Monday, September 17, 2012

စည်း


“ ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့် နည်းပါးတဲ့ မိန်းမတစ်ယောက်အတွက် အချစ်ဆိုတာ တိတ်တခိုး မြတ်နိုးမှုတစ်ခုပါပဲ ၊ ရှင်ဟာ ကျွန်မအိပ်မက်တွေထဲမှာတော့ အိပ်မက် နတ်သားလေးပါပဲ.. မောင် “


…………………

သူ့ကို ကျွန်မ သတိထားမိခဲ့တာကြာပါပြီ ။ တစ်ချို့ယောက်ျားလေးတွေ ကျွန်မကိုကြည့်တဲ့ အကြည့်တွေက မြားချက်တွေအလား သိပ်ကိုစူးရှလွန်းပါရဲ့ ။ ဒါပေမယ့်လေ အဲ့ဒီထဲမှာတော့ သူမပါဘူး ။ သူတို့လက်ဖက်ရည်ဆိုင်မှာ အုပ်စုဖွဲ့ စကားကောင်းနေကြတုန်း ကျွန်မလည်း သူတို့နဲ့ တစ်ခုံကျော်စားပွဲလေးမှာ ပေါ့ဆိမ့်တစ်ခွက်ကို အေးအေးလူလူ ခံစား သောက်သုံးလို့ ကျွန်မ ဘ၀က တစ်ခါလေ ပေါ့ပျက်ပျက်နိုင်တယ်လို့ ခံစားရတယ်။ သူ့သူငယ်ချင်းရဲ့ မကြားတကြား စကားလက်နက်တွေကို သူက အားနာတဲ့ အကြည့်နဲ့ ကျွန်မကိုကြည့်ပြီး

“တော်ပါတော့ကွာ မိန်းခလေးတစ်ယောက်ကို အဲ့ဒီလောက်ထိ ဝေဖန်ဖို့မသင့်ပါဘူး သူလည်း သူ့အကြောင်းနဲ့ သူတော့ရှိမှာပေါ့ ” တဲ့ ။ ကျွန်မအတွက် ကိစ္စမရှိပါဘူး ဒီလို စကားတွေကြားရဖန် များလာတော့ ဂရုကိုမစိုက်တတ်တော့တာ ဒါကို တစ်ချို့က မျက်နှာပြောင်တိုက်တယ်လို့ ထင်ကြပြန်ကော ရယ်စရာမကောင်းလွန်းဘူးလား ။

သူဟာ သားရဲတွေကြားက သိုးသူငယ်လေးတစ်ကောင်လိုပါပဲ သိပ်ကို ဖြူစင်လွန်းတယ် သူ့မျက်ဝန်းတွေက လူတစ်ဖက်သားကို နှိမ့်ချကြည့်တတ်တဲ့ အကြည့်တွေမရှိဘူး ။ သူ့နှုတ်ခမ်းပါးတွေက မဲ့ပြုံးလည်းမပြုံးတတ်ဘူး ။ နဖူးပေါ် ၀ဲကျနေတဲ့ သူ့ဆံနွယ်တွေက ကပိုကရိုနဲ့ ညာဘက်မျက်ခုံးထောင့်မှာရှိတဲ့ မှဲ့နက်ကလေးက သူ့ရဲ့ ကိုယ်ပိုင်အမှတ်အသားလေးအလား ချစ်စရာကောင်းလွန်းစွာ ။ ကတ္တီပါည§ပ်ဖိနပ်လေး အမြဲစီးတတ်တဲ့ သူ့ရဲ့ ခြေဖမိုးလေးတွေကတော့ မိန်းမတစ်ယောက်တောင် မနာလိုစရာကောင်းအောင် ဖြူသန့်နေတော့တာ ။ ကျွန်မယုံကြည်ပါရဲ့ သူ့ရဲ့ ချစ်သူဖြစ်ခွင့်ရမယ့် မိန်းခလေးကတော့ သိပ်ကို ကံကောင်းမယ်ဆိုတာ ။

