Saturday, September 8, 2012

အဲယားကွန်း



ရီမုတ်ကွန်ထရိုးမှ… အဖွင့်အပိတ်ခလုတ်ကို တစ်ခေါက်ထပ်နိုပ်ပြီးဖွင့်ကြည့်သည်….. တွီ ဆိုသောအသံနှင့် အတူ… လေတဟူးဟူးစတိုက်လာသည်….. သိုပေမယ့် လေပူကြီးဖြစ်သည်… ပုံမှန် ပန်ကာမှလာသောလေ လို လေပူကြီးပဲဖြစ်သည်….. အဲကွန်းလေ မဟုတ်… အေးစိမ့်စိမ့်ဖြစ်မနေ….. ဒါဆိုသေချာသွားပါပြီ…. တစ်ခုခုတော့ ဖြစ်နေပြီ… ဒီတစ်ကြိမ်နှင့်ဆို အဖွင့်အပိတ်လုပ်ကြည့်နေတာလေး ငါးကြိမ်ရှိပြီဖြစ်ပါသည်….. ဖုန်ဝင်မည်ကိုကာကွယ်ထာ
းသည် စကာလေးများကိုလည်းဆေးပြီးပြီ… ဒါဆိုဘာများဖြစ်နိုင်ဦးမည်နည်း …. Outdoor Unit ကတစ်ခုခုဖြစ်တာဆိုလျှင်တော့ … သူထွက်မကြည့်နိုင်တော့…. မနက်ကတင်အကောင်းကြီးဖြစ်သည်… အခုမှ ဘာထဖောက်သနည်းမသိ…. မတတ်နိုင်တော့ … သူစိတ်ပျက်လက်ပျက်နှင့် … ရီမုတ် ကို ချကာ အိပ်ယာပေါ်သို့ သာ လာထိုင်လိုက်ရတော့သည်…… ခုတော့ … သူအမုန်းဆုံးမကြားချင်ဆုံး… လက်မခံချင်ဆုံးသော အခြေအနေတစ်ခုကို …. သူလက်ခံလိုက်ရပါတော့မည်…. ဟုတ်ပါသည်… သူ့ အိပ်ခန်းမှ အဲယားကွန်းပျက်သွားပါလေပြီ……..

(အဲကွန်းမရှိလျှင်မအိပ်တတ်ဘူး )

ဒါသူအမြဲပြောနေကျစကားဖြစ်ပါသည်….. မသိသူများ က သူ့ ကို ဖင်ခေါင်းအတော်ကျယ်တဲ့ကောင်ဟု ထင်ကောင်းထင်ပါလိမ့်မည်….. တစ်ချို့ကလည်း ငကြွားဟု ထင်ကြဦးမည်…. သို့ သော်.. သူ့ အကြောင်းသူသာလျှင်သိပါသည်…. သူတကယ်ကို အဲကွန်းမရှိပဲမအိပ်တတ်တာဖြစ်သည်…

မွေးကတည်းက အဲကွန်းနှင့် ဖက်မွေးလာတာမဟုတ်သော်လည်း …. အဆင်ပြေသော မိသားစုတစ်ခုမှပေါက်ဖွားလာသဖြင့် .. သူမူလတန်းကျောင်းသားအရွယ်လောက်မှ စ၍ အဲကွန်းနှင့်နေခဲ့ရသည်…. အဲကွန်းနှင့်အိပ်ရသည်…. အဲကွန်းခန်းထဲမှာ စာကျက်ခွင့်ရသည်……. အဲကွန်းခန်းထဲတွင်တီဗီကြည့်ခွင့်ရပါသည်……. ဒီလိုနှင့် အသက်ကြီးလာတော့လည်း … တစ်လျှောက်လုံးအဲကွန်းနှင့်အဆက်မပြတ်ခဲ့ ….. ဒိကြားထဲ ကလေးတွေထဲမှာ သူက အ၀ဆုံးဆိုတော့ .. အဲကွန်းကို အတော်ကလေးကြိုက်တတ်ပြန်သည်…. လူကြီးဖြစ်လာတော့လည်း သူက ခပ်၀၀ပဲမို့ .. အဲကွန်းကို မပြစ်ပယ်နိုင်ပြန်….. ဒါတွေအကုန်လုံး ကြောင့် သူအဲကွန်းကို အဆွဲကြီးဆွဲခဲ့သည်….. သို့သော် ရေကြောင်းသိပ္ပံကို ဆယ်တန်းအောင်ပြီး စတင်တက်ရောက်သော အချိန်ကျမှဒုက္ခကို လှလှနှင့်တွေပါတော့သည်…. ရေကြောင်းသိပ္ပံမှာ အဲကွန်းမရှိ ..ကျောင်းအိပ်ကျောင်းစား အဆောင်နေရတာမို့ …. သူ့မှာ .. ကျောင်းစတက်တက်ချင်း နှစ်ပတ်လောက်က အိပ်လို့ လုံးဝမရခဲ့ …. မှို့ယာက ပူ…. အခန်းကလုံလို ပူနှင့် …. အိပ်ရေးအတော်ပျက်ပြီး…. သုံးညမှ တစ်ညလောက်ကို ခဲရာခဲဆစ်အိပ်ရရှာသည်… နောက်ပိုင်းတွင်တော့ သူ အနည်းငယ် နပ်လာသည်….. အိမ်မှဖျာမှာလိုက်ပြီး ဖျာနှင့်အိပ်သည်… မနက်ပိုင်း အခန်း စစ်ဆေးရေးလာလျှင်… ဖျာကို ဖွက်ထားရသည်….. တစ်ခါတစ်ရန် ပူလွန်းသောညများတွင်တော့ … အခန်းပြင်သို့ ခိုးထွက်ပြီး ၀ရန်တာ (ကော်ရစ်တာ) မှာ ထွက်အိပ်တတ်သည်…. တစ်ခါတစ်လေလည်း … ဆရာက ဖမ်းမိသဖြင့် အပြစ်ပေးခံရပြန်သည်…. ဒီလို အဲကွန်းမရှိသည့်အတွက် ဒုက္ခသုက္ခ မျိုးစုံကို ခံ၍ … သူတစ်နှစ်တိတိ ကျောင်းကို ဖြစ်မြောက်အောင်တက်ခဲ့သည်… ကျောင်ြး့ပီးသည့်အခါ တော့ ပျော်လိုက်သည့်ဖြစ်ချင်း….. အိမ်က အဲယားကွန်းအခန်းတွင်အိပ်ရတော့မည်မဟုတ်ပါလား …… ဒီလိုကို သူက အဲကွန်းကို ကြိုက်ရှာသည်.. တပ်မက်ရှာသည်….. အအေးကိုကြိုက်ရှာပါသည်…

ကျောင်းပြီး .. သဘောင်္တက်သည့်အခါတော့လည်း အဆင်ပြေပြန်သည်… သဘောင်္သားဆိုတာ နှစ်ဆယ့်လေးနာရီမှာ အလုပ်ချိန်လောက်ကလွဲလျှင် ကျန်အချိန်က အဲကွန်း အပြည့်နှင့်နေရသည်မဟုတ်လား … တစ်ခါတစ်ရံ ရာသီဥတု က ပူပူ .. အင်ဂျင်ခန်းက ဆူဆူ နဲ့မို့ အနည်းငယ် နေရထိုင်ရခက်ခဲသော်လည်း .. အိပ်ချိန်တွင်တော့ အဲကွန်းလေးနှင့်မို့ …. အတော်ကလေးဖြေသာပါသည်…… ကံကောင်းထောက်မစွာ .. ရာသီဥတုအေးသော နိုင်ငံများရောက်လျှင်တော့ သူ့အတွက်အပျော်ဆုံးဖြစ်သည်….

