Friday, September 7, 2012

အလျဉ်စလို လောဘဖြင့် မအေးမြခြင်းအကြောင်း


by Zay Ya on Friday, September 7, 2012 at 9:38am 


အဘယ်အရာ တွင်မှ အလျင်စလို အဖြစ် ရှိမနေ။ လူ သာလျှင် အလျင်စလို ဖြစ်လျက် ရှိ၏။ ဥဒဟို ပြေးလွှား နေလို၏။ သဘာဝ ဓမ္မ၊ အခြင်းရာ အလုံးစုံ တို့တွင် - အလျင်စလို အကြောင်းဖြင့် မည်သည့် အရာ ကိုမှ ပေါက်ဖွား ရှင်သန် နေသည် မဟုတ်ပေ။ သစ် တစ်ပင် ချင်း၊ လူ တစ်ယောက်ချင်း၊ တစ်ရာသီ ချင်း၊ ပန်းတစ်ပွင့်ချင်း သည် အလျင်စလို သုတ်သုတ် ပြာပြာ ပွင့်ဖူး ဖြစ်ထွန်း ကြ သည် မဟုတ်ပေ။


ကမ္ဘာ တစ်ခွင် ရှိ လှပ ကြီးမြတ်သော အရာရာတိုင်း သည် အချိန် ယူကြရ၏။ စောင့်ဆိုင်း ကြရ၏။ ခန္တီ တရား နှင့် တကွ စောင့်ဆိုင်းမှု ဟူသမျှ တို့တွင် ပြင်းထန်သော လုံ့လ၊ ဥဿဟ တို့  လိုအပ်သည် ချည်း ဖြစ်၏။ ဒေါသ မာန်မာန - အယုတ်တရား တို့သည်သာ ရုတ်ခြည်း ပေါ်ပေါက်လာ တတ်၏။ သို့သော် အေးမြ သန့်စင်သော မေတ္တာ သည် ထိုသို့ မဟုတ်။ အလျင်စလို ပေါ်ပေါက်လာသည် မဟုတ်ပေ။ အလျင် စလို ပေါ်ပေါက်သော အရာတိုင်း၏ သဘော သည် အလျင်စလိုပင် ချုပ်ငြိမ်းရ လွယ်ကူ ၏။ ဖြူစင်သော မေတ္တာ ၏ အလျဉ် သည် အလျင်စလို ချုပ်ငြိမ်းမှု မရှိပေ။ အလျင်စလို ပြေပျက် လွယ်သော မေတ္တာ သည် လည်း စင်စစ် မေတ္တာ မဟုတ်ပေ။ သို့ပါလျက်နှင့် ရုတ်ခြည်း ချက်ချင်း ဖြစ်စေလိုသည့် လိုချင်လောဘ ဖြင့် အဘယ်ကြောင့် ပြုမူနေကြရပါသနည်း။

လက်ရှိ ကမ္ဘာ တစ်ခွင် သည် အကြောင်းရင်း တစ်ရပ်တည်းဖြင့် အရုပ်ဆိုး အကျည်းတန် လျက် ရှိပါ၏။ ယင်း အကြောင်း မှာ - လူတိုင်း အလျင်စလို ဖြစ်နေကြခြင်း ပင် ဖြစ်သည်။ မြန်မြန် သင်၊ မြန်မြန် လုပ်၊ မြန်မြန်စား၊ မြန်မြန်နေ၏။ မြန်မြန် ချစ်ကြိုက် ၍ မြန်မြန် အိမ်ထောင်ပြု ၏။ မြန်မြန် သားမွေး၍ မြန်မြန်သေ ကြကုန်၏။ နိစ္စဓူဝ အပြုအမူ တိုင်း ၏ အပေါ်ယံ ၌ အလျဉ်စလို ဖြတ်ပြေး၊ လျှပ်ပြေး ကြကုန်၏။ အဘယ်သို့သော စိတ်ဖြင့် အတွင်း နက်ရှိုင်းရာ သို့ တိုးဝင် နိုင် ပါမည်နည်း။

ထို့ကြောင့် လည်း ယနေ့ ခေတ် လူအများ ၏ သွင်ပြင် လက္ခဏာ တွင် သည်းခံမှု စွမ်းရည် သည် တစ်စ တစ်စ လျော့နည်း ပါးလျား နေ ကြခြင်း ဖြစ်သည်။ စင်စစ် ရှုကြည့် လျှင် -  သည်းမခံနိုင်ခြင်း (ဝါ) ခန္တီတရား ကင်းမဲ့ခြင်း သည် မေတ္တာ တရား နှင့် ဆန့်ကျင်ဘက် ဖီလာ ဖြစ်၏။  မေတ္တာ ၏ အတွင်း အနက် အဓိပ္ပာယ် သည် ခန္တီ တရား၌၊ ဂရုဏာ တရား ၌ အရင်းခံ ကိန်းဝပ် တည်ရှိ ပါ၏။

အလျင်စလို သုတ်သုတ် မြန်မြန် - သွားလို၊ စားလို၊ လိုလားနေကြကုန် သော လူအမျိုးတို့ ၌ ယင်းသို့ အေးမြ၊ ဖြူစင် သော မေတ္တာ အဝန်း သည် အဘယ်သို့လျှင် ကိန်းဝပ် နိုင်ပါမည်နည်း။  ထိုသို့ အလျင်စလို လောဘတို့ အကြား၌ စစ်မှန်သော မေတ္တာ အလျဉ်သည် ရှင်သန် ကြီးထွား မည်လည်း မဟုတ်။ မေတ္တာ ၏ အဟုန် အနွေးဓာတ် ကို ကြုံဆုံ ခံစား ရမည်လည်း မဟုတ်။ လူတို့သည် ဤအပင် ကို အခု ကြီး ၍ အခု သီးစေလို၏။ ယင်းသို့သော စိတ်ဆန္ဒဖြင့် သဘာဝ ကို မကျော်လွန်နိုင်၊ မထိတွေ့ နိုင်ပေ။ မိမိတို့ လိုလားသော မေတ္တာ တရား ကို နှိုးဆွ ၍ မရနိုင်၊ ခံစားရရှိနိုင်ကြမည် မဟုတ်ပေ။

.........................
Sept 7th 2012 at 2:55 PM
..........................


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...