Tuesday, September 4, 2012

မဟာလူမျိုးကြီးဝါဒ၏ ရေသောက်မြစ်သုံးသွယ်


“မြေမြို၍ လူမျိုးမပျောက်၊ လူမြို၍သာ လူမျိုးပျောက်သည်” ဟူသော စကားရှိပါသည်။ လူမျိုးတစ်မျိုးက အခြား လူမျိုးတစ်မျိုးကို ၀ါးမျိုသွားသည်ဟု ဆိုရာ၌ __ လူမျိုးတစ်မျိုး၏ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများသာမက ထိုလူမျိုး၏ အမျိုးသားလက္ခဏာများကိုပါ အခြားလူမျိုးတစ်မျိုးက ၀ါးမျိုလွှမ်းမိုးခြင်းကို ဆိုလိုပါသည်။ ထို့ကြောင့် မဟာလူမျိုးကြီးဝါဒီများက အခြားလူမျိုးများကို လွှမ်းမိုးဝါးမျိုရာ၌ အသုံးပြုလေ့ရှိသော အထက်မြတ်ဆုံးလက်နက်မှာ__ ယဉ်ကျေးမှု၏ အရင်းအမြစ်များဖြစ်ကြသည့်ဘာသာစကားနှင့် ဘာသာတရားတို့ကို ၀ါးမျိုလွှမ်းမိုး ဖျက်ဆီးခြင်းဖြစ်ကြောင်း တွေ့ရမည်ဖြစ်ပါသည်။

လူမျိုးပေါင်းစုံရောနှောနေထိုင်သော တိုင်းပြည်တစ်ခုတွင် “အမျိုးသားနိုင်ငံတော် ထူထောင်ရေး” လမ်းစဉ်ကို ကျင့်သုံးခြင်းသည် မဟာလူမျိုးကြီးဝါဒီများက အခြားလူမျိုးငယ်များကို “အမျိုး၊ ဘာသာ ၊ သာသနာ” တည်းဟူသော မဟာလူမျိုးကြီးဝါဒီ၏ ရေသောက်မြစ်သုံးသွယ်ဖြင့် လွှမ်းမိုးရန် ပြင်ဆင်နေခြင်းပင် ဖြစ်ပါသည်။လူမျိုးစုံ ရောနှောနေထိုင်သော ပြည်ထောင်စုမြန်မာနိုင်ငံ တွင် “အမျိုးသားနိုင်ငံထူထောင်ရေး” လမ်းစဉ်ဖြင့် __ ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလူမျိုးများ အားလုံး မြန်မာလူမျိုးဖြစ်သွားရေး၊ မြန်မာစကးတစ်မျိုးတည်းကိုသာ နိုင်ငံတော်၏ တစ်ခုတည်းသော တရားဝင်ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ပြဌာန်းရေးနှင့် ဗုဒ္စဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းရေးအတွက် ကြိုးပမ်းချက်များသည် မဟာလူမျိုးကြီးဝါဒီများက အခြားတိုင်းရင်းသားလူမျိုးများကို လူမျိုးရေးအရ ၀ါးမျိုလွှမ်းမိုးရေး (Ethnic Cleamsing) နှင့် ယဉ်ကျေးမှု သုတ်သင်ရှင်းလင်းရေး (Cultural Genocide) များပင် ဖြစ်ပါသည်။

ဦးနု အမှားလော??

လွတ်လပ်ရေးရပြီးနောက် “ ပြည်ထောင်စုစနစ်”မှ သွေဖီ၍ တပြည်ထောင်စနစ်ဖြင့် အမျိုးသားနိုင်ငံတော် ထူထောင်ရေးလမ်းစဉ်ကို စတင် အကေင်အထည်ဖော်သူမှာ ၀န်ကြီးချုပ် ဦးနု ပင်ဖြစ်ပါသည်။

ဦးနုအနေဖြင့် __ အမျိုးသားနိုင်ငံတော် ထူထောင်ရေးလမ်းစဉ်ကို အကောင်အထည်ဖော်ရာ၌ အမျိုး၊ ဘာသာ၊ သာသနာတည်းဟူသော မဟာလူမျိုးကြီးဝါဒ၏ ရေသောက်မြစ် သုံးသွယ်ထဲမှ “သာသနာ” ကို ဦးစားပေးရွေးချယ်ခဲ့ပါသည်။ ယင်းသည် ဦးနု၏ နိုင်ငံရေး လိမ္မာပါးနပ်ခြင်းတစ်ရပ်ပင် ဖြစ်ပါသည်။ အကြောင်းမှာ ယဉ်ကျေးမှုအရ လွှမ်းမိုးရန် “သာသနာ” ကို ရွေးချယ်ခြင်းသည် မဟာလူမျိုးကြီးဝါဒ ရှုထောင့်မှ ကြည့်လျှင် အင်မတန်ထိရောက်သော နိုင်ငံရေးဗျူဟာတစ်ရပ် ဖြစ်ပါသည်။

ထို့ကြောင့် ဒုတိယကမ္ဘာစစ်ကြီး၏ စစ်ဘေးစစ်ဒဏ်ကို အပြင်းအထန်ခံစားခဲ့၍ လွတ်လပ်စ တိုင်းပြည်၏ ပြန်လည်ထူထောင်ရေးအတွက် ငွေကြေးအရင်းအနှီး အထူးလိုအပ်သော အချိန်တွင် အမေရိကန်ဒေါ်လာ ခြောက်သန်းကျော် (ယခု ငွေကြေးတန်ဖိုးနှုန်းအရ အမေရိကန်ဒေါ်လာ သန်းခြောက်ဆယ်နီးပါးနှင့် ညီမျှသည်) အကုန်အကျခံ၍ ဆဌမ သံဃာယနာ တင်ပွဲကို ၁၉၅၃ ခုနှစ်တွင် ကျင်းပပြီး ကမ္ဘာအေးစေတီတော်ကြီးကိုလည်း တည်ဆောက်ခဲ့ပေသည်။ ထိုမျှ၌ မရပ်သေး၊ ၁၉၆၁ခုနှစ်တွင် ဗုဒ္စဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြည်ထောင်စုလွှတ်တော်တွင် ပြဌာန်းအတည်ပြုခဲ့ပါသည်။

ဘုရားနှင့် စေတီ (သို့) ရှေးမြန်မာမင်းများ၏ နယ်ခြားမှတ်တိုင်

ဦးနုသည် ၎င်း၏ အမျိုးသားနိုင်ငံတော် တည်ဆောက်ရေးလမ်းစဉ်ကို “သာသနာ” ဟူသော ဘောင်အတွင်း အခြေစိုက်ခဲ့သောကြောင့် သူ့လုပ်ရပ်တစ်ချို့သည် ပါလီမန် ဒီမိုကရေစီစနစ်တွင် ၀န်ကြီးချုပ်ရာထူးကို ထမ်းဆောင်ခဲ့သူတစ်ဦး၏ လုပ်ရပ်များနှင့် မတူဘဲ ရှေးမြန်မာမင်းများ၏ လုပ်ရပ်နှင့်ပိုတူညီခဲ့ကြောင်း သမိုင်းပညာရှင်အချို့က ထောက်ပြဝေဖန်ခဲ့ကြသည်။

ရှေးမြန်မာမင်းများသည် ၄င်းတို့သိမ်းပိုက်အုပ်စိုးသော နယ်မြေတိုင်းတွင် ဘုရားတည်၍ စေတီပုထိုးများ တည်ဆောက်ခဲ့သော အစဉ်အလာရှိခဲ့ပေသည်။ ထို့ကြောင့် ဘုရားတည်ခြင်းနှင့် စေတီတော်များတည် ဆောက် ခြင်းသည် “ဗုဒ္စဘာသာ မြန်မာလူမျိုးများ” ၏ သက်ဦး ဆံပိုင် ရှင်ဘုရင်ကြီးများ အတွက် အင်မတန်အရေး ကြီး လှပေသည်။

စေတီတော်များကို တည်ဆောက်လှူဒါန်းခြင်းသည် သာမန်ဘာသာရေးကိစ္စတစ်ရပ်မျှသာ မဟုတ်ဘဲ နိုင်ငံရေးအရလည်း အရေးကြီးလှပါသည်။ စေတီတစ်ဆူကို တည်ဆောက်ကိုးကွယ်ခြင်းသည် ယုံကြည်သူတို့၏ ဖူးမျှော်ကိုးကွယ်ရာ သာသနာအဆောက်အဦးဖြစ်သည့်အပြင် ထိုစေတီတော်ကို လှူဒါန်းတည်ဆောက်ခဲ့သူ ဒကာရှင်မင်းတရားကြီး၏ အုပ်ချုပ်မှုနယ်ပယ်ကို ဖော်ညွှန်းသည့် နိုင်ငံရေးပြယုဂ် တစ်ခုလည်း ဖြစ်ပါသည်။

