နှလုံးသား ဒိုင်ယာရီ (၂)
ချစ်သမီးလေးရဲ့ နောက်ဆုံးစကားသံလေးက ဝေဝါးစွာကျန်ရစ်ခဲ့ပြီးနောက် တောလမ်းလေးအတိုင်း ထွက်လာခဲ့ မိသည့်ကျနော် နယ်စပ်အခြေအနေအရ တောကြီးမျက်မဲထဲမှာ တတောဝင်တတောင်တက်နဲ့ ခရီးအတော် နှင်လိုက်သောအခါ ထိုင်းနိုင်ငံ နမ့်ပန်ချောင်းနံဘေးကို ရောက်ရှိခဲ့ပါတယ်။
မိုးနှောင်းကာလဆိုပေမဲ့ နမ့်ပန်ချောင်းရေက အတော့်ကိုတက်နေတာ တွေ့ရပါတယ်။ ရေစီးကြမ်းကြမ်းနဲ့ ဝါးလုံးထိုး စီးဆင်းနေလေရဲ့။ ကူးခတ်ဖို့ကလည်း အခက်အခဲအလွန်ဖြစ်နေတယ်။
ချောင်းကမ်းနံဘေး ဟိုသွား ဒီသွားနဲ့ နောက်ဆုံး ခြုံပုတ်နားက လှေတစီးကို တွေ့ရှိလိုက်တော့ ကျနော်လည်း ဝမ်းသာဧည့်လဲ ဖြစ်သွားရပြန် တယ်။ အဝတ်အစားတွေကို သေချာထုပ်ပိုးပြီး ရေဆန်ကိုလှော်တက်လိုက်တယ်။ ပြီးတော့ ရေစုံမှာမျှောပြီး ဟိုဘက်ကမ်းကို အရောက်ကူးနိုင်ခဲ့ပါတယ်။
လှေလှော်တဲ့ အတွေ့အကြုံက ရွာမှာရှိခဲ့ဘူးသလို သံလွင်မြစ်ကြီးကိုလည်း အကြိမ်ကြိမ်အခါခါ ဖြတ်ကူးဖူးလို့ မခက်လောက်ဘူး ထင်ပါတယ်။ ဟိုဘက်ကမ်းရောက်တော့ လှေကိုသစ်ပင်မှာ သေချာစွာချည်နှောင်ထား ခဲ့တယ်။ အဝတ်အစားတွေဝတ်ပြီး ခရီးဆက်ထွက်လိုက်တာ မဲဟောင်ဆောင်မြို့နားကို ရောက်ရှိခဲ့ပါတယ်။ မဲဟောင်ဆောင် မြို့စွန်မှာ ကျနော့်သူငယ်ချင်း နိုင်းမောင်ကြီး ရှိနေတော့ အထောက်အကူဖြစ်တာပေါ့။ သူက မွတ်ဆလင်ဘာသာဝင် တယောက်။ ကျနော့်အခက်အခဲတွေကို သူ့အခက်အခဲလို သဘောထားပြီး ကူညီဖြေရှင်းပေးခဲ့တဲ့ မိတ်ဆွေ။ သူ့ဘဝကလည်း လက်လှုပ်မှ ပါးစပ်လှုပ်ရတာဆိုတော့ ကျနော်သူနဲ့အတူ အလုပ် ၇ ရက်လောက် လိုက်လုပ်ဖြစ်ပါတယ်။
