ကွတ်ကီ ပြုလုပ် ထုတ်ပိုး တည်ခင်းခြင်း
by မိုးကြာညို မိုး on Tuesday, September 11, 2012 at 7:29am
ကျွန်မက ကွတ်ကီလေးတွေသိပ်ကြိုက်တဲ့သူပါ… နေ့လည်နေခင်းဖြစ်စေ ညအိပ်မပျော်တဲ့အချိန်မှာဖြစ်စေ ကော်ဖီတစ်ခွက်နဲ့ ကွတ်ကီတွဲဖက် စားရတာကိုနှစ်သက်ပါတယ်… ကွတ်ကီထုတ်လေးတွေဝယ်လာတယ်.. တချို့ကွတ်ကီလေးတွေကလှတယ် စားကောင်းတယ် ထုပ်ပိုးထားပုံလေးတွေကလဲ ဆွဲဆောင်မှုရှိတယ်.. တချို့ကျတော့ စားကောင်းတယ် မလှဘူး ထုပ်ပိုးတာ မသေသပ်ဘူး…
တချို့ကျတော့ ထုပ်ပိုးထားတာ သိပ်လှလို့ဝယ်လာမိတယ် စားမကောင်းလို့ လွှင့်ပစ်လိုက် ရတာမျိုးလဲရှိတယ်လေ. ကွတ်ကီကတော့ ဈေးကွက်ထဲမှာအမျိုးမျိုးအစားစားရှိနေပါတယ်… ကွတ်ကီဖုတ်တဲ့နည်းကို လက်တွေ့တော့မလုပ်ဖူးပါဘူး… စာထဲမှာတော့ဖတ်ဖူးတာပေါ့နော်.. ဘယ်လိုလုပ် ရမလဲ အကြမ်းဖျင်းလေးပြောပြချင်တယ်…
ဘာလို့လဲဆိုတော့ ကွတ်ကီဖုတ်နည်း ဆောင်းပါး မဟုတ်လို့ အကြမ်းဖျင်းလေးပဲပေါ့..
အရင်ဆုံးပါဝင်ပစ္စည်းတွေစုဆောင်းရပါတယ်.. ဂျုံမှုန့်၊ ကြက်ဥ၊ ထောပတ်၊ အရောင် အနံ့၊ သကြား၊ စားဆော်ဒါ နည်းနည်း စတာတွေပေါ့.. ကွတ်ကီပုံဖော်မယ့်ခွက်ကလေးတွေ၊ မုန့်ဖုတ်မီးဖိုလဲ ရှိရမယ်လေ… ပါဝင်ပစ္စည်းတွေသန့်ရှင်းမှုလုပ်ရတာ အရည်အသွေးပြည့်မှီအောင်ရွေးချယ်တာတွေ မပြောတော့ဘူး… ပါဝင်ပစ္စည်းတွေကိုရောပြီးသမမျှတအောင် အရင်လုပ်မယ်… ပြီးရင် အရောင်အနံ့တွေထည့်သွင်းမယ်.. အားလုံးအသားကျသွားအောင် အချိန်တစ်ခုကိုစောင့်ဆိုင်းရမယ်..... ပုံဖော်ပြီးရင်တော့ အချိန်အတိုင်းအတာတခုနဲ့ ဖုတ်ရတော့မှာပေါ့ ...(ကွတ်ကီဖုတ်တတ်တဲ့သူတစ်ယောက် ဖတ်ရင်တော့ရယ်မှာပဲ... မရယ်နဲ့နော်) …. ကဲ ပြီးသွားပြီ…အအေးခံ မြည်းကြည့်....စားကောင်းရင် သေသေသပ်သပ်လှလှပပ လေးထုပ်ပိုးမယ်..လက်ဆောင်ပေးချင်လဲ ပေးပေါ့.
ဈေးကွက်တင်ချင်လဲတင်မှာပေါ့… အဲလောက်လွယ်လား လွယ်ဘူးနော်… တကယ်လုပ်ကြည့်ရင် ပေါက်ကရတွေဖြစ်ကုန်မှာသေချာတယ်…
ဘာတွေကိုဘယ်လိုအချိုးအဆနဲ့ထည့်ရမလဲ? ဘယ်လောက်အချိန်အတိုင်းအတာလဲ စတာတွေမှမပါတာကိုးးး နော့
လိုရင်းကခုမှရောက်ပါပြီ…မနှစ်တုန်းက မောင်လေးတစ်ယောက် အဝေးသင်တက်ပြီးလေနေတဲ့အကြောင်း သူ့အဖေ ကျွန်မဦးလေးက ပြောလာတယ်..အဲဒါနဲ့ မောင်လေးကိုအိမ်ခေါ်ပြီး စကားပြောကြည့်တယ် မင်းအလုပ်လုပ်ချင်လား ဆိုတော့
လုပ်ချင်ပါတယ်တဲ့.. ဒါပေမယ့် သားအလုပ်ရှာရတာ ဘွဲ့မရတော့… ရတဲ့အလုပ်ကျတော့ လခနည်းတော့…..တော့…..တော့………တော့….စတဲ့ အချက်အလက်ပေါင်းများစွာနဲ့ စောဒကတက်ပါတယ်….