ပူပူလောင်လောင် အလုပ်လုပ်….. ပြီးလျှင် အဲကွန်းခန်းလေးထဲ … ကိုတာရထားသော ဘီယာအေးအေးလေးတစ်ဘူးကို ဖောက်ကနဲဖောက်ပြီး တစ်ငုံချင်း စုပ်သောက်ကာ……
တီဗီိလေးကြည့်ရင်း…..အပန်းဖြေရသောအရသာကို သူအတော်ကလေးနှစ်သက်ပါသည်…..

ရန်ကုန်တွင်နေတော့လည်း… သူတစ်ယောက်တည်းအခန်းငှားနေသည်….. မိသားစုနှင့်မနေ….. အခန်းငှားပြိးပြီးချင်းဘာမှ မ၀ယ် ပထမဆုံး အဲကွန်းနှင့် မို့ယာကောင်းကောင်းတစ်ခုကိုအရင်ပြေးဝယ်သည်…. အခန်းခပ်ကျဉ်းကျဉ်းထဲမှာ အဲကွန်းကို အမြင့်ဆုံးထားဖွင့်ပြီး စောင်ခြုံပြီးကွေးရသည့်အရသာ …. အပြင်ရာသိဥတုပူပူ မှ ပြန်လာ ရေတစ်ခွက် အားပါးတစ်ရ၀အောင်သောက်ပြီး .. အဲကွန်းလေး ဖွင့်ကာ လေးအေးအေး လေးနှင့် နားရတာ .. ဒါတွေကို သူအင်မတန် မက်မောသည်.. သဘောကျသည်…..

မီးပျက်သည့်ညများသည် သူ့အတွက်ငရဲခန်းပင်ဖြစ်သည်…. မီးလာသည်အထိထိုင်စောင့်ကာ
ဝရန်တာထွက်ထိုင်နေတတ်သည်……အလှည့်ကျမီးပေးစနစ်တုန်းကလည်း … မီးက ညတိုင်းတော့ မှန်မှန်ပေးသဖြင့် အဆင်ပြေသည်… ည ဆယ့်တစ်နာရီအထိ လက်ဘက်ရည်ဆိုင် သို့ မဟုတ် .. အဲကွန်းအေးသော အင်တာနက်ဆိုင်များမှာသူ သွားအချိန်ဖြုန်းနေလိုက်လို့ ရသည်…..

ထို့ကြောင့်..အဲယားကွန်းသည်.. သူ့ဘ၀အတွက်မရှိမဖြစ်ပစ္စည်းတစ်ခု ဆိုလျှင်မမှားနီုင်ပါ….. အဲကွန်းမရှိပဲအိပ်စက်ရမည့်ဘ၀ကို သူသေမလောက်ကြောက်ရှာပါသည်……၀လွန်းသူမို့ဖြစ်တာလည်းပါမည်… ၀သောကြောင့် အအေးကြိုက်သည်မဟုတ်လား ….... စိမ့်နေအောင်အေးနေသော အခန်းလေးသည်.. ဘယ်လောက်ညစ်ပတ်ပတ်.. ဘယ်လောက် ရှုပ်ပွပွ သူ့အတွက်တော့ .. အတော်ကလေး … နီဗ္ဗာန်ဘုံတစ်ခုလိုပင်ဖြစ်နေပါတော့သည်….

ယနေ့ညနေတော့ သူ့ရဲ့ ရင်ခွင်နန်းတော်နိဗ္ဗာန်ဘုံကြီး ပြိုကျပျက်စီးသွားလေပြီ….. အဲကွန်းပျက်သွားပြီဖြစ်သည်…. သူမည်သို့ အိပ်စက်ရမည်နည်း……ကံကြမ္မာက သူဘက်မှာမရှိ….. မီးပျက်တာမဟုတ်လို့ မီးပြန်လာလျှင်… ဟူသောမျှောလင့်ချက်သူမှာမရှိရှာ…..

(တောက်!.... ဟူး )

တောက်ခေါက်သည်က ပျက်သွားသော အဲကွန်းကိုဖြစ်ပြီး…. သက်ပြင်းဟူးကနဲချလိုက်သည်က .. ဒီတစ်ညအတွက်… ငရဲခန်းကို သူဘယ်လို ကျော်ဖြတ်ရမည်ကို မသိသောကြောင့်ဖြစ်သည်….ခုနေခါများ သိကြားမင်း ဆင်းလာပြီးမင်းဘာအလိုချင်ဆုံးလဲလို့ မေးလျှင်.. အဲကွန်းကို လက်ညှိုးထိုးကာ ပြင်ခိုင်းလိုက်မည်သာဖြစ်သည်……

မိုးတွင်းဆိုသော်လည်း ဒီညမှ မိုးက မရွာ … ၀ရန်တာသို့ သူထွက်ထိုင်နေသည်…. ရာသီဥတာက မိုးမရွာလျှင်အတော်ပူစပ်စပ်နိုင်သည်….. ၀တ်ထားသော အင်္ကျီ ကို ချွတ်လိုက်သည်……..နည်းနည်းသက်သာသလိုတော့ရှိလာသည်……အင်တာနက်ခဏသုံးနေလိုက်သည်… သိပ်အိပ်ချင်လာလျှင်တော့ အဲကွန်းမရှိပဲ အိပ်နိုင်ကောင်းပါသည် ဟု သူမျှော်လင့်မိသည်…… မနက်ကျလျှင်တော့ … စားစရာပိုက်ဆံမရှိလျှင်နေပါစေ.. အဲကွန်းကို တော့ အငတ်ခံပြီးပြင်လိုက်မည်ဟု စိတ်ထဲတေးထားလိုက်သည်…..

အင်တာနက်သုံးနေရင်းမှ…. ပိုပိုပြီးပူလာသည်… နာရီကိုကြည့်မိတော့ ..ဆယ့်တစ်နာရီခွဲနေပေပြီ…..ပူလိုက်သည့်ဖြစ်ချင်…. ထိုအချိန်မှ သူ ဖြတ်ခနည်းသတိရသည်.. ညနေက … သူ ညနေစာကို တ၀တပြဲစားခဲ့မိသည်… အခုတော့ .. ထိုအပြစ်က သူ့ကို ဒုက္ခပေးလေပြီ….. ပူလောင်လိုက်သည်ဖြစ်ခြင်း… ဘယ်လိုမှ သည်းမခံနိုင်တော့ …. ရေအနည်းငယ်ထချိုးလိုက်လျှင်သက်သာမည်ထင်သည်….. သို့ နှင့် ထိုင်နေရာမှထကာ ရေချိုးခန်းဘက်သို့ လျှောက်လာခဲ့သည်….

