တပါးပင် ဖြစ်ပေသည်။ အမေစုသည် အလွန်သနား ကရုဏာ ကြီးလှသော အမျိုးသမီး ပုဂ္ဂိုလ်ထူး တယောက်ဖြစ်သည်။ ဆင်းရဲသူကို တွေ့ရှိက သနားညှာတာ ထောက်ထား၍ ကူညီမစ တတ်လေသည်။ သူတပါးအပေါ်၌ ဣသာ မစ္ဆရိယ စိတ်မျိုး လုံးဝ မရှိသည့် အပြင် သူတပါး ပျက်စီးမည်ကို အလွန်စိုးရိမ်ပူပန် တတ်သည်။ သူတပါးချမ်းသာသည်ကိုလည်း အမြဲကြားလို ၊မြင်လို တွေ့လိုသည်။ ထို့ကြောင့်ပင် ဆွေမျိုးဖြစ်စေ၊ တစိမ်းဖြစ်စေ လုပ်ရည်ကိုင်ရည်ရှိမည်ဆိုပါက လူရော ငွေပါ ကူညီ ထောက်ပံနည်းပေးလမ်းပြ ပြုမူခြင်းများကြောင့် နတ်မောက်နယ်တွင် ဥစ္စာစီးပွားတိုးတက်လာသူများ အလွန်များခဲ့လေသည်။ အမေစုမှာ အဘိဇ္ဈာတရား ကင်း၏။ မိမိချမ်းသာသလို သူတပါးအား ချမ်းသာစေလို၏။ သို့သော် အမေစု အမုန်းဆုံးသူမှာ ကတိသစ္စာမရှိသော သူပင် ဖြစ်သည်။ အမေစုအပေါ်၌ တကြိမ် ကတိသစ္စာပျက်မိက နောက်ထပ် အမေစုနှင့် ဆက်ဆံရန်ခဲယဉ်းလှသည်။   အမေစု၌ ထူးခြားသော အင်္ဂါတရပ်ရှိလေသည်။ မည်သူ့ကိုမျှ အဂတိ တရားလေးပါး လိုက်စား၍ မဟုတ်မမှန်သည်ကို ဟုတ်မှန်ပါသည်။ မကောင်းသည်ကို ကောင်းပါသည် ဟု အားနာ၍ မပြောတတ်။ အမှန်ကို အမှန်အတိုင်း မတရားသည်ကို မတရားသည့်အတိုင်း ရှေ့တွင် ပြောင်ပြောင်ပြောဝံ့သည့် သတ္တိပင် ဖြစ်သည်။ မည်မျှလောက်ပင် ဂုဏ်သရေတန်ခိုးအာဏာ ကြီးမားသောသူ ဖြစ်စေ မဟုတ်မမှန် မတရားပြောဆိုနေက အမေစုသည် အားနာသောအားဖြင့် နားထောင်နေတတ်ခြင်းမရှိ။ အမှန်အတိုင်း ပြောင်ဖွင့်၍ ပြောတတ်သည်ကို ကျွန်ပ်ကိုယ်တိုင် မကြာခဏ တွေ့မြင်ခဲ့ရသည်။   အမေစု၏ အံ့သြဖွယ် ကောင်းလောက်အောင် ထူးခြား ပြောင်မြောက်လှသော အရည်အချင်းတခုမှာ စိတ်ဓါတ်ခိုင်မြဲ တည်ကြည်တတ်ခြင်းပင် ဖြစ်သည်။ အမေစုကဲ့သို့ ပြင်းထန်လှသော လောကဓံတရား၏ ရိုတ်ခတ်မှုကို ရင်ဆိုင်ရာ၌ စိတ်တည်တံ့ခိုင်မြဲသူမှာ အတောင်ပင် ရှားပါးလှလေသည်။ အမေစုသည်ဗုဒ္ဓမြတ်စွာ၏ ကံတရားကို ကြွင်းမဲ့ဥဿုံ ယုံကြည်ကိုးစားသည်။၎င်း ယုံကြည်မှုကြောင့် သာမန် ယောက်ျားများ ပင် ရင်မဆိုင်ရဲသည့် အဖြစ်မျိုးကို စိတ်ထားကြည်လင် ခိုင်မြဲစွာရင်ဆိုင် နိင်ခဲ့ခြင်းဖြစ်သည်။ အမေစု၏ အံ့သြဖွယ် ကောင်းလောက်အောင် စိတ်တည်တံ့ခိုင်မြဲမှုကို အလွန်ချစ်လှသော သားကြီး ဦးဘ၀င်းနှင့် သားထွေး ဗိုလ်ချုပ်တို့ ရန်သူ၏ လက်ချက်ဖြင့် သွေးစိမ်းရှင်ရှင် ထွက်ကာ မချိမဆံ့ ရုတ်တရက် ကွယ်လွန် အနိစ္စရောက်ရသော အချိန်၌ တွေ့မြင်ရတော့လေသည်။   ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံးကြီး၌ တကမ္ဘာလုံး တုန်လှုပ်သွားစေသည့် လုပ်ကြံမှုကြီး ပေါ်ပေါက်ခဲ့ရာ အမေစု၏ သားကြီး ဦးဘ၀င်းနှင့် သားထွေး ဗိုလ်ချုပ်တို့ နှစ်ဦးလည်း ရန်သူ၏ သေနတ်ဖျား၌ မချိမဆံ့ ရက်စက်စွာ ပစ်သတ်ခြင်း ခံရသော သတင်းဆိုးကြီးမှာ တမုဟုတ်ချင်း ရေဒီယိုမှ တဆင့် နတ်မောက်မြို့သို့ ရောက်ရှိလာလေသည်။၎င်းသတင်းကို နတ်မောက်တွင် ပထမဆုံးကြားရသူမှာ ကျွန်ုပ်ပင် ဖြစ်သည်။ ၎င်း သတင်းဆိုးကြီးသည် ယောက်ျားစင်စစ်ဖြစ်သော ကျွန်ုပ်ကိုပင် နှလုံးသွေးရပ်သွားမတတ် ထိခိုက်လေသည်။ ဦးဘ၀င်းနှင့် ဗိုလ်ချုပ်တို့မှာ ကျွန်ုပ်နှင့် သွေးများစွာ ရင်းသည်။ ညီအစ်ကိုတော်သည့်ပြင် ငယ်စဉ်က ကစားဘက် ရန်ဖြစ်ဖက်၊ စာသင်ဘက် ဖြစ်ခဲ့သည်။ ဆွေမျိုး သံယောဇဉ်အရ ရေဒီယို နားထောင်ရင်းပင် မဆည်နိုင်အောင် ငိုမိတော့လေသည်။ ၎င်းနောက် ကျွန်ုပ်မှာ ကြီးမားသော ပြဿနာတရပ်နှင့် ရင်ဆိုင်ရတော့သည်။ ဤသတင်းဆိုးကြီးကို အမေစုအား ချက်ခြင်းဖွင့်ပြောသင့်၊မပြောသင့် ဟူသော ပြဿနာပင် ဖြစ်သည်။ ဤသတင်းမှာ အမေစုဦးစွာ သိသင့်သော သတင်းဖြစ်သဖြင့် အမြန်ဆုံး အသိပေးသင့်သည်ဟု ပထမတွင် စဉ်းစားမိသည်။ သို့သော် ဤသတင်းသည် ကျွန်ပ်၏ စိတ်ကိုပင် အလွန်ထိခိုက်သွားစေသဖြင့် အသက်အရွယ်ကြီး၍ အချစ်ကြီးလှသော မိခင်အိုကြီးမှာ ဤသတင်းကို ကြားသိရပါက အသက်ပင်စိုးရိမ်ရလောက်အောင် ဖြစ်သွားပေမည်လောဟု တွေးတော စိုးရိမ်၍ တတ်နိင်သမျှ ဖုံးဖိ ထားရန် စဉ်းစားမိပြန်သည်။ သို့သော် ၎င်းနေ့ ညအချိန်မရောက်မီပင် မကွေး- တောင်တွင်း မော်တော်ကားများ နတ်မောက်သို့ ပြန်လည်ရောက်ရှိလာရာ သတင်းဆိုးကြီးသည် တောမီးကဲ့သို့ ငြိမ်းမရအောင် ရုတ်တရက်ပျံ့နှံ့သွားတော့လေသည်။ ၎င်းအချိန်တွင် သတင်းဆိုးကြီးကို ဖုံးအုပ်မရနိုင်တော့ကြောင်း ရိပ်မိကာ အမယ်ကြီးအား သတင်းကို တတ်နိုင်သမျှ လှည့်ပတ်ပြောဆိုပြီး စိတ်ဖြေပေးရတော့မှာဘဲဟု စဉ်းစား၍ အမေစုအိမ်သို့ ရောက်ရှိသွားလေသည်။   ကျွန်ုပ်သည် အလိုလိုမျက်နှာမကောင်းသော အမေစုနှင့် ရင်ဆိုင်မိကြလေပြီ။ လောကတွင် မကောင်းသတင်းကို သက်ဆိုင်သူ ကာယကံရှင်အား မျက်နှာချင်းဆိုင်၍ ဖွင့်ဟပြောရသော အလုပ်သည် အခက်အခဲဆုံးအလုပ်ဟု ယူဆမိသည်။ သို့သော် မပြောလျှင် မဖြစ်နိုင်သော အခြေသို့ ဆိုက်ရောက်လာသဖြင့် တစ၊ တစ သွယ်ဝိုက်၍ ဗိုလ်ချုပ်တို့ ဒဏ်ရာရသော သတင်းကို သွယ်ဝိုက်ပြောလိုက်ရလေပြီ။ သတင်း၏ အဆုံးတွင် အမေစုသည် စိတ်ထိခိုက်ကာ တခုခုဖြစ်သွားလေမလားဟု စိုးရိမ်၍ အရေးရှိက အသင့်ဖြစ်ရန် ကျွန်ုပ် အထူးသတိထားသည်။ သွေးဆေး၊ ကွမ်းရွက် စသည်များလည်း ကျွန်ုပ်၏ အိတ်တွင် အသင့် ပါလာခဲ့သည်။   သို့သော် အမေစုမှာ တကယ် အမှန်ဘဲလား ကွယ်…မလိုတဲ့သူတွေက လုပ်ကြံပြောတာလား… ပွဲချင်းပြီးရောလားကွယ့်.. ဟုမေးပြီး မျက်ရည်များ ၀ိုင်းလာရုံမှ အပ အခြားစိတ်ထိခိုက်မှုများကို မပြချေ။ “မှန်ရင်လဲ ဘ၀ကံအကြောင်းပေါ့ ကွယ်…” ဟု တခွန်းမျှပြောကာ တည်ငြိမ်ဆိတ်ငြိမ်စွာ နေပြီးနောက် အတော်ကြာ စကားမပြောဘဲ ရပ်ဆိုင်းနေလေသည်။ နောက်ဆုံးတွင် ကျွန်ုပ်အား သားနှစ်ဦး၏ အလောင်းကို ကြည့်ရန် ရန်ကုန်အထိလိုက်ပို့ရန် ပြောသည်။ ကျွန်ုပ်လည်း ချက်ချင်းပင် လိုက်ပို့ပါမည်ဟု ၀န်ခံကတိပေးသည်။ ကျွန်ုပ်၏ ထင်မြင်ယူဆချက်မှာ မှားလေပြီ။ “သတင်းဆိုး ကြားလျှင် အမယ်ကြီး သေသွား လျှင် အမယ်ကြီး သေသွားမလား၊ရူးသွားမလား၊ တခုခု တော့ ဖြစ်မှာဘဲ” ဟု ယူဆမိခြင်း မှားလေပြီ။ အမေစု၏ စိတ်ဓါတ်သည် ကျောက်တိုင် ကျောက်ခဲကြီးများပမာ တည်ကြည်မြဲမြံလှပါပေသည်။ လူတဦးအား ရူးစေနိုင်သည့် ဤသတင်းဆိုးသည် အမေစု၏ စိတ်ဓါတ်ကို ယိမ်းယိုင်သွားအောင် ကိုင်မလှုပ်နိုင်ပေ။ အမေစု၏ အာဇာနည်စိတ်ဖြစ်သော ခိုင်မြဲတည်တံ့လှသည့် စိတ်ဓါတ်ကို အံ့လည်း အံ့သြမိသည်။ ချီးလည်း ချီးကျုးမိသည်။ ဂုဏ်လည်း ပြုမိသည်။   အမေစုမှာ ၀န်ကြီးဦးဘ၀င်းအားလည်း အကြီးဆုံးဖြစ်၍ အချစ်ပို၏။ ဗိုလ်ချုပ်ကိုလည်း အငယ်ဆုံးဖြစ်၍ မျိုမတတ်ချစ်၏။ ရင်သွေး အစစ်ဖြစ်သည့် ကမ္ဘာကျော်သားနှစ်ဦးအား တချိန်တည်း ရန်သူ၏ လက်ချက်ဖြင့် မယုံနိုင်လောက်အောင် လုပ်ကြံခြင်းခံရသော သတင်းဆိုးသည် သာမန် မိဘဖြစ်မည်ဆိုပါက ချက်ခြင်းပင် အသက်အန္တရာယ် ထိခိုက်စေနိုင်၏။ သို့သော် အမေစု၏ စိတ်ဓါတ်ကား သံမဏိပမာ ခိုင်မြဲလှ၏။ စိတ်ဖောက်ပြန်ခြင်းမရှိ။ ပကတိ သဘောတရားအရ ကြမ္မာဆိုးကို ရဲရင့်တည်ကြည်သော မျက်နှာဖြင့် အာဇာနည်များ၏ မိခင်ပီပီ ခံယူခဲ့လေသည်။   ၎င်းနောက် ရန်ကုန်မှ စေလွှတ်သော ဆလွန်းကားများဖြင့် ကျွန်ုပ်တို့သည် ရန်ကုန်မြို့သို့ ထွက်ခွာလာကြသည်။ လမ်းတလျှောက်လုံးတွင်လည်း အမေစုမှာ မျက်နှာညှိုးငယ်ရုံမှ အပ အခြားပြင်းထန်သော လှုပ်ရှားသော အမူအရာများကို လုံးဝမပြချေ။ ညအချိန်တွင် ဂဠုန်ဦးစော၏ အခြေခံစခန်းဖြစ်သော သာယာဝတီမင်းလှမြို့များသို့ ရောက်ရှိကြသည်။ အချိန်ကလည်းမလှသည့်ပြင် ဂဠုန် ဦးစော၏ နယ်လည်း ဖြစ်သဖြင့် လိုက်ပို့ကြသော ရဲဘော်များက အမေစုကို ဘေးဥပဒ်ဖြစ်မည် စိုး၍ ဘာမျှ မပြောဘဲ နှုတ်ဆိတ်ဆိတ် နေရန် သတိပေးကြသည်။ သို့သော် အမေစုမှာ ကြောက်လန့်ခြင်း မရှိ။ ငါ့သားများရယ် လူလူချင်း မသတ်နိုင်ပါဘူး… ကံသတ်မှ သေတာပါကွယ့် … ကြောက်စရာမရှိပါဘူး။ သေလဲ မထူးပါဘူး ဟုပြန်ပြောသဖြင့် ရဲဘော်များမှာ နောက်ထပ်ဘာမှ ပြန်မပြောရဲဘဲ ခေါင်းငုံ့နေကြတော့သည်။ ကျွန်ုပ်မှာ အမယ်ကြီး၏ သူရသတ္တိ ရှိပုံကို ထပ်မံချီးကျုးမိပြန်လေသည်။   ရန်ကုန်သို့ ရောက်၍ သားနှစ်ယောက်၏ အလောင်းစင်ပြိုင်ကို တွေ့မြင်ရသော အခါ၌လည်း ထူးခြားသော လှုပ်ရှားမှုကို ထပ်မံပြသခြင်း မရှိချေ။ ရင်တွင်း၌ ကမ္ဘာမီး တောက်လောင်သည့်ပမာ ပြင်းပြစွာပူဆွေး ရှာသော်လည်း အာဇာနည်များ၏ မိခင် ပီပီ သမ္မဇဉ်ဖြင့် ဖုံးအုပ်၍ ဘ၀င်းရဲ့ အောင်ဆန်းရဲ့ အမေ့ကို ပစ်သွားကြပြီလားကွယ့်… ဟုပြောကာ လက်ခုပ်ကလေး တတီးတီးနှင့် ငိုကြွေးမြည်တမ်းရုံထက် ပိုမိုကဲလွန်သော လက္ခဏာကို လုံးဝ မပြချေ။ တကယ့်အာဇာနည် မိခင် ပီသပါပေသည်။   အမေစုကား ငယ်စဉ်ကစ၍ ကွယ်လွန် အနိစ္စရောက်သည့်အချိန်အထိ၊ တနေ့ထက် တနေ့ ထူးခြား ဆန်းကြယ် လှသော ရှေးဘုန်းကံ ပါရမီ နှင့် ပြည့်စုံခဲ့သည့် ပါရမီရှင် အမျိုးသမီးအစစ်ကြီး ဖြစ်ပေသည်။ သမီး အကြီးဆုံး မခင်ညွန့် မှာ အမေစုနှင့် အလွန်တူသည်။ အိမ်ထောင်သားမွေး အလုပ်မျိုးကို စက်ဆုပ်ရွံရှာသည်။ ထို့ကြောင့်ပင် အသက် ၄၅ နှစ် အရွယ်ထိ အိမ်ထောင် မပြုဘဲ မိခင်ကြီးနှင့် အတူ နေထိုင်ခဲ့သည်။ သို့သော် အမေစုသည် ရှေ့ရေးကို မျှော်တွေး၍ သမီးကြီးအား မြေစာရင်း အင်စပက်တော် ဦးသာရင်နှင့် လက်ထပ် ထိမ်းမြားရန် တိုက်တွန်းရာ မခင်ညွန့်မှာ မိခင်၏ စကားကို မပယ်လိုသဖြင့် အင်စပက်တော် ဦးသာရင်နှင့် လက်ထပ်ခဲ့လေသည်။ အမေစုကား သမီးကြီးအတွက် စိတ်ချလက်ချ ဖြစ်ကာ မိမိ၏စကားကို မြေ၀ယ်မကျ နားထောင်သဖြင့် ကျေနပ်နှစ်သိမ့်လှလေသည်။   သို့သော် ဒုတိယ သမီးကြီးဖြစ်သူ မ၀က်မှာကား မိခင်နှင့် ရာသက်ပန် မခွဲလိုပဲ မိခင်က တိုက်တွန်းသော်လည်း ယခုအချိန်ထိ အိမ်ထောင် မပြုတော့ချေ။ အမေစုသည် အတူနေ သမီး မ၀က်အား အလွန်ချစ်၏။ အလွန်အားကိုး၏။ အိမ်ထောင်မှုကိစ္စ အ၀၀ အပြင် စီးပွားရေးကိစ္စဟူသမျှကိုလည်း မ၀က်ကိုသာ လုံးဝ လွှဲအပ်ထား၏။ မ၀က် ချက်သော ထမင်းဟင်းကိုသာ သဘောကျ နှစ်သက်၏။ အမိက အရေးပေးသလောက် သားများကလည်း မ၀က်အား အမိသဖွယ် လေးစားရိုသေကြရ၏။ မ၀က်မှာလည်း သားသမီးများ အနက် ၀တ္တရား အကျေဆုံး သမီးဖြစ်လေသည်။ အမေစုမှာ မ၀က်၏ လက်ပေါ်တွင် နောက်ဆုံး အသက်ပျောက်ရရှာသည်။   သားအကြီးဆုံး ဦးဘ၀င်းမှာ မိခင်အား အလွန်ကြည်ညို၏။ ရိုးသားဖြောင့်မတ်၏။ နတ်မောက်မြို့တွင် မြန်မာကိုးတန်း အောင်ပြီးနောက် ရေနံချောင်းသို့ရောက်၍ B.O.C စာရေးအလုပ်ကို လုပ်ကိုင်၏။ ၎င်း ရသော လခများမှ ငွေစုပြီးလျှင် မိခင်၏ ထောက်ပံ့သော ငွေနှင့် ပူးပေါင်း၍ တက္ကသိုလ်သို့ ဆက်လက် ပညာသင်ကြားရာ ၀ိဇ္ဇာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ အမေစုသည် သားကြီးအား ၎င်း၏ သဘောကျ ဖြစ်သော တောင်တွင်းကြီး ဇာတိ၊ မျိုးရိုးကောင်းဖြစ်သော မခင်စောနှင့် ကိုယ်တိုင် စေ့စပ် တောင်းရမ်း လက်ထပ်ပေးခဲ့၏။ သား ချွေးမ၊ မြေးများနှင့် ဂျပန် တခေတ်လုံး အတူတကွ နေထိုင်ခဲ့ရသဖြင့် စိတ်ကျေနပ်မှု ရရှိခဲ့၏။   သားအလတ်ဦးနေအောင်မှာလည်း ရှေ့နေ စာမေးပွဲ အောင်ပြီးနောက် နတ်မောက်မြို့ အနီးရှိ ဖုန်းတော်ပြည့်ရွာ သူကြီး ဦးဘိုးလှိုင်၏ သမီး မခင်လေး နှင့် အမေစုကိုယ်တိုင် တောင်းရမ်းလက်ထပ်ပေးခဲ့၏။ ဦးနေအောင်မှာ သား အားလုံးအနက် အတူတူ အနေရများသဖြင့် အမေစုသည် ၎င်း အပေါ်၌ သံယောဇဉ်ကြီးခဲ့၏။ ဦးနေအောင်နှင့် ပတ်သက်၍လည်း စိတ်ကျေနပ်မှုများစွာ ရရှိခဲ့၏။   သားအလတ် ဦးအောင်သန်းကိုလည်း တက္ကသိုလ်တွင် ၀ိဇ္ဇာ ဘွဲ့ထူးရရှိပြီးနောက် မြို့အုပ်ရာထူးရရှိသည်အထိ ပညာသင်ကြားပေးခဲ့၏။ ဦးအောင်သန်းမှာ တက္ကသိုလ်တွင် ပညာသင်နေစဉ် ယစ်မျိုးဝန်ထောက် ဦးဘတင်၏ သမီး မခင်နုနှင့် အကြောင်းဆက်မိ၏။ မခင်နုမှ အမေစုတို့နှင့် အမျိုးတော်သော တောင်တွင်းကြီး ဇာတိဦးဘတင်၏ သမီး ဖြစ်သည့်အတိုင်း အမေစုသည် သဘောကျကျေနပ်ကာ အင်းစိန်မြို့သို့ ကိုယ်တိုင် သွားရောက်စေ့စပ် တောင်းရမ်းကြီးကျယ်စွာ မင်္ဂလာ ဆောင်ပေးခဲ့ရသဖြင့် ကျေနပ်သည်။   သားအငယ်ဆုံး ဦးအောင်ဆန်းကိုကား နတ်မောက်မြို့ ဘုန်းတော်ကြီးဦးသောဘိတ၏ အထက်တန်း ကျောင်းတွင် သတ္တမတန်းထိ ပညာ သင်ပေးပြီးနောက် ရေနံချောင်းမြို့၊ အမျိုးသား အထက်တန်းကျောင်းတွင် ၁၀ အောင်မြင်သည် အထိ ထားခဲ့သည်။ ၎င်း နောက် တက္ကသိုလ်သို့ပို့၍ ၀ိဇ္ဖာ စာမေးပွဲ အောင်မြင်သည်အထိ ပညာသင်ပေးခဲ့သည်။ ဗိုလ်ချုပ်နှင့် မခင်ကြည်တို့မှာ ဂျပန်ခေတ် အတွင်းက နှစ်ဦးသဘောတူ ချစ်ကြိုက်၍ လက်ဆက်ခဲ့ကြရာ အမေစုမှာ ကိုယ်တိုင် ကိုယ်ကျ အခြားသားသမီးများကဲ့သို့ လက်ထပ်မပေးရသော်လည်း ဗိုလ်ချုပ်ရာထူး လက်ခံပြီးနောက် မယားပြ အဖြစ်ဖြင့် နတ်မောက်သို့ တိုင်းခန်းလှည့်လည်လာစဉ် မခင်ကြည်အား ခေါ်ဆောင်ခဲ့ရာ မခင်ကြည်၏ ရိုသေကိုင်းရှိုင်းမှု၊ လိမ္မာရေးခြားမှုများကို မြင်ရသောအခါ အမေစုမှာ သားနှင့်ချွေးမကလေးအပေါ်တွင် တပြုံးပြုံးနှင့် ကျေနပ် ၀မ်းမြောက်မိ၏။   