ငြိမ်းကိုရှက်ပါ
by SarPayLawKa (စာပေလောက) on Saturday, September 15, 2012 at 10:17am ·
(၁)
လောကဇာတ်ခုံတွင် ကိုယ်တိုင် ပါဝင် ဆင်နွှဲခြင်း မရှိဘဲ ပွဲကြည့်ပရိသတ် တစ်ယောက်အဖြစ် ဘေးကနေ ထိုင်ကြည့်ဖူးပါသလား။
(၂)
အငြိမ့်ပွဲ၊ ဇာတ်ပွဲတို့ကို ကြည့်သောအခါ ပါဝင်ကပြသူများနှင့် လူရွှင်တော်များ၊ လူကြမ်းများ စသည်တို့က လူတွေ ဖြစ်တတ်ပျက်တတ်သော ပျော်ရွှင်ဖွယ်၊ ကြေကွဲ လွမ်းဆွတ်ဖွယ်၊ သနားကြင်နာဖွယ်၊ ပျက်ရယ်ပြုဖွယ်များကို သဏ္ဌာန်လုပ် သရုပ် တူအောင် ကပြကြလေသည်။
ထိုအခါ ပွဲကြည့်ပရိသတ်တို့သည် သောသောညံအောင် ရယ်ကြ၊ ဟားကြ၊ မျက်ရည်ထွက်အောင် ငိုကြ ယိုကြ၊ ဒေါသ အမျက်ထွက်လိုက်ကြနှင့် ခံစားမှုအမျိုးမျိုး နောက်ကို လိုက်ပါကြလေကုန်၏။ သို့သော် ထိုသူတို့သည် မိမိ ကိုယ်တိုင် လူ့ဘ၀ဇာတ်ခုံတွင် အမျိုးမျိုးအဖုံဖုံ ပါဝင်ကပြနေကြသည့် အဖြစ်ကိုမူ မေ့လျော့၍နေ ကြလေသည်။ မိမိတို့ကိုယ်တိုင် အချိုးမကျ အမြီးအမောက်မတဲ့သည့် အဖြစ်တွေကိုမေ့ကာ သူတစ်ပါးကို ရယ်သွမ်းသွေးကြ၏။ မိမိတို့ကိုယ်တိုင် ဆင်းရဲဒုက္ခ ရောက်နေသည့်အဖြစ်ကို သတိမထားမိဘဲ သူတစ်ပါးဒုက္ခကို ကြည့်ကာ ၀မ်းနည်း ပက်လက် ဖြစ်နေကြ၏။ နောက်ဆုံး မိမိကိုယ်တိုင်က ကောက်ကျစ် ယုတ်မာကာ သူတစ်ပါးအပေါ် နှိပ်စက်ကလူ ပြုမူတတ်သူ ဖြစ်ပါလျက် လူကြမ်းက မင်းသားကို နှိပ်စက်နေပုံကို ကြည့်ကာ ဒေါသတကြီး ဆဲရေးနေသူများပင် ရှိလေသည်။
တကယ်တော့ ထိုသူတွေ၏ အဖြစ်သည်သာ အလွန်တရာ ရယ်ဖွယ်ကောင်း၍ ရှေ့နောက်မညီသော မုန်းတီးရွံရှာဖွယ် ကောင်းလှသော အဖြစ်တွေပင် ဖြစ်လေတော့ ၏။
(၃)
မည်သူမဆို လူ့ဘ၀ဇာတ်ခုံတွင် တစ်ထောင့်တစ်နေရာမှ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကြရ စမြဲ ဖြစ်ပါသည်။ လောကကြီးကို စိတ်နာသည်ပဲဖြစ်စေ၊ ဟားတိုက် နေသည်ပဲဖြစ်စေ အရွဲ့တိုက်ပြီး ဖြစ်လိုရာဖြစ်စေ၊ သဘောပိုက်ကာနေ သည်ပဲဖြစ်စေ တစ်နည်း တစ်ဖုံတော့ ပါဝင် ပတ်သက်နေကြရသည်သာ ဖြစ်ပေသည်။ နေရာကောင်းရကာ စည်းစိမ်ဥစ္စာ ပြည့်ဝချမ်းသာသူသည် လည်းကောင်း၊ ကံမကောင်း အကြောင်းမလှ၍ လူ့ဘ၀ အောက်ဆုံးလွှာတွင် ကျရောက်နေသူပင်လျှင် သော်လည်းကောင်း ဘ၀ ဇာတ်လမ်းဆုံးအောင်တော့ အသုံးတော်ခံကြရသည်သာ ဖြစ်ပေသည်။
လူတို့၏ မသိနားမလည်မှု၊ မာန်မာနထောင်လွှားမှု၊ မနာလိုဝန်တိုမှု၊ ရက်စက်မှု၊ ဖိနှိပ်ချုပ်ချယ်မှု စသော ကြောက်စရာ သဘောထားများ၊ ချစ်ခြင်း၊ သနားခြင်း၊ တွယ်တာခြင်း၊ ကိုယ်ကျိုးစွန့်ခြင်း၊ ဖေးမကူညီခြင်း စသော အရိပ်လက္ခဏာများသည် အံ့သြဖွယ်ရာ ဒွေးရောယှက်တင်လျက်ရှိကာ ဖြစ်ပျက် ပြောင်းလဲလျက်ရှိသော လူ့ဘ၀ကြီးတွင် အဆုံးအစမရှိ ပါဝင် ကျင်လည်လျက်ရှိလေသည်။ သို့သော် လူတို့သည် ထိုအကြောင်းခြင်းရာများကို ဆင်ခြင်သုံးသပ်နေရန် ကြာရှည် အချိန်မပေးနိုင်ကြချေ။ မိမိ ခန်္ဓာကိုယ်နှင့် စိတ်အလိုအတိုင်းသာ အဆက်မပြတ် လှုပ်ရှားလျက် ရှိကြလေသည်။
ဤအဖြစ်များကို တွေ့မြင်ကြားသိပြီး ဆင်ခြင်သုံးသပ်မိသူ တစ်ယောက် သည်ကား လူ့ဘ၀တွင် ဘာမျှ အသုံးမ၀င်သော လူပိုတစ်ယောက်သာ ဖြစ်ခဲ့လေ၏။
ကံစီမံရာဟု ဆိုကြမြဲ ဖြစ်သော်လည်း လူတို့သည် မိမိဘ၀၏ ပြောင်းလဲ တိုးတက်မှုအတွက် အနည်းနှင့်အများ ရုန်းကန်ကြရစမြဲ ဖြစ်၏။ သို့သော် ကံပစ်ချရာ နေရာမှ လှုပ်ရှားရုန်းကန်ရမှု မရှိဘဲ လူတို့၏ အမြီးအမောက် မတဲ့လှသော ဖြစ်ရပ် များကို ဘေးမှနေ၍ အနှစ် နှစ်ဆယ်လုံးလုံး ထိုင်ကြည့်နေခဲ့ရသူ တစ်ဦးကား အမှန် တကယ်ပင် ရှိခဲ့လေသည်။
