"ပန်းတိုင်ကို ဘာကြောင့် မရောက်ခဲ့သနည်း"
Min Thant Syn created the doc:
ပြည်ထောင်စု မြန်မာနိုင်ငံ ပေါ်ထွန်းလာတဲ့ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ တိုင်းပြည်ပြု လွှတ်တော် အစည်းအဝေးမှာ သမ္မတ စ၀်ရွှေသိုက်က "လွတ်လပ်သော မြန်မာနိုင်ငံ၏ ပန်းတိုင်များ"ကို ကြေညာခဲ့ပါတယ်။ အဲဒီလို ကြေညာရာမှာ- "အမြဲ ထာဝစဉ် ရှေးရှု သုံးသပ်လျက် ရှိသော ကျွန်ုပ်တို့၏ မူလ ရည်ရွယ်ချက် သည်ကား မြန်မာ ပြည်ထောင်စုတွင် အရင်းရှင် ၀ါဒကို ပိတ်ပင် ပယ်ဖျက်၍ နိုင်ငံ၏ လုပ်ငန်း ဆောင်တာ အ၀၀ကို တိုင်းသူ ပြည်သားများသာ ပိုင်ဆိုင်ခွင့် ရှိသော ဆိုရှယ်လစ် နိုင်ငံ တည်ဆောက်ရန် ဖြစ်ပေသည်။ ထိုဝါဒတွင် ပိုင်ရှင် ရှိသော ပစ္စည်းများကို အတင်းအဓမ္မ လုယက် ယူသော ရည်ရွယ်ချက် လုံးဝ မပါဘဲ တိုင်းပြည်အတွင်း ရှိရှိသမျှ ပြည်သူ ပြည်သား အလုံးစုံတို့ကို ကျောသား ရင်သား မခွဲခြားဘဲ ပြည့်ဝ ချမ်းသာစေ လိုသော ၀ါဒသာလျှင် ဖြစ်လေသည်။ လူအတန်းအစား မခွဲခြားဘဲ အားလုံး ပြည်သူ အများတို့ ကြွယ်ဝ ချမ်းသာမှ သာလျှင် နိုင်ငံကောင်း နိုင်ငံမြတ်ဟု ဆိုထိုက်ပေသည်"လို့ ထည့်သွင်း မိန့်ကြားခဲ့ပါတယ်။
ထွန်းသစ်စ နိုင်ငံများ လမ်းကြောင်း
ဒုတိယကမ္ဘာစစ် ပြီးဆုံးပြီး နှစ်နှစ်ခွဲမျှ အကြာမှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့တာပါ။ အဲဒီ အချိန်ကာလမှာ ဆိုရှယ်လစ် နိုင်ငံ ထူထောင်ရေး ဆိုတာ တစ်မျိုးသားလုံးရဲ့ ဦးတည်ချက်ကြီးပါပဲ။ ကမ္ဘာမှာလည်း ဒုတိယ ကမ္ဘာစစ်ကြီးမှာ ဂျာမန်တွေကို အလဲထိုး နိုင်ခဲ့တဲ့ ဆိုဗီယက် ယူနီယံဟာ ဟီးရိုး ဖြစ်နေတယ်။ အရှေ့ ဥရောပ တစ်ခွင်လုံး ဆိုရှယ်လစ် နိုင်ငံတွေ အပြိုင်းအရိုင်း ပေါ်ထွန်း လာနေချိန် ဖြစ်တယ်။
လွတ်လပ်သော မြန်မာနိုင်ငံရဲ့ ပထမဆုံး သမ္မတ ကိုယ်တိုင်က "ကျွန်ုပ်တို့၏ မူလ ရည်ရွယ်ချက်သည်ကား . . . ဆိုရှယ်လစ် နိုင်ငံ တည်ဆောက်ရန် ဖြစ်ပေသည်။" လို့ အတိအလင်း ကြေညာခြင်းဖြင့် ထိုစဉ်က ထွန်းသစ်စ နိုင်ငံတွေရဲ့ သွားရာ လမ်းကြောင်း အတိုင်း လိုက်ခဲ့တာ မထူးဆန်းပါဘူး။
