'တုတ်တိုများဖြင့် စိန်ခေါ်သတ်ပွဲ (Duel with Cudgels)'
by Wunna Than Htun on Sunday, September 2, 2012 at 3:57am ·
မကြာသေးမီရက်ပိုင်းအတွင်းက … facebook ပေါ်မှ မိတ်ဆွေ တစ်ဦး၏ ကိုယ်တွေ့ အဖြစ်အပျက်များအား ရေးထားသည့်"အိမ်တိုင်နွယ်ရစ် လယ် တော ဖြစ်ခြင်း” ဆိုသည့် စာလေးတစ်ခုကို ဖတ်ရသည်။ စာရေးသူ တာဝန်ထမ်းဆောင်စဉ်က သွားလာခဲ့ရသည့် ဒေသများတွင် ကြုံတွေ့ခဲ့ရသော အခြေအနေတစ်ချို့ နှင့် နောက်ထပ် အဆိုပါ အခြေအနေများ မဖြစ်လို၊ မတွေ့ကြုံလိုတော့သည့် စာရေးသူ ဆန္ဒများအား ရေးထားသော စာကို ဖတ်ကြည့်ရုံနှင့် သူ့ စေတနာ ကို မြင်ရပါသည်။
စာထဲတွင် ပါသည့် အကြောင်းရင်းက အဆိုပါ စာ ကို ရေးသားသူ .. ကရင်ပြည်နယ်ဘက်တွင် စစ်ဆင်ရေး တာဝန်ထမ်းဆောင်စဉ်၊ နှစ်ဘက် လက်နက်ကိုင် ပဋိပက္ခများကြောင့် ဒေသခံ ရွာသားများ နေရပ်ဒေသ ကို စွန့်ခွာ ခဲ့ရသဖြင့် အချို့သော အိမ်ကြီး အိမ်ကောင်းများတွင် နေထိုင်မည့်သူမရှိ တဖြည်းဖြည်း ခြောက်ကပ်လာခဲ့သည်။ ရွာများတွင် နေမည့်သူမရှိ ဖြစ်လာသည်။ ၄င်းမှတဆင့် ရွာများပျက်ပြီး တောများ၊ ခြုံနွယ်များ တဖြည်းဖြည်းချင်း ဖုန်းလာခဲ့သည်။ ထို အဖြစ်အပျက်များကို အိမ်တိုင်နွယ်ရစ်လယ်တောဖြစ်ခြင်း ဟူသော အမည်ဖြင့် ရေးသားထားခြင်းဖြစ်သည်။
မိမိကိုယ်တိုင်လည်း အဆိုပါ ဒေသများတွင် တာဝန်ဖြင့် လှည့်လည်သွားလာခဲ့သူမို့ ရေးပြထားသည့် အကြောင်းအရာများကို ဖတ်ရရုံဖြင့် မျက်စိထဲ အားလုံးကို ပြန်မြင်ယောင်မိသည်။ မိမိ သွားလာခဲ့သည် အချိန်ကာလများက အဆိုပါ စာကို ရေးသူ တာဝန်ကျနေစဉ်အချိန်များနှင့် နှိုင်းယှဉ်လျှင် အတော်ကလေး အေးချမ်းသာယာသွားခဲ့ပြီ ဟု ဆိုနိုင်ပါသည်။ သို့သော်လည်း ခြောက်ကပ်ပြီး လူသူ နေထိုင်မှု့ မရှိသည့် အိမ်ချေ၊ ယာခြေ များကို တစပြင်ကဲ့သို့ တွေ့မြင်ခဲ့စဲ ဖြစ်ပါသည်။ ဟိုးအရင် မိမိတာဝန်မထမ်းဆောင်မီ အချိန်တွေတုန်းက အခြေအနေတွေ မည်မျှဆိုးခဲ့မည်နည်း။ ခင်မောင်ထူး ၏ သီချင်းထဲကလို “လူမမယ်ကလေးများ၊ အဖိုးအဖွားနဲ့ သားသည်မိခင် ရတတ်မအေးရ” ဆိုတာမျိုးတွေ မည်၍ မည်မျှ ကြုံတွေ့ခဲ့ရမည်နည်း။