(ငါ့ဘ၀ဟာ အရှင်လတ်လတ် ငရဲကျနေတာပါလား … )

တွေးနေရင်းပင်သူ့ကိုယ်သူ အတော်ကလေး သနားလာသည်….. ရေချိုးခန်းထဲဝင်ကာ …. ရေကို အားပါးတရလောင်းချိုးချလိုက်သည်…. ပြန်ထွက်လာတော့ ပုဆိုးလေး ပြန်ဝတ်ကာ ရေမသုတ်ပဲနေသည်… အပြင်မှာလည်း သူဆက်မထိုင်ချင်တော့ … ခြင်အတော်တွယ်သည်မဟုတ်လား …. သို့ နှင့် ကွန်ပျူတာကို မကာ အခန်းထဲသို့ ပြန်ဝင်လာပြီး … အဲကွန်းကို ပြန်ဖွင့်ထားလိုက်သည်….. လေမရသည်ထက်…. လေကလေး တိုက်နေသည်က မှ အနည်းငယ်နေသာသေးသည်..ဟု သူထင်သည်…..
ဒိအတိုင်းဆက်ထိုင်နေပြီး အင်တာနက် ဆက်သုံးနေပြန်သည်…..
သိပ်မကြာ ရေများ ခြောက်သွားပြန်တော့ .. ပြန်ပူလာပြန်သည်….. သူဘာလုပ်ရမည်နည်း…. နာရီကိုကြည့်မိသည်… ဆယ့်နှစ်နာရီ ကျော်ပြီ… အိပ်ကလည်း အိပ်ချင်ပြီဖြစ်သည်…. ချွေးစီးများ တပြန်ပြန်ဖြင့်လည်း သူမအိပ်ချင်ပြန်…… ထိုအချိန်တွင်.. မိုးကလေး တဖွဲဖွဲစရွာလာသည်ကို သူကြားရသည်…. ပျော်လိုက်သည့်ဖြစ်ချင်း…..

ဝရန်တာပြန်ထွက်ကာ … မိုးလေအေးအေးကို … သွားခံနေလိုက်သည်….. မိုးက တစ်ဖြည်းဖြည်းနှင့်သဲလာပါပြီ…. အိမ်ခန်းထဲပြန်ဝင်လာလိုက်သည်….. ထိုနောက်အခန်းပြတင်းပေါက်.. တံခါးများ ကို အကုန်ဖွင့်ထားလိုက်သည်... လေများ တဟူးဟူး တိုက်လာသည်…. သိပ်အများကြီးမဟုတ်သော်လည်းအတော်ကလေး နေသာသွားပြီဖြစ်သည်…. မိုးတိတ်သွားမှာကိုတောင်ဆိုးမိသေးသည်…..

(ဟူး… တော်ပါသေးရဲ့…)

သက်ပြင်းကလေးချကာ… သူအနည်းငယ်တော့ စိတ်သက်သာသွားပြန်သည်….

(ဒီညတစ်ညလုံး ဒီပုံစံအတိုင်းသဲသဲမဲမဲ မိုးဆက်ရွာနေရင်သိပ်ကောင်းမှာပဲ …. တကယ်လို့ မိုးတိတ်သွားရင်ဘယ်လိုလုပ်မလဲ)

ထိုအတွေးက ခေါင်းထဲပြန်ဝင်လာသဖြင့် …. သူအတော်စိတ်ညစ်သွားပြန်သည်……..

(ဂွီ)

ဗိုက်ထဲမှ မြည်ခြင်းဖြစ်ပါသည်…. သူဗိုက်အနည်းငယ်ဆာလာပြန်သည်… သူမှာစားစရာလည်းဘာမှ မရှိ….. အိမ်မှာ စားစရာဝယ်ထားသည်များက ကုန်နေလေသည်…. ဘိုက်ဆာဆာ နှင့်ပဲ အင်တာနက် ဆက်သုံးနေမိသည်…..

(အော်… ဗိုက်ကဆာ … လူကပူ…အဲကွန်းကပျက်….. အိပ်လို့ကမရ…. ငါ့ဘ၀ တယ်ဆိုးပါလား … အီရတ်က မိသားစုတွေတောင်ငါ့လောက်သနားစရာကောင်းမှာမဟုတ်ဘူး …. မိုးကလေးရွာနေလို့ သာတော်တော့တယ်…)

ဟုလျှောက်တွေးနေမိသေးသည်…..

(မုန့်ဖက်ထုပ်……… သကြားမုန့်ဖက်ထုပ်.. သာကူမုန့်ဖက်ထုပ် ပူပူလေး… )

မိုး တစ်အုန်းအုန်း ရွာနေသည့်ကြားမှ.. ဖောက်ထွက်လာသော အသံကလေးဖြစ်သည်….. အချိန်ကိုကြည့်တော့ ညတစ်နာရီထိုးခါနီးနေပြီ….

(အင်း .. ဘာမှ မစားရတာထက်စာရင်တော့ မုန့်ဖက်ထုပ်လေး စားလိုက်ရရင်.. မဆိုးဘူး … တော်ကြားစားပြီးမှ… ပြန်အိုက်လာရင်ဒုက္ခ… အိုကွာ.. မစားလိုက်အိုက်နေတာ ပဲ ..ဗိုက်ဆာတဲ့ ဒုက္ခ တစ်ခုလျှော့သွားလည်း .. မနည်းဘူး … ) ဟုတွေးကာ .. မုန့်ဖက်ထုတ်သည်ကို ခေါ်ရန်ဝရန်တာသို့ … အပြေးထွက်လာခဲ့သည်….

မိုးသည် အတော်ကလေးသည်းနေပါသည်….. သည်းနေသည်မှ.. ခပ်လှမ်းလှမ်းကို ပင်မမြင်နိုင်….. ညကြီးမင်းကြီး မှောင်ကြီးမည်းကြီး…. မိုးကြီးလေကြီး ထဲ မုန့်ဖက်ထုပ်အသည်ကို မနည်းပြူပြဲရှာရသည်….. တွေ့ပါပြီ….

