Saturday, June 1, 2013

မြန်မာ့လွတ်လပ်ရေးအတွက် အင်အားဖြစ်ခဲ့သော သီချင်းတစ်ပုဒ်အကြောင်း.....



ဆရာရွှေတိုင်ညွန့်
                      ဆရာရွှေတိုင်ညွန့် (ဦးအုန်းဆိုင်) ( အဆိုတော် ဇော်ဝင်းထွဋ်၏ အဘိုး) ကို ၁၉၀၉ခုနှစ် (မြန်မာ သက္ကရာဇ် ၁၂၇၀ပြည့်နှစ် တန်ခူးလတွင် ) ဖခင်အနုပညာရှင်ကြီး ဦးကျင်ခဲ၊ မိခင် ဒေါ်အေးမျှင်တို့မှ ရန်ကုန်မြို့ ကြည့်မြင်တိုင်တွင် ဖွားမြင်ခဲ့ပါသည်။ မွေး ချင်း နှစ်ယောက် ရှိသည့်အနက် ဆရာရွှေတိုင်ညွန့်သည် အငယ်ဖြစ်ပြီး  အစ်ကိုဖြစ်သူမှာ နာမည်ကျော် ဇာတ်မင်းသား ကျော်အုန်းလှိုင်  ဖြစ်ပါသည်။ ဆရာရွှေတိုင်ညွန့်သည် အသက်(၃၅)နှစ်အရွယ် (၁၉၄၅)ခုနှစ်တွင် ကွယ်လွန်ပါသည်။
                        စစ်ကြိုခေတ်တွင် ဆရာရွှေတိုင်ညွန့်၏ သီချင်းများခေတ်စား ထင်ရှားပါသည်။ ဆရာသည် တစ်နှစ်လျှင် သီချင်းအပုဒ် (၈၀) ခန့် ရေးသားနိုင်ကြောင်း သိရှိရပြီး သီးချင်းရေးစပ်ရာတွင် အလွန်မြန်ကြောင်း ဇာတ်နိပါတ်တော် များကို  ကိုးကားရေးဖွဲ့လေ့ ရှိကြောင်းနှင့် `` ဗမာ့သွေး၊ နဂါးနီ၊ မြကြာယံ၊ ဆောင်းကတ္တီပါ၊ ရှေးရေ စက်၊ ဟေဝန်နန်း၊ မိန်းမမြတ်၊ လှေကလေး´´ စသည့် တေး သီချင်းများမှာ ထင်းရှားသည့်အပြင် ယနေ့ခေတ်လူငယ်များအထိ နားယဉ်နေသော သီချင်းများဖြစ်ပါသည်။

                        ဆရာသည် သီချင်းပေါင်း (၂၇၇)ပုဒ်ခန့် ရေးဖွဲ့ခဲ့သည်ဟု မှတ်တမ်းအရ သိရှိရပါသည်။ (အချို့တေးသီချင်းများမှာ ဆရာနှင့် နန်းတော်ရှေ့ ဆရာတင် မည်သူရေးဖွဲ့သည်ဟူသော ၀ိဝါဒ မကွဲသဖြင့် ချန်လှပ်ထားသော သီချင်းများလည်းရှိပါသေးသည်)။
ဗိုလ်ချုပ်၏ ဆန္ဒအား လှပစွာ အကောင်အထည်ဖော်၍ စွမ်းအားပြည့် ရေးဖွဲ့ခဲ့သော တိုင်းကျိုးပြည်ပြု သီချင်း(သို့မဟုတ်) ဆရာရွှေတိုင်ညွန့်၏ နောက်ဆုံးလက်ရာ....
                        ယနေ့ အားလုံးနားယဉ်နေသော `` တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်းအားရှိမည်´´ ဟူသော တေး သီချင်းကိုလည်း ဆရာရွှေတိုင်ညွန့်မှ ရေးစပ်ခဲ့သည့်အပြင် ဆရာ၏ နောက်ဆုံး တေးသီချင်းလက်ရာလည်း ဖြစ်ပါသည်။
                        ၁၉၄၅ ခုနှစ် (ဖက်ဆစ်တော်လှန်ရေး မစတင်မီ) အင်အားနည်းပါးပြီး ပြည်သူ တစ်ရပ်လုံးပါဝင်မှုနှင့် ဖက်ဆစ်တော် လှန်ရေးတပ်လှန့်မှု  အားနည်းလျှက်ရှိသောအချိန်တွင်  ဗမာ့တပ်မတော် သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းမှ ရေးဖွဲ့စေလိုသော အကြောင်းအရာ အား နှုတ်တက်ပြောပြ၍ လွန်စွာ နေမကောင်းဖြစ်နေသည့်ကြားမှ  ဆရာသည် တိုင်းပြည်အတွက် ထားအပ်သော စေတနာ၊ ဖြစ်စေလိုသော ဆန္ဒနှင့်တိုင်းပြည်အတွက် မိမိတပ်စွမ်းရာ ပညာရပ်ဖြင့် အကျိုးပြုကာ ပညာကုန်ထုတ်၍ ရေးဖွဲ့ခဲ့သော တေးသီချင်းလည်း ဖြစ်ခဲ့ပါသည်။
                         ဤ တေးသီချင်း၏ မူလအမည်မှာ `` ဗမာ့တပ်မတော်´´ ဖြစ်ပြီး တက္ကသိုလ်မျိုးချစ်နှင့် အာရှလူငယ်များမှ သီဆိုခဲ့ပါသည်။  ထို့နောက် `` တပ်မတော်အင်အား´´ ဟူ၍လည်းကောင်း၊ ယနေ့မျက်မှောက်ကာလတွင် `` တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်းအားရှိမည်´´ဟူ၍ သီချင်းအမည်များကို အဆင့်ဆင့် အမည်ပြောင်းလဲခဲ့ပြီး အနုပညာရှင်များနှင့် သရုပ်ဆောင်များ ကလေးငယ်များပါမကျန် သီဆိုနေကြကြောင်း တွေ့ရှိရပါသည်။
                          ဤတေးသီချင်းအား( မြန်မာသက္ကရာဇ် ၁၃ဝ၆ ခုနှစ် တန်းခူးလဆန်း ၁၅ ရက် ) ခရစ်နှစ် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက် နေ့တွင် ဖက်ဆစ်ဂျပန်အား တော်လှန်ရန် မြန်မာ့တပ်မတော်ကြီး စစ်ချီစဉ်က ရွှေတိုင်ညွန့်၏ `` ဗမာ့တပ်မတော်´´ဖြင့် အောင် နိမိတ်ဖြင့် အောင်သံကြွေးကြော်ခဲ့ကြောင်း သိရှိရပါသည်။ ထိုသီချင်းအပါအ၀င် တိုင်းပြုပြည်ပြု သီချင်းများ များစွာ ရေးဖွဲ့ခဲ့သော ဆရာ ရွှေတိုင်ညွန့်အား (မကွယ်လွန်မီ သုံးလခန့်တွင်)  ထိုအချိန်က (စစ်အတွင်းအစိုးရ) နိုင်ငံတော် အဓိပတိ ဒေါက်တာဘမော်က ဆရာရွှေတိုင်ညွန့်အား`` စာဆိုတော်ဘွဲ့´´ ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။