ထို အကြောင်းအရာများအား ခေါင်းထဲတွေးမိတော့ ဖတ်ခဲ့ဖူးသည့် စာအုပ်လေး တစ်အုပ်ကို သတိရမိပြန်သည်။ ထို စာအုပ်ကို သတိရမိတာကလည်း စာအုပ်ထဲတွင် ပါသည့် ပန်းချီကားတစ်ချုပ်ကြောင့် ဖြစ်သည်။ စာအုပ်အမည်က “သူရဲကောင်းတွေ မများလွန်းဘူးလား” ဖြစ်ပြီးရေးတဲ့သူက ဆရာမ ဂျူး ဖြစ်သည်။ ထို စာအုပ်ထဲတွင် စပိန်ပန်းချီဆရာကြီး ဖရန်စစ် ကို ဒီဂိုရာ ၏ 'တုတ်တိုများဖြင့် စိန်ခေါ်သတ်ပွဲ (Duel with Cudgels)' ဆိုသော ပန်းချီကား အကြောင်း ရေးပြထားသည်။
ထို ပန်းချီကားတွင် ပုံဖော်ထားသည်က လူနှစ်ယောက် ရန်ဖြစ်သတ်ပုတ်နေသော ပုံ ဖြစ်သည်။ သေချာလေ့လာကြည့်ပါက အမုန်းတရားကိုယ်စီ ဖြင့် လူနှစ်ယောက်ဟာ တင်းပုတ် ကိုယ်စီ ကိုင်စွဲရင်း တစ်ယောက် ကို တစ်ယောက် ရိုက်နှက် သတ်ပုတ်နေကြသည်။ ထိုကဲ့သို့ ရိုက်ပုတ်နေရင်း နှစ်ဦးစလုံး သဲဝဲနွံထဲမှာ နစ်နေကြရသည်။ ဒါပေမဲ့ အဖြေ မရှာနိုင်ကြသေး။ ရုန်းမထွက်နိုင်ကြသေး။မငြိမ်းချမ်း နိုင်သေးပါ။ထို အရာများအား ဖော်ကျူးထားခြင်း ဖြစ်ပါသည်။
ပြသနာ အဖြေမရှာနိုင်သ၍ (ရန်ဖြစ်နေသ၍) သဲဝဲနွံထဲတွင် နစ်နေကြရမည် ဆိုသည်ကို ပန်းချီကားအားလေ့လာ ကြည့်ရုံနှင့် အားလုံး စဉ်းစားမိနိုင်မှာပါ။ တစ်ယောက်ကို တစ်ယောက် ရိုက်ပုတ်နေရင်းနဲ့ အောက်ချေက သဲပုံကြီးက တဖြည်းဖြည်း လူနှစ်ယောက်စလုံးကို နစ်မြုပ်လာနေဟန်ကိုလည်း ပန်းချီကားထဲမှာ ထင်ထင်ရှားရှား တွေ့မြင်ရမည် ဖြစ်ပါသည်။
ပန်းချီကားအကြောင်းကို မိမိနိုင်ငံအနေအထားနှင့် ဖြန့်ကျက်စဉ်းစားမိရင်း မိမိနေထိုင်သော ပြည်ထောင်စုကြီး နှင့် ငြိမ်းချမ်းရေး အကြောင်းကိုပါတွေးမိသည်။ လွတ်လပ်ရေးနှင့် အတူ ဖွားဖက်တော် ပါလာသည့် ပြည်တွင်းစစ် သည် မိမိတို့ နိုင်ငံတွင် ကာလကြာရှည် အမြစ်စွဲနေသည့် အနာကြီး တစ်ခုလို ဖြစ်နေသည်။ ထို အနာကြောင့် .. နိုင်ငံတော် နှင့်တူသော ခန္ဒာကိုယ် တစ်ခုလုံး ကောင်းမွန်စွာ အလုပ်မလုပ်နိုင်ဖြစ်ခဲ့ရသည်။