ကဲဟုတ်ပြီ ဒါဆိုသား CV ကိုမမကြည့်ချင်တယ်.. ပြင်စရာရှိတာပြင်ပေးမယ်.. တခါတလေ CV မပြည့်စုံတာကြောင့်လဲ အလုပ်ရဖို့ခက်တာရှိတာကိုး…. သကောင့်သားက ဘာပြောတယ်မှတ်လဲ..
မမပြင်ပေးပြီး ယူထားလိုက်တော့လေ… သင့်တော်တာရှိရင်ထည့်ပေးလိုက် ပေါ့.......တဲ့…
ကျွန်မနည်းနည်းကြောင်သွားတယ်..
ဒါနဲ့ ထည့်ပေးတယ်ပြောရအောင် မမကဘာမှ မဟုတ်ဘူးလေ.. မင်းလုပ်လို့ရလောက်မယ့် နေရာတွေ့ရင် မမပြောမယ် မင်းဘာသာမင်းသွားတင်.. အင်တာဗျုးဖြေမယ်ရမယ်ဆိုလဲပြော… မမ..သိသလောက် မေးတတ်တာတွေ ဖြေရမှာတွေ ပြောပြပေးမယ် ပြောလိုက်တယ်….
ပိုဆိုးတော့တာပဲ …
မမကလဲ မသေချာဘဲနဲ့ သွားမလျှောက်ချင်ပါဘူး… အလုပ်ခန့် မယ့်သူကိုမမပြောပေး….ခန့်မှာသေချာတော့မှ လျှောက်လွှာတင်တာ တို့ အင်တာဗျုးဖြေတာ တို့လုပ်တော့မယ်တဲ့…..
အရမ်းလဲအံ့သြသွားတယ်… ထရိုက်ချင်စိတ်လဲပေါက်သွား တယ်…
အဲလောက် လွယ်နေရင် မင်းအလုပ်ရတာကြာနေရောပေါ့ကွာ..လူတိုင်းဒီလိုချည်းပဲ ခြေတိုအောင် လျှောက်လွှာတွေ လိုက်တင်… အင်တာဗျုးတွေလျှာထွက်အောင်ဖြေပြီးမှ စိတ်တိုင်းကျသင့်တော်တဲ့ အလုပ် တခုကိုရတာ… အဲဒါတွေမကျော်ချင်ဘဲနဲ့ အလုပ်တန်းခန့်ရအောင် မင်းက ကုပ္မဏီပိုင်ရှင်သားမှ မဟုတ်တာ လို့ပြော လိုက်တယ်..
စကားဝိုင်းကမရပ်သေးပါဘူး… ကောင်လေးကထပ်ရှည်ပြန်တယ်…
မမတုန်းကတော့ ၃ခုလျှောက်တာ ၂ခုကအလုပ်ခန့်တယ်လေ…မမကြိုက်တာရွေးပြီးလုပ်ခဲ့တာမဟုတ်ဘူးလားတဲ့…
အဲဒီမှာ ကွတ်ကီပြုလုပ်ပုံလေးနဲ့နှိုင်းယှဉ်ပြီးဒီလိုရှင်းပြခဲ့လိုက်တယ်..သူနားလည်လားမလည်လားတော့မသိဘူး..
ခုတော့ အလုပ်တခုမှာမြဲနေတယ်….
အလုပ်အကိုင်တခုရရှိဖို့ လိုအပ်တဲ့ အလုပ်နဲ့သက်ဆိုင်တဲ့ ဆက်စပ် ပညာရပ်တွေ အကုန်မဟုတ်တောင် တတ်နိုင်သလောက် လေ့လာထားရပါမယ်…အလုပ်ရှာတာလဲဒီလိုပဲ..... သင့်တော်ရဲ့လား ကိုယ်လုပ် နိုင်ရဲ့လား..
ကွတ်ကီးဖုတ်ဖို့ ဂျုံမှုန့်တွေကြက်ဥတွေ စုဆောင်းသလို သန့်ရှင်းတဲ့ ပါဝင်မှုတွေဖြစ်ဖို့ စီစဉ်ရသလိုပါပဲ.. ပြီးတော့ ကွတ်ကီဖုတ်ရာမှာပါဝင်ပစ္စည်း တွေရောနှောတဲ့အခါမှာ အင်နဲ့အားနဲ့ လုပ်ရပါတယ်.. ဇလုံတလုံးထဲ ပစ်ထည့် လိုက်ရုံနဲ့ပြီးသွားတာ မဟုတ်ပါဘူး…နှံ့စပ်အောင် အသားကျအောင် အင်အားနဲ့ နှဲ ရပါတယ်… အဲလိုပါပဲအလုပ်တစ်ခု အတွက်လိုအပ်တဲ့အရည်အချင်းတွေကို…….ကျွမ်းကျင်အောင်..အသားသေအောင်အင်တိုက်အားတိုက် လုပ်ဆောင်ရတာပါ….နာကျင်ရပါတယ်…ခံစားရပါတယ်…အောက်ကျခံရပါတယ်…ကိုယ့်မှာ မပြည့်စုံသေး သရွေ့လေ….
ကဲ..မီးဖိုထဲထည့်တော့မယ်..ပိုဆိုးလာပြီ…ပူလောင်ရတော့မှာကိုး…အပူမခံဘဲနဲ့တော့ကွတ်ကီ တခုဖြစ်လာမှာမဟုတ်လေဘူး….အလုပ်တခုရဖို့ဆို အဲဒီပူလောင်တဲ့ အဆင့်ကိုလဲ ကျော်ဖြတ်ရမှာပါ… လျှောက်တဲ့အလုပ်တွေကငြင်းခံရမယ်… လျှောက်လွှာဖိုးတွေကုန်မယ်..
ခြေတိုအောင်လျှောက်ရမယ်.. စိတ်ဓါတ်တွေကျလာမယ်…ဖြစ်လာမှာပါပဲ…သူဌေးသားကလွဲလို့ပေါ့..
အဲဒီမှာလဲ ခံနိုင်ရည်ရှိဖို့အရေးကြီး ပါတယ်… အပူလောင်တာကိုခံနိုင်ရည်မရှိရင်တော့ ပြည့်စုံကောင်းမွန်တဲ့
ကွတ်ကီမဖြစ်လာဘူးလေ… ကွတ်ကီတစ်ခုတော့ဖြစ်လာပါပြီ…....
စားချင်စဖွယ်ဖြစ်အောင် ဆွဲဆောင်မှုရှိအောင် ထုပ်ပိုးရပါဦးမယ်…
ကိုယ့်ရဲ့ ကိုယ်ရေးရာဇ၀င် (CV) မှာလှပအောင် အလုပ်ခန့်ချင်လာအောင် မုသာမပါဘဲ… ပြင်ဆင်ရပါမယ်.. တကယ်အရသာကောင်းရဲ့သားနဲ့ ထုပ်ပိုးမှုညံ့ဖျင်းရင်လဲ ရောင်းပန်းလှမှာမဟုတ်ဘူး… ထုပ်ပိုးမှုလှပပြီး အရသာမကောင်းရင်တော့ လွှင့်ပစ်ခံရမှာ ကျိန်းသေသလောက်ရှိပါတယ်…. ထုတ်ပိုးပုံနဲ့တူတဲ့ CV, cover letter ကောင်းကောင်း ခန့်ခန့်လေးတွေလဲ ရေးတတ်ဖို့လိုအပ်သေးတယ်နော်… CV တစ်ခုက စာမျက်နှာ ၃-၄ မျက်နှာဖြစ်နေရင် သိပ်စိတ်ဝင်စားစရာ မကောင်းပါဘူး… ရှင်းရှင်းလင်းလင်းဖြစ်ဖို့ရယ်.. ကိုယ်လျှောက်မယ့်အလုပ်နဲ့ သက်ဆိုင်တာတွေ ပဲဖော်ပြဖို့ရယ်..စာလုံးပေါင်းမှန်ဖို့ရယ်ကိုတော့ အထူးဂရု စိုက်ရပါမယ်… ပညာရပ်ဆိုင်ရာကျွမ်းကျင်မှု၊ လုပ်ဖူးတဲ့အလုပ်အတွေ့အကြုံ၊ အထက်တန်းနောက်ပိုင်း ပညာ ရေးမှတ်တမ်း၊ တက်ရောက်ဖူးတဲ့ သင်တန်းတွေ၊ ဘာသာစကားကျွမ်းကျင်မှု၊ ကိုယ်ဒီအလုပ်ကိုစတင် ၀င်နိုင်မယ့်အချိန် (ကိုယ့်ဘက်ကအဆင်သင့်ဖြစ်မယ့်အချိန်) စတာတွေပါဝင်ဖို့လိုအပ်ပါတယ်…