တွေ့လိုက်ရသည်က.. သူ့ကို အတော်.. နင့်သွားစေသည်…… မိုးကြီးလေကြီး.. ညမှောင်မှောင်ထဲ .. ရောင်းနေသည့် မုန့်ဖက်ထုပ်သည်မှာ .. ဘာထီးမှ မပါ… မုန့်ဖက်ထုပ်တောင်းကို … ပုခုန်းပေါ်တွင် ထမ်းထားသည်…. တောင်က အနည်းငယ်လေးပုံရသည်.. ခါးက တစ်ခြမ်းစောင်းနေသည်…. မိုးကတစ်အုန်းအုန်းနှင့်မို့ … သူ့ တစ်ကိုယ်လုံး ဆိုရွှဲနေသည်….. အဆိုးဆုံးကတော့ … ရောင်းနေသူ မုန့်ဖက်ထုပ်သည်သည်…. အသက် ၁၂ ၁၃ ၀န်းကျင် ချာတိတ်ကလေး တစ်ယောက်ဖြစ်နေခြင်းပင်ဖြစ်သည်…. စွပ်ကျယ်.. လက်စက … ပုဆိုးခပ်တိုတို နှင့် မုန့်ဖက်ထုပ်သည်လေးကို .. သူအတော်ခေါ်ယူလိုက်ရသည်….

ကောင်လေးက ၀မ်းသာအားရ သူ တိုက်အောက်သို့ ၀င်လာသည်…. သူလည်း လှေကားမီးကိုဖွင့်…လှေကားမှဆင်းလာလိုက်ပြီး .. တိုက်လှေကားရင်းသို့ရောက်လာသည်….

(ညီလေးမုန့်ဖက်ထုပ်…ဘယ်လောက်လဲ)

(တစ်ခုတစ်ရာအစ်ကို.. … )

ဖြေသည့်အသံက မေးရိုက်နေသည်… လှေကားမီးအလင်းရောင်က .. ချာတိတ်၏မျက်နှာပေါ်အနည်းငယ်ဖြာကျနေသည်…

(ဘယ်နှစ်ထုပ်ယူမလဲအစ်ကို)

မေးသည့်အသံကလည်း မေးရိုက်သံလေးနှင့်ပင်… နှုတ်ခမ်းများကြည့်တော့ အတော်ကလေးပြာနှမ်းနေသည်…

(နေဦး… မင်းကြည့်ရတာ အတော်ချမ်းနေတယ်ထင်တယ် ဟလား … လာလာ အပေါ်ခဏတက်ခဲ့ .. ငါ့အခန်းဝကိုလိုက်ခဲ့ … )

ပထမထပ်တွင်ရှိသော သူ့ အခန်းပေါ်သို့ ချာတိတ်ကို ခဏခေါ်လိုက်ခြင်းဖြစ်သည်…. ချာတိတ်က တောင်းကို မနိုင့်တနိုင်မကာ လှေကားမှတက်လာသည်….

(ပေးပေး အဲဒိတောင်း မင်းကြည့်ရတာ မနိုင်ဘူးထင်တယ်.. )

(နိုင်ပါတယ် အစ်ကိုရဲ့ …. ရတယ်.. )

(ပေးစမ်းပါကွာ.. )

တောင်းကို သူလှမ်းယူလိုက်တော့ ..
အနည်းငယ်တော့လေးသည်ကို တွေ့ရသည်…. သူ့ ဗလနှင့်မတာတောင် အနည်းငယ်လေးနေသည်ဆိုလျှင်… ဒီချာတိတ်လို … ညိုညိုပိန်ပိန်လေး အတွက် ဘယ်လောက်လေးမည်နည်း… တောင်းကို မပြီး အခန်းဝတွင်ခဏချထားလိုက်သည်..

(မင်းဒီမှာခဏစောင့်ဦး…. )

သူ့ အိမ်ခန်းအတွင်း .. အ၀င်ဝနားရှိ ကော်ထိုင်ခုံလေးကို ညွှန်ပြပြီး .. ထိုင်ခိုင်းလိုက်သည်…. ချာတိတ်က ခေါင်းညိမ့်ပြရင်း ..ထိုင်သည်….

(မင်းတစ်ကိုယ်လုံးစိုရွှဲနေတာပဲ …. ငါလဲစရာ အ၀တ်ပေးမယ်.. )

(အာမဟုတ်ဘူး ..မလဲတော့ဘူးအစ်ကို … )

(နေစမ်းပါ.. ခဏထိုင်စောင့်ဦး.. )
သူ့အိမ်ခန်းအတွင်းပြန်ဝင်လာလိုက်ပြီး .. အင်္ကျီ ခပ်ဟောင်းဟောင်းနှင့် ပုဆိုးခပ်ဟောင်းဟောင်းတစ်ထည်ကို ရှာရသည်…. အိမ်မှာက သူတယောက်တည်းနေသည်မို့ ..အင်္ကျီက .. သူ့ ခန္ဒာကိုယ်နှင့်တော်သော အကြီးကြီးတွေသာ များနေသည်….. အတော်ကလေးရှာလိုက်မှ…. ညီအငယ်ကောင် အိမ်မှာခဏလာနေစဉ်က… ကျန်ခဲ့သော အကျီ ခပ်ဟောင်းဟောင်းတစ်ထည်ကို သွားတွေ့သည်… ပုဆိုးကတော့ .. အဆင်ပြေရာပဲယူလာပေးလိုက်သည်
အိမ်ရှေ့ခန်းရောက်တော့ ..ချာတိတ်က ငုတ်တုတ်ကလေး ကြွက်စုတ်မျက်နှာလေးဖြင့်ထိုင်နေရှာသည်…

(ကဲ.. မင်း ဒီအ၀တ်တွေ အရင်လဲလိုက်…. )

(မလဲတော့ဘူးလေ အစ်ကို .. အစ်ကို မုန့်မ၀ယ်ဘူးလား .. ကျွန်တော်ဈေးဆက်ရောင်းရဥိးမှာ ပြီးရင်လည်း ဆိုဥိးမှာပဲ)

(၀ယ်မှာပါကွာ…. မင်းသိပ်ရှည်တာပဲ …. လဲစရာရှိတာလဲ .. )

ဟုပြောပြီး သူ အခန်းထဲပြန်ဝင်လာပြန်သည်…. ရေနွေးအနည်းငယ် စတီးခွက်ထဲထည့်ကာတည်လိုက်သည်… ကော်ဖီမကြီုက်သော သူ့ အိမ်မှာ အပေါဆုံးက ကော်ဖီမစ်ထုပ်များဖြစ်သည်….. အမေက ပေးလိုက်.. ချစ်သူက ပေးလိုက်နှင့် .. အိမ်မှာ သူဘယ်တော့မှ မသောက်ဖြစ်…. ကော်ဖီမစ်ထုပ် တစ်ထုပ်ဖောက် ပြီး ကြွေခွက်ထဲထည့်လိုက်သည်…. သိပ်မကြာရေနွေးလည်း ဆူလာသည်… ရေနွေးလေး ထည့်လိုက်ပြီး ခပ်နာနာမွှေသည်…. ပြီးမှ ကော်ဖီခွက်ကို ယူလာပြီး … အိမ်ရှေ့ခန်းသို့ပြန်ထွက်လာလိုက်သည်…
အိမ်ရှေ့ခန်းရောက်တော့ ချာတိတ်က အ၀တ်တောင်လဲပြိးနေပြီဖြစ်သည်…. ရေစိုဝတ်များကို ကိုင်ကာ ထိုင်နေသည်…

(အော်အေး .. ဟုတ်သားပဲ … မင်းရေစိုဝတ်တွေ… ထည့်ဖို့ ငါ ကျွတ်ကျွတ်အိပ်ပေးမယ်.. ရော့ ကော်ဖီ ခွက်.. ပူတုန်းသောက်ထား …. )

ချာတိတ်ကို ကော်ဖီခွက်ထိုးပေးပြီး ကျွတ်ကျွတ်အိပ်ဟောင်းများ ထားရာ နောက်ဖေးသို့ ၀င်လာပြီး ကျွတ်ကျွတ်အိပ်တစ်အိပ်ယူကာ … အိမ်ရှေ့သို့ ထွက်လာပြန်သည်…

(ကဲရော့… ဒီအိပ်ထဲမင်းအ၀တ်တွေထည့်….. )

ချာတိတ်က ခေါင်းညိမ့်ကာ .. အ၀တ်ကိုထည့်သည်..

(မင်းမုန့်ဖက်ထုတ် ဘယ်နှစ်ထုပ်ကျန်သလဲ.. )

ချာတိတ်မျက်နှာဝန်းပသွားသည်

(ငါးဆယ်ခြောက်ဆယ်လောက်တော့ ကျန်မယ် အစ်ကို)

(ဗုဒ္ဓေါ.) သူစိတ်ထဲမှ ဘုရားတမိခြင်းဖြစ်သည်…..

(ဟေ့ကောင်သိပ်လည်းပျော်မသွားနဲ့ .. ငါအကုန်လုံးမယူနိုင်ဘူး .. ငါဘယ်လိုလုပ်.. အဲဒါအကုန်စားမလဲ… ကဲကဲ .. အထုပ်နှစ်ဆယ်ထည့်… နှစ်ထောင်ဖိုးပေါ့ .. ဟုတ်လား )

(အာ… ရတယ်အစ်ကို …တော်သေးတာပေါ့ ..အစ်ကို များများ ၀ယ်လို့ …. မဟုတ်ရင်.. အခုအချိန်ကုန်တာနဲ့ ကျွန်တော် ဆက်လျှောက်ပြီးရောင်းရမယ့် ခရိးနဲ့ ပြန်ရမယ့် အချိန်ကို တွက်နေတာ … ခုတော့ အဆင်ပြေသွားတာပေါ့ .. )

(အေးအေး .. ထည့်လိုက်… )

ချာတိတ်က မုန့်ဖက်ထုပ်တောင်းထဲမှ…လေလုံအောင်ထုပ်ထားသော ကျွတ်ကျွတ်အိပ်ကြီးများ အထပ်ထပ်ကို ဖွင့်ကာ…. မုန့်ဖက်ထုတ်များကို နှိုက်ယူထည့်ပေးနေရင်း)

(အစ်ကို သကြားဆယ်ထုပ်.. သာကူဆယ်ထုပ်ယူမလား )

(အေးကောင်းတယ်.. ထည့်လိုက်ကွာ.. )

မုန့်ဖက်ထုပ်များကို ထည့်နေတုန်း…

(မင်းက ဒီအချိန်ကြီးဈေးရောင်းတော့ဝယ်တဲ့လူရောရှိလို့လား )

(ရှိတော့ရှိတယ်အစ်ကိုရ.. အစ်ကိုတို့ ရပ်ကွက်ထဲတော့ … လေးငါးထုပ်လောက်ပဲရောင်းရတာပါ… ကြည့်မြင်တိုင်ဘက် ဆက်လျှောက်လိုက်ရင်…. မိုးအလင်းဆိုင်လေးတွေနဲ့ …. ဆိုက်ကားသမားတွေရှိတယ်လေ…. နောက်ပြီးဒီအချိန်က အမူးသမားပြန်ချိန်ဆိုတော့ … သူတို့ ဗိုက်ဆာရင် လည်း ၀ယ်စားကြပါတယ်.. )

(ဒါဆိုမင်းဘယ်အချိန်အိမ်ပြန်လဲ)

(ဒီကနေတော့ မနက် နှစ်နာရီလောက်ဆိုပြန်လှည့်တာပဲ .. .. )

(ဘယ်မှာနေတုန်း)

(လှိုင်သာယာပါအစ်ကို..)

ပြောနေရင်းမှာပင် မုန့်ထုပ်ပြီးပြီဖြစ်သည်…

(ရော့ အစ်ကို … )

(နေပါဥိးကွ.. မင်းကလည်း မိုးတွေ ဒီလောက်ရွာနေသေးတာ .. ငါလည်း အထုပ်နှစ်ဆယ်တောင်ဝယ်ထားတာဆိုတော့ ကော်ဖီလေးခဏသောက်ပြီးမိုးနည်းနည်းဆဲမှသွားပေါ့ .. )

(ဟုတ်ကဲ့အစ်ကို .. ကျွန်တော်လည်း .. ဒီမှာဒီလောက်ရောင်းပြီးပြီဆိုတော့ ကြည့်မြင်တိုင်ဘက်ဆက်မလျှောက်တော့ပါဘူး … သီရိမင်္ဂလာဈေးဘက် ပြန်လျှောက်ပြီးရောင်းသွားလိုက်တော့မယ်….. မိုးဆဲမှပဲသွားပါတော့မယ်.. )

(အေးအေး .. ကောင်းတယ်.. နေပါဦးဒီကနေသီရိမင်္ဂလာဈေးအထိတော့ ကားရှိပါတယ်.. ဒီအချိန်.. လှိုင်သာယာကျမင်းဘယ်လိုပြန်သလဲ)

(လမ်းပဲလျှောက်ပြန်တာလေ အစ်ကိုရဲ့ .. သီရိမင်္ဂလာဈေးလည်း လမ်းပဲလျှောက်သွားတာ … )

(ဟ… မင်းဟာ က သီရိမင်္ဂလာဈေးက ဒီလောက်အဝေးကြီး ကို…. ဈေးသစ်ကိုသွားမှာမဟုတ်လား )

(ဟုတ်တယ်အစ်ကို … ဈေးသစ်ကို သွားမှာ… သိပ်တော့လည်း မဝေးပါဘူး ခပ်သုတ်သုတ်လျှောက်ရင်.. တစ်နာရီခွဲလောက်ပါပဲ.. )

(ဒါဆိုမင်းဘယ်အချိန်အိမ်ပြန်ရောက်လဲ….. )

(လေးနာရီခွဲငါးနာရီလောက်ပြန်ရောက်တယ်အစ်ကို … ကျန်တဲ့မုန့်ကိုတော့ … အမတို့ က မနက်ပိုင်းဈေးထဲသွားရောင်းကြတယ်… အခုလောက်တော့ မပူတော့ဘူးပေါ့အစ်ကိုရယ်… )