ဘယ်စနစ်မှ မမြဲဘူး
၁၉၄၆ ခု ဇန်န၀ါရီလ ဖဆပလ ပဏာမ ညီလာခံကြီးမှာ ဗိုလ်ချုပ်အောင်ဆန်းက -
"အမှန်ကတော့ ဘယ်နိုင်ငံရေး၊ စီးပွားရေး စနစ်မှ အမြဲ တည်တံ့တာ မရှိဘူး။ သူ့အချိန် သူ့အခြေအနေ အလိုက် ဖြစ်လာ ကြတာပဲ။ ဒီတော့ ကျွန်တော်တို့ ဗမာပြည် အဖို့မှာတော့ အလယ်အလတ် အဆင့်မှာရှိတဲ့ ဒီအရင်းရှင်ကို စနစ် ကျော်မသွား သေးပေမယ့် အဲဒီစနစ် ထင်တာ မလုပ်နိုင်ဘဲ ဒီစနစ်ကို အမြန်ဆုံး ကျော်သွားနိုင်မယ့် စီးပွားရေး သဘောတရား တွေကို အခြေခံပြီး တိုင်းပြည် တည်မှသာလျှင် တကယ့် ဒီမိုကရေစီ နိုင်ငံကို ရောက်အောင် သွားနိုင်လိမ့်မယ်။ တကယ့် ဒီမိုကရေစီ ဆိုတာ နိုင်ငံရေး သဘောတရား အရ ပြည်သူတွေရဲ့ အကျိုးအတွက် ပြည်သူတွေက တင်မြှောက်တဲ့ ပြည်သူတွေရဲ့ အစိုးရဖြစ်ရုံနှင့် မပြီးသေးဘူး။ အဲဒီအစိုးရဟာ ပြည်သူတွေရဲ့ လက်ငင်း စီးပွားရေး အဆင့်အတန်းကို အခွင့်အရေး တန်းတူ ရနိုင်တဲ့ အခြေအထိ မြှင့်တင်နိုင်အောင် ဆောင်ရွက်ပေးမှ တကယ့် ဒီမိုကရေစီအထိ လှမ်းတက်နိုင်မယ်" လို့ တင်ပြ ဆွေးနွေးခဲ့တယ်။
ငါးမူး သုံးမူးတစ်ပဲ ဒီမိုကရေစီ
"အခု ဒီမိုကရေစီ ခေါ်နေတဲ့ တိုင်းပြည်တွေ အများဟာ တကယ့် ဒီမိုကရေစီတွေ မဟုတ်ဘူး။ ငါးမူး သုံးမူး တစ်ပဲ လောက်ပဲ ဒီမိုကရေစီတွေ ဖြစ်ကြသေးတယ်။ အဲဒီ ဒီမိုကရေစီတွေဟာ အရင်းစစ် လိုက်တော့ အရင်းရှင်ခေါ်တဲ့ ပစ္စည်း၊ အရင်းရှင်တွေ စီးပွားရေး ခြယ်လှယ်တဲ့ စနစ် အခြေခံတဲ့ ဒီမိုကရေစီတွေ ဖြစ်တယ်။ တစ်နည်းအားဖြင့် အရင်းရှင်တွေရဲ့ အာဏာရှင် စနစ် အုပ်ချုပ်ရေးကို ဒီမိုကရေစီ ဆိုလို့ ဗန်းပြပြီး ထားတဲ့ အုပ်ချုပ်ရေးပဲ"လို့ ဗိုလ်ချုပ် အောင်ဆန်းက မိန့်ကြားခဲ့တာဟာ ခေတ် အဆက်ဆက် မငြင်းနိုင်တဲ့ အမှန်တရားတွေ ဖြစ်နေပါတယ်။
နိုင်ငံရေး သုခမိန်စကား
အဲဒီ မိန့်ကြားချက် တွေထဲမှာ "အမှန်ကတော့ ဘယ်နိုင်ငံရေး၊ စီးပွားရေးစနစ်မှ အမြဲ တည်တံ့တာ မရှိဘူး။ သူ့အချိန် သူ့အခြေအနေ အလိုက် ဖြစ်လာကြတာပဲ" ဆိုတဲ့စကားကတော့ ဆိုဗီယက် ယူနီယံကြီး တလူလူ တန်ခိုးထွားနေတဲ့ အချိန်မှာ ပြောခဲ့တာ ဖြစ်ပြီး ယနေ့လို အချိန်မှာ ပြန်ဖတ်ရတဲ့ အခါ "သြော် ဒါကြောင့်လည်း စာရေးဆရာကြီး မောင်ထင်က ဗိုလ်ချုပ် အောင်ဆန်းကို နိုင်ငံရေး သုခမိန်လို့ ရေးခဲ့တာပဲ"လို့ သဘောပေါက်ရပါတယ်။
