ခင်ဗျားတို့ ကျွန်တော်တို့ ကလေးတွေရဲ့ ပညာရေး (၄)
ကျွန်တော် စဉ်းစားကြည့်တယ်
လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးကြောင်ထွက်သွားအောင် ကျောင်းတွေ ဖွင့်ခဲ့ကြတာလား။
ခင်ဗျားတို့ စင်းစင်းပြီးကျွေးထားတဲ့မြက်တွေကိုနွားတစ်ကောင်လို တမြုံ့မြုံ့ ၀ါးပြီး ကျွန်တော် စဉ်းစားနေမိတယ်။
ငယ်ငယ်က စိတ်ဝင်စားစရာမကောင်းတဲ့ ဘာသာအားလုံးကို ဆိတ်ဝင်စားသွားလို့
စိတ်ဓါတ်ကျပြီး ခု ခင်ဗျား ထင်ရာမြင်ရာ ဂိုဏ်းတွေမှာ ဆရာကြီးလုပ်နေခဲ့သလား လူကြီးမင်း။
လူကြီးမင်းခေါ်ဆိုသော ခေတ်စနစ်မှာ
နိုင်ငံတကာ စံနှုန်းများ ယဉ်ကျေးမှုများ ဖွဲ့စည်းပုံအခြေခံဥပဒေများရဲ့ ဧရိယာအပြင်
နှစ် ၂၀၀ ကျော် ရေနစ်ကျန်ရစ်ခဲ့ပါသဖြင့် တိုးတက်၍မရနိုင်ပါတဲ့
ဟာသဟာ ဟာသ မဆန်တော့လောက်အောင်ခြောက်ကပ်လို့။
ကလေးဘ၀က တင်ပါး ခြေသလုံး ကျောကုန်းနဲ့အသည်းနှလုံးဆီ
တဘုံးဘုံးကျရောက်ပေါက်ကွဲခဲ့တဲ့ ကြိမ်လုံးတွေကြောင့်
စိတ်နောက်ကိုယ်ပါ တစ်စစီ လက်စားပြန်ချေနေခဲ့ပါသလား။
ဆံပင်တွေဖရိုဖရဲနဲ့ လမ်းဘေးလိမ့်ဆင်းလာတဲ့
လူဖြစ်လို့ဆယ်လှမ်းမပြည့်ခင် ဆယ်တန်း နှစ်ခါကျခဲ့တဲ့ ချာတိတ်ကိုမေးကြည့်တယ်။
ဘာဖြစ်လို့ စာမေးပွဲ ကျတာလဲလို့ ဆိုတော့
သူက မသိပါဘူးဗျာတဲ့
ဘယ်သူက မသိတာလည်းဆိုတော့
မသိပါဘူးဗျာတဲ့
ကဲ ဒါဆို ဒီနှစ် ဒီအတန်းမှာ ဒီစာမေးပွဲကိုအောင်ရင်
တစ်ယောက်ကို ရွှေတစ်ပိဿာပေးမယ်ဆိုရင် ဘယ်လိုလည်းပေါ့
သူကဖြေတယ်
''မအောင်ရင်သတ် မြို့လုံးကျွတ် လျှာတွေဖြတ်ချလိုက်''တဲ့။
မျှော်လင့်ချက် အိပ်မက် အနာဂတ် ဒါပဲမဟုတ်လား လူကြီးမင်း
မျှော်လင့်ချက်ကြောင့် သစ်လုံးအိမ်ထဲကရုန်းထွက် သမ္မတဖြစ်လာတယ်
မျှော်လင့်ချက်ကြောင့် အမှောင်ထုကြီးထဲက ကုန်းထ သမ္မတဖြစ်လာတယ်
မျှော်လင့်ချက်ကြောင့် ကူးတို့လှေကလေးထဲကခုန်ထွက် သမ္မတဖြစ်လာခဲ့ကြတယ်။
မျှော်လင့်ချက်ဟာ သူတို့ရှေ့မှာ ထီးထီးကြီး ရှိနေခဲ့တာကိုး။
မျှော်လင့်ချက်ကြောင့်