ကျွန်မဘ၀ က အမှောင်ဘက်ခြမ်းမှာပါ အလင်းရောင်ထဲ အာရုံပြုလို့ အမှောင်လောကထဲမှာ တ၀ဲလည်လည်နဲ့ ရုန်းမထွက်နိုင်ခဲ့ဘူး ကျွန်မ ရပ်တည်ဖို့ခက်ခဲတယ်လေ။ ဒါတွေက ဆင်ခြေမဟုတ်ပါဘူး ။ သံပတ်ပေးထားတဲ့ အရုပ်တစ်ရုပ်လိုပဲ ကျွန်မက ခံစားချက်တွေကင်းမဲ့တယ် ။ အရှက်တဲ့ … အဲ့ဒီစိတ်ခံစားမှုက ဆယ်ကျော်သက်အရွယ်မှာပဲ ရှိခဲ့ဖူးတာ အခုချိန်မှာတော့ အရှက်တွေ သိက္ခာဆိုတဲ့ ဝေါဟာရ တွေဟာ ကျွန်မအတွက် ရယ်စရာအကောင်းဆုံး ပြက်လုံးတွေပဲ သိပ်ကိုရယ်ဖို့ကောင်းတာပဲရှင် ။

ကျွန်မရဲ့ နန်းတော်လို့ပဲ တင်စားမလား ဒါပေမယ့် ကျွန်မက ဧကရီ မိဖုရားတော့ မဟုတ်ဘူးလေ ။ ဒါဆို ကျွန်မရဲ့ အလုပ်နေရာလို့ပဲ လွယ်လွယ်ဆိုကြပါစို့နော် မကျယ်လွန်း မကျဉ်းလွန်းတဲ့အခန်းငယ်တစ်ခု အခန်းရဲ့ ခြေရင်းမှာ ကျွန်မရဲ့ အသုံးဆောင် ဗီရိုလေးတစ်ခု အခန်းနံရံတွေကိုတော့ အဖြူရောင်ပေမယ့် ဟောင်းနွမ်းလို့ မီးခိုးရောင်တွေလိုလို ကျွန်မအရောင်တွေတောင် ခွဲခြားစိတ်ဖြာလိုစိတ် မရှိတော့ပါဘူး ။ ကုတင်ရဲ့ ခေါင်းရင်းမှာ ခေါင်းအုံးနှစ်လုံး ဒီခေါင်းအုံးစွပ်တွေ အနံ့သက်မရှိဖို့တော့ ဂရုစိုက်ရတယ် တစ်ချို့တွေက ကြီးကျယ်တယ်မှတ်လား ။ ကုတင်ရဲ့ ဘေးမှာ စားပွဲလေးတစ်ခု ပန်းအိုးလေးတစ်လုံး ပန်းအိုးထဲက နှင်းဆီတွေတောင် နွမ်းခြောက်လို့ ဟုတ်ပါရဲ့ ကျွန်မ ပန်းတွေတောင်မလဲဖြစ်တာကြာပြီ ။ အခန်းထဲမှာတော့ ၆၀ ဗို့စ်အား မီးလုံးလေးတစ်လုံးသား ကျွန်မပြောဖူးပါကော ကျွန်မ ဘ၀ က သိပ်လင်းနေဖို့မလိုဘူးလေ ကျွန်မလိုပဲ ကျွန်မဆီလာတဲ့ မိတ်ဆွေတွေကလည်း အလင်းရောင်ကိုနှစ်သက်လိမ့်မယ်လို့ ကျွန်မ မထင်ဘူး ။ အဲ့ဒီမီးလုံးလေးက တစ်ချို့ မနှစ်သက်တဲ့ ဧည့်သည်တွေနဲ့ ဆုံတဲ့အခါမှာတော့ ကျွန်မ က ပန်းရောင်လက်ကိုင် ပ၀ါလေးနဲ့ အလင်းရောင်စူးစူးတွေကို ဖုံးအုပ်ပေးရတယ် ။

ကျိန်ပြောရဲပါရဲ့ ကျွန်မရင်မခုန်တတ်ဘူး ရင်ခုန်တယ်ဆိုတာ မေ့ကို မေ့နေခဲ့တာ ။ ဒါပေမယ့်လေ သူနဲ့ ကျွန်မ ဒီလိုနေရာ မှာ ဒီလိုအခြေနေမျိုးနဲ့ ဆုံတွေ့ရလိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ တွေးထင်မထားခဲ့ဖူးဘူး …. အခုတော့ …

ရှင်ဘာကြောင့် မလှုပ်မယှက် ထိုင်နေတာလဲ ဒီအချိန်နာရီအတွက် ထိုက်သင့်တဲ့ တန်ဖိုးတစ်ခုတော့ ရှင်ပေးဆပ်ရမှာပဲမဟုတ်လား ဒါမှမဟုတ် ကျွန်မကိုများ အားနာလို့လား။ အိုးး…. မဖြစ်နိုင်တာ ကျွန်မအတွေးတွေက ကိုယ့်ကိုယ်ကို အထင်ကြီးသလို ဖြစ်နေမိပြီး) ။