မျှော်မှန်းလစာ ဆိုတာလေးကတော့ အလုပ်လျှောက်တိုင်း ၁၀ ခုမှာ ၈ ခုလောက်ကဖြည့်စွက်ခိုင်း တတ်ပါတယ်…. ဒါမှမဟုတ်လဲ အင်တာဗျူးမှာ မေးလေ့ရှိပါတယ်… ဒါပေမဲ့ ကိုယ်မျှော်မှန်းသလောက် ပေးမှာမို့လို့လားလို့ မေးစရာရှိတယ်… ဟုတ်ပါတယ်… အလုပ်ခေါ်တဲ့ ကုပ္ပဏီ/ လုပ်ငန်းတိုင်းမှာ သူတို့ဘတ်ဂျက်နဲ့ သူတို့ဘာသာ သတ်မှတ်ထားတဲ့ လုပ်ခလစာနှုန်းထားရှိထားပြီးဖြစ်တာမို့… ကုပ္ပဏီရဲ့ နှုန်းထားအတိုင်းပါပဲ.... ကျွန်တော့်ဘက်က သဘောမတူနိုင်ရင်တော့ ပြန်ဆွေးနွေးပါမယ်လို့ ရေးတာ ပြောတာ အကောင်းဆုံးလို့ထင်ပါတယ်…
cover letter or application latter ကတော့ CV ကို မမြင်ရခင် အရင်ဆုံးကိုယ်က ဒီအလုပ်နဲ့သင့်တော်ကြောင်း ဖော်ထုတ်နိုင်တဲ့ စာမျက်နှာပါ… ၁မျက်နှာပဲရှိတာကောင်း ပါတယ်…အဲဒီတစ်မျက်နှာထဲမှာ ကိုယ်လုပ်နိုင်တာတွေ ခေါ်ယူတဲ့ company or organization က လိုချင်တဲ့ အချက်အလက်တွေနဲ့ ကိုက်ညီမှုရှိမရှိ စတာတွေကို အကုန်ဝင်အောင်ရေးနိုင်ဖို့လိုပါတယ်… တိုတိုနဲ့ရှင်းရှင်းလေးလေ......
ကျွန်မမောင်မေးတဲ့မေးခွန်းတစ်ခုကိုဖြေပါတော့မယ်…ကျွန်မအလုပ် ၃ ခုလျှောက်ပြီး ၂ ခုကရွေးချယ်လို့ ကိုယ့်စိတ်ကြိုက်တစ်ခုကိုလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းပါ…လွယ်လှချည်လားလို့မထင်ပါနဲ့ရှင်… အဲဒီအလုပ်တွေမလျှောက်ခင်
ဟိုးးးး ဆယ်တန်းအောင်ပြီးကတည်းက တက်လိုက်ရတဲ့သင်တန်း၊ လုပ်လိုက် ရတဲ့ အချိန်ပိုင်းအလုပ်၊ စေတနာ့ဝန်ထမ်းအလုပ်ရော ကိုယ်လုပ်တာထက်လုပ်ခလျှော့ရတဲ့ အချိန်ပိုင်းအလုပ်တွေ၊ လေ့လာရတဲ့လူမှုဆက်ဆံရေးပညာ၊ ဖတ်လိုက်ရတဲ့ စာအုပ်တွေ၊
တကယ့်ကို အိပ်ချိန်ကလွဲလို့ အချိန်ပြည့် ကျောင်း၊အဝေးသင်ကျောင်း၊ အလုပ်၊သင်တန်းတွေနဲ့ လုံးလည်ချာလည်ရိုက်ခဲ့ရတာ အချိန်ကာလအားဖြင့် ၄နှစ်တိတိပါ… လုပ်နိုင်မယ်ထင်တဲ့ ကိုယ်နဲ့လိုက်ဖက်ကိုက်ညီမယ်ထင်တဲ့ အလုပ်ကို ရွေးနေရတာ ၁နှစ်တိတိပါ… ကျောင်း၊သင်တန်းနဲ့ အလုပ်ကို တပြိုင်တည်း တက်နေလုပ်နေသူမို့.... သင်တန်းနဲ့ ကျောင်းမှာလဲသူများ နည်းတူစာလိုက်နိုင်အောင် ကြိုးစားရပါတယ်.. အလုပ် မှာလဲ ကိုယ်သိချင်တာ ကိုယ်တတ်ချင်တာတွေ သိရတတ်ရဖို့ အောက်ကျို့ခဲ့ရပါတယ်… မုန့်ဖိုးကိုလျှော့ ပြီးလဲ စာအုပ်တွေ စုဆောင်းဖတ်ရှုခဲ့ရပါတယ်…
အရင်းအနှီးအားဖြင့် အချိန် ၅နှစ်ရယ်၊ လူရယ်၊ ငွေကြေး တချို့ရယ် ရင်းနှီးခဲ့ရတာပါ…. ကိုယ်ရည်သွေးခြင်းမဟုတ်ပါ.. ကိုယ်ရည်သွေးရအောင်လဲ အဖြစ်ရှိတာမဟုတ်ပါ....လွယ်လှချည်လားလို့ မအောက်မေ့စေချင်လို့ တင်ပြရုံသက်သက်ပါ…..