ဥပမာတစ်ခုအနေဖြင့်__မင်းတုန်းမင်းခေတ်က ကျင်းပခဲ့သော ပဉ္စမသံဃာယနတင်ပွဲကို ပြလိုပါသည်။ ထိုအချိန်က ရန်ကုန်မြို့အပါအ၀င် အောက်မြန်မာနိုင်ငံသည် ၁၈၅၂ အင်္ဂလိပ်မြန်မာစစ်ပွဲအရ အင်္ဂလိပ်လက်ထဲ သို့ ကျရောက်ခဲ့ပြီး ဖြစ်ပါသည်။ မင်းတုန်းမင်းကြီးသည် ပဉ္စသံဃာယနာတင်ပွဲကို မန္တလေးနေပြည်တော်ကြီးတွင် ကျင်းပခဲ့ပြီးနောက် သံဃာယနာတင်ပွဲ အောင်ပွဲအထိမ်းအမှတ်ဖြင့် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကြီးတွင် ထီးတော်တင်ပွဲကြီးပါ ဆက်လက် ကျင်းပခဲ့သည်။

မင်းတုန်းမင်းအနေဖြင့် ၄င်းအုပ်ချုပ်မင်းလုပ်နေသော မန္တလေးနေပြည်တော်ကြီးတွင် သံဃာယနာတင် ပွဲ ကျင်းပခြင်းကို ဘာသာရေးကိစ္စတစ်ရပ်ဟု ခေါ်ဆိုနိုင်မည်ဖြစ်ပါသော်လည်း ဗြိတိသျှလက်ထဲကျ ရောက်နေ သော ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကြီးတွင် ထီးတော်တင်ခြင်းမှာမူ သာမန်ဘာသာရေးကိစ္စတစ်ရပ် မဟုတ် တော့ပေ။ နိုင်ငံရေးအရ များစွာအဓိပ်ပါယ်ရှိပေသည်။ မင်းတုန်းမင်းကြီးက ရွှေတိဂုံစေတီတော်ကြီးတွင် ထီးတော် တင်ခြင်းအားဖြင့် အင်္ဂလိပ်လူမျိုးများ၏ အောက်မြန်မာနိုင်ငံ သိမ်းပိုက်အုပ်ချုပ်ခြင်းကို အသိအမှတ်မပြုကြောင်း အစဉ်အလာကြီးမားလှသော ဗုဒ္စဘာသာ မြန်မာလူမျိုးများကို ထုံးတမ်းအစဉ်အလာအရ ပြသခဲ့ခြင်းဖြစ်ပါသည်။

ဦးနုသည် ဆဌသံဃာယနထီးတော်တင်ပွဲကို ကျင်းပသောအားဖြင့် မင်းတုန်းမင်းလက်ထက်က တည်ဆောက်ခဲ့သော ပဉ္စသံဃာယနတင်ပွဲနှင့် ဗုဒ္စဘာသာ မြန်မာလူမျိုး၏ သမိုင်းကြောင်ဆက်စပ်မှုကို ပြခဲ့ပါသည်။ ထို့အပြင် ဗြိတိသျှ ကိုလိုနီစနစ်ကြောင့် ပြတ်တောက်သွားခဲ့သော ဗုဒ္စဘာသာ မြန်မာလူမျိုးများ၏ အမျိုးသားနိုင်ငံတော်ကို လွတ်လပ်ရေးအသီးအပွင့်ကြောင့် ပြန်လည်ထူထောင်နိုင်ခဲ့ကြောင်းပြသခဲ့ခြင်းလည်း ဖြစ်ပါသည်။

လွတ်လပ်ရေး ဆုတောင်းပြည့်ဘုရား

ဗြိတိသျှ ကိုလိုနီခေတ်မတိုင်မီကာလအထိ သမိုင်းအဆက်ဆက် သီးခြားလွတ်လပ်စွာ နေထိုင်ခဲ့ကြသော ကျွန်ုပ် တို့ချင်းလူမျိုးများသည် ၁၉၄၇ခုနှစ်တွင် မိမိတို့ကိုယ်တိုင်ပါဝင် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်အရ ဤတိုင်းပြည်၏ ပြည်ထောင်စုအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လာခဲ့ခြင်းဖြစ်ပါသည်။

ဗြိတိသျှအစိုးရက ချင်းပြည်ကို မြန်မာမင်းများ၏ ပိုင်နက်နယ်မြေအဖြစ် မြန်မာမင်းများနှင့်အတူ သိမ်းပိုက် ခဲ့ ခြင်း မဟုတ်ပေ။ သီးခြားလွတ်လပ်သော လူမျိုးများအဖြစ် သီးခြားစီ သိမ်းပိုက်ခဲ့ခြင်းသာ ဖြစ်ပါသည်။ ထို့ကြောင့် သီပေါမင်းပါတော်မူပြီးနောက် မြန်မာမင်းတို့၏ ပိုင်နက်အားလုံးကို ဗြိတိသျှအစိုးရက သိမ်းပိုက်ပြီးနောက် ကျွနုပ်တို့ချင်းလူမျိုးများသည် ဆယ်စုနှစ်တစ်နှစ်ကြာမျှ မိမိတို့၏ အမျိုးသားလွတ်လပ် ရေးကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါသည်။ဗြိတိသျှအစိုးရက သုံးကြိမ်သုံးခါတိုင်တိုင် သီးခြားစစ်ဆင်နွဲပြီးမှသာ ၁၈၉၆ခုနှစ်များတွင် ချင်းပြည်ကို ဗြိတိသျှကိုလိုနီအဖြစ် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ကိုလိုနီခေတ်မတိုင်ခင်ကတည်းက ချင်းပြည် ကို မည်သည့်မြန်မာမင်းမှ မသိမ်းပိုက်၊ မအုပ်ချုပ်ခဲ့ဖူးသောကြောင့် မြန်မာမင်းတို့၏ ဗုဒ္စဘာသာ အစဉ်အလာအရ စိုက်ထူထားလေ့ရှိသော နယ်ခြားမှတ်တိုင် စေတီပုထိုးများနှင့် ဘုရားတစ်ဆူမျှ ချင်းပြည်နယ်တွင် မရှိခဲ့ပေ။ ထိုအချက်ကို ဦးနုက ကောင်းစွာ သတိပြုမိဟန်တူပါသည်။ ထို့ကြောင့် လွတ်လပ်ရေးရပြီးနောက် ချင်းလူမျိုးများ ပြည်ထောင်စုအဖွဲ့ဝင်ဖြစ်လာခဲ့ပြီးနောက် ချင်းပြည်(ထိုစဉ်ကအခေါ် ချင်းဝိဒေသတိုင်း) မြို့တော်ဖလမ်းမြို့တွင် စေတီတစ်ဆူကို ပြည်ထောင်စုဘဏ္ဍာငွေထဲမှ အကုန်အကျခံ၍ ၀န်ကြီးချုပ်ဦးနုက စိုက်ထူပေးခဲ့ပါသည်။ ရှေးမြန်မာမင်းများ တစ်ကြိမ်တစ်ခါမျှ မအုပ်ချုပ် မသိမ်းပိုက်နိုင်ခဲ့သော ချင်းပြည်နယ်ကို လွတ်လပ်ရေးကျေးဇူးကြောင့် အုပ်ချုပ်သိမ်းပိုက်နိုင်ခဲ့ပြီဟု ဦနုက အောက်မေ့ဟန်တူပါသည်။ ထို့ကြောင့် စေတီတော်၏ အမည်ကို “လွတ်လပ်ရေးဆုတောင်းပြည့်ဘုရား” ဟုမှည့်ခေါ်သွားပါသည်။

