တိုက်စားခြင်း (၅)
by မိုးကြာညို မိုး on Monday, September 3, 2012 at 2:12pm
မကြာခဏအတိုက်အခိုက်ရှိလွန်းသည်ဟု နာမည်ကြီးသော ပါရမီ(အ၀ါ)ဘတ်စ်ကားပေါ်မှဆင်းပြီးကာမှ အသက်ကောင်းကောင်း ရှူရဲတော့သည်။ မည်သို့ပင်ဖြစ်စေကာမူ ကားစီးရင်း ဘုရားတရားနှင့်နီးအောင် ပါရမီဖြည့်ပေးကြသော ကားဆရာများအား အထူးပင် ကျေးဇူးတင်မိပါသည်။
မိုးတွေသည်းကြီးမည်းကြီးရွာနေသည့်အချိန် လမ်းတလျှောက်လုံး ဘုရား တ ကာ လိုက်ပါခဲ့ရအောင် Taxi ရုပ်ရှင်ထဲမှ ပြင်သစ်မင်းသား ကားမောင်းသလို မောင်းနှင်ခဲ့ကြသည်လေ။
ညို့အိမ်ရှိရာ လမ်းထဲသို့ဦးတည်ပြီးကာမှ ဖုန်းထဲမှာငွေလက်ကျန်သိပ်မရှိတော့မှန်း သတိရမိပါသည်။ တကယ်တော့ ကားပေါ်မတက်ခင် ကတည်းက မိုးမိလာပြီး ဒီချိန်ထိမိုးကမစဲနိုင်သေး၍ အိမ်ကိုသာတိုက်ရိုက်ပြန်ချင်နေသည်။ သို့သော် သင်တန်းကိစ္စများ၊ စစ်တမ်းကောက် ယူရန် ကိစ္စများနှင့် ဖုန်းတောက်လျှောက်ပြောနေရသည်ဖြစ်သောကြောင့် ငွေမဖြည့်ထားလို့မရပါ။ ထို့ကြောင့် ကားမှတ်တိုင်နှင့် မလှမ်းမကမ်းရှိ ဖုန်းကဒ်ရောင်းချရာ ဆိုင်လေးတစ်ဆိုင်သို့ နှေးကွေးလေးလံစွာလျှောက်လာရသည်။ မထူးတော့ပါ စိုလက်စနှင့် စိုပါစေတော့ ရန်ကုန်မိုးရေ။
ဖုန်းဆိုင်ရောက်တော့ပြဿနာက စ ပါပြီ။ ဤဖုန်းမှာ ညိုအသုံးပြုနေကြဖုန်းမဟုတ်။ ရန်ကုန်ပြန်လာတုန်း ခဏပေးထားခြင်းဖြစ်သည်။ ကမ်းရိုးတန်းဖုန်းဟုသာသိထားပြီး MHz ဘယ်လောက်မှန်းမသိပါ။ ဆိုင်က မိန်းကလေးများလည်းမသိကြပါ။ မေမေ့ဆီ ဖုန်းဆက်ရပါသည်။ အဖြေက၀မ်းသာစရာကောင်းလှသည်။ မေမေလည်းမသိဘူးတဲ့။ နောက်ဆုံး ဖုန်းပွဲစား၊ ကားပွဲစား သူငယ်ချင်းတစ်ယောက်ဆီဖုန်းခေါ်ပြီး ကမ်းရိုးတန်းဖုန်းက MHz ဘယ်လောက်လဲမေးတော့ 450 MHz ဆိုတော့မှ အဆင်ပြေသွားသည်။ သို့သော်.......... ငွေဝင်မ၀င် message ပြန်မလာသဖြင့် ပြန်စစ်ရပြန်ပါသည်။ မိုးရေတွေတကိုယ်လုံးရွှဲနေသော်ငြားလည်း အဲဒီဆိုင်ထဲကျမှ ချွေးတော်တော်ပျံပြီး အတော်လေး အဆင်ပြေလာပါသည်။ ချွေးထွက်လာပြီး အအေးမပတ်တော့အောင် ကူညီပေးသည့်အတွက် ကျေးဇူးတင်ရပါသည်။ :D