အမေစုကား ဇာတိဂုဏ်ကလည်း ကောင်း၊ ဆွေမျိုးသားချင်းကလည်း တောင့်တင်း၊ ပစ္စည်းဥစ္စာကလည်း ပြည့်စုံ၊ သားသမီးများကလည်း ခေတ်ပညာတတ် ကမ္ဘာကျော် ပုဂ္ဂိုလ်များ ဖြစ်နေ၊ သားသမီး အားလုံးမှာလည်း ၎င်း၏ စိတ်တိုင်းကျ အိမ်ထောင်သည်များ ဖြစ်သည့်ပြင် များပြားလှသော မြေးငယ်များဖြင့် ခြံရံကာ လောကအလယ်တွင် တင့်တယ်စွာ နေထိုင်ရသဖြင့် အမေစု၏ ရှေးဘုန်းရှေးကံမှာ အလွန်ပင် အားကြီး၍ ပါရမီ ကောင်းလှသည်ဟု ဆိုရပေမည်။   ကမ္ဘာပေါ်ရှိ ပုပုရွရွ မြင်သမျှတို့မှာ လောကဓံရှစ်ပါး၏ အမြဲမပြတ်ရိုတ်ခတ်ခြင်းကို ခံနေကြရသည့်အတိုင်း အမေစုမှာ လောကအလယ်တွင် သူမတူအောင် တင့်တယ်စွာ ခံစားနေရသော်လည်း ပုထုဇဉ် တဦး ဖြစ်သောကြောင့် လောကဓံတရား၏ ရိုတ်ခတ်ခြင်းဒဏ်မှ မလွတ်နိုင်ချေ။   အသက် ၆၀ပြည့်သောနှစ်တွင် ငယ်စဉ်တောင်ကျေးက စ၍ ပေါင်းသင်းခဲ့သော အိမ်သား ဦးဖာမှာ လူကြီးရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်သွားရကား မုဆိုးမ ဘ၀ဖြင့် သားသမီးများကို အုပ်ထိန်းကာ စောင့်ရှောက်ခဲ့ရလေသည်။ အသက် ၆၄ နှစ်အရွယ် တွင် အမေစုမှာ လောကဓံတရား၏ ရိုတ်ခတ်ခြင်းကို ဒုတိယအကြိမ် ခံရပြန်လေသည်။ အချစ်ဆုံးသမီးဖြစ်သော မခင်ညွန့်သည် မီးယပ်ရောဂါဖြင့် ကွယ်လွန်အနိစ္စ ရောက်သွားရာ အမေစုမှာ ပထမဆုံး သားသမီးပူကို စတင်ခံစားခဲ့ရလေသည်။ ၎င်းနောက် အချစ်ဆုံးသော သားများ ဖြစ်သည့် ၀န်ကြီးဦးဘ၀င်းနှင့် ဗိုလ်ချုပ်တို့မှာ ရန်သူ၏လက်ချက်ဖြင့် ရုတ်တရက် အနိစ္စရောက်သွားသောအခါ ဒုတိယအကြိမ်မြောက် ပြင်းထန်သော အပူမီးကို ခံစားရပြန်လေသည်။   ၎င်းနောက် ဦးနေအောင်၏ သမီးမြင့်မြင့်ကလေးမှာ ငယ်စဉ်ကပင် အမေစုနှင့်အတူ လာရောက်နေထိုင်ရကား သားမှာ အချစ်၊ မြေးမှာ အနှစ် ဆိုသော စကားကဲ့သို့ မြေးမကလေးအား အလွန်ပင် ချစ်ခဲ့လေသည်။ ၎င်းမြင့်မြင့်ကလေးသည် နတ်မောက်မြို့ ဗိုလ်ချုပ်အထိမ်းအမှတ် နိင်ငံတော် တန်းမြင့်ကျောင်းတွင် ပညာသင်ကြားနေစဉ် အဖျားရောဂါဖြင့် အမေစု၏ လက်ပေါ်တွင် ရုတ်တရက် အနိစ္စရောက်သွားပေရာ အမေစုမှာ တတိယမ္ပိ မြေးပူနှင့် တွေ့ရပြန်လေသည်။   ၎င်းနောက် နတ်မောက်မြို့ကို ရဲဖြူများ သိမ်းပိုက်လိုက်သောအခါ ရဲဖြူတို့၏ မြေသိမ်းစံနစ်အရ အမေစုကိုယ်တိုင် ငယ်စဉ်ကစ၍ စုဆောင်းခဲ့သော မြေယာ၊ အိုးအိမ် ၊ပစ္စည်းတို့မှာ ဂျပန်ခေတ်၊ အင်္ဂလိပ်ခေတ် စသည်ဖြင့် ခေတ်အမျိုးမျိုး ကျော်လာခဲ့သော်လည်း တစုံတရာ ပျက်စီးခြင်း မရှိခဲ့ဘဲ ရဲဖြူတို့၏ မြေယာစံနစ်ကြောင့် အမေစုပိုင် မြေယာ အားလုံး ဆုံးရှုံး သွားခဲ့လေသည်။ အမေစု၏ စိတ်မှာ လွန်စွာ ထိခိုက်ခဲ့လေသည်။ သို့သော် မြေယာနှင့် ပါတ်သက်၍ မည်သူ့ကိုမျှ တစုံတရာ ထိခိုက်ပြောဆို ခြင်း လုံးဝမပြုလုပ်ဘဲ၊ သည်းခံကာ ကံတရားအတိုင်း ဖြစ်ရတာ၊ ပျက်ရတာပဲကွယ် ဟု ပြောကာ မကျေနပ်မှုကို မျိုသိပ်၍ ထားခဲ့လေသည်။   ကျွန်ုပ်၏ ဖခင်မှာ အမေစုနှင့် မောင်နှမတော်၍ ကျွန်ပ်မှာလည်း အမေစု၏ တူတော်လေသည်။ အမေစုအား ကျွန်ုပ်တို့က ဒွေးလေးစုဟု ခေါ်ကြရသည်။ ကျွန်ုပ်တို့၏ အမျိုးဓလေ့ထုံးစံအရ ကြီးစဉ်ငယ်လိုက် ရိုသေကိုင်းရှိုင်း ခဲ့ကြရသည့်ပြင် ဆွေမျိုးအားလုံး အနက် အသက်အကြီးဆုံး ၀ါအကြီးဆုံး ဖြစ်သူအား ကျန်ဆွေမျိုးအားလုံးက အရိုအသေ ပေးရသည့်ပြင် ၎င်း၏ သြဇာကိုလည်း မဖယ်ရှားရချေ။ ၎င်း ပေးသမျှအမိန့်ကို နာခံရလေသည်။   ကျွန်ုပ်၏ ဖခင်မှာ ဆွေမျိုးများတွင် အကြီးဆုံးဖြစ်၍ အသက် ၇၃ နှစ်အရွယ်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့လေသည်။ ကျွန်ုပ်၏ ဖခင် မရှိသောအခါ ဆွေမျိုးများအနက် အမေစုမှာ အသက်အကြီးဆုံး ၊ ၀ါအကြီးဆုံးဖြစ်၍ အခြားဆွေမျိုးများ ကဲ့သို့ပင် ကျွန်ုပ်မှာလည်း အမေစုအား ရိုသေလေးစားရလေသည်။ ၎င်းပြင် ကျွန်ုပ်အား အမေစုသည် သားရင်းသဖွယ် စောင့်ရှောက်ပြုစု ကူညီ မစ ခဲ့သဖြင့် အမေစုမှာ မိခင်ရင်း သဖွယ်ဖြစ်လာပေတော့သည်။   သားသမီးများ ဆုံးသူဆုံး တခြားစီနေသူနေ ဖြစ်၍ မ၀က် တဦးတည်းနှင့် ပျင်းရိငြီးငွေ့ဘွယ် နေထိုင်ရရှာသော အမေစုသည် ဗိုလ်ချုပ်တို့ ကျဆုံးသည့် အချိန်မှစ၍ ကျွန်ုပ်တို့အား တူတဦးကဲ့သို့ သဘောမထားတော့ဘဲ သားရင်း တမျှကဲ့သို့ ယူဆ၍ အမျိုးမျိုး အလိုလိုက်သည့်ပြင် ကျွန်ုပ်၏ အိမ်သူ မသန်းတင်ကိုပါ သမီးအရင်းကဲ့သို့ ချစ်ခင်လာသည်ကို တွေ့ရလေသည်။   အမေစု၏ မေတ္တာစိတ်ကို ရိပ်မိသော ကျွန်ုပ်နှင့် ကျွန်ပ်၏ ဇနီးတို့မှာ အမေစုထံ အမြဲသွားရောက် ပြုစု၍ စားကောင်း သောက်မွန်များကို အမြဲတမ်း ပေးပို့ရလေသည်။ အမေစုကလည်း ၎င်းအား အမြို့မြို့က ကန်တော့ကြသော စားကောင်းသောက်ဖွယ်များကို ရတိုင်း ကျွန်ုပ်တို့နှစ်ဦးအား အမြဲခွဲဝေ ပေးကမ်းခဲ့လေသည်။ ထို့ကြောင့်ပင် ကျွန်ုပ်မှာ အမေစုအား မိခင်အရင်းကဲ့သို့ ကြည်လည်း ကြည်ညို၏။ လေးလည်း လေးစား၏။ ချစ်လည်း ချစ်၏။ မြတ်လည်းမြတ်နိုး၏။ အမေစု၏ အမိန့်ကို တသွေမတိမ်းလိုက်နာခဲ့၏။ အမေစု၏ ဆုံးမစကားများကိုလည်း အမြဲနားထောင်ခဲ့၏။ အမေစု၏ ပြင်းထန်လှသော အပူမီးများကိုလည်း တတ်နိင်သလောက် ဖြေဖျောက်ပေးခဲ့၏။ ဝေယျာဝစ္စများကိုလည်း တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးခဲ့၏။ အမေစုမှာ ဗိုလ်ချုပ်မရှိသည့်နောက် ဗိုလ်ချုပ်နှင့် တခုတည်းဘွား ဖြစ်သူ ကျွန်ပ်အား သားရင်းပမာ ယူဆကာ အတွင်းရော အပြင်ပါ တိုင်ပင်ပြောဆိုလေ့ရှိ၏။ ထို့ကြောင့်ပင် အမေစုအနီးတွင် သားအရင်းများမရှိစဉ် အမေစု၏ စိတ်ချမ်းသာမှု၊ ကျန်းမာမှု၊ တရားအားထုတ်နိင်မှု အတွက် ကျွန်ပ်အပေါ်သို့ တာဝန်ကျရောက်နေရကား အမေစု၏ အိမ်သို့ အမြဲတစေ သွားရောက်၍ ကိုယ်တိုင် ကိုယ်ကျ ပြုစု ဖြေဖျော်ခွင့် ရရှိခဲ့၏။ ဗမာ့အာဇာနည် တဦးဖြစ်သော ခေါင်းဆောင်ကြီး ဗိုလ်ချုပ်၏ မိခင်ကြီးအား ခြေဆုပ်လက်နယ် ပြုစုခွင့် ရသဖြင့်လည်း ဂုဏ်ယူမိ၏။ ကျေနပ်မိ၏။   အမေစု၏ ဘ၀တွင် အသက် ၆၃ နှစ်က စ၍ အိမ်သား ဦးဖာအတွက် မီးစတင်လောင်ခဲ့ရာမှ စ၍ မြင့်မြင့်လေးအထိ ပြင်းထန်သော အပူမီးများကို တွေ့ရပြီး နောက်အမေစုမှာ တရားသဘောဖြင့် အပူမီးအားလုံးကို နိင်နင်းစွာ ငြိမ်းသတ်နိုင်ရကား စိတ်ဓာတ် အေးချမ်းမှု ရရှိသကဲ့သို့ ရှေးကကဲ့သို့ပင် ဆွေမျိုးများ အိမ်သို့ လည်ပတ်နိုင်တော့လေသည်။ စိတ်ချမ်းသာမှု တနေ့ထက် တနေ့ပိုမိုရရှိလာပြီးနောက်၊ မသေမီ ရန်ကုန်ရှိ မုဆိုးမ နှစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်၊ ဦးဘ၀င်း၏ ဇနီး ဒေါ်ခင်စော တို့အပြင် သားဦးအောင်သန်းနှင့် ချွေးမ ဒေါ်ခင်နုတို့ နှင့်တကွ မြေးအားလုံးကိုပါ တွေ့လိုသော ဆန္ဒ ပြင်းပြလာရကား ရန်ကုန်သွားရန် အကြံ ဖြစ်ပေါ်လာလေသည်။ ရန်ကုန်သို့ရောက်လျှင် ချွေးမသုံးဦးနှင့် ကျွန်ပ်၏ အစ်ကို ဦးတင်လှတို့အား လက်ဆောင်ပေးရန် နတ်မောက်နယ်မှ ထွက်သည့် နှမ်းဆီမွှေးစစ်စစ်ကို သံပုံး ၄ ပုံးဖြင့် ထည့်၍ အဆင်သင့် ပြုလုပ်ထား၏။ မြေးကလေးများအတွက် နတ်မောက်မှာ တောမြို့ကလေးဖြစ်သည့်အတိုင်း ထန်းလျက်၊ နှမ်း၊ မြေပဲသာ ထွက်သဖြင့် တောသရေစာ ဟုခေါ်သော နှမ်းပျစ် မြေပဲယိုများကို အိမ်တွင် ကောင်းနိုင်သမျှ ကောင်းအောင်ပြုလုပ်ပြီး အထုပ် ၄ ထုပ် ခွဲ၍ ထုပ်ထားလေသည်။ ကျွန်ုပ်အားလည်း ရန်ကုန်သွားက ကူညီလိုက်ပို့ပေးရန်ပြောသဖြင့် လိုက်ပို့ပါမည်ဟု ကတိပေးရသည်။ အမေစုမှာ ချွေမများ ၊ မြေးများအား အလွမ်းပြေ တွေ့ရမည့် အရေးကို မျှော်တွေး၍ ပျော်တပြုံးပြုံး မော်မဆုံး ရှိနေတော့၏။ သို့သော် အမေစု၏ ပြင်းပြသောအလိုဆန္ဒကို ရိုတ်ချိုးမည့် မုန်တိုင်းကြီးတခု မမျှော်လင့်ဘဲနှင့် ရုတ်တရက် ရှောင်တခင် ကျရောက်လာတော့လေသည်။   ရောင်စုံတို့ ဆူပူလှုပ်ရှားမှုများကြောင့် ချွေးမများ မြေးများ နေထိုင်ကြသည့် ရန်ကုန်မြို့တော်ကြီးနှင့် အမေစုနေထိုင်သော နတ်မောက်မြို့ကလေးတို့မှာ လုံးဝအဆက်အသွယ် ပြတ်သွားတော့လေသည်။   ၎င်းနောက် မုန်တိုင်းကြီးသည် ပိုမိုပြင်းထန်လာလေသည်။ ၁၉၄၉ ခု၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့၊ နံနက်အချိန်တွင် နတ်မောက်မြို့ကလေးမှာ ရဲဘော်ဖြူ များ၏ လက်တွင်းသို့ ကျဆင်းသွားရလေသည်။   နတ်မောက်ကို သိမ်းပိုက်ထားသော ရဲဘော်ဖြူများမှာ အမေစုကို ဗိုလ်ချုပ်၏ အရှိန်ဖြင့် စော်ကား၊မော်ကား မပြုလုပ်ရဲကြ၊ သို့သော်ဗိုလ်ချုပ်အသက်ရှင်စဉ်က လောက် ရိုသေကိုင်းရှိုင်း လေးစားခြင်းမျိုးကိုကား မတွေ့ရပေ။ အမေစုနှင့် ကျွန်ုပ်တို့မှာ ဇွတ်အတင်း ရန်ကုန်သို့ ထွက်လာမည်ဆိုက ဖြစ်နိုင်၏။ သို့သော် လမ်းပန်း အဆက်အသွယ်က စိတ်မချရ။ အသက်ကြီးရင့်သော အမေစုအတွက် သင့်တော်မည့် ယာဉ်များကလည်း မရှိ၊ စည်းမဲ့ကမ်းမဲ့ လုပ်ကိုင်နေသော ရဲဘော်ဖြူများ၏ အုပ်ချုပ်မှုကိုလည်း စိတ်မချ။ 

