၂၀၁၃-၂၀၁၄ အခြေခံပညာရေးသင်ကြားပုံအပြောင်းအလဲ နှင့် စာသင်ခုံများနေရာချထားမှု
မနေ့က မြန်မာတစ်နိုင်ငံလုံးမှာ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ပါတယ်၊ ဒီနှစ်ကျောင်းအဖွင့်မှာ မူလတန်း၊ အလယ်တန်း ဆရာဆရာမ တွေရဲ့အပြောအရ သင်ကြားမှုနည်းစနစ် တွေအပြောင်းအလဲတွေ အများကြီးရှိလာတယ်လို့ သိရပါတယ်။
နွေရာသီမှာ ကတည်းက ဆရာ/ဆရာမတိုင်း အထူးမွမ်းမံသင်တန်းကို မတက်မနေရ တတ်ရတယ်လို့ ဆိုပါတယ်။ ငယ်သူငယ်ချင်း မူလတန်းပြဆရာမလေးက ကျမကို သူတို့သင်ရတဲ့ သင်တန်းအကြောင်းကို အားတတ်သရော ဖုန်းဆက်ပြောပြတော့ ကျမကအစိုးရရဲ့ ပညာရေးသင်ကြားပုံစနစ်အပြောင်းအလဲကို မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ပါ။ တူမလေး ပြောပြမှ စပြ...ီး လက်ခံကာ သင်ကြားရေးစနစ်အပြောင်းအလဲတွေကို ကြိုဆိုထောက်ခံအားပေးလိုက်ရပါတယ်။
မနေ့က ကျောင်းအဖွင့်မှာ တူမလေး တစ်ယောက် ကျောင်းအပြန်မှာ မေးကြည့်တော့ စာသင်ခုံတွေ နေရာချထား ပုံတွေက အစ ပြောင်းလဲသွားပါတယ်လို့ ပြောပါတယ်။ ယောကျားကလေးတွေ နဲ့ မိန်းကလေးတွေ ကို မျက်နှာချင်းဆိုင် ထိုင်ရပြီး ခုံတန်းလျားတွေကို လည်း ရှေ့နောက်တန်းမစီပဲ ဝိုင်းဖွဲ့ကာ ထိုင်ရပါတယ်လို့ ပြောပြပါတယ်။ ကျမတို့ငယ်ငယ်ကလို စာတော်တဲ့သူ ရှေ့ကထိုင် ညံ့တဲ့သူ နောက်ကထိုင်၊ဆရာမနဲ့ အဆင်ပြေတဲ့သူ ရှေ့ကထိုင် ဆိုတဲ့သဘောမျိုး မဟုတ်တော့ပါဘူး။ ပြီးတော့ ယောက်ကျားလေး မိန်းကလေးဆိုတဲ့ ခွဲခြားမှုစိတ်ဓာတ်ကလေး တွေလဲ ကလေးဘဝကတည်းက မရှိလာအောင်၊ ရင်းနှီးခင်မင်စွာနဲ့ သူငယ်ချင်းအဖြစ် နေထိုင်နိုင်အောင် လေ့ကျင့်ပေးတယ်လို့ ထင်မြင်ယူဆမိလို့ ဝမ်းသာစွာ နဲ့ ထောက်ခံလိုက်ပါတယ်။
ကျမတို့ ငယ်ငယ်က အထက်တန်းကျောင်းတွေမှာ ဆို ကျမတို့တွေ က ယောက်ကျားလေး တွေထိုင်တဲ့ ခုံတန်းဘက်ဆို ယောင်လို့ လှည့်ကြည့်ရမှာကို ရှက်တတ်ကြပါတယ်၊ သူတို့ကို သဘောကျလို့ ကြည့်တယ် ဟုအထင်ခံရမှာ စိုးလို့ပါ၊ ဒါပေမဲ့ နိုင်ငံခြားတက္ကသိုလ် မှာ ပညာသင်ကြားကာမှ အမြင်တွေက ပြောင်းလဲပွင့်လန်းလာပါတယ်၊ အဆောင်မှာ ယောက်ကျားလေး မိန်းကလေးတွေ တစ်ဆောင်ထဲ ထားသလို ကျောင်းစာဖြစ်ဖြစ် ကျောင်း စာပြင်ပလှုပ်ရှားမှုပဲ ဖြစ်ဖြစ် လုပ်ဆောင်ကြရင် အတူတူတွဲဖက်လုပ်ဆောင်ရလေ့ရှိပါတယ်၊ အစ က နည်းနည်းထူးဆန်းသလို ရှိခဲ့ပေမဲ့ တကယ်တမ်းကျတော့ မြန်မာပြည်မှာထက် ကျောင်းသူကျောင်းသားတွေဟာ ပိုမိုပွင့်လင်းပြီး ရိုးရိုးသားသား ဆက်ဆံကြသလို ခင်မင်ရင်းနှီးချစ်ခင်မှုပိုရှိပြီး ခွဲခြားမှုမရှိတာကို တွေ့ရှိရပါတယ်၊. ဒီလို အလေ့အကျင့်ကောင်းတွေကို ကလေးသူငယ်က ဘဝက စပြီး ပညာရေးစနစ်ထဲ မှာ သွင်းလာတာကို တွေ့ရလို့ တူမလေးကို နားလည်အောင် ရှင်းပြခဲ့ရသလို မိတ်ဆွေတွေကို လည်း မျှဝေလိုက်ပါတယ်၊
သူငယ်ချင်း ဆရာမလေးက သူတို့ သင်ခဲ့ရတဲ့ ကလေး ဗဟိုပြုသင်ကြားရေးစနစ်တွေကို ပြောပြခဲ့ တာတွေကို တူမလေးရဲ့ ကျောင်းမှာ ကြုံလာရတာတွေ မေးမြန်းပြီး ကြုံရင် တင်ပြပေးပါဦးမယ်၊ အစိုးရကို လည်းပညာရေးစနစ် ပြောင်းလဲတာကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အကောင်အထည်ဖော်ပါ၊ ဝန်ကြီးပြောင်းတိုင်းခဏခဏမပြောင်းပါနဲ့၊ ဆရာဆရာမတွေရဲ့ အရည်အသွေးကို လည်း မြှင့်တင်ပေးပါလို့ ပြောကြားလိုပါတယ်။
မေပုပ္ပား ၂၀၁၃ ဇွန်လ လေးရက်
0 comments:
Post a Comment