ဘတ်ငွေလေး လေးငါးရာလောက်ရတော့ ရှေ့ခရီးဆက်ဖို့ပြင်ဆင်ရပြန်တယ် ။ ထိုအချိန်က ထိုင်းနိုင်ငံတခုလုံး မှာလည်း မူးယစ်ဆေးဝါးနှိမ်နင်းရေး အကြီးအကျယ်လုပ်နေတော့ ပစ်ခတ်မှုတွေဟာ နေရာတိုင်းမှာ ရှိနေသလို စစ်ဆေးရေး ဂိတ်တွေကလည်း ပြည့်နှက်လို့နေပါတယ်။ ကျနော်သွားရမယ့်ခရီးက မဲဆောက်မြို့။ မဲဟောင်ဆောင်နဲ့မဲဆောက်က ၃၉၉ ကီလိုမီတာ ကွာဝေးတဲ့ လမ်းခရီးတခုဖြစ်ပါတယ်။ ဖြစ်ချင်ရာဖြစ်စေဆိုပြီး စိတ်ကိုဒုံးဒုံးချကာ ခရီးထွက်ဖို့ ပြင်လိုက်တယ်။ မရောက်ဘူး မသွားဘူးတဲ့ခရီးဖြစ်သလို ဘာသာစကားကလည်း တလုံးတပါဒမှ နားမလည်ခဲ့။
နောက်နေ့ မနက်စောစော ကိုနိုင်းမောင်ကြီးက ဖြတ်လမ်းကနေ ကားဂိတ်ရှိတဲ့ ဖာပေါင်ဂိတ်အလွန်ထိ လိုက်ပို့ ပေးခဲ့ပါတယ်။ ‘ခင်ဗျား ဒီခရီးလမ်းကို ဖြောင့်ဖြောင့်တန်းတန်းရောက်ရှိ ပါစေလို့ အလ္လာဟ်ရှင်မြတ်ထံ ဆုတောင်း ပေးပါမယ်’ ဆိုပြီး နောက်ကြောင်းပြန်လှည့်သွားပါတယ် ။ သူ့ကျောပြင်ကိုကြည့်ရင်း ရှေ့ဆက်ဘာတွေဖြစ်လာ မလဲဆိုတာ မတွေးမိအောင်ထိန်းချုပ်ထားလိုက် ပါတယ်။
ရောက်ရှိလာမယ့်လိုင်းကားကို စောင့်မျှော်ရတာလည်း စိတ်လှုပ်ရှားမှုတခုဖြစ်ရပါတယ်။ မကြာမီမှာဘဲ လိုင်းကားတစီး ရောက်ရှိလာတယ်။ မီနီဘတ်စ် လိုင်းကားအကြီးကြီးပါ။ ကားပေါ်တက်ပြီး အထဲကအခြေအနေ တွေကို ဝေ့ဝဲကြည့်လိုက်တော့ ခရီးသည် ၄-၅ ယောက်ပဲ ရှိပါတယ်။ အားလုံးဟာ ကားရှေ့ပိုင်းမှာဘဲ စုနေကြပါ တယ်။ ကားနောက်ပိုင်းမှာ တဦးတယောက်မှ ရှိမနေကြပါ။ သူတို့က ထိုင်းနိုင်ငံသားတွေဆိုတော့ ဘယ်လောက် ပဲ စစ်ဆေးရေးဂိတ်နဲ့တိုးတိုး အဆင်ပြေကြမှာပါ။ လက်မှတ်မရှိတဲ့ ကျနော့်အတွက်တော့ အန္တရာယ်က ကြိုလင့် နေမှာပါ။ နောက်ဆုံးခုံရဲ့ ဘေးအစွန်ဆုံးကို ကျနော်ရွေးချယ်နေရာယူလိုက်တယ်။ မျက်လုံးတွေကလည်း ကားရဲ့အရှေ့ကို အမြဲကြိုပြီး ကြည့်ထားမိတယ်။ အနီနဲ့အဖြူအစင်းကျား ခုံလေးတွေ လမ်းမှာချထားတာ တွေ့လိုက်တာနဲ့ စစ်ဆေးရေးဂိတ်ဆိုတာ သိတာနဲ့ ခန္ဓာကိုယ်ကို ဖင်ထိုင်ခုံ ၂ ခုကြား လျှောချပြီး ဝပ်နေလိုက် တယ်။ ကားလည်းရပ်သွားပြီ။ စစ်ဘိနပ်သံတွေကလည်း ကြားနေရပြီ။ ထိုင်းဘာသာစကားနဲ့ လက်မှတ်တောင်း ကြည့်နေတဲ့အသံတွေ၊ ကားအောက်ပတ်လည်မှာလည်း လမ်းလျှောက်သံတွေက သောသောညံနေတော့တယ်။