ဖုန်းအဆင်ပြေသွားလို့အိမ်ပြန်ဖို့ ဆိုင်ကအထွက်မှာ ညိုတော်တော်လေးနှစ်သက်မိနေသော Harrier ကားတစ်စီး ဆိုင်ရှေ့မှာ ရပ်ထား တာ မြင်လိုက်သည်။ ကားအသစ်တွေသွင်းလာသမျှထဲမှာ ဆီစားနှုန်းမြင့်သည်ဟူသော Harrier... ဈေးလဲကောင်းသည်ဆိုပဲ။ တကယ်တော့ အဲ့လိုဇိမ်ခံကားမျိုးနှင့် ညိုတို့လို လက်လုပ်လက်စားသမားများဖို့ အလှမ်းကွာဝေးလွန်းပါသည်။ သို့ပေမယ့် စပ်စုကြည့် ချင်ပါသေးသည်။ အဝေးမှသာမြင်ဖူးပြီး အနီးကပ်မမြင်ဖူးလေတော့ စပ်စပ်စုစုလိုက်ကြည့်မိသည်။ ကံကောင်းထောက်မစွာပင် ကားထဲမှာ လူတစ်ဦးမှ ရှိမနေပါ။ ကားအောက်မှ ရှော့ဘားများ၊ ကွိုင်စပရင်များ၊ ဘတ်တာဖလိုင်းများ စသည်ဖြင့် ဘာများထူးထူးခြားခြားရှိနေမည်နည်းဆိုသည့် အတွေးနှင့် ကားအောက်ကိုငုံ့ကြည့်လိုက်တော့ လမ်းဘက်ခြမ်းကားဟိုဘက်မှာ ညို့လိုပင် စပ်စပ်စုစုလူသားလေး ၂ဦးကိုတွေ့လိုက်သည်။ ထူးခြားချက်ကတော့ သူတို့ ၂ယောက်လုံးမှာ ဖိနပ်မပါကြပါ။
ညို့ရဲ့စိတ်ဝင်စားမှုက Harrier မှ ဗလာခြေထောက်ပိုင်ရှင်လေးများထံသို့ တမုဟုတ်ချင်း ကူးပြောင်းသွားပြီး သူတို့ရှိရာဘက်ကို သွားလိုက် သည်။ ၂ပေပတ်လည်လောက်ရှိမည့်အထုပ်တစ်ထုပ်ကိုခေါင်းပေါ်ရွက်ထားသော ဆံပင်နီကြောင်ကြောင် ကလေးမလေးတစ်ဦးနှင့် ကစားစရာ ပလတ်စတစ်ကားလေးကိုင်ထားသော မိန်းကလေးမှန်းယောက်ျားလေးမှန်းမသိနိုင်သော အတော်ငယ်သေးသည့် နောက်ထပ် ကလေးငယ်လေးတစ်ဦး။ ဖိနပ်မပါသလို ထီးလည်းမပါကြပါ။ အ၀တ်အစားများက နွမ်းပါးလှပြီး ကလေး ၂ယောက်လုံးအတော်ပင် ပိန်လှီကြသည်။ ထို့အပြင် အငယ်လေးမှာ သံကောင်တို့ကြီးစိုးထားပြီး အဟာရချို့တဲ့ကြောင်းဖော်ပြနေသည့် ၀မ်းဗိုက်ပူပူကြီးရှိနေသည်။ ထိုကဲ့သို့သော ကလေးများကိုမြင်လျှင် မနေနိုင်တတ်တသော ညို့ရဲ့ညာဉ်တစ်ခုကြောင့်ပဲ .......