ကဲ….ကွတ်ကီလေးလဲရပြီး…ကောင်းကောင်းလေးလဲထုတ်ပိုးပြီးပြီဆိုတော့….
လက်ဆောင်ပေးတာနဲ့တူတဲ့ စေတနာ့ဝန်ထမ်းလုပ်ငန်းတွေမှာလဲ မေတ္တာစေတနာရှေ့ထားပြီး ပြည့်ပြည့်၀၀ကူညီလို့ရနိုင်ပြီ…
ဈေးကွက်တင်တာနဲ့တူတဲ့ အသက် မွေးဝမ်းကြောင်းလုပ်ငန်းမှာလဲ ယုံကြည်စိတ်ချမှုရှိရှိနဲ့ ဈေးကောင်းရနိုင်တော့မှာပေါ့…..
တစ်ခုကျန် ပါသေးတယ် ဘယ်လိုတည်ခင်းမလဲဆိုတာပါ….
ကိုယ့်အရည်အချင်းတွေလုပ်နိုင်စွမ်းအားတွေကို ဘယ်လို နေရာတွေမှာ ဘယ်လိုအကျိုးရှိရှိ (မိမိဘ၀အတွက်၊ ကိုယ့်မိသားစု၊ကိုယ့်ပါတ်ဝန်းကျင်၊ကိုယ့်နိုင်ငံ အတွက်) ဘယ်လိုထိထိရောက်ရောက်စွမ်းဆောင်မလဲဆိုတာ…..
ကိုယ့်ဆုံးဖြတ်ချက်၊ ရွေးချယ်မှု၊ ကိုယ်ပိုင်အမြင်နဲ့ သာသက်ဆိုင်ပါတော့တယ်….
အရေးတကြီးပြောစရာရှိတာကတော့ ကိုယ်လုပ်မယ့်အလုပ်က
ကိုယ့်အတွက်၊ ကိုယ့်မိသားစု အတွက် မှန်ရဲ့လား ၊ မှန်ကန်တဲ့ ရွေးချယ်မှု၊ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်မလား?
ဖြစ်နိုင်ရင်တော့ ကိုယ့်ပါတ်ဝန်းကျင် နဲ့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး အတွက်ပါ ထည့်စဉ်းစားပေးသင့်ပါတယ်............
ပြီးတော့ကွတ်ကီလေးမပုတ်မသိုးခင် အလတ်ဆတ်ဆုံးအချိန်မှာ တည်ခင်း ကျွေးမွေးတာအကောင်းဆုံးဖြစ်သလို နောက်ထပ်နောက်ထပ် ကွတ်ကီတွေလဲဆက်ပြီးဖုတ်နေ ထုပ်ပိုးနေ ပြင်ဆင်နေရဦးမှာပါ…. တခါတည်းရောင်းလိုက်ရုံနဲ့ရပ်သွားလို့မှမဖြစ်တာ……
အရသာအရှိဆုံး ကွတ်ကီ တွေဖုတ် အလှပဆုံးပြင်ဆင် အကောင်းဆုံးတည်ခင်းရင်းနဲ့ ကျွန်မတို့ရဲ့ နေ့စဉ်ဘ၀တွေကို ကြည်နူးစွာ ဖြတ်သန်းကြရအောင်လား…မိတ်ဆွေတို့ရေ…..
(ဒါတွေရေးထားလို့ ဆရာကြီးလား ဆရာလုပ်တာလား ထင်တော်မမူကြပါနဲ့နော်… ကိုယ့်ရဲ့ လက်တွေ့ဘ၀ထဲကကိုယ်ယူခဲ့တဲ့ သင်ခန်းစာ တခုကိုတင်ပြခြင်းသက်သက်သာဖြစ်ပါတယ်)
ချစ်ခြင်းများစွာဖြင့်
မိုးကြာညို
0 comments:
Post a Comment