ဦးနု၏ ပေါ်လစီနျင့် လုပ်ရပ်များကို လေ့လာဆန်းစစ်ကြည့်ပါက နိုင်ငံတော် ဘဏ္ဍာငွေကို အကုန်အကျခံ၍ ဆဌသံဃာယနတင်ပွဲကျင်းပခြင်းနှင့် ကမ္ဘာအေးစေတီတော်တည်ဆောက်ခြင်းတို့ကို “ဘာသာရေးသက်သက်ပါ” ဟု ဆိုနိုင်သော်ငြားလည်း ဗုဒ္စဘာသာဝင်မဟုတ်သော ချင်းလူမျိုးများ၏ မြို့တော်တွင် လွတ်လပ်ရေးဆုတောင်းပြည့်ဘုရားတည်ဆောက်ခြင်းကို ဘာသာရေးသက်သက်ဟု ခေါ်ဆိုနိုင်မည်မဟုတ်။ ယင်းသည် ချင်းလူမျိုးများ မိမိ၏ သဘောဆန္ဒအလျှောက် ပြည်ထောင်စုအဖွဲ့ဝင်ဖြစ်လာခဲ့ခြင်းကို မြန်မာနိုင်ငံရေးသမားတစ်ချို့က မျက်လှည့်ပြစော်ကားခြင်းနှင့် ပင်လုံစာချုပ်ကို သစ္စာဖောက်ခြင်းသာ ဖြစ်ပါသည်။

ချင်းလူမျိုးများအနေဖြင့် မြန်မာလူမျိုးများကို အခြားပြည်ထောင်စုအဖွဲ့ဝင် ညီနောင်တိုင်းရင်းသားလူမျိုးများ တစ်မျိုးအဖြစ်လည်းကောင်း ဗုဒ္စဘာသာကို မြင့်မြတ်သော အခြားသာသနာတော်တစ်ခုအဖြစ် အသိအမှတ်ပြုပါသော်လည်း နိုင်ငံရေးသမားတစ်ချို့က ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစား လုပ်၍ ချင်းလူမျိုးများအပေါ် အနိုင်ကျင့်စော်ကားခြင်းကိုမူ ချင်းသမိုင်းက နည်းနည်းမျှ သည်းခံခွင့်လွှတ်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် လွတ်လပ်ရေးဆုတောင်းပြည့်ဘုရားသည် ဗုဒ္စဘာသာကို နိုင်ငံရေးအတွက် အလွဲသုံးစားလုပ်သော ဗမာနိုင်ငံရေးသမားတစ်ချို့၏ ချင်းလူမျိုးများအပေါ် အနိုင်ကျင့်စော်ကားမှုပြယုဂ်အဖြစ်လည်းကောင်း ၊ ပင်လုံစာချုပ်နှင့် ပြည်ထောင်စုအပေါ်သစ္စာဖောက်မှုသင်္ကေတ အဖြစ်လည်းကောင်း ယနေ့ချင်းပြည်တွင် ရင်နာဖွယ်ရာ ရပ်တည်နေပါတော့သည်။

ဦးနု၏ ဒီမိုကရေစီ ပြောင်းပြန်ဝါဒ

ဦးနုသည် ပါလီမန်ဒီမိုကရေစီ နေရာတွင် ၀န်ကြီးချုပ်ရာထူးကို ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။ သို့ရာတွင် သူဝန်ကြီးချုပ်သက်တမ်းတစ်ခုလုံး၏ နိုင်ငံရေးလုပ်ဆောင်ချက်များကို လေ့လာသုံးသပ်ကြည့်ပါက သူ့လုပ်ဆောင်ချက်များသည် “အမျိုးသားနိုင်ငံတော်ထူထောင်ရေး” ဟူသော ဘောင်ကို မကျော်ခဲ့ပေ။ ထို့ကြောင့် ဒီမိုကရေစီစနစ်ကိုလည်း အပြည့်အ၀မကျင့်သုံးနိုင်ခဲ့ပေ။ “အမျိုးသားနိုင်ငံတော်တည်ထောင်ရေးလမ်းစဉ်” သည် လူမျိုးတစ်မျိုးတည်းရှိသော တိုင်းပြည်များတွင်သာ ကျင့်သုံးသော စနစ်ဖြစ်သောကြောင့် “အမျိုးသားနိုင်ငံတော် ထူထောင်ရေး” ဟူသော ဘောင်အတွင်း ဒီမိုကရေစီစနစ်ကိုကျင့်သုံးအကောင်အထည်ဖော်ပါက တစ်သီးပုဂ္ဂလအခွင့်အရေးများ (individual rights) ကိုသာ ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ ရောနှောနေထိုင်သော တိုင်းပြည်တွင် ဒီမိုကရေစီစနစ်ကို တစ်သီးပုဂ္ဂလအခွင့်အရေးတစ်ခုတည်းဖြင့်ဖော်ဆောင်ပါက ဒီမိုကရေစီစနစ်သည် လူအုပ်ကြီးဝါဒဖြစ်သွားပြီး လူများစုက လူနည်းစုကို ထင်တိုင်း အနိုင်ကျင့်စော်ကားသောစနစ် (Tyranny Majority) ဖြစ်သွားနိုင်ပါသည်။

လူမျိုးပေါင်းစုံရောနှောနေထိုင်သော တိုင်းပြည်တွင် ဒီမိုကရေစီစနစ်ကို တသီးပုဂ္ဂလအခွင့်အရေး (Individual Rights) တစ်ခုတည်းဖြင့် အကောင်အထည်ဖော်၍ မပြည့်စုံနိုင်ပါ။ တိုင်းရင်းသားလူမျိုးများ လူမျိုးအလိုက်ခံစားထိုက်သော စုပေါင်းအခွင့်အရေး (Collective Rights) များကိုလည်း ထည့်သွားအကောင်အထည်ဖော်ရန် လိုအပ်ပါသည်။ တနည်းအားဖြင့် ဆိုပါက ဒီမိုကရေစီ၏ အနှစ်သာရထဲတွင် တစ်သီးပုဂ္ဂလအခွင့်အရေးသာမက တိုင်းရင်းသားလူမျိုးများ လူမျိုးအလိုက်ခံစားထိုက်သော စုပေါင်းအခွင့်အရေး (Collective right) နှင့် ယင်း၏ အနှစ်ချုပ်ဖြစ်သော ကိုယ်ပိုင်ပြဌာန်းခွင့်လည်း ပါဝင်နေပါသည်။ ထို့ကြောင့် လူမျိုးပေါင်းစုံရောနှောနေထိုင်သော တိုင်းပြည်တွင် ဒီမိုကရေစီစနစ်ကို “အမျိုးသားနိုင်ငံတော် ထူထောင်ရေး” လမ်းစဉ်ဖြင့် အကောင်အထည်ဖော်၍ မရပေ။ တသီးပုဂ္ဂလ အခွင့်အရေးများနှင့် စုပေါင်းအခွင့်အရေးများ အပါအ၀င်ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ပေးနိုင်သော ပြည်ထောင်စုစနစ်ဖြင့်သာ အကောင်အထည်ဖော်ရပါမည်။

ပင်လုံညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားလူမျိုးခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သော စနစ်မှာ ဒီမိုကရေစီကျင့်စဉ်ကို တစ်သီးပုဂ္ဂလအခွင့်အရေးအရသာမက တိုင်းရင်းသားလူမျိုးများ၏ စုပေါင်းအခွင့်အရေးဖြစ်သည့် ကိုယ်ပိုင်ပြဌာန်းခွင့် အရပါ အပြည့်အသ အကောင်အထည်ဖော်နိုင်မည့် စစ်မှန်သော ပြည်ထောင်စုစနစ်ပင်ဖြစ်ပါသည်။ သို့ရာတွင် ၀န်ကြီးချုပ်ဦးနုသည် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရေးဆွဲခဲ့သောနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို ပြင်ဆင်ပြောင်းလဲ၍ ပြည်ထောင်စုစနစ်နှင့် တစ်ပြည်ထောင်စနစ်ရောနှောသော အတုအယောင် ပြည်ထောင်စုကို ထူထောင်သွားခဲ့သည်။ ဤနည်းဖြင့် ဦးနုသည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖားတစ်ပိုင်း ငါးတစ်ပိုင်း အတုအယောင် ပြည်ထောင်စုစနစ်ဖြင့် ပြဌာန်းခဲ့သည်သာမက ဒီမိုကရေစီစနစ်ကိုလည်း နိုင်ငံတော်ထူထောင်ရေးဟူသော “မဟာ လူမျိုးကြီးဝါဒ” ဘောင်အတွင်းတွင် လူအုပ်ကြီးဝါဒအဖြစ် အမြီးအမောက်မတည့် တပိုင်းတစဖြင့် အကောင်အထည်ဖော်ကျင့်သုံးခဲ့ပါသည်။