စစ်ဆေးလို့အပြီး ကားဘီးအလှိမ့်မှာပဲ ရင်ထဲက အပူလုံးကျသွားတော့တယ်။ ဒီနည်းအတိုင်း တဂိတ်ပြီးတဂိတ် ဖြတ်ကျော်ခဲ့တာ ယာဉ်ရပ်နားတဲ့ စခန်းရောက်တဲ့အထိဆိုပါတော့။
ယာဉ်ပေါ်မှာ မိန့်မိန့်ကြီးထိုင်နေတဲ့ ကျနော့်ကို ကားသမားက လက်ဟန်အမူအယာနဲ့ ဂိတ်ဆုံးပြီ ဆင်း ဆိုပြီး မောင်းချပါတယ်။ ဘယ်နေရာဘယ်မြို့ကိုရောက်မှန်း မသိပေမဲ့ ကားအောက်ကိုဆင်းလိုက်မိတယ်။ ပတ်ဝန်းကျင်ကိုလည်း ဝေ့ဝိုက်ပြီးကြည့်လိုက်မိတယ်။ မြန်မာပြည်သားတဦးလို့ ထင်ရတဲ့သူအနားကို အသာလေး ကပ်သွားပြီး ‘အကို ဒါဘာမြို့လဲ’ လို့ အရဲစွန့်မေးလိုက်တော့ ‘ညီလေး ဒါက မဲ့စူရင်းယန်း ဆိုတဲ့ မြို့ပေါ့ကွ၊ မင်းက ဘယ်သွားမလို့လဲ’ ပြန်မေးတော့ ‘မဲဆောက်သွားမလို့ပါ အကို၊ အဲဒါဘယ်လိုသွားရမလဲဗျာ’ ‘ဟ မင်းမဲဆောက်သွားဖို့ဆိုတာ မလွယ်ဘူးထင်တယ်၊ လမ်းမှာစစ်ဆေးရေးတွေ အရမ်းကြမ်းနေတယ်၊ ဒီမြို့ထဲ မှာလည်း ရဲနဲ့စစ်တပ်က ခြေချင်းလိမ်နေကြတာ၊ သတိတော့ထားပေါ့။ မဲဆောက်သွားမယ့်က ညနေ ၂ နာရီမှ ထွက်မှာ၊ လိုင်းကားဝင်လာမှန်းသိရင် ရဲတွေရောက်လာအုံးမှာ ညီလေး.. မင်းရှောင်နေနိုင်ရင် ကောင်းမယ်။ ကားချိန်နီးမှ ပြန်လာခဲ့ပေါ့..’ တဲ့။
ကျနော်ဘယ်ကိုသွားရမှန်း မသိ။ ချီတုံချတုံဖြစ်နေတယ်။ ထိုအချိန် ခေါင်းထဲကို အတွေးတခု လျှပ်တပြက် ဝင်လာခဲ့တယ်။ ကျနော်နဲ့ အလွန်ရင်းနှီးသော ဈေးသည်ကြီး ဒေါ်ငဲ က မဲစူရင်းယန်းမှာ မန္တလေး ဘုန်းတော်ကြီး ကျောင်းတိုက်တခုရှိကြောင်း ပြောခဲ့ဖူးသည့်စကားကို ပြန်လည်ကြားယောင်နေခဲ့ခြင်း ဖြစ်သည်။
ဆက်ပါဦးမည်။
အုပ်ကြီးဖေ
၎-၉-၂၀၁၂
0 comments:
Post a Comment