ကျွန်ုပ်တို့ မရှိစဉ် တခုခု ဖြစ်လေမလားဟု တွေးတော စိုးရိမ်မိတာက တမျိုး၊ အမျိုးမျိုးသော အကြောင်းများကြောင့် ရန်ကုန်သို့သွားရန် အစီအစဉ်ကို အမေစုနှင့် တိုင်ပင်၍ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း လိုက်ရပြန်လေသည်။   အမေစုမှာကား လှေကားရင်းတွင် အသင့်ပြင်ထားသော ဆီပုံး ၄ ပုံးကို ၎င်း၊ ဗိုလ်ချုပ်ငယ်စဉ်က စာကြည့်ခဲ့သည့် စားပွဲရှည်ကြီးပေါ်တွင် အသင့်ထုပ်ထားသော မြေပဲ ယို နှမ်းပျစ်ထုပ် လေးထုပ်ကို ၎င်း၊ အမြဲကြည့်ကာ ငေးမောတွေဝေ နေသည်ကို တွေ့ရ၏။ ဤကဲ့သို့ တွေ့မြင်ရတိုင်း ကျွနိုပ်မှာလည်း စိတ်မကောင်းဖြစ်မိ၏။   အမေစုမှာ ရှေးကုသိုလ်ကံ အကျိုးပေးကြောင့် ငယ်ရွှယ်စဉ်အချိန်ကစ၍ အသက် ၇၃-နှစ်ပြည့်သည်အထိ အိပ်ရာထဲတွင် လဲနေခဲ့ရလောက်အောင် ရောဂါရရှိခဲ့ဘူးသော အဖြစ်မျိုးမကြုံခဲ့ရပေ။ အခု အသက် ၇၃-နှစ်တွင် ဗေဒင်ကိန်းခန်းအရ အမေစုအတွက် မကောင်းလှ။ အထူးချုချာ၍ လာသည်ကို တွေ့ရသည်။ ချူချာသည် ဆိုသော်လည်း ရုပ်ရည်ကျဆင်းခြင်းမှ လွဲ၍ အခြား ချွတ်ယွင်းချက် မရှိသေးချေ။ အနိစ္စရောက်သည့်အချိန်ထက် သွားတချောင်းမှ မကျိုးချေ။ သို့သော် လွန်ခဲ့သည့် နှစ်နှင့် စာလျှင် အသားအရေများစွာ ယုတ်လျော့လာသည့်ပြင် အရွယ်များစွာ ကျဆင်းသွားလေသည်။   ရှေးအခါက တောင်ဝှေး မကိုင်ခဲ့သော်လည်း ယခု နှစ်တွင် တောင်ဝှေးကို စတင်အားပြုရလေပြီ။ ရှေးက ကဲ့သို့ ဆွေမျိုးများ အိမ်သို့ နံနက်တိုင်း အိမ်စေ့အောင် အလည်အပတ်မသွားနိင်တော့ပေ။ ကျွန်ုပ်၏ အိမ်သို့သာ တဘက်ထူကြီးကို ခေါင်းပေါင်းတို ဘရက်ကိုးအပြာ ပန်းရိုက်လုံချည်နှင့် ဆွယ်တာအထူ ၀တ်၍ တောင်ဝှေးကလေး ကိုင်ကာ တနင်္ဂနွေ တကြိမ်၊ နှစ်ကြိမ်သာ လာနိုင်တော့လေသည်။ ကျွန်ုပ်မှာလည်း အမေစုအားရှိမည့် အစာနှင့် ဆေးများကို တတ်နိင်သမျှ ရှာဖွေစုဆောင်း ကျွေးပါသည်။ သို့သော် အမေစုကား ဇရာအပြင် ရောဂါပါ ဖိထောင်းနေသောကြောင့် အဆီစား၍ အသားမဖြစ်ဆိုသော စကားပုံကဲ့သို့ တိုက်သမျှဆေး ပေးသမျှ ဓာတ်စာ၊ ကျွေးသမျှ အာဟာရတို့မှာလည်း ထိရောက်ခြင်း မရှိတော့ချေ။   အမေစုသည် ပြိုလဲတော့မည့် အရိပ်အရောင်များ ပြစပြုလေပြီ။။   ၁၃၁၃ ခုနှစ်မှာ အမေစုအတွက် ကံအဆိုးဆုံးနှစ်ဟု ခေါ်ရပေမည်။ တသက်လုံး ရောဂါကင်းရှင်းစွာ ကျန်းမာ ချမ်းသာ လာခဲ့သမျှ ယခုနှစ်တွင် စု၍ ကိုင်လေပြီ။ ကျွန်ုပ်သည် အမေစု၏ ကျမ်းမာရေးကို အားမရချေ။ ထို့ကြောင့်ပင် အမယ်ကြီး မသေမီ သူတွေ့မြင်လိုသော ရန်ကုန်ရှိ သား၊ချွေးမ၊ မြေးတို့အား တွေ့မြင်သွားစေလိုသည်။ အမယ်ကြီး၏ ရည်ရွယ်ချက် ပြည့်ဝနိင်ရန်မှာလည်း နည်း နှစ်နည်းသာ ရှိ၏။ ပထမနည်းမှာ အမေစုကိုယ်တိုင် ရန်ကုန်သွားမှ ဖြစ်ပေမည်။ သို့သော်အမေစု ကျမ်းမာရေးအရ ဤနည်းမှာ မဖြစ်နိုင်။ ဒုတိယ နည်းမှ ရန်ကုန်ရှိ သား၊ချွေးမ၊ မြေးတို့မှ နတ်မောက်သို့ လိုက်လာရန်ဖြစ်သည်။ သို့သော် နိုင်ငံရေး ရှုပ်ထွေးမှုအရ ရန်ကုန်မှ မည်သူမျှ လာနိုင်မည် မဟုတ်ဟု ယူဆမိသည်။ အမေစုမှာ ကျန်းမာရေးကြောင့် ရန်ကုန်သွားရေး အစီအစဉ်ကို လုံးဝ ဖျက်သိမ်းလိုက်ရရှာလေပြီ။ သို့သော် အသင့်ပြင်ထားသော ဆီမွှေးပုံး ၄ ပုံးနှင့် နှမ်းပျစ်၊ မြေပဲယိုထုပ်လေးထုပ်မှာကား ပထမထားသည့်နေရာများတွင်ပင် ရှိသေးသည်။ ဆီပုံးများမှာလည်း ဆီတစက်စက်ယိုကျလျှက်ရှိသည်။ မြေပဲယိုထုပ် များမှာလည်း ပရွက်ဆိတ်နီများဖြင့် ၀ိုင်းအုံလျှက် ရှိသည်။   ၁၃၁၃-ခု၊ သီတင်းကျွတ်လတွင် အမေစုမှာ သွေးအား အလွန်နည်းလာကာ အမောရောဂါ စတင် စွဲကပ်လာလေသည်။ ကျွန်ပ်လည်း ကွန်ပေါင်းဒါးတဦးနှင့် တိုင်ပင်၍ ရှိသမျှဆေးများကို စုဆောင်းကာ တတ်သမျှ၊ မှတ်သမျှနှင့် ကုသသဖြင့် အတော်ပင် သက်သာလာသည့်အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်နေစဉ် ဆွေမျိုးတဦးက ဘဲဥ မြူဆွာဟင်းချိုကို လာ၍ ပို့လေသည်။ ကျွန်ုပ်မရှိစဉ် လာပို့သော ဟင်းဖြစ်ရကား အမေစုသည် ခံတွင်းတွေ့သဖြင့် တပန်ကန်လုံး ကုန်အောင် စားမိလေသည်။ ထိုအချိန်ကစ၍ အမောရောဂါ ပြန်ထလာပြီး နောက် အိပ်ရာမှ မထနိုင်လောက်အောင် လဲသွား တော့လေသည်။ ဤတကြိမ်တွင် အမေစုအား ဆေးကု ခက်ပြီဟု ယူဆမိသည်။   အမေစုမှာ ပြင်းပြသော ဝေဒနာကို ခံစားနေရသော်လည်း စိတ်ခြောက်ခြားခြင်းမရှိ။ စိတ်အားလျှော့ဘွယ်ကောင်းသော စကားမျိုးကို တလုံးမျှ မပြောချေ။ သတိရတိုင်း ရန်ကုန်သွားလိုကြောင်း သမီးများ သားများ မြေးများကိုသာ တွေ့လိုကြောင်း အမြဲပြောသည်။ ကျွန်ုပ်မှာ နည်းအမျိုးမျိုးဖြင့် စမ်းသပ်ကုသော်လည်း အမေစု၏ ရောဂါမှာ ကျသည်မရှိ၊ တနေ့ထက် တနေ့ ပိုမိုတိုး၍သာ လာလေသည်။ တခါတရံ တညလုံးမောနေသဖြင့် တမှေးမျှ မအိပ်စက်ရပေ။   နောက်ဆုံးတွင် ရန်ကုန်ရှိ သား၊ ချွေးမများ၊ မြေးများနှင့် တွေ့ကြုံရအောင် ပြုလုပ်ပေးနိုင်က အမေစု၏ ရောဂါသည် တနည်းအားဖြင့် သက်သာလာနိင်လိမ့်မည်ဟု ယူဆမိသည်။ ထို့ကြောင့် ဆေးကုခြင်းကို လျှော့၍ သားများ၊ ချွေးမများ၊ မြေးများနှင့် အမြန်ဆုံး တွေ့နိုင်ရန် စတင်စီစဉ်ရလေသည်။   ရန်ကုန်မြို့ရှိ ဦးအောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည်၊ ဦးဘ၀င်း၏ ဇနီး ဒေါ်ခင်စော၊ သား ဦးအောင်သန်းတို့မှာ နိုင်ငံရေးလောက တွင် တမျိုးတဖုံ ဆက်သွယ်နေခြင်းကြောင့် ၎င်းတို့ နတ်မောက်သို့ လာမည်ဆိုက ဘေးအန္တရယ် မပြုလုပ်ရေးအတွက် ရဲဖြူများထံသို့ ပြေး၍ ချော့ရလေသည်။ ရဲဖြူများထံမှ ဘေးဥပဒ် တစုံတရာ မပြုလုပ်ပါဟု ယုံကြည်စိတ်ချလောက်သော ကတိရရှိသောအခါ ရန်ကုန်ရှိ သမီးများ ၊သားများထံ စာလည်းရေး၊ ကြေးနန်းရိုက်နှင့် မှာကြားရလေသည်။ သို့သော် မည်သည့်အကြောင်းများကြောင့်မသိရ ၊ သူတို့ထံမှ ပြန်စာလဲ မလာ၊ လူလဲ မရောက်ဖြစ်နေသည်။  

၎င်းအချိန်တွင် ရှင်နည်းရာ အဂ္ဂလူထွက် ဆိုသော စကားကဲ့သို့ သားဦးနေအောင်မှာလည်း ကိစ္စတခုဖြင့် မကွေးသို့ ခရီးထွက်သွားရာမှ မကွေးအနောက်ပိုင်း ဖ-ဆ-ပ-လ အမတ်အဖြစ် အရွှေးခံမည် ဟူသော သတင်းပေါ်ထွက် လာပြန်လေသည်။ ၎င်း သတင်းအရ ရဲဖြူများက ဦးနေအောင် နတ်မောက်သို့ ပြန်လာလျှင် ဖမ်းဆီး စစ်ဆေးရန် စိုင်းပြင်းနေကြသဖြင့် ဦးနေအောင်မှာ ပြန်မလာရဲတော့ဘဲ မကွေးတွင် သောင်တင်နေပြန်တော့လေသည်။   လူမမာအနီးတွင် သမီးမ၀က် တဦးတည်းသာ ရှိသဖြင့် အမေစုမှာ ပို၍ စိတ်အားငယ်လာဟန် ရှိလေသည်။ မသေမီ အရက် ၂၀ ခန့်ကစ၍ ကျွန်ုပ်နှင့် ကျွန်ုပ်၏ ဇနီးတို့အား အနားမှ အခွာမခံတော့ပေ။ အမြဲပင် “ ဆုမြိုင် ၊ သန်းတင်” ဟူ၍သာ ခေါ်နေတော့သည်။ ဆေးကိုလည်း ကျွန်ုပ်တိုက်မှသောက်သည်။ အစားကိုလည်း ကျွန်ုပ်ကျွေးမှ စားသည်။ ၀မ်းချူခြင်းကိုပင် ကျွန်ုပ်ချော့မှ ရလေသည်။ ဦးနေအောင်ကို သတိရစဉ်အမြဲမေးသည်။ သို့သော် ကျွန်ုပ်က လှည့်ပတ်ပြောမှ ယုံကြည်လက်ခံလေသည်။ ကျွန်ုပ်မှာလည်း ၁၀ရက်ခန့် တမှေးမျှ မအိပ်ရတော့ချေ။ အမေစုအား ထူလိုက်၊ ပွေ့လိုက် နှိပ်လိုက်၊ ဆေးတိုက်လိုက်ဖြင့်သာ မိုးစင်စင်လင်းရတော့လေသည်။   အမေစုမှာ တစ်နေ့ထက် တစ်နေ့ရုပ်ပျက်၍ လာရှာလေပြီ။ ရက်အနည်းငယ်အတွင်း အနိစ္စရောက်တော့မည် ကို အကဲခတ်မိလေသည်။ မသေမီ ရန်ကုန်ရှိ သား၊ ချွေးမ၊ မြေးများကို မတွေ့ရလျှင် အနီးဆုံးမကွေးတွင် ရောက်နေသည့် သားဦးနေအောင် နှင့် တွေ့နိုင်အောင် စီစဉ်ပေးမှသာ ဖြစ်ပေတော့မည်။ ကျွန်ုပ်သည်ရဲဖြူများ ထံသို့ ဒုတိယအကြိမ် ပြေးရပြန်သည်။ ဒါပေမယ့် ဗိုလ်ချုပ်မျက်နှာထောက်ပြီး သူတွေ့ချင်တဲ့ သား ကိုနေအောင်ကို တွေ့နိုင်အောင် ကိုနေအောင်အပေါ် အပြစ်မယူရန် တောင်းပန် ပြောဆိုရပြန်သည်။   ရဲဖြူများထံမှ စိတ်ချရသော ကတိရရှိချိန်တွင် ဦးနေအောင်ထံ စာရေးအကြောင်းကြား ရလေသည်။ ဦးနေအောင်လည်း ချက်ခြင်းပင်လိုက်လာရာ မသေမီ ၃ ရက်ခန့် အကြာတွင် ရောက်ရှိလာလေသည်။ ဦးနေအောင် ရောက်လာသဖြင့် ကျွန်ုပ်တို့နှစ်ဦးမှာ အနည်းငယ် သက်သာခွင့်ရသည်။ တညလျှင် နှစ်နာရီ သုံးနာရီခန့် အိပ်စက်ခွင့်ရရှိသည်။ အမေစုမှာ သေခါနီးဆဲဆဲအချိန်ထိ စိတ်ဓာတ်ပြင်းထန်လျက်ပင်ရှိသည်။ ဓာတ်အလွန်ချုပ်နေသဖြင့် ၀မ်းချူပေးရာ အမေစုသည် အိပ်ရာတွင်းတွင် နောက်ဖေးသွားရန်ပြောသော်လည်း အားနာသဖြင့်မသွားဘဲ ဇွတ် အတင်းအိပ်ရာမှ ထကာ ကြမ်းပြင်ပေါက်ရှိရာသို့ ဇွတ်အတင်းသွား၍ နောက်ဖေးသွားသည်။ အလွန့်အလွန် အားနည်း၍ ၀ါးခြမ်းပြားထောင်ထားသလို ပိန်ချုံးနေသော်လည်း