ဒီမိုကရေစီစနစ်ကို လူအုပ်ကြီးဝါဒအဖြစ် တစ်သီးပုဂ္ဂလအခွင့်ရေး(၀ါ) လူတစ်ဦးမဲတစ်ပြားစနစ်မျှဖြင့် ကွက်၍အကောင်အထည်ဖော်ခဲ့သောကြောင့် ဦးနုသည် ဗုဒ္စဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြည်ထောင်စုလွှတ်တော်တွင် တရားဝင်ဥပဒေပြု ပြဌာန်းနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ အကယ်၍ ၁၉၄၇ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းခဲ့သော ပြည်ထောင်စုသည်သာ စစ်မှန်သော ပြည်ထောင်စု စနစ်ဖြစ်ခဲ့ပါက ဦးနုသည် ထိုသို့ ထင်တိုင်းကြဲ၍ လုပ်ချင်တိုင်းလုပ်ခွင့်ရမည်မဟုတ်ပါ။ စစ်မှန်သော ပြည်ထောင်စုစနစ်အရ အထက်လွှတ်တော် (၀ါ) လူမျိုးစုလွှတ်တော် သည် ပြည်နယ်များက ဦးရေတူညီသော ကိုယ်စားလှယ်များဖြင့် စေလွှတ်ကြရမည်ဖြစ်သဖြင့် အကယ်၍ နိုင်ငံတော်ဘာသာ ပြဌာန်းခြင်းဥပဒေကြမ်းကို အောက်လွှတ်တော်တွင် ဦးနုအနိုင်ရသည်ဆိုဦးတော့ အထက်လွှတ်တော်တွင် တိုင်းရင်းသားလူမျိုးများ၏စုပေါင်းမဲဖြင့် ဟန့်တားနိုင်မည်ဖြစ်ပါသည်။ သို့သော် ၁၉၄၇ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်မှန်သော ပြည်ထောင်စုစနစ်မဟုတ်ပဲ အတုအယောင် ပြည်ထောင်စုမျှသာ ဖြစ်သောကြောင့် အထက်လွှတ်တော်ခေါ် လူမျိုးစုလွှတ်တော်တွင်လည်း ပြည်နယ်များက ဦးရေတူညီသော ကိုယ်စားလှယ်များ စေလွှတ်ခြင်းမပြုဘဲ အောက်လွှတ်တော်ခေါ် ပြည်သူ့လွှတ်တော်ကဲ့သို့ လူဦးရေအပေါ်အခြေခံ၍ လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်စေလွှတ်ခဲ့သောကြောင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို အလျှဉ်းမျှ ကာကွယ်ပေးနိုင်ခြင်း မရှိခဲ့ချေ။

အမှန်စင်စစ် ပြည်ထောင်စုစနစ်တွင် ပြည်သူ့လွှတ်တော်သည် တစ်သီးပုဂ္ဂလအခွင့်အရေးကို အကောင်အထည်ဖော်သော လွှတ်တော်ဖြစ်၍ အထက်လွှတ်တော်ခေါ် လူမျိုးစုလွှတ်တော်သည် တိုင်းရင်းသားလူမျိုးများ၏ လူမျိုးအလိုက်ခံစားထိုက်သော စုပေါင်းအခွင့်အရေးဖြစ်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အကာအကွယ်ပေးသည့် လွှတ်တော်ဖြစ်ရပေမည်။ သို့သော် ၁၉၄၇နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားနည်းချက်မှာ အထက်လွှတ်တော်ခေါ် လူမျိုးစုလွှတ်တော်သည် တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ပေးသည့် လွှတ်တော်မဟုတ်ပဲ တစ်သီးပုဂ္ဂလအခွင့်အရေးကိုသာ ထပ်ဆင့် အကောင်အထည်ဖော်ခဲ့သောကြောင့် လူဦးရေပို၍များပြားသော ဗမာ(ခေါ်) မြန်မာတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို နှစ်ဆတိုး၍ ရရှိစေခဲ့ပါသည်။ ထို့ကြောင့် ၁၉၄၇ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဦးနုကျင့်သုံးခဲ့သော ဒီမိုကရေစီစနစ်ကို “ဒီမိုကရေစီ ပြောင်းပြန်ဝါဒ” အဖြစ် ကချင်နိုင်ငံရေးသမား “ဇန်ထားရှင်” ကို တိုက်ခိုက်ဝေဖန်ခဲ့ခြင်း ဖြစ်ပါသည်။

ဒီမိုကရေစီ ပြောင်းပြန်ဝါဒ” ကို အမျိုးသားနိုင်ငံတော်ထူထောင်ရေးဦးတည်ချက်ဖြင့် ကျင့်သုံးခဲ့သောကြောင့် ဦးနုသည် ဗုဒ္စဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ၁၉၆၁ခုနှစ်တွင် ပြဌာန်းနိုင်ခဲ့ပါသည်။ ဤနည်းဖြင့် မဟာလူမျိုးကြီးဝါဒ၏ ရေသောက်မြစ်သုံးသွယ်ထဲမှ အရေးအကြီးဆုံးသော “နိုင်ငံတော်ဘာသာ” ကို ဥပဒေဖြင့် ပြဌာန်းကာကွယ်နိုင်ခဲ့ပါသည်။ ထိုသို့ မဟာလူမျိုးကြီးဝါဒကို အကောင်အထည်ဖော်ခြင်းကြောင့် ဗုဒ္စဘာသာဝင်မဟုတ်သော တိုင်းရင်းသားလူမျိုးများထဲမှာ ကချင်လွတ်မြောက်ရေးအဖွဲ့အစည်း (Kachin Independence Organization) နှင့် ချင်း လွတ်မြောက်ရေးတပ်ဦး (Chin Liberation Army) တို့ကို ထူထောင်၍ ပြည်ထောင်စု အစိုးရကို လက်နက်ကိုင်တော်လှန် ပုန်ကန်ခဲ့ခြင်းဖြင့် ဆယ်နှစ်နီးပါးဖြစ်ပွားခဲ့သော ပြည်တွင်းစစ်မီးကို ပို၍ အရှိန်အဟုန်ပြင်းစွာ တောက်လောင်စေခဲ့ပါသည်။ထိုမျှသာမက ဦးနုသည် ဗုဒ္စဘာသာကိုနိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းခြင်းကိုမကျေနပ်ကြသောကြောင့် နိုင်ငံတော်ဖွဲ့စုအခြေအနေကို စစ်မှန်သော ပြည်ထောင်စုစနစ်ဖြင့် ပြန်လည်ပြုပြင်မွမ်းမံ ပြဌာန်းရန် ကြိုးပမ်းချက် “Federal Movement” ကြီး ပေါ်ပေါက်လာခဲ့ပါသည်။ ထို ဖက်ဒရယ်လှုပ်ရှားမှုကြီးကို ဟန့်တား၍ ဗိုလ်ချုပ်ကြီးနေ၀င်းက ၁၉၆၂ တွင် နိုင်င်ငံတော်အာဏာကို လက်နက်အားကိုးဖြင့် သိမ်းပိုက်ခဲ့ပါသည်။ ဤသို့ဖြင့် ပါလီမန်ဒီမိုကရေစီစနစ်သည်လည်း “ဦးနု၏ မဟာလူမျိုးကြီးဝါဒအခြေခံ အမျိုးသားနိုင်ငံတော် တည်ဆောက်ရေးစီးမံကိန်း”နှင့် ယင်းနောက်ဆက်တွဲ အမှားများကြောင့် ကျဆုံးသွားရလေသည်။

