Monday, September 10, 2012

မသန်စွမ်းသူတွေရဲ့ ဘဝမြှင့်တင်ရေးကို အားပေး ကူညီကြစေချင်ပါတယ်


by Lwin Aung Soe on Monday, September 10, 2012 at 12:44am 


 Maung Luu Nge ရေးတဲ့ ပို့စ်ကို အရင်ဆုံး ဖတ်ရှုစေလိုပါတယ်။

ပြီးခဲ့တဲ့ ၁ ပတ်က လွှတ်တော်မှာ နားမကြားသူများရဲ့ ဘာသာစကားဖြစ်တဲ့ လက်ဟန်ဘာသာစကားကို လွှတ်တော်မှာ အဆိုတင်တာ ပယ်ချခံရတယ်လို့ သတင်းကြားရပါတယ်။ ဒါဟာ ဒုတိယအကြိမ်မြောက်ပါဘဲ။


လွှတ်တော်အမတ်တွေဟာ မသန်စွမ်းသူတွေရဲ့ အခက်အခဲ၊ အတားအဆီးတွေကို နားလည် ခံစားမပေးနိုင်ကြဘူး။ ဒါလား ဒီမိုကရေစီ ???

မသန်စွမ်းသူဦးရေဟာ မြန်မာပြည့်လူဦးရေရဲ့ ၅%လောက်ရှိနေတဲ့ လူနည်းစုလေးပါ။ နှစ်ပေါင်း ၅၀ ကျော် ပစ်ပယ်ခံရတဲ့သူတို့တွေကို ဘာမှလုပ်မပေးကြတော့ဘူးလား။
...................................

မောင်လူငယ်ဟာ နားမကြားသူ တဦးလို့ ကျနော် သိထားပါတယ်။ Facebook  သုံးစွဲသူ အတော်များများကလည်း သိနေကြမှာပါ။ သူ့စာကို ဖတ်ကြည့်လိုက်ရုံနဲ့ သူဟာ ဘယ်လောက်တောင် ဝမ်းနည်းပက်လက် အားငယ်စွာနဲ့ မချင့်မရဲ ဖြစ်နေမလဲ ဆိုတာ သိနိုင်ကြပါမယ်။

တကယ်တော့ လွှတ်တော်မှာ အဆိုတင်လိုက်တာကို ပယ်ချမယ့်အစား “အကောင်းဆုံးဖြစ်အောင် သင့်တော်တဲ့အချိန်မှာ စီစဉ်ပေးပါမယ်” လို့ ပြောထားရင် မှတ်တမ်းတင်တာလည်း ကောင်းသွားပါမယ်။ အမျိုးသားစီမံကိန်းထဲမှာလည်း ပါဝင်သွားမှာ ဖြစ်ပါတယ်။


ကံအကြောင်းတရားတခုအရ ဖြစ်လာကြရတဲ့ ဆွံ့အ နားမကြားသူတွေ၊ ကိုယ်လက်အင်္ဂါ ချွတ်ယွင်း မသန်စွမ်းသူတွေဟာ တကယ်တော့ အများနည်းတူ လူသားတွေသာ ဖြစ်ပါတယ်။ သူတို့မှာ အများနဲ့တန်းတူ ရပိုင်ခွင့်တွေ ရှိရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း ဒီလို ရပိုင်ခွင့်တွေကို ပြဌာန်းထားပြီး ဖြစ်ပါတယ်။ Constitution ပုဒ်မ ၃၄၇၊ ၃၄၈၊ ၃၄၉၊ ၃၅၃၊ ၃၅၅၊ ၃၆၆(က)၊ ၃၆၇၊ ၃၇၇ ဆိုပြီး အများအပြား ပြဋ္ဌာန်းထားပါတယ်။

အထူးသဖြင့် မသန်စွမ်းသူတွေအတွက် ပုဒ်မ ၉၆ ကို ရည်ညွှန်းတဲ့ ပြည်ထောင်စု ဥပဒေပြုခွင့် လူမှုရေးကဏ္ဍ အမှတ်စဉ် ၉ (ဌ) ကို ပြဋ္ဌာန်းထားပါတယ်။

ဒါ့အပြင် လူမှုဝန်ထမ်းကိစ္စအတွက် ပုဒ်မ ၁၈၈ ကို ရည်ညွှန်းတဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုခွင့် လူမှုရေးကဏ္ဍ အမှတ်စဉ် ၇ (ခ) မှာလည်း ပြဋ္ဌာန်းပြီး ဖြစ်ပါတယ်။

Constitution မှာ အဲဒီလို လုံလုံလောက်လောက် ပြဋ္ဌာန်းထားတာဖြစ်လို့ မသန်စွမ်းသူ မြန်မာနိုင်ငံသားတွေအတွက် အဖြစ်နိုင်ဆုံး ကူညီစောင့်ရှောက်ပြီး သူတို့ရဲ့ ဘဝတွေကို မြှင့်တင်ပေးနိုင်ဖို့ ကြိုးစား အားထုတ်သင့်ပါတယ်။