“သမီး ခေါင်းပေါ်မှာရွက်ထားတာဘာတွေလဲ”
ကလေးမလေးခေါင်း ဆတ်ခနဲမော့လာပြီး မျက်လုံးအ၀ိုင်းသားနှင့် ညို့ကိုပြန်ကြည့်တဲ့ အကြည့်မှာ တစ်စုံတစ်ရာအပေါ် အံ့သြခြင်းကြီးစွာ ပါဝင်နေကြောင်းသတိထားမိသည်။ ဘာမှန်းတော့မသိပါ။ ထားပါတော့။
“ဖွဲပြာ”
“ဒါကမောင်လေးလား ညီမလေးလား”
“မောင်လေး”
တစိမ်းတရံဆံတစ်ယောက်အားတုံ့ပြန်သော သူလေးရဲ့ အဖြေမှာ လှိုက်လှဲမှု တစ်စက်ကလေးတောင် မပါဝင်ပါ။ စိတ်မပျက်နဲ့ မိညို..... သူတို့တွေကို မင်းဘာကူနိုင်မလဲ သိရအောင် ဆက်မေးစမ်းဟု ကိုယ့်ကိုယ်ကိုယ်အားပေးလိုက်ပြီး ဆက်မေးမိသည်။
“ကလေးတို့ မေမေရော”
“မေမေမရှိဘူး”
“ဒါဆိုဘယ်သူနဲ့နေလဲ”
“အဖွားနဲ့နေတယ်”
“ခုအဖွားရော ဘယ်မှာလဲ”
“အိမ်မှာ.... မိုးရွာနေလို့ ကော်ကောက်မထွက်ဘူး”
“အဖွားအသက်ဘယ်လောက်လဲသမီး”
“...............”
သြော်..သူမသိရှာဘူးဘဲ။ ဒီအချိန်မှာ ဒါတွေက အရေးမကြီးပါ။ နေ့လည် ၂နာရီမှာ သူတို့အတွက်အရေးကြီးဆုံးဖြစ်မယ့် မေးခွန်းတစ်ခု....
“ထမင်းစားပြီးကြပြီလား”
ကလေး၂ယောက်လုံးပြိုင်တူ ခေါင်းခါတော့ သိပ်ရှည်ရှည်ဝေးဝေးမစဉ်းစားချင်တော့ပါ။ လောလောဆယ် သူတို့ဗိုက်ပြည့်အောင် ဖြည့်ပေးဖို့ သာညို့အတွေးတွေကြီးစိုးနေသည်။ သိပ်မဝေးလှသော ညိုတို့လမ်းထိပ်မှ ရပ်ကွက်ထမင်းဆိုင်လေးကိုသွားဖို့ ကလေးငယ်လေး လက်ကို ဆွဲယူလိုက်ပီး ထီးပါမိုးပေးတော့ အကြီးမလေးရဲ့ မျက်ဝန်းမှာ မိုးရေလားမျက်ရည်လားမသိတဲ့ ရီဝေေ၀အရိပ်လေး ခိုတွဲနေလေရဲ့။
ထမင်းဆိုင်မှ အစ်မကို ကလေးနှစ်ယောက်အတွက် ထမင်းကျွေးဖို့ပြောတော့ ငါးနဲ့ဘဲဥပဲရှိတယ် ညီမ။ ငါးဆိုအရိုးစူးလိမ့်မယ်။ ဘဲဥနဲ့ပဲ ကျွေးလိုက်နော် ဆိုလာပြန်တော့ အဆင်ပြေသလိုသာလုပ်ပါအစ်မရေပေါ့။ဘဲဥတစ်တယောက်တစ်လုံးစီ၊ ထမင်း၊ ချဉ်ပေါင် ဟင်းရည် နှင့် ၂ယောက်စာမှ ၈၀၀ ကျပ်ပဲကျသင့်ပါသည်။ ထမင်းဆိုင်ရှင်ကို ကျသင့်ငွေပေးပြီးတော့ မျက်နှာချင်းဆိုင်မှ အကြော်ဆိုင်ကို ကူးသွားလိုက်သည်။ အဲဒီဆိုင်က ဘူးသီးကြော်အတော်စားကောင်းပါသည်။ ဘူးသီးကြော်က ညိုယူမယ်ဆိုမှ ကြော်ပေးမည်ဆိုတော့ မိုးရေထဲမတ်တပ်ရပ်မနေချင်သဖြင့် ထမင်းဆိုင်ဘက်ပြန်ကူးလာပြီး ရေနွေးတစ်ခွက်တောင်းသောက်ရင်း ကလေးတွေ ထမင်းစားတာ ထိုင်ကြည့်နေမိသည်။ သူတို့၂ဦး ထမင်းတစ်ပန်းပြီးတစ်ပန်းကန်ထပ်ထပ်ယူကြတော့ ရင်ထဲမှာကြည်နူးခြင်းတချို့ ရင်နာခြင်းတ၀က် ခံစားနေရသည်။ ထမင်းဆိုင်ကို ထမင်းလိုက်ပွဲဖိုးတွေပေးမယ်လို့ပြောတော့ ဆိုင်ရှင်အဖွားကြီးက အဖွားတို့လဲ ကုသိုလ်လေးခွဲယူပါရစေ သမီးရယ်.... ပိုက်ဆံထပ်မပေးပါနဲ့ဆိုပြန်တော့ ပိုလို့တောင် ၀မ်းသာပီတိဖြစ်ရပြန်ပါသည်။ မေတ္တာ၊ စေတနာနှင့် သဒ္ဓါတရားမှာ ကူးစက်တတ်သောသဘောများ ပါဝင်နေကြပါကလား??
ကလေးမလေး ၄ပန်းကန်မြောက်ထမင်းလိုက်ပွဲထပ်ယူချိန်မှာ အသက် ၅၀ အရွယ်ခန့် ဦးလေးကြီးတစ်ယောက် ဟင်းလာဝယ်သည်။ ကလေး ၂ ယောက်ကိုမြင်မြင်ချင်း နှာခေါင်းရှုံ့လိုက်ပြီး ဘယ်ကသူတောင်းစားလေးတွေလဲဟု ထမင်းဆိုင်ရှင်ကိုမေးတော့ ဆိုင်ရှင်အဖွားက ညို့ကိုတချက်လှည့်ကြည့်ရင်း သူတောင်းစားလေးတွေမဟုတ်ပါဘူး။ ဖွဲပြာရောင်းနေကြတာပါ ဟုသာ တိုတိုတုတ်တုတ်အဖြေပေးသည်။ ဦးလေးကြီးက မင်းတို့အမေပါတယ်မဟုတ်လား? ဘယ်နားမှာ ပုန်းနေလဲ? ဘယ်ကပိုက်ဆံရလို့ ထမင်းဆိုင်မှာတောင် လာစားနေ ကြတာလဲ? ကလေးဗန်းပြပြီးလုပ်စားနေတာ စသည်ဖြင့်ပြောနေလေတော့ ကလေးများမှာ စားလက်စ ထမင်းလုတ်တောင် ပြန်ချရမလား စားလိုက်ရမလား မသိအောင်ဖြစ်နေကြရှာသည်။ အခြေအနေကိုသိသော ဆိုင်ရှင်အဖွားက
“ကလေးတွေ ထမင်းကောင်းကောင်းစားပါစေ မောင်ရင်ရယ်။ သူတို့ကို သဒ္ဓါပေါက်လို့ ကျွေးမွေးတဲ့သူရှိတုန်း စားရရှာတာ... စိတ်ဖြောင့်ဖြောင့်စားကြပါစေ”