ဗိုလ်နေ၀င်း၏ တစ်ပါတီအာဏာရှင် စနစ်နှင့် အမျိုးသားစာပေ၀ါဒ

ဗိုလ်ချုပ်ကြီးနေ၀င်းသည် “ပြည်နယ်များညီညွတ်ရေးအဖွဲ့” ဦးဆောင်မှုဖြင့် တိုင်းရင်းသားလူမျိုးပေါင်းစုံပူးပေါင်းဆင်နွဲခဲ့သော စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်ပြုလုပ်တည်ဆောက်ရေး “ဖက်ဒရယ်လှုပ်ရှားမှု” ကို ဟန့်တားရန်ဟူသော ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်အာဏာကို သိမ်းပိုက်ခဲ့သူဖြစ်ပါသည်။ “ဖက်ဒရယ်လှုပ်ရှားမှု” ကို ဟန့်တားခြင်းသည် ပြည်ထောင်စုအဖွဲ့ဝင်နိုင်ငံများ ၏ နိုင်ငံရေးတန်းတူခွင့်ကိုသာမက တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုစာပေနှင့် ရိုးရာဓလေ့ထုံးစံများ အပါအ၀င် ကိုယ်ပိုင်ပြဌာန်းခွင့်ကိုပါ ရုတ်သိမ်းတားမြစ်ခြင်းပင် ဖြစ်ပါသည်။ တိုင်းရင်းသားလူမျိုးများ၏ လူမျိုးအလိုက်ခံစားသင့်သော စုပေါင်းအခွင့်အရေး (Collective Rights) ၏ အခေါင်အချုပ်ဖြစ်သည့် ကိုယ်ပိုင်ပြဌာန်းခွင့် (Self-determination) ကို ရုတ်သိမ်းခြင်းသည် ထိုလူမျိုးများ၏ ဖြစ်တည်ခြင်းဝိဥာဉ်ကို ဆွဲနှုတ်ခြင်းနှင့် အတူတူပင်ဖြစ်ပါသည်။ ၀ိဥာဉ်ဆွဲနုတ်သွားပြီးနောက် ခန္စာကိုယ် မည်ကဲ့သို့ အသက်ရှင်ရပ်တည်မည်နည်း။

ဗိုလ်ချုပ်နေ၀င်းသည် တိုင်းရင်းသားလူမျိုးများကို ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပိတ်ပင်ဟန့်တားသည့် ပဏာမခြေလှမ်း အနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ စာပေသင်ကြားခွင့်၊ ရေးသားထုတ်ဝေခွင့်နှင့် လွတ်လပ်စွာဖြန့်ချီခွင့်အားလုံးကို ရုတ်သိမ်းခဲ့ပါသည်။ တိုင်းရင်းသားလူမျိုးများမိမိတို့ ဘာသာစကားပြောဆိုသုံးစွဲခြင်းကိုမူ ပိတ်ပင်ခြင်းမရှိခဲ့ပေ။ သို့သော် ဘာသာစကား၏ အသက်ဝိဥာဉ်ဖြစ်သော “စာပေ” ကာကွယ် ထိန်းသိမ်း မြင့်တင်ရေးကိုမူ လုံးဝဟန့်တားပိတ်ပင်ခဲ့ပါသည်။ ထိုမျှသာမက မဟာလူမျိုးကြီးဝါဒ၏ ရေသောက်မြစ်သုံးသွယ်ထဲမှ ဒုတိယရင်းမြစ်ဖြစ်သော “ဘာသာစကား တစ်မျိုးတည်း ရှိခြင်း” ကို နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားများကို အသုံးပြု၍ အကောင်အထည်ဖော်ခဲ့ပါသည်။ ဤသို့ဖြင့် တော်လှန်ရေး ကောင်စီ ဗိုလ်ချုပ်နေ၀င်းသည် တိုင်းရင်းသားလူမျိုးများကို ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပိတ်ပင်ဟန့်တားသည့် ပဏာမခြေလှမ်း အနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ စာပေသင်ကြားခွင့်၊ ရေးသားထုတ်ဝေခွင့်နှင့် လွတ်လပ်စွာဖြန့်ချီခွင့်အားလုံးကို ရုတ်သိမ်းခဲ့ပါသည်။ တိုင်းရင်းသားလူမျိုးများမိမိတို့ ဘာသာစကားပြောဆိုသုံးစွဲခြင်းကိုမူ ပိတ်ပင်ခြင်းမရှိခဲ့ပေ။ သို့သော် ဘာသာစကား၏ အသက်ဝိဥာဉ်ဖြစ်သော “စာပေ” ကာကွယ် ထိန်းသိမ်း မြင့်တင်ရေးကိုမူ လုံးဝဟန့်တားပိတ်ပင်ခဲ့ပါသည်။ ထိုမျှသာမက မဟာလူမျိုးကြီးဝါဒ၏ ရေသောက်မြစ်သုံးသွယ်ထဲမှ ဒုတိယရင်းမြစ်ဖြစ်သော “ဘာသာစကား တစ်မျိုးတည်း ရှိခြင်း” ကို နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားများကို အသုံးပြု၍ အကောင်အထည်ဖော်ခဲ့ပါသည်။ ဤသို့ဖြင့် တော်လှန်ရေး ကောင်စီ အမိန့်ကြေငြာချက်ဖြင့် “မြန်မာစာ” ကို ပြည်ထောင်စုတစ်ဝှမ်လုံး၏ တစ်ခုတည်းသော ရုံးသုံးဘာသာစကားအဖြစ်သာမက “အမျိုးသားဘာသာစကား” (National Language) အဖြစ် အတင်းအဓမ္မ ပြဌားန်းခဲ့ပါသည်။ ထို့ပြင် မြန်မာမဟုတ်သော အခြားတိုင်းရင်းသားဘာသာစကားများကို နိုင်ငံတစ်ဝှမ်းလုံးရှိစာသင်ကျောင်းများတွင် တရားဝင်သင်ကြားခွင့်ကို ပိတ်ပင်တားမြစ်ခဲ့လေသည်။

ဗိုလ်နေ၀င်း၏ မဆလခေတ်တစ်လျှောက်လုံးတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တစ်ချိန်လုံး ဟစ်ကြွေးခဲ့သော်လည်း တကယ်လက်တွေ့တွင်မူ တိုင်းရင်းသားလူမျိုးများ၏ စာပေ၊ ယဉ်ကျေးမှု တိမ်ကောပပျောက်ရေးကို နိုင်ငံတော်ပေါ်လစီတစ်ရပ်အဖြစ် ကျင့်သုံးကာ ယဉ်ကျေးမှုသုတ်သင်ရှင်းလင်းရေး (Cultural Genocide) ကို လက်တွေ့ကျင့်သုံးခဲ့ပါသည်။ တိုင်းရင်းသားလူမျိုးများ၏ စာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးစံများ သုတ်သင်ရှင်းလင်းရေးနှင့် ဗမာ(၀ါ) မြန်မာမဟုတ်သော တိုင်းရင်းသားလူမျိုးများက ကိုယ်ပိုင်ပြဌာန်းခွင့်ကို `အဆုံးသတ် ၇ုတ်သိမ်းသည့်အနေဖြင့် ၁၉၇၄ခုနှစ်တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို “တပြည်ထောင်စနစ်” ဖြင့် ရေးဆွဲပြဌာန်းခဲ့ပါသည်။ အမည်နာမအားဖြင့် “ပြည်ထောင်စု မြန်မာနိုင်ငံတော်” ဟု ဆက်လက်ခေါ်ဝေါ်ခဲ့သော်လည်း အနှစ်သာရမှာ ဗမာ (၀ါ) မြန်မာအမျိုးသားနိုင်ငံ ထူထောင်ရေးအတွက် အခြားတိုင်းရင်းသားလူမျိုးများ အားလုံး ၏ ကိုယ်ပိုင်ပြဌာန်းခွင့် ကို ပိတ်ပင်တားမြစ်သည့် “တပြည်ထောင်စနစ်” ပင်ဖြစ်ပါသည်။ ဤသို့ဖြင့် ဗိုလ်နေ၀င်းသည် မဟာလူမျိုးကြီးဝါဒ၏ ဒုတိယရေသောက်မြစ် ဖြစ်သော “အမျိုးသားစာပေဖြင့် ဘာသာစကားတစ်မျိုးတည်း ဖြစ်ပေါ်ရေးဝါဒ” ကို အသုံးချ၍ အမျိုးသားနိုင်ငံတော် တည်ဆောက်ရေးလမ်းစဉ်ကို ဦးနုနောက်မှ ဆက်လက်ကျင့်သုံး အကောင်အထည်ဖော်ခဲ့ပါသည်။ ထို့ကြောင့် ဗိုလ်နေ၀င်းနှင့် ဦးနုတို့သည် ပြင်ပန်းသဏ္ဍာန်အားဖြင့် ခြားနားသယောင် ရှိခဲ့သော်လည်း အမျိုးသားနိုင်ငံတော်ထူထောင်ရေးလမ်းစဉ်ကို ရှေ့ဆင့်နောက်ဆင့် တည်ဆောက်ခဲ့ကြသော မဟာလူမျိုးကြိးဝါဒီများသာ ဖြစ်ပါသည်။

