Tuesday, June 18, 2013

``ခွန်အားဖြိုးမောက် ABC Stout......´´

``ခွန်အားဖြိုးမောက် ABC Stout......´´

 မြန်မာပြည်မှာ ABC Stout..... ပေါ်ခဲ့တာ နှစ်ပေါင်းနှစ်ဆယ်နီးပါးများ ရှိမလား မမှတ်မိတော့ပေမဲ့.....  TV က လာတဲ့ ABC Stout..... ကြော်ငြာလေးကိုလည်း မှတ်မိနေပါသေးတယ်...။

``ခွန်အားဖြိုးမောက် ABC Stout......´´ တဲ့လေ......။

ကြော်ငြာလေးကလည်း ``ခွန်အားဖြိုးမောက် ABC Stout......´´၊ နောက်ပြီး စတောက်လေးရဲ့ အရောင်ကလည်း ဇီးဖျော်ရည်လိုလို၊ အနံလေးကလည်း မွှေးမွှေးလေးဆိုတော့  ABC Stout နဲ့ ပတ်သက်တဲ့ ရယ်စရာလေး တစ်ခုလည်း ကြားဘူးခဲ့တယ်ဗျ......

အဖြစ်ကဒီလို......

ABC Stout.. ပေါ်လာပြီး သိပ်မကြာခင်မှာ အညာဘက်က ရွာလေးတစ်ရွာမှာ တရားပွဲလေး ကျင်းပဖို့ ပြင်ဆင်နေပါသတဲ့...၊ တရားပွဲကို စီစဉ်ပေးသူကတော့ အဲဒီရွာက သဒ္ဒါတရား ထက်သန်တဲ့ ယာရှင်ကြီး တစ်ဦးပါပဲတဲ့.....။

သူ့ရဲ့ အလေ့အထ တစ်ခုကလည်း အလှူအတန်းလုပ်တဲ့ အခါမှာ စေတနာ သုံးတန် ပြဌာန်း ယုံမျှမက ကောင်းမွန်ပြည့်စုံစွာ စီမံတတ်ခြင်းပါပဲ။

တရားပွဲစီစဉ်ထားတဲ့ ညမတိုင်ခင် နေ့ဘက်မှာ သူ့အိမ်ကတစ်ယောက်ကို မြို့ ဈေးကို လွှတ်ပြီး မိုက်၊ အသံချဲ့  စက်၊ မီးသီး မီးချောင်း၊ အချိုရည် စတဲ့... စတဲ့ တရားပွဲအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ၀ယ်ယူဖို့ လိုအပ်တာတွေကို မှာကြားနေပါသတဲ့....။

အဲဒီလို လိုအပ်တာတွေကို မှာကြားနေရင်း တီဗွီ ကြော်ငြာမှာ တွေ့တွေ့နေရတဲ့ ``ခွန်အားဖြိုးမောက် ABC Stout......´´ကို သတိရလာပြီး   ABC Stout..... (၃)ဗူးလောက်  ၀ယ်လာဖို့ကိုလည်း မှာကြားလိုက်ပါသတဲ့......။ ဈေးဝယ်သူပြန်ရောက်လာတော့လည်း   ABC Stout..... (၃)ဗူးကို ၀မ်းမြောက်ဝမ်းသာဖြင့် ရေခဲတုံးလေးတွေနဲ့ စိမ်ရတဲ့ ကျေးလက် ရေခဲသေတ္တာထဲကို ကိုယ်တိုင်ပဲ ထည့်စိမ်ထားလိုက်ပါသတဲ့။

ဒီလိုနဲ့ ည ရောက်လို့ တရားပွဲမစတင်မီမှာ ယာရှင်ဒါယိကာကြီးဟာ တရားဟောမဲ့ ဆရာတော်ကို အားဖြစ်စေခြင်းငှာ.... ရေခဲစိမ်ထားတဲ့   ABC Stout..... ကိုဖွင့်ဖောက်လို့ ဆက်ကပ်ပါသတဲ့.....။