(၄)
ပင်လယ်ကဗွီးပင်တို့သည် လေလာတိုင်း ယိမ်းနွဲ့လှုပ်ရှား၍ နေကြ၏။ ကျောက်ခဲ အစအနလေးများ လွှမ်းနေသော မြေနီလမ်းပေါ်မှာ စကားပန်း ဖြူဖြူတို့ ပြန့်ကြဲ နေကြသည်။ မိုးတစ်ဖြိုက်နှစ်ဖြိုက် ရွာထားသဖြင့် မြက်ခင်းစိမ်းစိမ်းပေါ်မှာ မိုးစက် မိုးပေါက်ကလေးများ မှီတွယ်နေကြလေသည်။ မိုးကောင်းကင်သည် အုံ့ဆိုင်းနေရာမှ ပြန်လည်ကြည်လင်စ ပြုလာသည်။
“ငြိမ်း အိမ်ထဲ ပြန်ဝင်တော့မလားဟင်”
မရွှေက ငြိမ်း၏ ကုလားထိုင်နောက်မှီကို ကိုင်ရင်း မေးလေသည်။ မရွှေသည် ငြိမ်း၏ ခုနစ်ယောက်မြောက် အဖော်သဟဲပင် ဖြစ်တော့သည်။ ငြိမ်းအပါးတွင် မည်သူမျှ ကြာရှည်မနေနိုင်ပါပေ။ မည်သူသည်ကော ပတ်ဝန်းကျင်နှင့် အဆက်ဖြတ်ကာ ပျော်ရွှင်မှု ဆိတ်သုဉ်းသောအရပ်မှာ ကြာကြာနေနိုင်ပါမည်လဲ။ လူဆိုသည်ကား ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ လွတ်လပ်ပျော်ရွှင်သော နေရာမျိုးတွင်သာ နေချင်ပေလိမ့်မည်။
“၀င်ချင် ၀င်တော့လေ၊ တော်ကြာ မိုးက ပြန်ရွာချင် ရွာဦးမှာ”
မရွှေသည် ကုလားထိုင်နောက်မှီကို လက်နှစ်ဖက်ဖြင့် စုံကိုင်၍ အိမ်ဘက်သို့ ဆွဲလှည့်လိုက်သည်။ အသာအယာ မှီထားသော ငြိမ်း၏ ခန္ဓာကိုယ်သည် ရုတ်တရက် ရှေ့သို့ ငိုက်ကျသွားလေသည်။ ငြိမ်းသည် လက်နှစ်ဖက်ကို အားယူ၍ ကိုယ်ကို မတ်ထူ လိုက်ရသည်။ လေးလံလှချေ၏ တကား။ ယခုရက်ပိုင်းအတွင်းမှာ ကျန်းမာရေးသည် ပိုမို ဆုတ်ယုတ် အားနည်းလျက်ရှိ၏။ ရင်ထဲမှာကြပ်၍ လှိုက်မောသော ဝေဒနာသည် ပိုမို ပြင်းထန်လာလေသည်။ ဘီးတပ်ကုလားထိုင်ကိုပင် ကိုယ်တိုင် တွန်းယူနိုင်ခြင်းမရှိတော့။ မရွှေသည် ကုလားထိုင်ကို အိမ်ဘက်သို့ တွန်းယူသွားလေသည်။ အိမ်ဝရောက်သော အခါ ဖိနပ်ချွတ်မှတစ်ဆင့် အိမ်ဘေး စင်္ကြံလမ်းအတိုင်း ဆက်တွန်းသွားသည်။ အိမ်ဘေးမှနေ၍ သီးသန့် လုပ်ထားသော လမ်းအတိုင်း အိမ်ထဲသို့ ၀င်သည်။
အတွင်းဧည့်ခန်းထဲမှာ မေမေနှင့် ဧည့်သည် မိန်းမတစ်ယောက် စကားပြောနေသံ ကြားရလေသည်။
“တော်ရုံကိစ္စဆိုရင်လည်း ခုလို လာပြီး အပူမကပ်ပါဘူး မမရယ်၊ ခုတော့ ဒီသား တစ်ယောက်အတွက်က စိတ်မအေးရလွန်းလို့ပါ၊ သူ့အလုပ်အကိုင်လေးနဲ့သူဆိုတော့ က္ကနြေ္ဒလဲရ၊ စိတ်လည်း မလေအောင်လို့ပါ”
“စိတ်ချပါကွယ်၊ တခြားလူတွေမှတ်လို့၊ ကိုကို့ကို သေသေချာချာ ပြောလိုက်ပါ့မယ်”
“ဒီလိုဆိုလည်း ကျွန်မ ပြန်တော့မယ်နော်၊ သြော် ဒါထက် မမရယ်၊ တစ်လောက ကျွန်မ မော်လမြိုင်သွားလို့ ပါတိတ်လုံချည်လေးတွေ ဆန်းတာနဲ့ မမဖို့ပါ ပိုဆွဲခဲ့တယ်၊ မမက အသားဖြူတော့ ဒီအဆင်လေးတွေနဲ့ လိုက်တယ်လေဆိုပြီး သတိရတာနဲ့”
“အိုကွယ်၊ အလကား လုပ်လာတယ်”
“၀တ်စေချင်လို့ပါ မမရဲ့”
“နောက် ဒါမျိုးတွေ လုပ်မလာနဲ့နော်”
“ကိစ္စမရှိပါဘူး မမရယ်၊ အဲ မမတူကိုသာ အလုပ်ကလေးရအောင် ကျေးဇူးမမေ့ပါဘူး မမရဲ့”
“ဒီလောက် ပြောရမယ့်သူတွေ မဟုတ်ပါဘူးကွယ်”
“ကဲ သွားမယ်နော် မမ”
“ကောင်းပါပြီကွယ်”
မေမေကတော့ ဧည့်သည်နှင့် စကားပြောလျှင် သည်သို့ပင် ညင်ညင်သာသာ ပြောတတ်လေ့ရှိပါသည်။ အိမ်သားများနှင့်ဆိုလျှင်မူ မေမေ့အသံသည် ဘ၀ဂ်သို့ ညံမတတ်ပင်တည်း။ ဖေဖေနှင့်ကျတော့လည်း မေမေ့ အသံသည် နူးညံ့ သွားတတ်ပြန်သည်။ တတ်လည်း တတ်နိုင်သည့် မေမေပါပေ။