ဗိုလ်နေ၀င်းသည် အမျိုးသားနိုင်ငံတော် ထူထောင်ရေးဘောင် အတွင်းမှ တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု သုတ်သင်ရှင်းလင်းရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် တားမြစ်ပိတ်ပင်ရေးကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ရင်း တိုင်းရင်းသား လူမျိုးများက စုပေါင်းအခွင့်အရေး ( Collevtive Rights) များသာမက တတိုင်းပြည်လုံးရှိ ပြည်သူတစ်ရပ်လုံး၏ အခြေခံလူ့အခွင့်အရေးများ နှင့် တစ်သီးပုဂလ အခွင့်အရေး ( Individual Rigts) များကိုပါ ရိုက်ချိုးပိတ်ပင် သွားခဲ့ပါသည်။ ထို့ကြောင့် မဆလခေတ်တွင် လွတ်လပ်စွာ ပြောဆိုရေးသားခွင့် ၊ စည်းရုံးလှုပ်ရှားခွင့်နှင့် အသင်းများထူထောင်ဖွဲ့စည်းခွင့် စသည့် ဒီမိုကရေစီ အခွင့်အရေးအားလုံး ဆိတ်သုဉ်းသွားခဲ့ရလေသည်။

ဗိုလ်နေ၀င်းသည် မဟာလူမျိုးကြီးဝါဒဖြင့် မြန်မာအမျိုးသားနိုင်ငံတော်ထူထောင်ရေးကို ဥာဏ်နီဥာဏ်နက်မျိုးစုံဖြင့် ကြိုးပမ်းခဲ့သော သူ၏ အကြံအစည်တစ်ခုမျှ မအောင်မြင်ခဲ့ချေ။ ၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားသော ရှစ်လေးလုံးအရေးတော်ပုံကြီးဖြင့် ပြည်ထောင်စုဖွားတိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဗိုနေ၀င်း၏ ဟာလူမျိုးကြီးဝါဒဖြင့် တည်ဆောက်ထားသော မဆလ တစ်ပါတီအာဏာရှင် စနစ်ကို ဆန့်ကျင်ခဲ့ကြသည်။ ပြည်သူလူထုတစ်ရပ်လုံးသည် မဟလူမျိုးကြီးဝါဒကို အားမပေးသည့်အပြင် တိုင်း၇င်းသားလူမျိုးများ၏ အခွင့်အရေးပိတ်ပင်တားမြစ်ခြင်းကို မလိုလား မနှစ်ချိုက်နိုင်ကြပါ။ ဒီမိုကရေစီနျင့် လူ့အခွင့်အရေး ကို အပြည့်အ၀ခံစားလိုကြပါသည်။ တိုင်းရင်းသားလူမျိုးများ အားလုံးတန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး ကို အားပေးထောက်ခံကြသည်။ ထို့ကြောင့် ရှစ်လေးလုံး အရေးတော်ပုံကြီး ကို ဆင်နွဲပြီး ဗိုလ်နေ၀င်းထူထောင်ခဲ့သော မဆလ တစ်ပါတီအာဏာရှင်စနစ်ကို ဖြုတ်ချသွားခဲ့ကြလေသည်။

န၀တ-နအဖ စစ်အာဏာရှင်စနစ်နှင့် မဟာလူမျိုးကြီးဝါဒ၏ အမြင့်ဆုံး ပေါ်လစီ

န၀တနှင့် နအဖ စစ်အုပ်စုများ၏ ဦးစီးခေါင်းဆောင် ဗိုလ်စောမောင်နှင့် ဗိုလ်သန်းရွှေတို့သည် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးကို ဖြိုခွဲ၍ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို ပိတ်ပင်ရိုက်ချိုးရန်ရည်ရွယ်ချက်ဖြင့် အာဏာသိမ်းခဲ့ကြသော စစ်ဝါဒီများဖြစ်သည်။ တနည်းအားဖြင့် ဗိုလ်နေ၀င်းထူထောင်ခဲ့သော အာဏာရှင်စနစ်ကို ဆက်လက်ထိန်းသိမ်းပြီး မဟာလူမျိုးကြီးဝါဒဖြင့် အမျိုးသားနိုင်ငံတော်ကို ရှေ့ဆက်တည်ဆောက်ရန် စိုင်းပြင်နေသော မဟာလူမျိုးကြီးဝါဒီ စစ်အုပ်စုတစ်ချို့မျှသာဖြစ်ပါသည်။ ထို့ကြောင့် ၄င်းတို့အာဏာသိမ်းပြီးများမကြာခင် ပြည်ထောင်စု၏ အမည်နာမကို Burma မှ Myanmar သို့ ပြည်သူုလူထုဆန္ဒလုံးဝမပါဘဲ အတင်းအဓမ္မပြောင်းလဲပစ်ခဲ့ကြပါသည်။

ပြည်ထောင်စု၏ အမည်နာမကို “မြန်မာ” အဖြစ်သို့ ပြောင်းလဲခြင်းသည် မဟာလူမျိုးကြီးဝါဒ၏ ရေသောက်မြစ်သုံးသွယ်ထဲမှ နောက်ဆုံးအဆင့်ကို အကောင်အထည်ဖော်ရန်ကြိုးပမ်းခြင်းပင်ဖြစ်သည်။ မြန်မာအမျိုးသားနိုင်ငံတော်ကို မြန်မာစကားပြောဆိုစသုံးစွဲကြသော ဗုဒ္ဒဘာသာ မြန်မာလူမျိုးတို့၏ အမျိုးသားနိုင်ငံအဖြစ် တည်ဆောက်ရန် စိုင်းပြင်ခြင်း ဖြစ်ပါသည်။ တိုင်းပြည်တစ်ခု၏ အမည်နာမကို “Burma” ဟု အင်္ဂလိပ်လိုရေးသားရာမှ “Myanmar” ဟု ပြောင်းလဲရေးသားရန် သာမန်ပြောင်းလဲခြင်းမဟုတ်။ မဟာလူမျိုးကြီးဝါဒကို အဆင့်အမြင့်ဆုံးအကောင်အထည်ဖော်ရန် ကြံစည်သော အဟာ အကြံအစည်ကြီးပင် ဖြစ်သည်။

ပြည်ထောင်စု၏ အမည်နာမကို “Burma” အဖြစ်မှ “Myanmar” အဖြစ်သို့ တရားဝင်ပြောင်းလဲခြင်းသည် မြန်မာမဟုတ်သော တိုင်းရင်းသားလူမျိုးများ၏ ပကတိ တည်ရှိခြင်းကို ဥပေက္ခာပြုပါသည်။ ထိုလူမျိုးများ ၏သီးခြားစီဆောင်သော အမျိုးသားရေးလက္ခဏာများကို အသိအမှတ်မပြု လျစ်လျူရှုထားပါသည်။ တနည်းအားဖြင့် မြန်မာမဟုတ်သော တိုင်းရင်းသားလူမျိုးများအားလုံးကို နိုင်ငံတော် အုပ်ချုပ်ရေးယန္တယားအားလုံးကို အသုံးပြု၍ အတင်းအဓမ္မ မြန်မာလူမျိုးအဖြစ်သို့ သင်းကွပ်တွန်းပို့ခြင်းပင်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းများသည် ပင်လုံညီလာခံသဘောတူညီချက်အရ ပြည်ထောင်စုအဖွဲ့ဝင်ဖြစ်လာခဲ့ကြသော တိုင်းရင်းသားလူမျိုးများကို စော်ကားခြင်းပင်ဖြစ်ပါသည်။ ပင်လုံစာချုပ်ကို သစ္စာဖောက်ခြင်းလည်း ဖြစ်သည်။ ပြည်ထောင်စုစိတ်ဓာတ်ကို သေးသိမ်အောင် လုပ်ဆောင်ခြင်းလည်း ဖြစ်ပါသည်။ မြန်မာဟူသော ဝေါဟာရ သည် လူမျိုး၊ ဘာသာအရပါ မြန်မာမဟုတ်သော တိုင်းရင်းသားလူမျိုးများကို အလျှဉ်းမျှ ကိုယ်စားမပြု၊ ကိုလိုနီခေတ်မတိုင်ခင် ပုဂံခေတ်မှ ကုန်းဘောက်ခေတ်အထိ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ သမိုင်းသည် ကျွန်ုပ်တို့ချင်းလူမျိုးများနျင့် တစ်စေ့မျှ သက်ဆိုင်ခြင်းမရှိပေ။ ထို့ကြောင့် ဤလုပ်ရပ်ကို အင်နှင့်အားနှင့် တွန်းလှန်ရုံမှတစ်ပါး အခြားမရှိ။