မိမိနားလည်ယူဆထားသည့် ပြည်ထောင်စု ဆိုသည်မှာ ခြံဝိုင်းလေးနှင့် လှပသေသပ်သော အိမ်ကလေးတစ်လုံး လိုဖြစ်သည်။ ခြံစည်းရိုးများလည်း သေချာကာရံထားရမည်။ လှပသစ်လွင်သော အိမ်ကလေးတစ်လုံး ဖြစ်ရန် အမိုး၊ အကာ၊ ကြံခင်းမှသည် အောက်ချေ (Foundation) က အစ ခိုင်ခန့်ရမည်။ ကြမ်းခင်း တပြောင်ပြောင် ဖြစ်နေပြီး ကြမ်းခမ်းဆွေးနေ၍ မရပါ။ ထို့အတူ ကြမ်းခင်းက ခိုင်ခန့်သစ်လွင်နေပြီး အကာအရံများတွင်အပေါက်အပြဲ ဖြစ်နေလျှင်လည်း မသင့်တော်ပါ။ အားလုံး တပြေးညီ ခိုင်ခံ့လှပနေလျှင် လှပသစ်လွင်သော အိမ်ကလေးတစ်လုံးတွင် မိသားစု အားလုံးအတူတကွ လက်တွဲနေနိုင်မည် ဖြစ်သည်။ ထို့ပြင် ငြိမ်းချမ်းရေးအတွက် တစ်ဦးတစ်ဖွဲ့ကို အတင်းအကြပ် ဖိအားပေးတောင်းဆိုနေ၍ မရနိုင်သလို၊ နှစ်ဘက်စလုံးကို ပြစ်တင် ပုတ်ခတ်နေရုံနှင့်လည်း အဖြေထွက်မလာ။ ပူးပေါင်းပြီး အလျှော့အတင်း၊ အပေးအယူများဖြင့်သာ အဆင့်ဆင့် အဖြေရှာ၍ ရနိုင်မည် ဖြစ်ပါသည်။
ဆရာကြီး ဦးဘုန်း (ဓာတု) ကတော့ လက်ဘက်သုပ် နမူနာလေးနှင့် ဟောပြောသွားခဲ့သည်။ လက်ဘက်သုပ် တစ်ခု အရသာ ရှိရှိစားနိုင်ရန် လက်ဘက်ရွက်သည် ရှမ်းပြည်နယ်မှလာသည်၊ မြေပဲ၊ နှမ်း၊ ပဲလုံးကြော် စသည်တို့သည် မြန်မာပြည် အလယ်ပိုင်း မြေပြန့်ဒေသများမှလာသည်။ ပုစွန်ခြောက်သည် အောက်ပြည်အောက်ရွာ မြစ်ဝကျွန်းပေါ်မှလာသည်။ ငါးပြာရည်သည် ဘိတ်၊ ထားဝယ်စသော တင်္နသာရီကမ်းရိုးတန်းမှလာသည်။ လက်ဘက်သုပ် တစ်ခု အရသာ ကောင်းခြင်း၏ သဘောသည် အားလုံး တစုတစည်းတည်း နယ်ဖတ်ထားခြင်းဖြင့် နှိုင်းယှဉ်ပြောခဲ့ဖူးသည်။