ဆရာတော်လည်း အနံလေးကမွှေး၊ အရောင်လေးကလည်း အဆင်ပြေတော့   ABC Stout..... ဆိုတာ အယ်လ်ကိုဟောပါတဲ့ သူရာရည် အပျော့စားလေး ဖြစ်တယ်ဆိုတာကို မသိပဲ အားဖြစ်စေတဲ့ အချိုရည်ကို ဒကာကြီးက တိုက်တာပဲလို့ ယုံကြည်ပြီး သောက်လိုက်ပါရောတဲ့.....။

ရဟန်းသံဃာတွေဆိုတာ ညစာမစားတဲ့ ပုဂ္ဂိုလ်များ ဖြစ်တဲ့အပြင်... မူးယစ်ရီဝေစေတတ်တဲ့ အရက်သေစာကို သောက်သုံးလေ့မရှိတဲ့ သူတော်ကောင်းများ ဖြစ်လေတော့....  အူရိုင်းထဲကို အယ်လ်ကိုဟော ပါတဲ့   ABC Stout..... ရောက်သွားတဲ့ အခါမှာ ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှု ကြောင့် ဆရာတော်က ``ဒကာကြီး ကျုပ်ဘာဖြစ်တယ်....မသိဘူး.... ရင်တွေတုန်ပြီး အင်ချင်လာတယ်... မူးလည်း မူးတယ်ဗျ....´´ လို့ ပြောရင်း အန်ချလိုက်တဲ့အပြင် ခန္ဓာကိုယ်လည်း ဒယီးဒယိုင်ဖြစ်လာတဲ့ အတွက် တရားမဟောနိုင်တော့ပဲ.... အဲဒီနေ့ညမှာ တရားပွဲကိုရပ်နား လိုက်ရပါသတဲ့......။

တကယ်တော့ သူဌေးကြီးခမျာ ထက်သန်တဲ့ သဒ္ဒါတရားသာရှိပြီး အကြောင်းအကျိုးအကောင်းအဆိုး ခွဲခြားနိုင်ဖို့  ABC Extra Stout (7% Alc.) ဆိုတာလေးကို မသိခဲ့တဲ့ အတွက် ရည်ရွယ်ချက်ကောင်းသော ကုသိုလ်တရားများကို ဖြစ်ထွန်းစေတဲ့ တရားပွဲလေးလည်း  ပျက်စီးခဲ့ရပါတယ်....။

ပျော်ရွှင်စေလိုခြင်းကြောင့် ကြားဘူးသော ဟာသလေးအား တင်ပြခြင်း ဖြစ်ပါကြောင်းနှင့် စာဖတ်သူများလည်း ယာရှင်ကြီးလို ထက်သန်တဲ့ သဒ္ဒါတရားများကို ခေတ်မီမီ နားလည်သိတတ်စွာဖြင့် အကောင်းအဆိုး အကြောင်းအကျိုး ခွဲခြားနားလည်နိုင်ကြပါစေကြောင်းခင်ဗျာ......

ရွှင်လန်းချမ်းမြေ့ကြပါစေ..

(ကွန်ဆူးမား)(၁၈-၆-၂၀၁၃)

  1 comment:

  1. abc စတောက်မှာ ဘီယာဆိုတဲ့ နာမည် လုံးဝမပါဘူး။ ဒါက မွတ်ဆလင်နိုင်ငံတွေမှာ ၀ိနည်းလွတ် သောက်လို့ရအောင် အကြံအဖန် လုပ်ထားတာလို့ ကြားဖူးတယ်။ သူတို့က ဘာသာရေးအရ တားဆီးထားတဲ့ အရက်သေစာ သောက်တာ မဟုတ်ဘဲ အားဖြည့်အရည် သောက်တာဆိုပြီး နှစ်ပေါက်တစ်ပေါက် ရိုက်ကြတယ်။

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...