(အော်အေးအေး… ဒါဆိုမင်းလည်း အဲဒိ အချိန်မှ အိပ်ရတာပေါ့ .. )

ချာတိတ်က ကော်ဖီကို အနည်းငယ်ဆုပ်သောက်လိုက်ပြီးမှ

(မအိပ်ရသေးဘူး အစ်ကိုရဲ့ …. အမေက ပဲပြုတ်ရောင်းတယ်…. မနက်ပြန်ရောက်ရင် အမေပဲပြုတ်တာကူရတယ်.. အစ်ကိုက တော့ မနက်ပိုင်း သိရီမင်္ဂလာဈေးမှာ ဟင်းရွက်တောင်းထမ်းတယ်.. အစ်မ နှစ်ယောက်ကတော့.. ဈေးထဲမှာ .. မုန့်စိမ်းပေါင်းနဲ့ မုန့်ဖက်ထုတ်တွဲရောင်းတယ်အစ်ကို…. )

(အော်…. ဒါဆိုမင်းက အငယ်ဆုံးပေါ့.. )

(မဟုတ်ဘူး အစ်ကို အငယ်ဆုံးက ညီတစ်ယောက်ရှိသေးတယ်… ကျွန်တော်တို့ ကမောင်နှမ ငါးယောက်ပါအစ်ကို.. )

(အော်အော်….. ဒါဆိုမင်း ဘယ်အချိန်အိပ်လဲ .. .)

(ကျောင်းက ပြန်လာရင် အိပ်တယ်လေ အစ်ကိုရဲ့ … )

(ဟင် … မင်းက ကျောင်းတက်သေးတယ်လား .. )

(တက်တာပေါ့ အစ်ကိုရဲ့ … ကျောင်းရှိနေလို့ ကျွန်တော်က… ညဘက်မုန့်ရောင်းတာ.. )

(ဟဟား .. တယ်ဟုတ်ပါလားကွ.. မင်းကိုတော့ သဘောကျသွားပြီး ဘယ်နှစ်တန်းရောက်ပလဲ..)

(ခြောက်တန်းအစ်ကို .. အမှန်က ခုနစ်တန်းဖြစ်ရမှာ .. မနှစ်က ကျလို့ …. မနှစ်က အဖေဆုံးတော့ .. အကုန်ဖရိုဖရဲဖြစ်ကုန်တာလေ… အဖေက ဆိုက်ကားနင်းတယ်… နောက်တော့ အရက်သောက်တာများလို့ ဆိုပြီး မကျန်းမာတာနဲ့ ဆိုက်ကားမနင်းနိုင်တော့ဘူး .. ဒါနဲ့ ဂျာနယ်ရောင်းတယ်… ရပ်ကွက်ထဲလောက်ပါပဲ .. အရက်သောက်ကတော့ မပျက်ဘူး အစ်ကိုရ.. အဖေက အရက်သာသောက်တာ … သဘောတော့အတော်ကောင်းတယ်.. သောက်ပြီးရင်လည်း မဆိုးပါဘူး … ဒါပေမယ့် .. အရက်ကပဲ အဖေ့ကို နိုင်သွားတယ်ပြောရမှာပေါ့ အစ်ကိုရာ…. မနှစ်ကပဲဆုံးသွားတယ်… အစ်ကိုကြီးတစ်ယောက်ပဲကျောင်းထွက်လိုက်ရတယ်… ကျန်တဲ့ အစ်မတွေနဲ့ ကျွန်တော်နဲ့ ညီလေးကတော့ ကျောင်းနေတုန်းပဲ .. )

မောသွားသည်ထင်သည်... ကော်ဖီကို တစ်ငုံခန့်ထပ်သောက်လိုက်သည်..
စကားပြောနေရင်းမှချာတိတ်လေးက အကြောင်းကို သူနားထောင်ဖို့ စိတ်ဝင်စားလာမိသည်...
သူက သိချင်ဇောဖြင့် ...

(မင်းအစ်ကိုကြီးက ဘယ်နှစ်တန်းနဲ့ ထွက်လိုက်တာလဲ )

(ဆယ်တန်းအစ်ကို. … သူလဲ နှစ်နှစ်လောက်ရှိပြီကျနေတာ…. အဖေသေတော့ .. အိမ်မှာက တစ်ဘက်တစ်လမ်းပိုက်ဆံရှာမယ်ဆိုပြိး ကျောင်းထွက်လိုက်တာပဲ… )

(ဒါနဲ့ မင်းကျောင်းချိန်က ဘယ်အချိန်လဲ… )

(မနက်ကိုးနာရီကနေ.. ညနေသုံးနာရီပါအစ်ကို .. ကျောင်းကပြန်လာရင်.. အမေနဲ့အမတွေက မုန့်စလုပ်နေပြီ… အဲဒါ ၀ိုင်းလုပ်ပေးရတယ်… မုန့်က ကျွန်တော်တစ်ယောက်တည်းစာမဟုတ်ဘူးလေ…. အစ်ကိုကြီးရယ်.. သူ့ သူငယ်ချင်းနှစ်ယောက်ရယ်က လည်း ယူရောင်းတယ်.. သူတို့ကတော့ ခပ်စောစော ပြန်ကြတယ်… ကျွန်တော်ကသာ နောက်ကျမှပြန်တာ… အဲဒါကျောင်းက ပြန်ရောက်ရင် ညနေ လေးနာရီလောက်ပေါ့ .. အဲဒိကျရင် တစ်ရေးတစ်မောအိပ်လိုက်တယ်… ညရှစ်နာရီ လောက်အထိ အိပ်တယ်…. ပြီးရင် မုန့်တောင်းကို အမတွေက ပြင်ထားပေးတယ်…. ကျွန်တော်နိုးတာနဲ့ ထမင်းထစားပြီး …. လှိုင်သာယာကနေကား စီးပြီး ဒီသဘောင်္ကျင်း (ဆင်မလိုက်) ထိပ်မှာဆင်းတယ်… ဒိနားတစ်ဝှိုက်နဲ့ … ကြည့်မြင်တိုင်ဘက်ရောင်းတယ်အစ်ကို…ဒိကနေလမ်းလျှောက်ရင်းရောင်းရင်းနဲပဲ အိမ်ပြန်သွားလိုက်တာပါပဲ..ကားခ နှစ်ရာပဲတတ်နိုင်တယ် အစ်ကိုရ.. အပြန် ကျတော့ ညကားတွေက ဈေးကြိးသွားပြီ.. တစ်ခါတစ်ခါ သုံးရာတွေဘာတွေတောင်းတတ်သေးတာ…. )

(မင်းဟာ က တစ်နေ့ လေးနာရီလောက်ပဲအိပ်တာပေါ့ .. ဘယ်အချိန်စာသွားကြည့်မလဲ … မင်းစာမေးပွဲလည်းကျတယ်ပြောတယ်.. )