န၀တ-နအဖ စစ်ဝါဒီများက မဟာလူမျိုးကြီးဝါဒအခြေပြု အမျိုးသားနိုင်ငံထူထောင်ရေးစီမံကိန်းကြီးကို ပြည်ထေင်စုတစ်ဝှမ်းလုံးရှိ ပြည်သူုလူထု တစ်ရပ်လုံးက ထောက်ခံခြင်းမှရိပေ။ ပြည်ထောင်စုဖွားတိုင်းရင်းသား လူမျိုးများအားလုံးက ၀ိုင်း၍ ဆန့်ကျင်ကန့်ကွက်ကြသည်။ ဗုဒ္ဓဘာသာ ဘုန်းကြီးများပင်လျင် ထောက်ခံအားပေးခြင်း မရှိချေ။ ထို့ကြောင့် သက္ကရာဇ် ၂၀၀၇ စက်တင်ဘာလတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးများကိုယ်တိုင် ဦးဆောင်၍ နအဖ စစ်အစိုးရကို ဆန့်ကျင်သပိတ်မှောက် ခဲ့ကြပါသည်။ ပြည်ထောင်စုတစ်ဝှမ်းလုံရှိ ပြည်သူလူထုတစ်ရပ်လုံးက သံဃာတော်ကြီးများဦးဆောင်သော လူထုလှုပ်ရှားမှုဖြင့် ဦးဆောင်၍ နအဖ စစ်အစိုးရကို ဆန့်ကျင်သပိတ်မှောက် ခဲ့ကြပါသည်။ ထို့ကြောင့် န၀တ-နအဖ စစ်အစိုးရ၏ မဟာလူမျိုးကြီးဝါဒ အခြေပြုအမျိုးသားနိုင်ငံတော် တည်ဆောက်ရေးစီမံချက်ကြီး သည် ရှေ့ဆက်အောင်မြင်ရန် နည်းနည်းမျှ အလားအလာမရှိ။ ပြည်ထောင်စုအမည်ကို ခံယူ၍ အမျိုးသားနိုင်ငံတော်ထူထောင်ရေးကို လျှို့ဝှက် ကြံစည်မှုမှန်သမျှသည် မဟာလူမျိုးကြီးဝါဒနျင့်အတူ ကျဆုံးသွားရမည်သာဖြစ်ပါသည်။

ပြည်ေ ထာင်စုစနစ်ကို ထောင်ရန် ပင်လုံညီလာခံတွင် သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါသည်။ လူမျိုးတစ်မျိုးတည်းက လွှမ်းမိုး၍ “အမျိုး၊ ဘာသာ၊ သာသနာ” တစ်ခုတည်းအပေါ် အခြေခံသော အမျိုးသားနိုင်ငံတော်တစ်ရပ်ထူထောင်ရန် မဟုတ်ချေ။

သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက် တက်လာသော အစိုးရအသီးသီးတို့သည် ပင်လုံစိတ်ဓာတ်နှင့် ပြည်ထောင်စုစနစ်မှ သွေဖီ၍ “အမျိုး၊ ဘာသာ၊ သာသနာ” တစ်ခုထဲကို အခြေခံသော အမျိုးသားနိုင်ငံတော်ထူထောင်ရန် မှားယွင်းစွာကြိုးပမ်းခဲ့ကြောင်းကို ဤစာတမ်းဖြင့် ဖော်ညွှန်းထားပါသည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ ရောနှောနေထိုင်သော တိုင်းပြည်တွင် “အမျိုး၊ ဘာသာ ၊ သာသနာ” တစ်ခုတည်းကို အခြေခံ၍ အမျိုးသားနိင်ြငံတော်ထူထောင်ရန် စိုင်းပြင်းခြင်းသည် မဟာလူမျိုးကြီးဝါဒကို လက်တွေ့အကောင်အထည်ဖော် ကျင့်သုံးခြင်းဖြစ်ကြောင်းကိုလည်း မဟာလူမျိုးကြီးဝါဒ၏ ရေသောက်မြစ်သုံးသွယ်ကို စံနမူနာထား၍ ဤစာတမ်းတွင် မီးမောင်းထိုးတင်ပြထားပါသည်။


ပြည်ထောင်စုစနစ်ကို တည်ဆောက်ရမည့်အစား ၀န်ကြီးချုပ် ဦးနုသည် မဟာလူမျိုးကြီးဝါဒ၏ ရေသောက်မြစ်သုံးသွယ်ထဲမှ “သာသနာ” ကို အခြေပြု၍ အမျိုးသားနိုင်ငံတော် ထူထောင်ရန် စိုင်းပြင်းခဲ့ပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းသွားခဲ့သည်။ အဖြေရလာဒ်မှာ ပါလီမန် ဒီမိုကရေစီစနစ် ကျဆုံးသွားခြင်း၊ တပါတီ အာဏာရှင်စနစ်ကြီးစိုးခြင်းနှင့် ပြည်တွင်းစစ်မီးတောက်လောင်ခြင်းတို့သာ အဖတ်တင်ခဲ့ပါသည်။

ဗိုလ်ချုပ်ကြီးနေ၀င်းသည်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တွင်တွင်ကြီး ဟစ်ကြွေးရင်း တိုင်းရင်းသားလူမျိုးများ၏ စာပေနှင့် ယဉ်ကျေးမှု များ သုတ်သင် ရှင်းလင်းရေးလမ်းစဉ်ကို အကောင်အထည် ဖော် ခဲ့ပါသည်။ ထို့ကြောင့် မဟာလူမျိုးကြီးဝါဒ၏ ရေသောက်မြစ် သုံးသွယ်ထဲမှ “ဘာသာစကားကို” အခြေခံ၍ မြန်မာစကားတစ်ခုတည်းလွှမ်းမိုးကြီးစိုးသော မြန်မာအမျိုးသားနိုင်ငံတော်ကို ထူထောင်ရန် အမျိုးသားဘသာစကား တစ်ခုတည်းကိုသာ ထားရှိသည့် “National Language Policy” ကို ချမှတ်အကောင်အထည် ဖော်ခဲ့ပါသည်။ ယင်းသည် မြန်မာစာကို နိုင်ငံတော်၏ အမျိုးသားဘာသာစကားအဖြစ် ဥပဒေဖြင့် ပြဌာန်းပြီး အခြားတိုင်းရင်းသားလူမျိုးများအားလုံးတဖြည်းဖြည်း တိမ်ကောပပျောက်သွားအောင် မြန်မာစကားဖြင့် ၀ါးမျိုလွှမ်းမိုးရေးလမ်းစဉ်သာဖြစ်ပါသည်။

အဖြေရလာဒ်မှာ လွတ်လပ်စွာ ပြောဆိုရေးသားခွင့် ၊ စည်းရုံးလှုပ်ရှားခွင့်များ အပါအ၀င် ဒီမိုကရေစီအခွင့်အရေးအားလုံး ဆိတ်သုဉ်းခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း နှင့် ပြည်သူလူထုတစ်ရပ်လုံး “ဖွတ်ကျောပြာစု ခရုဆံကျွတ်ဘ၀” ဖြင့် ဆင်းရဲတွင်းနက်သထက်နက်ကာ ပြည်တွင်းစစ်မီး ဆက်လက်တောက်လောင်နေခြင်းသာဖြစ်ပါသည်။ထို့ကြောင့် ပြည်သူလူထုတစ်ရပ်လုံးက ရှစ်လေးလုံးအရေးတော်ပုံကြီးဖြင့် ဗိုလ်နေ၀င်းထူထောင်ခဲ့သော မဆလ တစ်ပါတီအာဏာရှင်စနစ်ကို မြေမြုပ်သင်္ဂြိုလ်ခြင်းပင်ဖြစ်သည်။