ဧည့်ခန်းမှထလာသော ဧည့်သည် မိန်းမသည် ခန်းဆီးကို လွန်လာသောအခါ ဘေးတံခါးပေါက်မှ ၀င်လာသော ငြိမ်းကို မြင်သွားလေသည်။ သူသည် ငြိမ်း၏ မျက်နှာ၊ ငြိမ်း၏ ခန်္ဓာကိုယ်၊ ငြိမ်း၏ ခြေထောက်များနှင့် ငြိမ်း၏ အနေအထား အားလုံးကို ခြုံကြည့်လိုက်ပြီးမှ ငြိမ်းကို ကြင်နာ သနားဟန်ဖြင့် ပြုံး၍ နှုတ်ဆက်လေသည်။
“နေကောင်းလား ကလေး”
ငြိမ်းက မတုန်လှုပ်တော့ပြီဖြစ်သော မျက်နှာ၊ မထူးခြားသော အပြုံးဖြင့် တုံ့ပြန်လိုက်ရလေသည်။
“သူ့အသက် ဘယ်လောက်ရှိပြီလဲ မမ”
“ဆယ့်ရှစ်နှစ်ရှိပြီ၊ ဒီနှစ်ထဲမှာ ကျန်းမာရေး မကောင်းဘူး၊ ကိုယ်လက် လှုပ်ရှားမှုကလည်း နည်းတယ် မဟုတ်လား”
ဧည့်သည်မိန်းမနှင့် မေမေသည် အိမ်ရှေ့သို့ ဆက်လျှောက်သွားရင်း ငြိမ်း၏ အကြောင်းကို ဆွေးနွေးသွားကြလေသည်။ ငြိမ်းအတွက်တော့ သူ့ကို ရှေ့မှာထားပြီး သူ့အကြောင်း ဆွေးနွေး ပြောဆိုကြသည်များကို ကြားရဖန် များ၍ အဆန်း မဟုတ်တော့ပြီ။ အချို့ကလည်း သနားကရုဏာသက်ဟန်ပြုကြသည်။ အချို့ကလည်း ရှက်ရွံ့အားနာဟန်ပြကြသည်။ များသောအားဖြင့်တော့ မကောင်းတတ်၍ ဟန်ဆောင် မေးမြန်းကြသည်က များလေသည်။ ကြာလာတော့လည်း ငြိမ်းသည် လူတွေ၏ သဘောကို မစောကြောဘဲနှင့် သိလာရသည်။ မသိချင်ပေမယ့်လည်း မြင်နေရသည် မဟုတ်လား။
ဧည့်သည် အမျိုးသမီးသည် မေမေ့ကို ကားပေါ်မှ လှမ်း၍ လက်ဝှေ့ယမ်း နှုတ်ဆက်ကာ ပြန်သွားလေသည်။ ကားသည် ခြံဝပင် မရောက်တတ်သေး။ မေမေသည် သံဆန်ကာတပ်တံခါးကို ဆွဲပိတ်ရင်း စိတ်ညစ်ညူးဟန်ဖြင့် စကားတင်း ဆိုလေပြီ။
“ဟင်း၊ လူတွေကလည်း ခက်ပါတယ်၊ သူတို့ အပူမှန်သမျှ အိမ်ကိုယူလာ တော့တာပဲ၊ သားက အလုပ်မရှိဘဲ တေပေနေတော့ အလုပ်ရစေချင်သတဲ့၊ ဘီအေ ရိုးရိုးလေး အောင်ရုံနဲ့ တစ်ခါတည်း အရာရှိတန်း ဖြစ်ချင်တာတော့ ဘယ်သူက တတ်နိုင်မှာတဲ့လဲ၊ လူတွေကိုက ခက်ပါတယ်လေ”
မေမေသည် အိမ်ထဲပြန်ဝင်လာရင်း တစ်ယောက်တည်း ရေရွတ်လာလေသည်။ နားထောင်သူရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ တစ်ယောက်တည်း စကားပြောတတ် သည်က မေမေ့ အကျင့်ပင် ဖြစ်လေ၏။ မေမေသည် စားပွဲစွန်းတွင် တင်ထားသော ပါတိတ်လုံချည်ကို ကောက်ကိုင်ရင်း အိမ်ခန်းတွင်းသို့ ၀င်သွားမည်ပြုပြီးမှ ငြိမ်း ရှိရာဘက်သို့ လျှောက်လာလေသည်။
“သမီး ဒီနေ့ ဘယ့်နှယ်နေလဲဟင်၊ ရင်ကျပ်တာ သက်သာရဲ့လား၊ လမ်းကော မလျှောက်တော့ဘူးလား”
မေမေသည် တစ်အိမ်လုံးမှာ ဖေဖေကလွဲလျှင် ငြိမ်းကို အချိုသာဆုံး စကားပြောတတ်လေသည်။
“သက်သာပါတယ် မေမေ၊ လမ်းတော့ မလျှောက်ချင်တော့ဘူး၊ မိုးရွာထားလို့၊ လမ်းတွေကလည်း စိုနေတယ်”
“ဒီနေ့ညနေ ဒေါက်တာဆန်းထူးလည်း လာမှာပဲ၊ မရွှေရေ သမီးကို နွားနို့တိုက်လိုက်တော့”
မေမေသည် ပါတိတ်လုံချည်အထုပ်ကို ကိုင်ရင်း အိပ်ခန်းတွင်းသို့ ၀င်သွား လေသည်။ တကယ်တော့ မေမေသည် သူ ဘာမျှ မတတ်နိုင်သော ကိစ္စအတွက် မျှော်လင့်ချက်ဖြင့် ပေးလာသော လက်ဆောင်ပစ္စည်းတစ်ခုကို လက်ခံထားလိုက်ပေပြီ။ ရှေ့ဆက်၍ မေမေ ပြန်ကြားမည့် စကားတွေကိုလည်း ငြိမ်းက သိပြီး ဖြစ်သည်။
“ခက်တာပဲကွယ်၊ ကိုကိုကလည်း အတတ်နိုင်ဆုံး ပြောပေးတာပဲ၊ ဒါပေမယ့် ခုဟာက သူ့လူနဲ့သူ ပြည့်ပြီးသားဆိုတော့ ဘယ်လိုမှ ကြားဝင်လို့ မရဘူး ဖြစ်နေတယ်၊ ဒါပေမယ့် စိတ်မပျက်ပါနဲ့လေ၊ နောက်တစ်ခါ နေရာပေါ်လာရင်တော့ မုချ ရရပါစေ့မယ်၊ အခုတော့ လာပြောတာကလည်း နည်းနည်းလေး နောက်ကျသွားတယ် မဟုတ်လား”