`` ဆောရီးကွာ …. ကိုယ့်စိတ်တွေ ထွေပြားနေလို့ ´´

ကျွန်မ စိုးထိတ်သွားတယ် ရှင့်အသံတွေက အက်ကွဲလွန်းလှကြီလား

``ဟင်အင်း…ကျွန်မအဆင်ပြေပါတယ် ရှင့်အတွက် တစ်ခုခုများ ဆောင်ရွက်ပေးဖို့ လိုသလား ´´

“နိုး နိုး မလိုပါဘူး မင်းအဆင်ပြေမယ်ဆိုရင်သာ ကိုယ်ပြောမယ့် စကားတွေကို ဒီည မင်းနားထောင်ပေးနိုင်မလား ”

“ဘာရယ်…”

ဟဟား ဖြစ်ရလေရှင်ရယ် ကျွန်မ တကယ်ကို အံ့သြမိတယ် ပြီးတော့ သနားလည်း သနားသွားမိတယ် ရှင်ကြေကွဲ ၀မ်းနည်းနေချိန်မှာ ရှင့်စကားတွေ ဂရုတစိုက်နားထောင်ပေးမယ့်သူတွေ အနားမှာ တစ်ယောက်မှမရှိဖူးတဲ့လား ။ ကျွန်မအတွက် အပန်းမကြီးလှပါဘူးလေ အဆင်ပြေပါတယ် ။ ကျွန်မတို့ အဲ့ဒီညက စကားတွေ အများကြီးပြောဖြစ်ခဲ့ကြတယ် ကျွန်မက နားထောင်ပေးသူ ဒါပေမယ့် တိတ်တခိုး မြတ်နိုးမိသူတစ်ယောက်အတွက် အားပေးစကားလို့ပဲ ဆိုလေမလား ကျွန်မ သူ့ကို အားပေးမိတယ် ။

“ လူဆိုတာ ဘ၀ရဲ့ အခက်ခဲတွေကို တစ်ကွေ့မဟုတ်တစ်ကွေ့တော့ ကြုံကြရမှာပါပဲ ..ဒါတွေက ရှင့်အတွက် အတွေ့ကြုံကောင်းတွေ ဖြစ်လာမှာပါလို့ ကျွန်မတော့ ယူဆတယ် အရှုံးကို လက်ခံပြီး ရှေ့ဆက်လှမ်းပါ မရပ်တန့်လိုက်ပါနဲ့ ရှေ့မဆက်ပဲ အရှုံးကို ခံစားပြီး ရပ်နေမယ်ဆိုရင်တော့ ထပ်ဆင့်အရှုံးတွေ ရှင် ရင်ဆိုင်ရလိမ့်မယ် ၊ ရှင့်ထပ် အခြေနေဆိုးတဲ့သူတွေ လောကကြီးမှာအများကြီးရှိနေတာပဲ ဥပမာ .. အခု ရှင့်ကို အားပေးစကားပြောနေမိတဲ့ ကျွန်မပေါ့ ”

သူက ကျွန်မကို အံ့သြတဲ့အကြည့်တွေနဲ့ကြည့်ပြီး ..

“ မင်းလို မိန်းခလေးမှာ ဒီလိုမျိုးတန်ဖိုးရှိတဲ့ စကားတွေကြားရလိမ့်မယ်လို့ ကိုယ်မထင်ထားမိဘူး ကိုယ်ယူဆထားတာ မင်း ကိုယ့်ကို ဘယ်လောက်ထိ ဆွဲဆောင်နိုင်လိမ့်မလဲဆိုတာပဲ ၊ ဒါနဲ့ မင်း ဒီအလုပ်မှာ ပျော်ရွှင်လား ”

ကျွန်မနဲ့ ရှင်နဲ့ ဆုံရတာ အထူးဆန်းတွေကို ဖြစ်လို့ မေးမှမေးရက်ပါပေ့ရှင် ကျွန်မ နှုတ်ခမ်းတွေက အလိုလို ကွေးညွှန့်သွားတယ်

“ရှင်..ဘယ်လိုထင်လို့လဲ ”

တစ်ချို့မေးခွန်းတွေကို မေးခွန်းနဲ့ပဲ ပြန်ဖြေဖို့လိုတယ်လို့ ကျွန်မတော့ ခံယူထားတယ် သူ့ဆီကူ ဘာမှ ပြန်ဖြေသံမကြားရတော့ပါ။ ကျွန်မ လက်ကနာရီကလေးကို ငုံ့ကြည့်လိုက်တယ် ပြီးတော့