မျှော်လင့်သလိုဖြစ်လာတဲ့တိုင်းပြည်တွေ ဒီလို ‘‘တစ်’’ဂဏာန်းတွေစိုးမိုးနေခဲ့ကြတာကိုး။
ဒီမှာတော့ တစ်ဆို့လို့မဝ
ရေဆိုးမြောင်းထဲ အလုအယက်တိုးဝင်နေတဲ့အမှိုက်စုတ်များလို တစ်ဆို့လို့မဝ
မသိမှုရဲ့ခြောက်ကမ်းပါးကြီးထဲခုန်ချဖို့တန်းစီနေတဲ့ မျက်မမြင်အ၀ိဇ္ဇာများလို အပြိုင်းအရိုင်း တစ်ဆို့လို့မ၀။
သူတို့
ဘောလုံးတစ်လုံးကို ကန်ရဖို့ မိုင် သုံး, လေးဆယ် အရှိန်နဲ့ပြေးလာခဲ့ရတယ်
စာအုပ်တစ်အုပ်ကိုဖတ်ရဖို့ သုံး, လေး ငါး မိုင် ဆန့်ထုတ် လမ်းလျှောက် လာခဲ့ရတယ်။
မျှော်လင့်ချက်ရှိတာကိုး။
သံတစ်ချက်ရိုက်ပြီးတိုင်း ခြေတစ်လှမ်းတိုးပြီးတိုင်း
အဆောက်အအုံက ပိုပိုခိုင်ခန့်လာတာကိုး။
ဒီမှာတော့ ပေါလိုက်တဲ့ ပညာတတ်တွေ
ရပ်ကွက်ထဲမှာ
စာအုပ်ဆိုင် ဓါတ်ဆီဆိုင် ကုန်စုံဆိုင် ပွဲစား ဆိုင်ကယ်ကယ်ရီ ကားဒရိုင်ဘာအဖြစ်
ဘ၀နေနည်းအနုပညာအမျိုးမျိုးတွေနဲ့တောက်ပလို့။
ဒီလိုမှန်းသိရင် ဒီစစ်ကြီးမတိုက်ခဲ့ပါဘူးဆိုတဲ့ နောင်တမျိုးနဲ့
အမေလည်းပွန်းပဲ့လို့ အဖေလည်းဒဏ်ရာဗရပွ ကျွန်တော်က သေစာရှင်စာရေးတတ်ရုံ
နံရံမှာဘွဲ့ဝတ်စုံနဲ့ တစ်အိမ်လုံးစုံလုံးကန်းလို့။
ဒီတော့
နွေရာသီကျောင်းပိတ်ရက်ရောက်ပြီဆိုပါစို့
ကွမ်းတစ်ယာစာသဲတစ်စုပ်နဲ့ ရေတစ်မှုတ်စာကျွတ်ကျွတ်တွေကို အိမ်တွေမှာတပ်ဆင်ခိုင်းတာထက်
ဒီနွေရာသီမှာ
ကလေးတွေအတွက် မြက်ခင်းစိမ်းတွေနဲ့ယိမ်းနေတဲ့ ကစားကွင်းကြီးများဖြန့်ချလိုက်ပါ။
ကလေးတွေအတွက် ပင်လယ်ပြင်ကြီးနဲ့တူတဲ့ ရေကူးကန်ကြီးတွေတူး ကူးခတ်လွှတ်ပေးလိုက်စမ်းပါ။
ကလေးတွေအတွက် စကြ၀ဋာကြီးထဲ ကမ္ဘာကြီးတည်ပေးထားသလို တည်ထားတဲ့ ဘောလုံးကွင်းကြီးများ
ခင်ဗျားတို့တည်ဆောက်ပေးလိုက်ပါ။
အဲ့ဒီလို မီးလောင်နေတဲ့တိုင်းပြည်ကို ဒီလိုရင်းနှီးမြှပ်နှံမှုများနဲ့ ငြိမ်းလိုက်ပါ။
ဒီနွေရာသီမှာ ခင်ဗျားတို့တစ်ကယ်လုပ်ရမှာက
မိဘနဲ့ဆရာတွေလက်တွဲ
ယဉ်ကျေးမှုသင်တန်းတွေဆီ ချီတက်သွားလိုက်ကြဖို့ပါပဲ။ ။
ခရမ်းပြာထက်လူ
( ၂ ၀ ၁ ၃ )
0 comments:
Post a Comment