“အင်းးး ခက်တယ် ခက်တယ်... အဲလိုလူတွေပဲ ကလေးတွေကို ဖျက်ဆီးနေကြတာ... ဒီလိုသာ ကြပ်ကြပ်လုပ် ကိုယ့်အားကိုယ်မကိုးဘဲ သူတောင်းစားလေးဖြစ်ကုန်လိမ့်မယ်။ ကလေးတွေကို သူများအားကိုးတတ်တဲ့ စိတ်ဖြစ်လာအောင် အားပေးနေတာ။ တို့နိုင်ငံကြီးရဲ့ အနာဂတ်အတွက် သူတောင်းစားဦးရေတိုးတက်ရေး လုပ်နေတာပဲ”
အစပိုင်းက ဂရုမစိုက်ဘဲ ထား ထား ပေမယ့် ညိုမပြောဘဲမနေနိုင်တော့ပါ။
“ဦးလေးရယ်။ ကလေးတွေဗိုက်ဆာနေတာ လောလောဆယ် ထမင်းလေးတစ်နပ်ကျွေးလိုက်ရတာ ဘာများဖြစ်မှာမို့လို့လဲ။ သူများကို မှီခိုအားကိုးမယ့်စိတ်တွေဝင်လာနိုင်တဲ့အထိ ဖြစ်ရအောင် ဒီကလေးတွေကလဲ ဖွဲပြာရောင်းနေကြတာလေ။ နဂိုကတည်းက ဟိုဟိုဒီဒီ တောင်းစားနေကြတာမှ မဟုတ်တာဘဲ”
“အေး...မင်းကငယ်သေးတော့ ဒါတွေဘယ်နားလည်မလဲကွ။ အဲလိုလုပ်တာက သူတို့ရဲ့ အကျင့်စာရိတ္တကို ဖျက်ဆီးဖို့ အစပြုလိုက်တာပဲ။ ကိုယ့်လုပ်အားနဲ့ရှာဖို့ထက် သူများကိုအားကိုးဖို့ သင်ပေးနေသလိုပဲ။ ဒီမှာ... အန်ကယ်လ်ပြောမယ်... သူတို့ကို ခုထမင်းတစ်နပ်ကျွေး လိုက်တာထက် စာရိတ္တပိုင်းဆိုင်ရာမြင့်မားဖို့ရယ် အသက်မွေးဝမ်းကြောင်းပညာတစ်ခုခု တတ်မြောက်ဖို့ရယ် လုပ်ပေးတာက အကောင်းဆုံး အကောင်းဆုံးကွ။ မှတ်ထားတူမကြီး။ ဟို တရုတ်စကားပုံလိုပေါ့ကွာ....ဟင်းစားပေးတာထက် ငါးဖမ်းနည်းသင်ပေးတယ်ဆိုတာလေ”
“ဟုတ်ကဲ့ ဦးလေး..ဒါဆို...”
“အန်ကယ်လ်တော့ အရမ်းကြီးသိတာမဟုတ်ပါဘူးကွာ... အန်ကယ့်လ် သမီးတစ်ယောက်က နိုင်ငံခြားမှာ အဲဒီဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဖို့ ပညာတော်သင်သွားရတယ်လေ... Development master ခေါ်တာပေါ့ကွာ.... သူပြောတာ ကြား ကြားနေမိတာနဲ့ နားရည်ဝပြီး တီးမိခေါက်မိရှိနေပါပြီ... သေချာတယ်ကွ..အန်ကယ့်လ်သမီးသာဆို ဒီလို ထမင်းလေးတစ်နပ်ကျွေးရုံလောက် လုပ်မှာမဟုတ်ဘူး”
“အော်...ဟုတ်ကဲ့ ဦးလေး။ အဲဒါဆို ဒီကလေးတွေ အကျင့်စာရိတ္တမြင့်မားဖို့ အသက်မွေးဝမ်းကြောင်းပညာ တစ်ခုခုတတ်မြောက်ဖို့ ဦးလေး ဒါမှမဟုတ် ဦးလေးသမီးက တာဝန်ယူသင်ပေးမယ်လို့ ဆိုလိုတာလားဟင်?”