ဤသို့ဖြင့် တစ်ဖက်လူသည် ကျေနပ်သွားရမည်ပင်။ မကျေနပ်လို့ကော ဘာတတ်နိုင်မှာလဲ။ “ကောင်းပါပြီ မမရယ်၊ နောက်တစ်ခါ ခေါ်ရင်သာ ဦးစားပေး ပါနော်”ဟု အရှုံးထဲမှ အမြတ်ရအောင် ပြောရုံသာ တတ်နိုင်ပေလိမ့်မည်။
ငြိမ်းသည် မေမေ့ နောက်ကျောကို ကြည့်ကာ ဖေဖေ၏ အရှိန်အ၀ါဖြင့် မေမေ လက်ဆောင်ပဏ္ဏာ မည်မျှရခဲ့ပြီကို စဉ်းသားနေမိလေသည်။
“ကဲ၊ ငြိမ်း နွားနို့သောက်ရအောင်နော်”
မရွှေက ငြိမ်း၏ လက်များကို အသာဆုပ်ကိုင်ရင်း ခေါ်လေသည်။
ငြိမ်းအတွက်တော့ အစားအသောက်နှင့် ပတ်သက်၍ လည်းကောင်း၊ ဆေးဝါးနှင့် ပတ်သက်၍ လည်းကောင်း တစ်စုံတစ်ရာ ငြင်းဆိုခွင့် မရှိပါပေ။ အချိန်မှန်စား အချိန်မှန် အိပ်ရခြင်းတည်းဟူသော စက်ယန္တရားမှာ လည်ပတ်ခဲ့ရသည်မှာ ဆယ်နှစ်နီးပါး ရှိခဲ့ပေပြီ။ ထို့အတူ လူ့လောက၏ အပြင်ဘက်ကို ရောက်ခဲ့ရသည်မှာလည်း ဆယ်နှစ်နီးပါး ရှိခဲ့ရပေပြီ။ ဖေဖေနှင့် မေမေတို့၏ ပြည့်စုံချမ်းသာခြင်းသည် သူ့ကို ဆက်လက် အသက်ရှင်နေနိုင်ရန် ဖန်တီးပေးခဲ့၏။ သို့သော် သူ့ဘ၀ကို ဆက်လက် ရှင်သန်စေရန်ကိုမူ မတတ်နိုင်ခဲ့ပါပေ။ အသက်ရှင်လျက် ဘ၀ဆုံးရသော အဖြစ်မျိုးမှ စည်းစိမ်ချမ်းသာသည်ပင် မကယ်နိုင်ခဲ့ပေတကား။
မရွှေက သူ့ကို ချိုင်းနှစ်ဖက်မှ ဆွဲမကာ ကုလားထိုင်ပေါ်မှ ချပေးလေသည်။ ချိုင်းထောက် နှစ်ခုကိုယူကာ အလိုက်သင့် တပ်ဆင်ပေးသည်။ သိုင်းကြိုးများဖြင့် ရစ်သိုင်းထားသော ခြေထောက်နှစ်ဖက်ကို ကြမ်းပေါ်သို့ ချပေးသည်။ ငြိမ်းသည် သူ့ဘာသာ အားယူကာ ထမင်းစားခန်းဆီသို့ တရွေ့ရွေ့ လျှောက်သွားလေသည်။ မေမေ ပြောသလိုပင် သည်နှစ်ထဲမှာ ငြိမ်း၏ ကျန်းမာရေးက သိသိသာသာ ကျဆင်းခဲ့သည်။ ဓနဥစ်္စာနှင့် ခေတ်မီ ဆေးဝါးတို့ကြောင့် ငြိမ်း၏ အသက်နှင့် ခန္ဓာကိုယ်သည် သည်မျှကြာကြာ မြဲမြံနေရသည်ကို ငြိမ်း ကိုယ်တိုင်ကလည်း သိပါ၏။ လူ့ဘ၀အပြင်ဘက်မှ လူတစ်ယောက်အနေဖြင့် သည်မျှကြာကြာ အသက်ရှင် နေခဲ့ရခြင်းသည် ပြည့်စုံ လုံလောက်ပြီဟုသာ အောက်မေ့မိလေသည်။ သူ တွေ့မြင် နေရသော လူတွေ၏ ဘ၀မှာလည်း ဘာမျှ အားကျမက်မောစရာမရှိ။ လူတွေသည် အသက်ရှင်နေနိုင်ရေးအတွက် နေ့တစ်ဓူဝ ကြိုးပမ်းအားထုတ်ရင်း ပင်ပန်းနွမ်းနယ် နေကြလေသည်။ လူတွေ ဘာအတွက် အသက်ရှင်နေကြသနည်း။ အသက်ရှင် နေနိုင်ရေးအတွက် အသက်ရှင်နေခြင်းသာ ဖြစ်တော့သည်တကား။
မရွှေသည် နွားနို့နှင့် ပေါင်မုန့်ပန်းကန်များကို သူ့ရှေ့သို့ တိုးပေးလေသည်။
“စားလေ ငြိမ်း၊ ခုတစ်လော ငြိမ်း အစားလဲ သိပ်နည်းတာပဲ၊ စားနိုင်မှ ကျန်းမာမယ် မဟုတ်လားကွယ်”
ငြိမ်းသည် ဘာမျှမပြောဘဲ သူ့အတွက် တစ်နေ့တာတွင် မစားမဖြစ် မှီဝဲရမည်ဖြစ်သော အစာများကို ကြိုးစား၍ ကုန်အောင် စားသောက်လေသည်။ သည်လိုမှ မစားသောက်လျှင်လည်း ချော့မော့သံများ၊ တိုက်တွန်းသံများ၊ ဆူပူသံများကို မကြားမဖြစ် ကြားရဦးမည် ဖြစ်လေသည်။ ငြိမ်း၏ အိမ်သားများသည် ငြိမ်း၏ ကျန်းမာရေးအတွက် အားလုံးမှာ တာဝန်ရှိသည် ဟူသော အချက်ကို တညီတညွတ် တည်း လက်ခံထားကြလေသည်။
ငြိမ်း စားသောက်ပြီးသောအခါ မခင်ကြည်သည် နို့နှင့် မုန့်ပန်းကန်များကို လာရောက်သိမ်းဆည်းလေ၏။ မခင်ကြည်သည် ငြိမ်း၏မျက်နှာကို မော်မကြည့်ဘဲ ပန်းကန်များကို အသံမမြည်အောင် ဂရုစိုက်၍ အသာအယာယူသွားလေသည်။ မခင်ကြည်တစ်ယောက် ငြိမ်းနှင့် မျက်နှာချင်းမဆိုင်အောင် ရှောင်နေသည်မှာ ကြာပါပြီကော။