ငြိမ်ဝပ်ပိပြားရေးနှင့် ငြိမ်းချမ်းရေးကိုကြွေးကြော်၍ ဒီမိုကရေစီကို တောင်းဆိုနေကြသော ကျောင်းသားလူငယ်နှင့် ရဟန်းရှင်လူပြည်သူထောင်ပေါင်းများစွာကို သွေးချောင်းစီးလုပ်ကြံခဲ့ကြသည့် န၀တ နအဖ စစ်အုပ်စုသည်လည်း မဟာလူမျိုးကြီးဝါဒ၏ အထွတ်အထိပ်ကျရာ လူမျိုးတစ်မျိုးထဲ ကြီးစိုးရေးဝါဒကို စွဲကိုင်၍ မြန်မာလူမျိုးတစ်မျိုးထဲ ကြီးစိုးချယ်လှယ်သော မြန်မာအမျိုးသား နိုင်ငံတော်တစ်ရပ်ထူထောင်ရန် ပြည်ထောင်စု၏ အမည်နာမကို ၁၉၈၉ခုနှစ်တွင် အတင်းအဓမ္မပြောင်းလဲပစ်ခဲ့ကြသည်။ အဖြေရလာဒ်မှာ ပြည်ထောင်စုတစ်ခုလုံးကို နိုင်ငံရေးထောင်နန်းချ၍ လူထုတစ်ရပ်လုံး၏ လွတ်လပ်မှုကို ခြေချင်းခတ် ချုပ်နှောင်ခဲ့ခြင်းဖြစ်ပါသည်။

` ပြည်ထောင်စုတစ်ဝှမ်းလုံးတွင် နိုင်ငံရေးမိုးမှောင်ကျ၍ ပြည်သူများ ကုန်းကောက်စရာမရှိအောင် ငတ်ပြတ်နေချိန်တွင် အာဏာရစစ်အစိုးရမှ စစ်ဗိုလ်ချုပ်များသည် တိုင်းပြည်၏ အဖိုးတန်ရတနာများ၊ သယံဇာတပစ္စည်းများ၊ သစ်တောများ၊ ပင်လယ်ရေနံထွက်ပစ္စည်းများ အပါအ၀င် ရေနံနှင့် သဘာဝဓာတ်ငွေ့များကို နိုင်ငံခြားတိုင်းတပါးသားများ၏ လက်ဝယ်သို့ထုခွဲရောင်းချပြီး တိုင်းပြည်၏ အဖိုးတန်ရတနာများမှ ရရှိထားသော ပြည်သူ့ဘဏ္ဍာငွေကိုအသုံးချ၍ လူသတ်လက်နက်များကို ၀ယ်ယူကာ ပြည်သူလူထုကို တဖန်ပြန်လည် ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေကြပါသည်။ ထို့ကြောင့် နအဖစစ်အစိုးရကို သာမန်ပြည်သူများသာမက သူတော်ရှင်သံဃာတော်ကြီးများကပါ သပိတ်မှောက်ကံဆောင်နေကြခြင်းပင်ဖြစ်သည်။ ပြည်ထောင်စုတစ်ဝှမ်းလုံးရှိ ပြည်သူလူထုတစ်ရပ်လုံးက ဆန့်ကျင်ဆန္ဒပြ သပိတ်မှောက်ကြရုံသာမက နိုင်ငံတကာ အသိုင်းအ၀ိုင်းကပါ ၀ိုင်းဝန်းပြစ်တင်ရှုံ့ချခြင်းကို ခံနေရပါသည်။ ပြည်သူလူထုတစ်ရပ်လုံးနှင့် နိုင်ငံတကာဖိအားပေးမှုကြောင့် စစ်အာဏာရှင်စနစ် အနှေးနှင့်အမြန်ကျရှုံးရမည်သာ ဖြစ်ပါသည်။


ခြုံ၍ ပြောရပါလျှင်__ လူမျိုးပေါင်းစုံရောနှောနေထိုင်သော တိုင်းပြည်တွင် မဟာလူမျိုးကြီးဝါဒကို ကိုင်စွဲ၍ “အမျိုး၊ ဘာသာ၊ သာသနာ” တစ်ခုတည်းကို အခြေခံသော အမျိုးသားနိုင်ငံတော်ကို ထူထောင်၍ ရမည်မဟုတ်ကြောင်း အနှစ်(၆၀) ပြည်တွင်းစစ်က သက်သေခံလျှက်ရှိပါသည်။ ရှစ်လေးလုံးအရေးတော်ပုံ ကြီးကလည်း မဟာလူမျိုးကြီးဝါဒဖြင့် တပြည်ထောင်စနစ်ကို ထူထောင်၍မရနိုင်ကြောင်း သမိုင်းမှတ်တိုင်စိုက်ထူခဲ့ပြီး ဖြစ်ပါသည်။ သက္ကရာဇန် ၂၀၀၇ခု စက်တင်ဘာလတွင် သံဃာတော်ကြီးများ ဦးဆောင်သော “ရွှေဝါရောင်တော်လှန်ရေး” ဖြင့်မဟာလူမျိုးကြီးဝါဒဖြင့် တည်ဆောက်သော စစ်အာဏာရှင်စနစ် မုချကျဆုံးသွားမည်ဖြစ်ကြောင်း သွေးမြေကျခံ၍ ကတိသစ္စာဆိုထားကြလေပြီ။ ထို့ပြင်မဟာလူမျိုးကြီးဝါဒဖြင့် လူမျိုးတစ်မျိုးကြီးစိုးရေးဆိုသော အမျိုးသားနိုင်ငံတော်ထူထောင်ရမည့်အစား ဘာသာတရားပေါင်းစုံ ဝေဆာပွင့်ဖူး၍ တိုင်းရင်းသားလူမျိုးများအားလုံး ငြိမ်းချမ်းစွာ အတူလက်တွဲနေထိုင်နိုင်သည့် စစ်မှန်သော ပြည်ထောင်စုစနစ်ကို တည်ဆောက်သွားကြရန် သံဃာတော်ကြီးများရှေ့ဆုံးမှ ဦးဆောင်၍ ဆန္ဒပြချီတက်ခဲ့ကြခြင်း ဖြစ်ပါသည်။

ထို့ကြောင့် “ဗမာ” နှင့် “မြန်မာ” ဟူသော ရှုပ်ထွေးပွေလီသည့် စကားလုံးနှစ်ခုကြားတွင် မျက်လှည့်ပြ၍ “အမျိုး၊ ဘာသာ၊ သာသနာ” တစ်ခုတည်းပေါ်တွင် အခြေခံသော အမျိုးသားနိုင်ငံတော်ထူထောင်ရေးဟူသော မှားယွင်းသည့် မဟာလူမျိုးကြီးဝါဒကို အမြန်ဆုံးကျောခိုင်း၍ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားလူမျိုးခေါင်းဆောင်များ မျှော်မှန်းခဲ့ကြသည့် စစ်မှန်သောပြည်ထောင်စုစနစ်ကို အမြန်ဆုံးဝိုင်းဝန်းတည်ဆောက်ကြပါရန် ဤစာတမ်းငယ်ဖြင့် တိုက်တွန်းလိုက်ရပေသည်။
 ဒီမိုကရေစီရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များကို အာမခံချက်ပေးနိုင်သည့် စစ်မှန်သော ပြည်ထောင်စုစနစ်ကို တည်ဆောက်ပြီးသောအခါ ပြည်ထောင်စု၏ အမည်နာမကိုလည်း ပြည်ထောင်စုဖွားတိုင်းရင်းသားလူမျိုးများ၏ ဆန္ဒနှင့်အညီ အမည်လှလှ အသစ်ပေးရန် လိုအပ်ကောင်းလိုအပ်မည်ဖြစ်ကြောင်းကိုလည်း ဤစာတမ်းဖြင့် တိုက်တွန်းလိုက်ရပါသည်။

(ဤစာတမ်းကို ၁၉၉၈ အနှစ်ငါးဆယ်ပြည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့သော “ဒေါင်းအိုးဝေ” နှင့် အနှစ်ငါးဆယ်ပြည့် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့သော “ချင်းအမျိုးသားဂျာနယ်” များတွင် ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။ ဤစာအုပ်တွင် ပြန်လည်ဖော်ပြရန် ပြင်ဆင်ရင်း စတော့ဟုမ်းမှ ဘန်ကောက်အပြန်လေယာဉ်ပေါ်တွင် စာတမ်းတစ်ခုလုံးကို အသစ်နီးပါးပြန်လည်ရေးသားခဲ့ပါသည်။ သက္ကရာဇ် ၂၀၀၈ခုနှစ် ဇန်န၀ါရီလ (၅)ရက်၊ ည)



*မှတ် ချက်* Dr Lian H. Sakhong (B.A.,Hons, M.A , B.D, Ph.D) မှ ရေးသား တဲ့ (တိုင်းရင်းသားလူမျိုးများအရေး နှင့်စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ်) စာအုပ် မှ ကူးယူတင်ပြခြင်းဖြစ်သည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...