(စာကတော့ …. မုန့်လုပ်ရင်းကူရင်းပဲကြည့်နိုင်တယ်အစ်ကိုရဲ့ …. အိပ်တာက မအိပ်လို့မရဘူး … အဲဒီအချိန်မအိပ်ရင်.. ညကျ အိပ်ချင်ရော….. ဟိုတစ်လောက ကျွန်တော် ဗားဂရာထိပ်နားက ထိုင်ခုံမှာ ခဏထိုင်ပြီး အိပ်နေတုန်း… မုန့်တောင်းအခိုးခံရလို့ လေ… တစ်ချက်လေးငိုက်လိုက်တာ အစ်ကို ရာ…. ဘယ်တုန်းက မသွားမုန်းကို မသိဘူး ..ဖိနပ်ပါ မသွားတာ .. အဲဒါ ဖိနပ်မပါပဲ အိမ်ပြန်ခဲ့ရတယ်…. အဲဒီကတည်းက အိပ်တာကို ဘယ်လိုအခြေအနေဖြစ်ဖြစ် .. ညနေလေးနာရီဆို အိပ်ပျော်အောင်ကို အိပ်တယ်… ညဘက်လည်း အိပ်မငိုက်ရဲတော့ဘူး ….. အိပ်ချိန် လွဲသွားတာနဲ့ … ညဘက်ဈေးရောင်းရင် ..ဒုက္ခရောက်တာပဲလေ…. ကျွန်တော်ကတော့ ဘယ်လိုပဲဖြစ်နေဖြစ်နေ.. အိပ်တာပဲ…. မအိပ်ရင် ဈေးမရောင်းနိုင်ဘူး မရောင်းနိုင်ရင် ထမင်းငတ်မှာလေ.. ကျောင်းခန်းထဲသွားခိုးငိုက်ရင်လည်း .. အဆော်ခံရမှာ… ဟဲဟဲ… အဲဒီတော့ .. အိပ်ချိန်မှာ ဘာဖြစ်ဖြစ် အိပ်ပျော်အောင်ကို အိပ်တာပါပဲအစ်ကိုရာ… ပူပူ အေးအေး … မတတ်နိုင်ပါဘူး .. )

သူအနည်းငယ်ရှက်သွားသည်….. စောစောကတင်သူက သူ့အိပ်စက်ခြင်းအတွက် အဲယားကွန်းကို ချေးများနေခဲ့သေးသည်မဟုတ်လား .. သူများတွေကတော့ … ရတဲ့အချိန်ကလေး လုအိပ်ပြီး အလုပ်လည်းလုပ် ကျောင်းလည်းတက်…. သူ့မှာတေ့ မွေ့ယာကြီး တစ်ခုလုံးနဲ့ လုံလုံခြုံခြုံ တိုက်ခန်းကောင်းကောင်းမှာနေရတာတောင်.. အိပ်စက်ဖို့ အရေးချေးများနေခဲသေးသည်…. သူ အနည်းငယ်မဟုတ်တော့ .. အတော်ရှက်သွားခြင်းဖြစ်သည်…

(အေးပေါ့ကွာ…. စာလည်းကြိုးစာပေါ့ … မင်းအစ်ကိုလိုတော့ ဆယ်တနုးနဲ့ကျောင်းမထွက်နဲ့ ကွ… )

(အာ .. စိတ်ချအစ်ကို …. ကျွန်တော်က ဆယ်တန်တော့အောင်အောင်ဖြေမယ်…. အကိုက ပြောဖူးတယ်.. သူဆယ်တန်းမအောင်လို့ ဟင်းရွက်တောင်းထမ်း… မုန့်ဖက်ထုပ်တောင်းထမ်းရတာတဲ့ … ဆယ်တန်းအောင်ရင်… ကားဒရိုင်ဘာလောက်တော့ အလုပ်ရမှာတဲ့အစ်ကိုရ…. )

(အေးပါကွာ….. ဆယ်တန်းတော့ အောင်အောင်ဖြေကွာ…. ဘာပဲပြောပြော … အလုပ်တွေဘာတွေ ခေါ်တော့ ကိုယ်က လျှောက်လို့ ရတာပေါ့ ..မင်းလည်း အိပ်ရေးမပျက်တော့ဘူးပေါ့ ခုလို… မဟုတ်ဘူးလား .. )

(ဟုတ်ကဲ့ အစ်ကို .. ဟာ ..မိုတောင်ဆဲနေပြီ ဗျ.. ကော်ဖီလည်း ကုန်ပြီ.. ဟဲဟဲ ....ကျွန်တော်သွားလိုက်ဦးမယ် အစ်ကို ..သီရိမင်္ဂလာဈေးဖက်ကို ..ကျေးဇူးပဲနော်အစ်ကို … ကျွန်တော် တစ်ထုပ်ပိုထည့်ပေးထားတယ်အစ်ကို့အတွက်.. )

မိုးက ဆဲသွားပါလေပြီ….. ကောင်လေးက ပြန်ဖို့ ပြင်သည်…

(အေးပါကွာ..အေးပါ.. ငါကလည်း မင်းနဲ့တွေ့ရတာကျေးဇူးတင်ပါတယ်…. )

အမှန်တော့ သူ့ အဓိပ္ပါတယ်နှင့် သူပြောလိုက်ခြင်းသာဖြစ်သည်….. ကောင်လေးကတော့ ကြားပုံပင်မပေါ်… မုန်ဖက်ထုပ်တောင်းကို ကောက်ထမ်းလိုက်သည်…

(သွားပြီအစ်ကို နောက်နေ့ကြုံမှ အင်္ကျီနဲ့ ပုဆိုးပြန်လာပေးတော့မယ်.. )

(အာ....ရတယ်မပေးနဲ့ မင်းကို အပိုင်ပေးတာယူလိုက်တော့ …. အော်......မှာထားဥိးမယ်…နောက်နေ့တွေလည်း ငါ့အိမ်ရှေ့က ဖြတ်ရင်… အတင်းကုန်းကုန်းပြီးမအော်နဲ့ နော်.. ငါက ၀ယ်ချင်မှဝယ်မှာ …. ဒီနေ့တောင်စိတ်ကူးပေါက်လို့ ၀ယ်တာ….. ဟိုတစ်လောကလည်း ကိုင်းဥကင်လေး ၀ယ်စားမိပါတယ်.. နေ့တိုင်းကို အိမ်နားလာလာအော်နေလို့ ကွ..)

(ဟဲဟဲ .. ဟုတ်ကဲ့ပါအစ်ကို … စားကြည့်ပါဥိးအစ်ကိုရ.. ကျွန်တော့မုန့်ဖက်ထုတ်က ရှယ်ပါ… အစ်ကိုကြိုက်ပြီးနေတိုင်းစားချင်နေဦးမယ်.. ဟဲဟဲ )

(အေး ငါစားချင်မှ ခေါ်မယ်… မင်းသာ ကုန်းကုန်းပြီးငါအိမ်ရှေ့လာမအော်နဲ့ … သွားတော့သွားသွား… အိမ်ပြန်နောက်ကျနေဥိးမယ်… )

ကောင်လေး ခပ်သုတ်သုတ်ပဲဆင်းသွားပါသည်… မုန့်ဖက်ထုတ်တောင်းကတော့ လေးတုန်းပဲထင့် … ခါးကလေးစောင်းနေတုန်းပင်….သူလည်း တံခါးကို ပိတ်ပြီး … ၀ရန်တာသို့ ထွက်လာလိုက်သည်….