တေးသီချင်း၏ တန်ဘိုးနှင့် အနက်အဓိပ္ပါယ်
                            ဤသီချင်းအား ရေးဖွဲ့စေလိုသူ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရေးဖွဲ့ခဲ့သော ဆရာရွှေတိုင်ညွန့်တို့၏ တိုင်းပြည်အပေါ်တွင် ထားရှိခဲ့သော စေတနာ၊ တေးသီချင်း၏ ဖော်ပြမှု အနှစ်အဓိပ္ပါယ်(စွမ်းရည်)များနှင့် တပ်မတော်ကြီးအပေါ်တွင် မည်မျှ အားထားခဲ့သည်ကို သိရှိခဲ့ရသည့်အပြင် အင်အားကြီးမားသော (နိုင်ငံ့ဂုဏ်ကို တောက်ပစွာဖော်ဆောင်နိုင်သော) တပ်မတော်ကြီးတစ်ရပ် ဖြစ်စေလိုသည့် ဆန္ဒများကိုလည်း တွေ့မြင်ခဲ့ရပါသည်။  တပ်မတော်သားများသည် မိမိတို့၏ သွေးသားများ ဖြစ်သည်ကို မြင်တွေ့စေခဲ့သကဲ့သို့ တပ်မတော်သားများ အနေဖြင့်လည်း ပြည်သူ့အကျိုးကို ဆောင်ရွက်ရာတွင် ဇွဲ၊ သတ္တိတို့ကို အရင်းခံ၍   ကြိုးကြိုးစားစားဖြင့် ခွန်အား အစွမ်းပြရန်လည်း မှာကြားခဲ့သည့် အဘိုးမဖြတ်နိုင်သော နိုင်ငံ့သမိုင်းနှင့် ဆိုင်သည့်  တေးသီချင်းတစ်ပုဒ်ဖြစ်သည်ဟု တွေးမြင် သုံးသပ်မိပါသည်။
                            ထို့အပြင် တပ်မတော်နှင့် ပြည်သူ တစ်စိတ်တစ်ဝမ်းတည်း ညီညွတ်မျှတခဲ့ပါက နိုင်ငံတော်၏ ကျက်သရေကို ဆောင်နိုင်ပြီဖြစ်ကြောင်းနှင့် ထိုသို့ လုပ်ဆောင်နိုင်သော တပ်မတော်ကြီးသည် အမှန်တကယ် မွန်မြတ်သည့် တပ်မတော်ကြီး ဖြစ်ပြီဟု ဆုံးမသြ၀ါဒ ပေးခဲ့သည်ဟု မှတ်ယူရင်း တိုင်းပြည်နှင့် လူမျိုးတို့အား  အစဉ် ကာကွယ်စောင့်ရှောက်နိုင်သော တပ်မတော်ကြီး ဖြစ်ပါစေကြောင်းနှင့် ပြည်သူများမှလည်း တပ်မတော်သားများသည် မိမိတို့၏ ရင်သွေးများ ဖြစ်ကြောင်း အသိအမှတ်ပြုကာ နိုင်ငံ့ကျက်သရေကို လက်တွဲညီစွာ ဖော်ဆောင်နိုင်ကြ ပါစေကြောင်းခင်ဗျာ.........
(ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆရာရွှေတိုင်ညွန့်တို့အား ဦးထိပ်ထားလျှက် ၆၈နှစ်မြောက် တပ်မတော်နေ့အား  ဂုဏ်ပြုရေးဖွဲ့ပါသည်)
                                                                                                                      (ကွန်ဆူးမား)(၂၆-၃-၂၀၁၃)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...