ရှေးကကဲ့သို့ပင် စိတ်ဓာတ်တင်းမာ ခိုင်မြဲလျက်ပင် ရှိလေသည်။ အမေစု၏ စိတ်ဓာတ် ပြင်းထန်ခိုင်မာပုံကို စာတွေ့မဟုတ် ငါတွေ့ဖြစ်သဖြင့် မအံ့သြဘဲ မနေနိုင်တော့ချေ။   ၁၃၁၃ ခု၊ နတော်လ္ဆန်း ၅ ရက်နေ့ ရောက်ရှိလာလေပြီ။ ၎င်းနေ့မှာ အမေစု၏ မွေးနေ့ ဖြစ်သည်။ ဗေဒင် ကိန်းခန်းအရ ၎င်းနေ့ ည၁၂- နာရီ မထိုးမီ စိုးရိမ်ရသဖြင့် လူမမာကြည့်သူ အားလုံးပင် အထူးဂရုစိုက်နေကြရသည်။ ကျွန်ုပ်နှင့် ကျွန်ုပ်၏ ဇနီးတို့ မှာလည်း အအိပ်ပျက်လွန်းသဖြင့် သင်ဖြူးဖျာ တချပ်ပေါ်တွင် အိပ်နေကြစဉ် ရုတ်တရက် ငိုသံကြားကာ လန့်၍ နိုးကြသည်။ နာရီကြည့်လိုက်သောအခါ ည ၁၂-နာရီ ကျော်ကျော် အချိန်ရှိပြီ ဖြစ်သည်။ ကျွန်ုပ်လည်း ကပျာကသီထ၍ အမေစု၏ လက်ကို ကိုင်ကာ သွေးစမ်းကြည့်သောအခါ အမေစုမှာ အသက်ပျောက်နေကြောင်း တွေ့ရတော့လေသည်။ မ၀က်၊ ဦးနေအောင် တို့မှ စ၍ ကျွန်ုပ်တို့တတွေပါ အမေစုအား နောက်ဆုံး နှုတ်ဆက်သော အနေဖြင့် ပြင်းပြစွာ ငိုကြွေး လိုက်ကြရလေသည်။   အမေစုသည် ၃ ရက်တိတိ မအိပ်စက်နိင်လောက်အောင် အမောဆိုက်သည့် ရောဂါပြင်းထန်ခြင်းကို ထောက်ရှုခြင်းဖြင့် ၃ ရက်စော၍ အနိစ္စရောက်မည်ဟု ခန့်မှန်းခဲ့သည်။ သို့သော် အမေစု၏ အလျှော့မပေးသော စိတ်ဓာတ် ခိုင်မြဲမှုကြောင့် သုံးရက်တိတိ အသက်ဆက်လာနိုင်သည်ဟု ယူဆမိသည်။   အမေစုကား သမီး အချစ် မ၀က်၊ သား ဦးနေအောင်၊ ဦးအောင်သန်းတို့ အပြင် ချွေးမများ၊ မြေးများအား စွန့်ခွာ၍ သမီးချစ် မခင်ညွန့် သားချစ် ဦးဘ၀င်း၊ ဦးအောင်ဆန်းတို့ထံ လိုက်ပါသွားရှာလေပြီ။ အနှစ်နှစ် အလလက စုဆောင်းထားခဲ့သော ပစ္စည်းဥစ္စာ ရတာနာများကိုလည်း စွန့်ပစ်ထားခဲ့လေပြီ။ အမေစုကိုယ်တိုင် ဆောက်လုပ်၍ ယခုအချိန်ထိ ချစ်ခင်မြတ်နိုးစွာ နေထိုင်ခဲ့သော ပျဉ်ထောင်အိမ်ကြီးကိုလည်း ရွံရှာသည့်ပမာ ခင်ပွန်းသည် ဦးဖာ၏ အုတ်ဂူအနီးရှိ အုတ်ဂူဖြူခန်းသို့ ပြောင်းရွှေ့သွားရှာလေပြီ။ အသက်ရှင်စဉ် တွေ့လိုသော သား၊ ချွေးမ၊ မြေးများအား မတွေ့ရသဖြင့် ဘ၀ပြောင်းသွားရှာသည့် ကွယ်လွန်သူ သားများ၊ သမီးများ၊ မြေးများ ထံသို့ ထွက်ခွာ သွားရှာပြီလောဟု တွေးတောမိသည်။   ရန်ကုန်ရှိ သားနှင့်ချွေးမ၊ မြေးများစားရန် အသင့်ပြင်ထားသည့် ဆီပုံး ၄ ပုံးနှင့် မြေပဲယို ၄ ထုပ် တို့မှာကား နေရာမပျက် ရှိနေပေသေးသည်။ ဆီပုံးများနှင့် မြေပဲယိုထုပ်များသည် အမေစု အုတ်ဂူဖြူနန်းသို့ ပြောင်းရွှေ့နေထိုင်သည်ကို မချိတင်ကဲ ဖြစ်သည့်အလား ထားသည့်နေရာများ တွင်ပင် ညှိုးနွမ်းအားလျော့စွာ မရွေ့မရှား ရပ်တည်လျက်ပင် ရှိနေတော့၏။   အမေစု၏ ဈာပနကို ငါးရက်တိတိထား၏။ ဈာပနကိစ္စကို မောင်ဖြစ်သူ ဘုန်းကြီး ဦးဃောသိတ က စီစဉ်ရ၏။ နတ်မောက်ရှိ ဆွေမျိုးအားလုံးကား စုံကြပါ၏။ မသာလိုက်ပို့ကြသူများလည်း များပြားလှပါ၏။ သို့သော် အမေစု မြတ်နိုးတောင့်တနေသော သား၊ ချွေးမ၊ မြေးတို့ကား မရောက်လာနိင်ကြပေ။   ဗိုလ်ချုပ်၏ မိခင် ဖြစ်သည့်အတိုင်း ဂုဏ်နှင့်ဒြပ် ထပ်မိရန် အလွန်ကြီးကျယ်ခမ်းနားသော မယ်တော်ပျံ ကဲ့သို့ ကျင်းပနိုင်ရန် ကျွန်ပ်တို့ စီစဉ်၏။ သို့သော် ကာလအခြေအနေကိုလိုက်၍ ကျဉ်းကျဉ်းနှင့် ကိစ္စပြီးစီးအောင် ပြုလုပ်ရန် ဘုန်းကြီး ဦးဃောသိတ က ဆုံးမသဖြင့် တလား ငယ်တစ်ခုကိုသာ လုပ်ရတော့၏။ အမေစု၏ သက်စေ့ အဖြစ်ဖြင့် သံဃာ-၈၀ ပင့်၍ တပါးလျှင် ငါးကျပ် လှုဒါန်း ပူဇော်၏။   ဈာပနနေ့တွင် နတ်မောက်မြို့ အနေနှင့်ကား အစည်ကားဆုံးဖြစ်၏။ သို့သော် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်၏ ကျေးဇူးရှင် အာဇာနည်မိခင်ကြီး၏ ဈာပနအဖြစ်မျိုးနှင့် ကျင်းပပါက ကျေနပ်စရာမရှိချေ။ ၀မ်းနည်းစရာ၊ ကြေကွဲစရာ ရှက်စရာပင် ကောင်းလှလေသည်။   အမေစုကား ယခုအချိန်တွင် သားချစ် ဦးဘ၀င်း၊ ဦးအောင်ဆန်း၊ သမီးချစ် မခင်ညွန့်၊ မြေးအနှစ် မြင့်မြင့်ကလေး အောင်ဆန်းလင်းတို့နှင့် အတူပျော်ရွှင်စွာ ပူးပေါင်းမိကြပေပြီ။   အို…ဗိုလ်ချုပ် အောင်ဆန်း အို..ခေါင်းဆောင်ကြီး ဦးဘ၀င်း အို..အာဇာနည်မိခင်ကြီးအမေစု ကျွန်ပ်တို့က “အမျှ..အမျှ..အမျှ” ပေးဝေပါ၏။ 
  မြဝတီမဂ္ဂဇင်း၊ ၁၉၅၃ခန့်၊ ဇူလိုင်။ 
  source - http://remembranceofburma.blogspot.com/

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...