မခင်ကြည်သည် ငြိမ်းတို့ အိမ်တွင်ရှိသော အိမ်ဖော်များအနက် ကိုယ်လုံး ကိုယ်ထည် အတောင့်တင်းဆုံးနှင့် ဖေဖေ၏ ဂရုစိုက်မှုကို အခံယူရဆုံး ဖြစ်ချေသည်တကား။ မေမေသည် မခင်ကြည်ကို အိမ်တွင်ထားလိုခြင်း မရှိသည်မှာ ထင်ရှာ။ သို့သော် မခင်ကြည်သည် ဖေဖေနှင့် ဆွေနီးမျိုးစပ် တော်သည်ဆိုသော အချက်နှင့် မေမေသည် ဖေဖေ့သြဇာကို မလွန်ဆန်နိုင်ခြင်းတို့သည် မခင်ကြည် တစ်ယောက် သည်အိမ်မှာ မြဲနေခြင်း၏ အကြောင်းရင်းများ ဖြစ်လေ၏။
“ဟင် သမီး၊ စားလို့ ပြီးသွားပလား၊ ကုန်အောင် စားရဲ့လား၊ မခင်ကြည်က သမီးစားလို့ မပြီးသေးဘဲ သိမ်းသွားတာလား ဟင်”
“ပြီးပါပြီ မေမေ၊ သမီး စားလို့ကုန်ပါတယ်”
ငြိမ်းသည် အိမ်တွင် စကားအနည်းဆုံး ဖြစ်လေ၏။ ငယ်စဉ်ကတော့ ငြိမ်းသည် သားသမီးများ အားလုံးတွင် စကားအပြောဆုံး ဖြစ်ခဲ့သည် ဆိုခြင်းကို မေမေ မကြာမကြာ ပြောလွန်း၍ သိနေရလေသည်။
ငြိမ်း၏ ငယ်စဉ်ဘ၀က ပန်းလေးတစ်ပွင့်လို လှုပ်ရှားမြူးကြွ၍နေခဲ့သည်ဆိုတာ မှန်းဆ၍ပင် သိနိုင်၏။ လူတစ်ယောက်အတွက် လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်တာ လောက် တန်ဖိုးကြီးတာ ဘာရှိဦးမှာလဲ။ ချမ်းသာခြင်းနှင့် လွတ်လပ်ခြင်းသည်လည်း နှိုင်းယှဉ်၍ မရစကောင်းပါပေ။ ငယ်စဉ်ကလေးဘ၀က လွတ်လပ်စွာ နေခဲ့ရပြီး ယခုအခါ ချမ်းသာစွာ နေခဲ့ရသော်လည်း ငယ်စဉ်ဘ၀ကိုသာ တမ်းတ မက်မောမိလေ၏။ ထိုစဉ် အခါက စိုးရိမ်ပူပန်ခြင်း၊ ထိတ်လန့်အားငယ်ခြင်း၊ ၀မ်းနည်းစိတ်ပျက်ခြင်းတို့ကိုလည်း မခံစားတတ်သေးပေ။ ယခုတော့ အရာရာကို အကျိုးအကြောင်း ဆင်ခြင်တတ်ခြင်း သည်ပင် စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်နေရပေသည်။
အကယ်၍သာ ငြိမ်းသည် ရှစ်နှစ်သမီးအရွယ်က အကြောသေချည့်နဲ့ ရောဂါကို မရရှိခဲ့ဘူးဆိုလျှင် ငြိမ်းသည် သာမန်ကလေးငယ်တို့လိုပင် ပြေးလွှား ဆော့ကစားရင်း ငယ်စဉ်ဘ၀ကို ကုန်ဆုံးစေခဲ့ပေလိမ့်မည်။ ထို့နောက် သာမန်လူတို့လိုပင် လှုပ်ရှား ရုန်းကန်ရင်းဖြင့် လူ့ဘ၀တွင် ပါဝင် ကျင်လည်ပေလိမ့်မည်။
အကယ်၍သာ ငြိမ်းသည် ပြည့်စုံချမ်းသာသော မိဘများ၏ ၀မ်းတွင် မ၀င်စားခဲ့ရဘူးဆိုလျှင်လည်း ရောဂါ၏ ဖိစီးနှိပ်စက်မှုဖြင့် ငယ်စဉ်ကပင် လူ့ဘ၀ကို ကျောခိုင်းခဲ့ရပေလိမ့်မည်။
အသုံးချ၍မရသော ခြေထောက်အစုံကို ပိုင်ဆိုင်ထားရခြင်းဖြင့် လူ့အသိုင်း အ၀ိုင်း၏ အပြင်ဘက်ကို တစ်စတစ်စ ရောက်ရှိလာခဲ့ရခြင်း၊ ခေတ်မီ ဆေးဝါးများနှင့် အင်အားရှိသော အစားအစာများကို စားသုံးရခြင်းဖြင့် အသက်ဆက်လာနိုင်ခြင်း၊ စာရေးတတ် ဖတ်တတ်ခြင်းနှင့် လိုအပ်ချက် မှန်သမျှကို အသင့်ရယူနိုင်ခြင်းတို့သည် ငြိမ်းအတွက် လူ့ဘ၀၏ အပြင်ဘက်မှနေ၍ လူတွေကို ကြည့်မြင် သုံးသပ်နေစေဖို့ အကြောင်းတရားကို ဖန်တီးပေးသကဲ့သို့သာ ဖြစ်နေပေတော့၏။ သို့သော် ငြိမ်းသည် လူတွေကို နှုတ်မှ ဖွင့်ဟဝေဖန်ရန် အခွင့်အရေး မရှိပါပေ။ ငြိမ်းသည် ပွဲကြည့်ပရိသတ်မျှ သာတည်း။
“ဟော ငြိမ်းတောင် စားလို့ ပြီးသွားပလား၊ စားလို့ ကောင်းရဲ့လား ငြိမ်းရဲ့၊ မြန်လိုက်တာ”