(သကြားမုန့်ဖက်ထုတ် .. သာကူမုန့်ဖက်ထုတ် .. ပူပူလေး)

မိုးဖွဲဖွဲကြားမှာပင်ခါးကလေး စောင်းပြီး တောင်းကလေး ထမ်းကာ .. အော်သွားသော ချာတိတ်အသံကိုကြားတော့ … သူပြန်ရှက်လာပြန်သည်…..

လောကတွင်…. လူတွေ.. အထူးသဖြင့် သူ့လိုလူတွေသည်… ဇိမ်ခံပစ္စည်းများကို အတော်စွဲမက်ကြပါသည်.. အချို့ကလည်း ဟန်းဖုန်းကို စွဲလမ်းသည်… အချို့ကလည်း ကားကို စွဲလမ်းသည်.. အချို ကလည်း အ၀တ်အစား အလှပြင်ပစ္စည်းများကို စွဲလမ်းတတ်ကြသည်… သူကတော့ အဲကွန်းစွဲလမ်းသူပေါ့ … တကယ်တော့ … ဒီပစ္စည်းတွေသည်… နေထိုင်ရာဘ၀ကို ပိုမိုကောင်းမွန်စေသောပစ္စည်းများသာဖြစ်ပြီး… ဘ၀၏အခြေခံကျလှသော အရာများတော့ မဟုတ်ပေ… သို့သော်… ထို ဇိမ်ခံပစ္စည်းများကို တပ်မက်နေရင်း .. တစ်ခါတစ်ရံ ဘ၀၏ အခြေခံ အရာများကို ပါ မေ့လာတတ်ကြသည်… မရှိမဖြစ်အရာများကို ထိခိုက်လာတတ်ကြသည်….. ဒါမရှိရင်ပဲမစားနိုင်.. မအိပ်နိုင်သလိုဖြစ်လာတတ်ကြသည်…. သူကိုယ်တိုင်ပင်လက်တွေ့ပဲဖြစ်သည်…..
သူတစ်ပါးတွေ.. ထမင်းစားဖို့ အတွက်.. အိပ်ချိန်ကလေးကိုလုနေရသော အချိန်တွင်…. သူမှာတော့ … အဲကွန်းမရှိ၍မအိပ်နိုင်ဘူး ဟု တောက်တစ်ခက်ခက် ဟင်းတစ်ချချ ဖြစ်နေခဲ့သည်…. အတော်ကို ရယ်စရာလည်းကောင်း ရှက်စရာလည်း ကောင်းသော ကိစ္စပင်ဖြစ်သည်… ဟိုချာတိတ်သာ သူ့ အဖြစ်ကို မြင်လျှင်.. ဘယ်လောက် ရယ်လိုက်မည်နည်း….

အခြေအနေဆိုးတစ်ခုကြုံလာတိုင်း ကိုယ်ထက် အခြေအနေဆိုးသော သူကို ကြည့်ပြိးဖြေသိမ့်သင့်သည်ဟုကြားဖူးပါသည်…. ဖြေသိမ့်ပြီးလျှင်တော့ … ထိုအခြေအနေဆိုးမှ ရုန်းထွက်နိုင်အောင်…ဆက်ကြိုးစားကြရမည်သာ…. ချာတိတ်က သူ့ အစ်ကို ကို မြင်သလိုမျိုးဖြစ်သည်….

ဒီလို ကောင်းမွန်သော အခြေအနေ များကို နေထိုင်နိုင်အောင်တော့ သူအထိုက်အလျောက်ကြိုးစားခဲ့ရတာဖြစ်သည်… သို့သော်လည်း … စွဲလမ်းမှုတစ်ခုက သူ့ကို နိုပ်စက်နေခြင်းကိုသာ ဆိုလိုခြင်းဖြစ်ပါသည်… ဒါတွေကို မသုံးမစွဲပဲနေရမည်ဟူသော အတွေးအခေါ်မျိုးတော့သူ့မှာမရှိ… ဘ၀၏အခြေခံကျ အရေးကြီးသော အစိတ်အပိုင်းလေးများကို …. မေ့နေခဲ့သော သူ့ကို မုန့်ဖက်ထုပ်သည်ချာတိတ်က သတိပေး ပြောပြသွားသည်ဟုပင်သူခံယူလိုက်ပါသည်….

ဝရန်တာမှသူပြန်ဝင်လာတော့ အိမ်အ၀င်ဝနားက ထိုင်ခုံပေါ်တွင်…. မုန့်ဖက်ထုပ် အထုပ်နှစ်ဆယ်ကို သူတွေ့ရသည်…. တစ်ချက်တော့ ပြုံးမိပါသည်…. ငွေနှစ်ထောင်ထက်မက တန်သော မုန့်ဖက်ထုပ်များဖြစ်သည်… မနက်ကျလျှင်တော့ အိမ်ရှေ့လက်ဘက်ရည်ဆိုင်မှ စားပွဲထိုးသည့် ကလေးများကို ဝေပေးလိုက်မည်ဟု စဉ်းစားထားလိုက်သည်…..

အိမ်ခန်းထဲဝင်လာတော့ သူ့ အချစ်တော် အဲယားကွန်းကြီးကိုတွေ့သည်… အခုတော့ ငွေနှစ်ထောင်တောင်မတန်တော့ သော အဲယားကွန်းကြိးဖြစ်နေပေပြီ….. သူတစ်ချက်ထပ်ပြုံးမိပြန်သည်…. ဒီတစ်ခါပြုံးတာတော့ ရှက်၍့ဖြစ်သည်… ဘယ်သူ့ကိုမှ မဟုတ် သူ့ကိုယ်သူရှက်၍သာဖြစ်ပါသည်….

အိပ်ယာပေါ်လှဲချလိုက်တော့ ..အရင်လိုပူလောင်အိုက်စက်နေတာတော့မရှိတော့ပါ…. အနည်းငယ်တော့ .. ချွေးစီးကလေးများပြန်လာသည်…. မျက်လုံးကို မှိတ်ချပြစ်လိုက်သည်….

(အိုဘာဟုတ်သေးလဲ…. ငါ့မှာ ပြည်ဝသောအိပ်ချိန်ကို ငါပိုင်ဆိုင်ထားပြိးပြီပဲ … ဘာတွေများ လိုနေသေးတာလဲ)

သူ တုန်းကနည်းအိပ်ပျော်သွားခဲ့ပါသည်….

သူဆိုသည်မှာ အခြားလူတော့မဟုတ်.. ကျွန်တော်ကိုယ်တိုင်သာလျှင်ဖြစ်ပါတော့သည်… 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...