ဆိုဗီယက် ဆိုရှယ်လစ် စနစ်ကြီးကို ခုလိုမျိုး ပြိုကျ ပျက်စီးသွား လိမ့်မယ်လို့ ဘယ်သူက ရွှေဉာဏ်တော် စူးရောက်ရဲမှာလဲဗျာ။ ပြိုကျမည့် ပြိုကျတော့လည်း ဆိုဗီယက် ကွန်မြူနစ် ပါတီဆိုတာ ဆိုင်းဘုတ် လောက်ပဲ ကျန်တော့တဲ့ ဘ၀ရောက်ခဲ့တာပဲ။
ဆိုရှယ်လစ် ဘာကြောင့် ကျဆုံး
ကမ္ဘာမှာ ဆိုရှယ်လစ်ဝါဒ ကျဆုံးခဲ့တာကို သုံးသပ် နိုင်လောက်အောင် ကျွန်တော်တို့ လက်လှမ်း မမီပေမယ့် မြန်မာပြည်မှာ ဆိုရှယ်လစ် စနစ်ကျဆုံးရခြင်းကိုတော့ အတွေ့အကြုံ မှတ်တမ်းများကို လေ့လာရင် မှန်မှန်ကန်ကန် တွက်ဆလို့ ရနိုင်ပါတယ်။
ပထမဆုံး အမှားကတော့ နိုင်ငံတော် သမ္မတ ကိုယ်တိုင် ကြေညာခဲ့တဲ့ "လွတ်လပ်သော မြန်မာနိုင်ငံ၏ ပန်းတိုင်များ" ထဲမှာ ". . . ထိုဝါဒတွင် ပိုင်ရှင်ရှိသော ပစ္စည်းများကို အတင်းအဓမ္မ လုယက် ယူသော ရည်ရွယ်ချက် လုံးဝမပါဘဲ တိုင်းပြည် အတွင်းရှိရှိ သမျှ ပြည်သူပြည်သား အလုံးစုံတို့ကို ကျောသားရင်သား မခွဲခြားပဲ ပြည့်ဝချမ်းသာ စေလိုသော ဝါဒသာလျှင် ဖြစ်လေသည်။ လူ့အတန်းအစား မခွဲခြားဘဲ အားလုံး ပြည်သူ လူအများတို့ ကြွယ်ဝချမ်းသာမှ သာလျှင် နိုင်ငံကောင်း နိုင်ငံမြတ်ဟု ဆိုထိုက် ပေသည်"လို့ ဖော်ပြထားပေမယ့် လက်တွေ့မှာ ဘယ်လို ကျင့်သုံးခဲ့ကြသလဲ။ မဝေးလှသေးတဲ့ အတိတ်သမိုင်းက သင်ခန်းစာတွေ ပေးနေပါတယ်။
ဒုတိယ အမှားကတော့ ဆိုရှယ်လစ် နိုင်ငံတော် တည်ဆောက် ကြမယ်လို့ ကြွေးကြော်ခဲ့ကြတဲ့ လက်ဝဲသမားတွေ အားလုံး ဘိုးဘိုးအောင်ရဲ့ ၀လုံးတွေလို ဆတိုးနှုန်းနဲ့ ကွဲအက် ခွဲထွက်ခဲ့ ကြခြင်းပါပဲ။
အတိတ်သမိုင်း သင်ခန်းစာတွေကို ထောက်ချင့်ရင်ဖြင့် အမျိုးသား စည်းလုံး ညီညွတ်ရေး တည်ဆောက်နိုင်မှသာ တစ်မျိုးသား လုံး မျှော်မှန်းတဲ့ ပန်းတိုင်ကို ရောက်ကြမည် ဆိုတာ သံသယ ဖြစ်စရာ မလိုပါ။
မောင်ဝံသ

0 comments:
Post a Comment