မရွှေသည် ငြိမ်း၏ သက်တော်စောင့်သဖွယ်ပင် ဖြစ်တော့၏။ ငြိမ်း၏ အစားအသောက် အနေအထိုင်မှအစ ဆေးအချိန်မှန်သောက်ရန်အတွက်ပါ တာဝန်ယူ ပြုစုရလေသည်။ ငြိမ်း ငယ်စဉ်ကတော့ ငြိမ်းအတွက် သူနာပြုဆရာမပါမက စာပြ ပေးရသည့် ဆရာမတစ်ယောက်ပါ ရှိခဲ့သေးသည်။ ငယ်စဉ်ကဟု ဆိုရသော်လည်း ငြိမ်းမှာ လူ့လောကအပြင်ဘက်သို့ ရောက်ခဲ့ရပေပြီ။
ငြိမ်း၏ ဘ၀ဆုံးရှုံးခဲ့ရမှုတွင် ဖေဖေက သူ့တာဝန်မကင်းဟု အမြဲပင် နောင်တရလျက် ရှိလေသည်။ ငြိမ်း၏ ကုသိုလ်ကံပဲဟု ဆိုရလေမလား၊ မိဘနှစ်ဦး၏ အရိပ်အာဝါသအောက်မှာ အေးချမ်းစွာ ခိုလှုံရမည့်အရွယ်တွင်မှ ဖေဖေနှင့် မေမေတို့က အဆင်မပြေ ဖြစ်ခဲ့ကြသည်လေ။ သည်တုန်းက မေမေသည် ငြိမ်းကို ပြုစု စောင့်ရှောက်ရမည့်အစား လူမစေ စာမပါးသော ဖေဖေ့အတွက် သောကတွေ ဝေနေခဲ့သည်။ ဖေဖေနှင့် မေမေတို့ လက်ထပ်ပြီး စိမ်းနှင့် ငြိမ်းတို့ နှစ်ယောက်ကို မွေးပြီးချိန်မှာ ဖေဖေ ရန်ကုန်ကို ပြန်ပြောင်းသွားရသည်။ မေမေသည် သူ့မိဘများရှိရာ ညောင်လေးပင်မှာ ကျန်ရစ်လေသည်။ ဖေဖေ့တွင် မရှင်းလင်းသော နောက်ကြောင်းများ ရှိနေ၍ မေမေ လိုက်မသွားရဲ။ ကာလအတန်ကြာသည်အထိ ဖေဖေက လာမခေါ် နိုင်သောအခါ မေမေ သောကမီး လောင်မြိုက်ကာ မစားနိုင် မအိပ်နိုင် ဖြစ်ခဲ့ရသည်။ ငြိမ်းကို မွေးရသည့်အခါတွင်လည်း ကျွေးမွေးပြုစု နိုင်သည့် အင်အား မေမေ့မှာ မရှိတော့။ ငြိမ်းသည် မေမေ့အမျိုးတွေ၏ တစ်ယောက်တစ်လက် ချီပိုး ထိန်းကြောင်းမှု အောက်မှာ ကြီးပြင်းခဲ့ရလေသည်။ ဖေဖေက ငြိမ်းတို့ သားအမိတတွေကို ခေါ်ယူသည့် အချိန်တွင် ငြိမ်းမှာ အားအင်ချည့်နဲ့သော ကလေးငယ်တစ်ယောက် ဖြစ်၍နေခဲ့ပေပြီ။ ဖေဖေသည် လိုအပ်ချက်မှန်သမျှကို အပြည့်အ၀ ဖြည့်စွမ်းက ငြိမ်းကို ပိုးမွေးသလို မွေးခဲ့ရှာပါ၏။ သို့သော် ငြိမ်းအတွက်ကား အရာရာသည် နောက်ကျခဲ့လေပြီ။
ငြိမ်း၏ သွယ်လျ ပျော့ပျောင်းသော လက်ချောင်းလေးများ၊ စူးရှ တောက်ပြောင်သော မျက်လုံးအစုံနှင့် ထိုးထွင်း ထက်မြက်သော အသိဥာဏ်တို့သည် ငြိမ်းဘ၀ အသက်ရှည်ရေးအတွက် များစွာ အထောက်အကူပြုခဲ့လေသည်။
သို့သော် တစ်ခါတစ်ရံတော့လည်း ထိုအရာတွေကို ပိုင်ဆိုင်ရခြင်းအတွက်ပင် ၀န်လေးသလို ဖြစ်မိပြန်လေသည်။ လောကတွင် ဘာကိုမျှ မသိမမြင်ရခြင်းသည်ပင် စည်းစိမ်ချမ်းသာတစ်ခု ဖြစ်လိမ့်မည်လားဟု ထင်ယောင်ထင်မှား ဖြစ်မိပြန်လေသည်။ မိမိသည် လူ့အသိုင်းအ၀ိုင်း၏ အပြင်ဘက်ကို ရောက်နေ၍သာ ထိုသို့ တွေးမိလေ သလားဟုလည်း ကြိမ်ဖန်များစွာ ဆန်းစစ်မိပြန်သည်။ သို့သော် မကြာမီမှာပင် ထိုအတွေးများအားလုံး ပျက်ပြယ်သွားပြန်လေသည်။ အချိန်မှန်စား အချိန်မှန် အိပ်ခြင်းနှင့် ဆေးဝါး မှီဝဲခြင်းတည်း ဟူသော သံသရာမှာ နစ်မြုပ် ပျောက်ကွယ် သွားပြန်လေ၏။
“ငြိမ်း ဘာတွေ စဉ်းစားနေလဲဟင်၊ စားလို့ကောင်းရဲ့လားလို့ မရွှေ မေးနေတာ”
“သြော် ကောင်းပါတယ် မရွှေ၊ ကောင်းတယ် မကောင်းဘူး ဆိုတာလဲ ငြိမ်းအတွက် ဘာများထူးလို့လဲ”
“လုပ်ပြီ၊ ငြိမ်းကဖြင့် ပြောတော့မယ်၊ စကားများ မပြောလိုက်နဲ့ ပြောပြန်ရင်လဲ စကားလုံးတွေက သိပ်ကြီးကျယ်တာ၊ တစ်ခါတစ်ခါ မရွှေတို့တောင် နားမလည်ဘူး”
မရွှေသည် ငြိမ်း၏ လက်များ ပါးစပ်များကို စိတ်ရှည်စွာ သုတ်သင် ပေးနေလေသည်။
“ကဲ ငြိမ်း၊ တစ်ရေးတစ်မောအိပ်မလား၊ သီချင်းနားထောင်ဦးမလား၊ စာဖတ်မလား”
“အဲဒါတွေလဲ တစ်ခုမှ မလုပ်ချင်တော့ဘူး မရွှေ၊ ငြိမ်း ဒီအတိုင်းပဲ ထိုင်နေချင်တယ်”