ပန်းချီကား အကြောင်း ဆက်စပ်စဉ်းစားမိရင်း စာလည်း ရှည်သွားခဲ့ပြီ။ နိဂုံးချုပ်ပါမည်။ သဲဝဲနွံထဲ မနစ်စေချင်တော့ပါ။ ရုန်းထွက်စေချင်လှပါပြီ။ ကိုယ်စီကိုင်ဆောင်ထားသည့် တုတ်များ အား ပစ်ချပြီ လက်ချင်းတွဲ၊ သဲဝဲနွံထဲက ရုန်းထွက်လာသည်ကို မြင်ချင်တွေ့ချင်စိတ်တွေ ဖြစ်နေမိပါသည်။ နိုင်ငံရေးစားပွဲဝိုင်းပေါ်မှ ခိုင်ခိုင်မာမာတွဲထားသော လက် များကို မြင်ရတိုင်း ၀မ်းသာကြည်နူးမှု့များ အကြိမ်ကြိမ် ဖြစ်ခဲ့ရဖူးပါသည်။ အကြောင်းတိုက်ဆိုင်၍ ဒီနေရာတွင် လူ များ ဘာကြောင့် တစ်ဦးနှင့်တစ်ဦး လက်ဆွဲနှုတ်ဆက် (Shaking Hands) ကြသည် ဆိုသည့် သမိုင်းကြောင်းလေးကို ဗဟုသုတဖလှယ်သည့် အနေဖြင့် ဝေမျှချင်ပါသေးသည်။
ဟိုး ကျောက်ခေတ်က လူတွေ တယောက်ကို တယောက် တွေ့သည် မြင်သည်နှင့် ရရာလက်နက် တခုခု ဖြင့် ထိုးကြိတ်ရန်ဖြစ်ခဲ့ ကြသည်ဟု ဆိုသည်။ လက်နက်တခုစီတော့ ကိုယ်စီ ကွယ်ဝှက်ယူသွားတတ်ပြီး အခြား တစ်ယောက်ကို မြင်သည်နှင့် ဆော်ကြနှက်ကြပါတော့သည်။ နောက်ပိုင်း အသိဥာဏ်တွေ ဖွံ့ဖြိုးလာသည်။ တယောက်ကို တယောက် မသတ်ဖြတ်ကြတော့။ ရန်ဖြစ်ခြင်း၏ ဆိုးကျိုးများကို ကျောက်ခေတ်လူတို့ မခံစားလိုကြတော့။ သို့နှင့် လက်နက်ကိုင်ဆောင် ရန်ဖြစ်ခြင်း အလေ့အထ တဖြည်းဖြည်းကွယ်ပျောက်လာသည်။ တစ်ဦး နှင့် တစ်ဦး တွေ့ဆုံပါက …
"ဟေ့လူ .. ဒီမှာ ကြည့် .. ကျုပ်လက်ထဲမှာ ဘာလက်နက်မှ ပါ မလာဘူး။ ခင်ဗျား နဲ့ ကျုပ် နဲ့ ငြိမ်းချမ်းရေး (peace) ဗျာ"
ဟုပြောရင်းတစ်ယောက်ကို တစ်ယောက် လက်ဖြန့်ပြတတ်လာသည်။ ၄င်းမှ တဆင့် လက်ဆွဲနှုတ်ဆက်သည့် အလေ့အထ ပေါ်ပေါက်လာသည် ဟု မှတ်သားခဲ့ဖူးပါသည်။
It was a way of showing a stranger you weren't carrying a weapon in the old days.
ကျနော်တို့တွေ တစ်ဦး နဲ့ တစ်ဦးကြားမှာ ကိုင်ဆောင်ထားတာတွေ လွှတ်ချပြီး လက်ချင်းခိုင်ခိုင်မာမာ တွဲထားကြဖို့လိုပြီ။ တွဲထားသည့် လက်တွေလည်း ထာဝရ မြဲနေဖို့လိုသည်။ သို့ မဟုတ်လျှင်တော့ သဲဝဲနွံထဲတွင် နစ်နေကြဦးမည်သာ။
ဝဏ္ဏသန်းထွန်း
(၂၊ စက်တင်ဘာ၊ ၂၀၁၂)
0 comments:
Post a Comment