တာဝန်ရှိသူတွေဟာ အလုပ်တာဝန် ခွဲဝေမှု (Division of Labour) ကို မစီမံနိုင်သေးလို့ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ ဒါမှမဟုတ် ဘတ်ဂျက်ကို အကြောင်းပြဖို့လည်း ရှိကောင်းရှိပါလိမ့်မယ်။ ကျွမ်းကျင်ပညာရှင် မလုံလောက်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ဖြစ်နေရင် ပြီးစလွယ် လစ်လျူရှုလိုက်လို့တော့ မဖြစ်ပါ။ ငြင်းပယ်လို့ မဖြစ်သလို အကြောင်းပြချက် ပေးလို့လည်း မဖြစ်ပါ။ ကျနော်တို့ အဖြေရှာကြရပါမယ်။


ပြည်တွင်းမှာ စေတနာရှင် မြန်မာပြည်သူတွေ တနေ့တခြား တိုးပွားလာနေကြတာ သိပ်ကို ဝမ်းသာ အားရစရာ ကောင်းလှပါတယ်။ ဒါကို နည်းလမ်းတခုအနေနဲ့ နိုင်ငံတော် အကြီးအကဲတွေက စဉ်းစားသင့်ပါတယ်။ နိုင်ငံတော်အနေနဲ့ တာဝန်အရ ကူညီဖို့ အခက်အခဲ ရှိနေချိန်မှာ ပြည်သူတွေက အလိုက်တသိ တာဝန်ယူပေးကြမှာပဲ ဖြစ်ပါတယ်။ ဒီအခါမှာ ပရဟိတလုပ်ငန်းတွေကို အခက်အခဲ မရှိအောင် နိုင်ငံတော်က ဖြစ်နိုင်တဲ့ဘက်က အားပေးနေရုံနေရုံနဲ့ကို အတော်အတန် ကူညီစောင့်ရှောက် မြှင့်တင်ပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

တကယ်လို့ နိုင်ငံတကာ အကူအညီ ရယူဖို့ ခွင့်ပြုမယ် ဆိုရင်လည်း ကောင်းတဲ့ အစီအစဉ်တခု ဖြစ်လာနိုင်ပါတယ်။ တကယ်တမ်း လိုအပ်ရင် ကူညီပေးနိုင်တဲ့ ကုလသမဂ္ဂ အပါအဝင် အလှူရှင် နိုင်ငံတွေ (သို့) နိုင်ငံတကာ အဖွဲ့အစည်းတွေ အမျာကြီး ရှိလာနိုင်ပါတယ်။


ပြီးခဲ့တဲ့ လန်ဒန်အိုလံပစ် အားကစားပွဲတော်ကြီး အပြီးမှာ မသန်စွမ်းသူတွေရဲ့ အိုလံပစ် အားကစားပွဲတော်ကြီးကိုလည်း ချိမ့်ချိမ့်သဲ ကျင်းပခဲ့ကြပါတယ်။ ပါဝင်ယှဉ်ပြိုင်သူတွေရဲ့ အားတက် ပျော်မြူး ကြည်နူးနေကြတာကို တွေ့မြင်ခဲ့ရပါတယ်။

သူတို့ဟာ အနိုင်ရရှိရေးအတွက် အစွမ်းကုန် ယှဉ်ပြိုင်ကြပါတယ်။ ဒါပေမယ့် ရှုံးရှုံးနိုင်နိုင် အရေးမကြီးပါဘူး။ အမိနိုင်ငံရဲ့ ဂုဏ်ကို ဆောင်နိုင်ဖို့ ရည်ရွယ်ကြသလို နိုင်ငံတကာ မိတ်ဆွေတွေ တိုးပွားလာစေချင်လို့ ပါဝင်ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။

ပါဝင်ယှဉ်ပြိုင်ကြတဲ့ မသန်မစွမ်း အားကစားသမားတွေဟာ လူ့လောကကြီးထဲမှာ အများနည်းတူ အထိုက်အလျောက် ပါဝင်လုပ်နိုင်တယ် ဆိုတဲ့ မိမိကိုယ်ကို ယုံကြည်မှု၊ အများနည်းတူ တန်းတူ အသိအမှတ်ပြုခံရမှု၊ ဘဝကို အရှုံးမပေးတဲ့ စိတ်ဓါတ်တွေ့ကို ရရှိလာကြပါတယ်။

တကယ်တော့ ဒါဟာ သူတို့ဘဝရဲ့ အကောင်းဆုံး အားဆေးပါပဲ။ ဒီလိုအားဆေးမျိုးသာ မရှိဘူးဆိုရင် သူတို့ အပြည့်အဝ ပျော်နိုင်မှာ မဟုတ်ပါဘူး။ ဘဝမှာ ပျော်ရွှင်ချမ်းမြေ့မှု မရှိဘဲ စိတ်ဓါတ်ကျ အားငယ်နေသူတဦးဟာ သက်တမ်းရှည်ဖို့ ဇွဲကောင်းကောင်းနဲ့ အားမထုတ်တော့ဘူးဆိုရင် တာဝန်ရှိသူ(တွေ) ဟာ ဘယ်သူဖြစ်မလဲလို့ ကျနော်တို့ စဉ်းစားရပါမယ်။

    .....  