“ဘာ..ဘာကွ....ဟေ့... လူတိုင်း ကိုယ့်အတိတ်ကံအကျိုးပေးနဲ့ ကိုယ်လာကြတာချည်းပဲ။ ဒီခေတ်မှာ ကလေး ၂ ယောက်မပြောနဲ့ ၁ ယောက်မွေးရ ကျွေးရတာတောင် အနိုင်နိုင်။ ဘယ်နှယ့် လမ်းဘေးက သူတောင်းစားလေးတွေကိုများ လာမွေးခိုင်းနေသေးတယ်။ ဘယ်လိုဟာတွေလဲ မသိဘူး။ ပြောရဆိုရလက်ပေါက်ကပ်တယ်။ ကလေးတွေကို ဖျက်ဆီးရုံတင်မကဘူး သူတပါးတွေကိုပါ လိုက်ဒုက္ခပေးနေတယ်”
“ဟင်...ခုနက ဦးလေးပြောတော့....”
ဒေါသတကြီးရှူးရှူးရှဲရှဲဖြစ်ပြီး ထမင်းဆိုင်ထဲမှထွက်သွားတဲ့ ဦးလေးကြီးကို မေးချင်နေတဲ့ မေးခွန်းတစ်ခု ညို့ရင်ထဲမှာ ရှိနေပါသည်။
“တစ်ခုလောက်မေးပါရစေဦးလေးရယ်.... ထမင်းတစ်နပ် ကျွေးလိုက်တာ ကလေးတွေရဲ့စာရိတ္တကို ဖျက်ဆီးနေတယ်လို့ စွပ်စွဲရအောင် ဦးလေးကရော ဒီကလေးတွေရဲ့ စာရိတ္တအတွက် ဘာများ လုပ်ပေးဖူးပါသလဲ? သူတို့ဦးနှောက်ကလေးတွေထဲ စာရိတ္တဆိုတာကို မဖြည့်နိုင်ခဲ့ဦးတောင် သူတို့အစာအိမ်ထဲကို ဘာများဖြည့်ပေးဖူးသလဲ? နောက်ဆုံးဗျာ သူတို့ရဲ့ဗလာခြေဖ၀ါးတွေအတွက် ဦးလေးအိမ်က ဖိနပ်စုတ်တရံလောက်များ ထိုးပေးဖူးပါသလား?”
တချို့တချို့သောအတွေးများလဲ ညို့ရင်ထဲမှာ ကျန်နေရစ်ခဲ့ပါသေးသည်။ ဖွဲပြာရောင်းတဲ့ကလေး ၂ယောက် နေ့လည် ၂နာရီလောက်ကြီး မိုးရေထဲမှာ ဗိုက်ဟောင်းလောင်းနဲ့ ဗလာခြေဖ၀ါးနဲ့ရွာရိုးကိုးပေါက်လျှောက်နေရတာ ကံဆိုးလို့လား? ဘုရားသခင်အလိုတော်လား? သိပ္ပံနည်းကျ အတွေးအခေါ်ဆိုင်ရာ စည်းမျဉ်းဥပဒေတစ်ခုလား? ဗိုက်ဆာနေသူကို ငါးဖမ်းနည်းအရင်သင်ရမလား? ငါးဟင်းအရင်ချက်ကျွေးမလား? ကြယ်ငါးတကောင်အတွက် ထူးခြားစေမလား? မသိချင်ယောင်ဆောင် ရှောင်ထွက်သွားမလား?
အဲဒီနေ့ညနေပိုင်း “အိမ်မက်ဆုံရာ” သီချင်းဆိုပြိုင်ပွဲမှာ သီဆိုယှဉ်ပြိုင်သွားတဲ့ သီချင်းလေးတစ်ပုဒ်က ဦးကျော်ဟိန်းရဲ့
“မှောင်နေရင်လေမီးထွန်းလိုက်၊ နာကျင်သူကို ပြုစုလိုက်၊ ဆာလောင်သူကို ကိုယ့်ထဲက တစ်ဝက်ဝေမျှလိုက်.................”
ချစ်ခြင်းများစွာဖြင့်
မိုးကြာညို
0 comments:
Post a Comment