မရွှေသည် ငြိမ်းကို စိုးရိမ်သောမျက်လုံးများနှင့် ကြည့်လေသည်။ မရွှေသည် ငြိမ်းကို စောင့်ကြည့်ရန်အတွက် လခ တစ်ရာ့ငါးဆယ်ရထားသူ ဖြစ်လေသည်။ မရွှေသည် ထမင်းမချက်ရ၊ အ၀တ်မလျှော်ရ။ ထိုအတွက် မခင်ကြည်က မကျေနပ်ဟန်ပြခြင်းကို ငြိမ်းရော မရွှေပါ သိကြသည်။ သို့သော် မခင်ကြည်သည် ငြိမ်ကို အတိုက်အခံ မပြုရဲပေ။
“ငြိမ်း အပြင်ထွက်ထိုင်ချင်ရင် ကုလားထိုင် ပြန်ထုတ်ပေးမယ်လေ၊ အိမ်ထဲမှာတော့ ထိုင်မနေချင်ပါနဲ့ ငြိမ်းရယ်၊ ငြီးငွေ့စရာကြီး”
“ငြိမ်းဘ၀က”
“အိုကွယ် မရွှေ စကားမှားသွားလို့ပါ၊ အပြင်မှာဆိုတော့ လေကောင်းလေသန့်လဲ ရတယ် မဟုတ်လားကွယ်”
မရွှေသည် ငြိမ်းအတွက် အသင့်တော်ဆုံးအဖော်ပင် ဖြစ်၏။ အိမ်ရှိ လူအားလုံးတွင် မရွှေသည် ငြိမ်းကို နားအလည်ဆုံးပင် ဖြစ်လေသည်။ ပြီးတော့ မရွှေက ပညာတတ်သည်။ အသိပညာရှိသည်။ မခင်ကြည်လို စိတ်ဓာတ် မသေးသိမ်ပေ။ မရွှေသည် ငြိမ်း၏ အဘွားက တောမှ ပို့လိုက်ခြင်း ဖြစ်လေသည်။ မရွှေသည် ခုနစ်တန်းအထိ ပညာသင်ဖူးလေသည်။ မရွှေတို့နေသည့် ဖဒိုရွာမှာ နယ်မြေ မအေးချမ်း၍ အဘွားတို့ဆီ ခိုလှုံလာသော မရွှေကို ငြိမ်းအတွက် ပို့လိုက်ရခြင်း ဖြစ်လေသည်။
“ခုတစ်လော ငြိမ်းလဲ ဘယ်လိုဖြစ်နေတယ် မသိပါဘူး မရွှေရယ်၊ စိတ်လဲ သိပ်တိုတာပဲ၊ အားလဲ ငယ်တယ်၊ ငြိမ်းလေ ကိုယ်တိုင်က ဘ၀ အကျိုးပေး မကောင်းလို့ ဘယ်သူ့အပေါ်မှာမှ စိတ်မဆိုးခဲ့ဖူးပါဘူး၊ ငြိမ်းရဲ့ ဘ၀ဟာ သွားချင်ရာ မသွားရတာကလွဲလို့ အားလုံး ပြည့်စုံပါတယ်၊ ဒါပေမယ့် မရွှေရယ်၊ ခုတစ်လော ငြိမ်း စိတ်ထဲမှာ မကျေနပ်မှုတွေ များနေတယ်၊ အဲဒါ ဘယ်ကောင်းမလဲနော်”
မရွှေသည် စကားတွေ ရှည်လျားစွာ ပြောတတ်လာသော ငြိမ်းကို အံ့သြစွာ ကြည့်နေမိလေသည်။ မရွှေ သည်အိမ်ကို ရောက်လာသည်မှာ လေးနှစ်ခန့် ရှိပြီ။ ငြိမ်းသည် စကားနည်းလှသည်။ မည်သူ့အပေါ်တွင်မှ ဆိုးသည် ကောင်းသည် မဆိုစဖူး။ ယခုတစ်လောမှာမှ ငြိမ်းသည် ကျန်းမာရေး ချို့ယွင်းလာပြီး စကားလည်း ရှည်လျားစွာ ပြောတတ်လာလေသည်။ သို့သော် ငြိမ်း၏ အသံက တိုးတိတ်လှချေ၏။
“ငြိမ်းက အိမ်ထဲမှာချည်းနေပြီး စိတ်ညစ်စရာတွေ လျှောက်တွေးနေတာကိုးကွယ်၊ ဒါကြောင့် ပြောတာ၊ တစ်ခါတလေ အပြင်လေး ဘာလေး ထွက်လည်ရအောင်လို့၊ ပန်းခြံကို သွားလည်ကြရင် မကောင်းဘူးလားကွယ်၊ ငြိမ်း ဖေဖေကလဲ ငြိမ်းကို အလင်းရောင်နဲ့ လေကောင်းလေသန့်ရတဲ့ နေရာ ပို့ပေးရမယ်လို့ ပြောထားတယ်လေ”
“ဟင့်အင်း၊ ငြိမ်း ဘယ်မှ မသွားချင်တော့ဘူး”
ငြိမ်းတစ်ယောက် စိတ်ဓာတ်ကျဆင်းစပြုပြီလားဟု မရွှေ စိုးရိမ်မိလေသည်။ ငြိမ်းအတွက်ကား စိတ်ဆောင်ထားပါမှ တော်ကာကျပေမည်။ စိတ်ဓာတ်ကျလျှင် လူပါ ဗုန်းဗုန်းလဲသွားမှာ စိုးရသည်။
“ဒီလိုဆိုလဲ ငြိမ်းရယ်၊ ရုပ်ရှင်ကြည့်ကြရအောင်လား”
အိမ်တွင် ငြိမ်းအတွက် ရုပ်ရှင်ပြစက်တစ်လုံး ၀ယ်ပေးထားလေသည်။ တစ်ခါတစ်ရံ ဇာတ်ထုပ်အသစ်များရလျှင် ငြိမ်းအတွက်ပါ အဖော်ရအောင် တစ်အိမ်သားလုံး ၀ိုင်းကြည့်ကြသည်။
“ငြိမ်းအတွက် ဒါတွေကို မသုံးချင်တော့ဘူး မရွှေရယ်၊ မမမီက ပြောတယ်၊ ဒီအိမ်မှာရှိတဲ့ ပစ္စည်းအားလုံးဟာ သူ့မာမီ ပစ္စည်းတွေချည်းပဲတဲ့”
“အိုကွယ်၊ သူ့စကားများ ဂရုစိုက်လို့၊ ပြီးတော့ သူက မမမြင့်ကိုသာ တိုက်ခိုက်ချင်နေတာပါ၊ ငြိမ်းကိုတော့ သူချစ်သားပဲ”
“ငြိမ်းတော့လေ၊ တစ်ခါတစ်ခါ တွေးမိတယ်၊ ငြိမ်းတို့ ဒီအိမ်ကြီးမှာ နေရတာ မတရားဖူးလားလို့”