အားကစားမှာသာမက အခြားကဏ္ဍတွေဖြစ်တဲ့ စက်မှုလက်မှု လုပ်ငန်းခွင်၊ စာသင်ကျောင်း-တက္ကသိုလ်၊ လူမှု အကျိုးပြု ပရဟိတ လုပ်ငန်း၊ ဟောပြောပွဲ အစရှိတာတွေမှာလည်း မသန်စွမ်းသူတွေဟာ နှိမ့်ချခွဲခြား ဆက်ဆံခံရခြင်း မရှိကြပါဘူး။ အများပြည်သူသုံး ယာဉ်ရထားတွေမှာဆိုရင် သူတို့ကို ဦးစားပေးအဆင့်မှာ ထားရှိပြီး တလေးတစား ကူညီစောင့်ရှောက်ကြပါတယ်။ 

ဖွံ့ဖြိုးပြီး ဖွံ့ဖြိုးဆဲ နိုင်ငံခြားတိုင်းပြည်တွေမှာ တုတ်တချောင်းနဲ့ တထောက်ထောက်စမ်းရင်း လမ်းလျှောက်နေကြတဲ့ မျက်မမြင်တွေကို ကိုယ်တိုင် (သို့) ရုပ်ရှင်၊ ရုပ်မြင်သံကြားပေါ်မှာ တွေ့မြင်ဖူးကြပါလိမ့်မယ်။ တချို့ မျက်မမြင်တွေကျတော့ အသေအချာ လေ့ကျင့်ပေးထားတဲ့ ခွေးတွေကို အဖော်ပြုပြီး ခရီးသွားလာတတ်ကြပါတယ်။

ဘီးတပ်ကုလားထိုင်မှာ ထိုင်ရင်း ရုံးသွား၊ ကျောင်းသွားကြတာကတော့ မဆန်းသလိုတောင် ဖြစ်နေကြမှာပါ။ ကိုယ်လက်အင်္ဂါ တခုခုမှာ ချွတ်ယွင်းပေမယ့်လည်း အားကစား၊ ဂီတ၊ စာပေ၊ ပန်းဆယ်မျိုး အတတ်တွေမှာ ကျွမ်းကျင်သူတွေ ရှိကြပါတယ်။ ပြောစတမ်းဆိုရင် ပြောလို့တောင် မကုန်ပါဘူး။ သန်စွမ်းသူတွေ လုပ်နိုင်သမျှကိစ္စ အားလုံးနီးပါးလောက်ကို မသန်စွမ်းသူတွေ လုပ်နိုင်အောင် လမ်းဖွင့် ကူညီပေးတာဟာ တကယ်တော့ လူသားအချင်းချင်း လေးစားမှုကို အခြေခံထားနိုင်လို့ ဖြစ်ပါတယ်။ 


တိုင်းပြည်အတွက်ရော၊ သက်ဆိုင်ရာ မိသားစုတွေအတွက်ရော တဖက်တလမ်းကနေ ဝန်ထုပ်ဝန်ပိုး တခုကို လျှော့ချပေးနိုင်တာလည်း ဖြစ်ပါတယ်။

ဒီလိုမျိုး လုပ်နိုင်ကြတာတွေဟာ တကယ်တော့ နိုင်ငံရဲ့ စနစ်နဲ့ အစီအမံတွေမှာ စာနာစိတ်နဲ့ ကူညီပေးတာကသာ အဓိက ဖြစ်ပါတယ်။ တိုင်းပြည် ချမ်းသာတာ၊ မချမ်းသာတာက အဓိက မဟုတ်ပါဘူး။

မြန်မာနိုင်ငံက ကမ္ဘာကို ရင်ဘောင်တန်းနိုင်အောင် အဖက်ဖက်ကနေ ပြုပြင်ပြောင်းလဲပြီး ကြိုးပမ်းလာနေပါပြီ။ ဒီအထဲမှာ မသန်စွမ်းသူတွေရဲ့ ဘဝမြှင့်တင်ရေးကိုလည်း မမေ့မလျော့ဘဲ စာနာစိတ်နဲ့ ကြိုးပမ်းပေးကြဖို့ ကျနော်တို့ သန်စွမ်းသူတိုင်းမှာ တာဝန်ရှိတယ်လို ဆိုပါရစေလားဗျာ။

လွင်အောင်စိုး
၁ဝ-၉-၂ဝ၁၂


..................................................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...