“မဟုတ်တာပဲ ငြိမ်းရယ်၊ ပြီးခဲ့တာတွေလဲ ပြီးပါပြီ၊ သေတဲ့လူလဲ သေပါပြီ၊ ဖြစ်သင့် ဖြစ်ထိုက်လို့ ဖြစ်လာတာတွေချည်းပဲ၊ ငြိမ်းတို့ မေမေ အနစ်နာခံခဲ့တာတွေလဲ အများကြီး”
မရွှေသည် ရှည်ရှည်ဝေးဝေး ပြောမနေတော့ဘဲ ငြိမ်းကို တွဲကာ ကုလားထိုင်ပေါ် ပြန်တင်ပေးလေသည်။ ပြီးတော့ ခြံအပြင်ဖက်ကို ပြန်တွန်းလာခဲ့သည်။ နောက်ဖေး မီးဖိုဆောင်ဖက်တွင် မေမေနှင့် မခင်ကြည်သည် တစ်စုံတစ်ရာကို အတိုက်အခံ ပြောနေကြလေသည်။ မေမေသည် ထမင်းဟင်းကို ကိုယ်တိုင် ၀င်မချက်သော်လည်း သူ့အစီအမံအတိုင်းလုပ်မှ ကြိုက်သည်။ မခင်ကြည်က မေမေ ညွှန်ကြားသည့်အတိုင်း မလုပ်ဘဲ သူသဘောကျသလို လုပ်ပစ်တတ်သည်။ ထိုအတွက် မေမေနှင့် မခင်ကြည်တို့ မကြာခဏ စကားအချေအတင် ပြောရတတ်လေသည်။
“အစ်ကိုကြီးက ငါးခြောက်ကြော်ရင် ငရုတ်သီးစပ်မှ ကြိုက်တာ မမမြင့်ရဲ့”
မခင်ကြည်၏ မခံချင်ဖွယ်စကား။
“ငါးရံ့ခြောက်ကို ပြုတ်ပြီး ကြက်သွန်ကြော်နိုင်နိုင်နဲ့ အချိုကြော်တာကိုလဲ ကိုကိုက ကြိုက်တာပဲ၊ ကိုယ့်ယောက်ျားအကြောင်း ကိုယ်သိတာပေါ့”
မေမေ၏ စစ်ကြေညာသောစကား။ မေမေနှင့် မခင်ကြည်သည် ဤသို့ပင် မကြာခဏ ကတောက်ကဆ ဖြစ်တတ်ကြမြဲ ဖြစ်လေသည်။ မခင်ကြည်ကလည်း ဖေဖေ၏ ငယ်မွေးခြံပေါက်ဖြစ်သည်မို့ အခွင့်အရေးယူသည်။ မေမေကလည်း သူ့သြဇာ မနာခံသည်ကို နည်းနည်းလေးမှ မကျေနပ်။ သည်တော့လည်း အိမ်တွင်း တိုက်ပွဲက အစဉ်ဖြစ်နေရသည်။ သည်ကြားထဲမှာ သူတို့မသိသော ဝေဒနာတစ်ရပ်ကို ငြိမ်း တစ်ယောက်တည်း ခံစားနေရလေသည်။ လူတွေ၏ ဖောက်ပြန်မှုကို မြင်ရပါလျက် ဘာမျှ မသိသလို ဟန်ဆောင်နေရသည့်အဖြစ်ကို ငြိမ်းရင်ထဲမှာ ကြိတ်၍ ခံစားနေရသည်။
မရွှေသည် ကုလားထိုင် လက်တွန်းလှည်းကို အိမ်ရှေ့သို့ ပြန်တွန်းသွား လေသည်။ အပြင်ဘက်တွင်မူ မိုးကောင်းကင်သည် ပြန်၍ လင်းစပြုပေပြီ။ မိုးသားမိုးရိပ်တို့သည် ရွာမယောင်ပြုကာ အဝေးသို့ လွင့်ပြယ်သွားကြသည်။ ပန်းအိုးထဲမှ နှင်းဆီပွင့်အိုတို့သည် မိုးဒဏ်ကြောင့် ကြွေကျကာ ပွင့်ဖတ်တွေ ပြန့်ကျဲနေလေသည်။
“ဘာကိုမှ နက်နက်နဲနဲ တွေးမနေနဲ့ ငြိမ်းရဲ့၊ လူဆိုတာ အစစအရာရာ ပြည့်စုံတယ်ဆိုတာ မရှိဘူး၊ ပစ္စည်းဥစ္စာ ပြည့်စုံတဲ့သူတိုင်းလဲ စိတ်က ချမ်းသာရတာ မဟုတ်ဘူး၊ စိတ်သဘောထား ပြည့်ဝကောင်းမွန်တဲ့သူတိုင်းလဲ ပစ္စည်းဥစ္စာ မချမ်းသာတတ်ဘူး၊ တချို့ကျတော့လဲ မတရားမှုနဲ့ပဲ စီးပွားဖြစ်ချင် ဖြစ်နေပြန်ရော၊ ဒီတော့ တရားတယ် မတရားဘူးဆိုတာလဲ ဘယ်လို ဆုံးဖြတ်မလဲကွယ်”
မရွှေကတော့ ငြိမ်းတစ်ယောက် စိတ်ဓာတ် ကျဆင်းသွားမှာကို အလွန် စိုးရိမ်နေမိလေသည်။ ငြိမ်း တွေဝေငေးငိုင်နေခြင်းကို မကြိုက်။ ပျော်ပျော်ရွှင်ရွှင် နေစေ့ချင်သည်။ သာမန်လူလို တွေးပြီး သာမန်လူလို ပြောစေ့ချင်သည်။ ငြိမ်းသည် ကိုယ်ခန္ဓာက ချို့ယွင်းသော်လည်း အသိဉာဏ်က မချို့ယွင်း။ ထို့ထက် သူတကာထက်ပိုကာ မှတ်ဉာဏ်ကောင်းနေသည့် အဖြစ်မျိုးတွေကိုပင် မကြာခဏ ကြုံရတတ်သည်။ ငြိမ်း၏ ဖေဖေကတော့ ငြိမ်းသာ ကျန်းမာရေး မချို့ယွင်းဘူးဆိုလျှင် အလွန် ထူးချွန်ထက်မြက်သော ကလေးတစ်ယောက် ဖြစ်လိမ့်မည်ဟု ပြောလေ့ ရှိလေသည်။ သို့သော် ကျန်းမာရေး ချို့ယွင်း၍များ အသိဉာဏ် ပိုထက်မြက် နေသလားဟု တွေးတောစရာ ဖြစ်နေလေ၏။ မရွှေကတော့ ငြိမ်းကို သည့်ထက်ပိုပြီး မသိစေချင်တော့ပေ။ တစ်ခါတစ်ရံ ဘာမျှ မသိရခြင်းက ပိုကောင်းသည် မဟုတ်ပါလား။
0 comments:
Post a Comment