“အချိန်စေ့ပြီ ထင်တယ် ရှင်ပြန်ဖို့သင့်ပြီ ”

ကျွန်မတို့ ဆုံစည်းမှုကို အဆုံးသတ်ဖို့ ကျွန်မကပဲ စတင်းလှုပ်ရှားလိုက်ပါတယ် ။ သူကတော့ အိပ်ယာက လန့်နိုးသူတစ်ယောက်လို ။ သူ ကျွန်မအတွက်ငွေစက္ကူတစ်ချို့ပေးတဲ့အခါမှာတော့ ကျွန်မခေါင်းကိုခါးယမ်းပစ်ခဲ့တယ် ။

“ရှင် ကျွန်မ ဆီက ဘာမှမရသွားပဲနဲ့ ရှင့်ဆီက ကျွန်မ ဘာမှမလိုချင်ပါဘူး ”

ကျွန်မက နိမ့်ပါးပေမယ့် အလကားရတာ ဘာမှမလိုချင်ပါဘူး ဒါကပဲ ကျွန်မရဲ့ တစ်ခုတည်းသော ကျန်ရှိနေသေးတဲ့ မာနတန်ဖိုးပါ ။

“မင်းဆီက ဘာမှမရသွားဖူးလို့ ထင်သလား ရှေ့ဆက်လျှောက်လှမ်းဖို့ အခွင့်ရေးတွေရှိနေပါလျှက် နဲ့ စိတ်ပျက်နေမိတဲ့ယောက်ျားတစ်ယောက်ကို မင်းက အားပေးစကားတွေ ပြောခဲ့တာပဲ အဲ့ဒီအတွက် မင်းကို သိပ်ကျေးဇူးတင်ပါတယ် မင်း ကိုယ့်အတွက်ပေးလိုက်ရတဲ့ အချိန်တွေအတွက် ကိုယ် တန်ရာတန်ကြေးတစ်ခုခုများ…. ”

“ကျွန်မ ကိုကျေးဇူးတင်တယ်ဆိုရင် ကျွန်မကိုပေးမယ့် ဒီငွေတွေအစား ရှင်အဆင်ပြေမယ်ဆိုရင်ပေါ့ လှောင်အိမ်ထဲက ငှက်ကလေးတွေကို လွှတ်ပေးတာမျိုးဖြစ်ဖြစ် ၊ လမ်းဘေးမှာ ဒုက္ခရောက်နေကြတဲ့ သက်ကြီးသူတွေ ခလေးတွေဖြစ်ဖြစ် လှူပစ်လိုက်ပါရှင် ပြီးတော့ ရှင်ကော်ဖီခါးခါးတစ်ခွက်လောက်လည်း ၀ယ်သောက်လိုက်ပါ ကျွန်မ ၀ယ်တိုက်တယ်လို့ပဲ သဘောထားလိုက်ပေါ့ ”

ပြီးတော့ သူ့အတွက် ကျွန်မ အခန်းတံခါးဖွင့်ပေးလိုက်တယ် ဒါက ကျွန်မအတွက် ၀န်ဆောင်မှုတွေပဲ သူ အခန်းထဲက ထွက်ခါနီး မင်းဆီကို ကိုယ်လာခဲ့ပါအုံးမယ်တဲ့ ကြိုဆိုလျှက်ပါလို့ ကျွန်မ ရှင့်ကို ဘယ်ပြောလို့ထွက်ပါမလဲရှင် ကျွန်မရှိတဲ့နေရာကို ရှင့်လို ရိုးသား သန့်ရှင်းတဲ့သူတွေ လာဖို့မှမသင့်တာ ပြီးတော့ ရှင်လာတဲ့အခါ ကျွန်မ အားချင်မှလည်း အားမယ် ကျွန်မဘ၀ ကိုက မသေချာခြင်းတွေ များတယ်မဟုတ်လား ။

စည်းတစ်ခုလို့ ဆိုကြပါစို့ ကျွန်မဟာ ဒီစည်းကိုကျော်ပြီး ရှင့်ဆီကို အရောက်လှမ်းလာဖို့ဆိုတာ ဘယ်တော့မှမဖြစ်နိုင်ဘူးလေ ကျွန်မ ကျင်လည်နေရတဲ့ ဘ၀ ထက်တောင် အချစ်ကို လှောင်ပိတ်ထားရတဲ့ အဖြစ်က ပိုပြီး ၀မ်းနည်းကြေကွဲစရာ ကောင်းလှပါရဲ့ ။ ဒါပေမယ့် စည်းတစ်ဖက်ခြားကပဲ ရှင့်ကို တိတ်တဆိတ်လေးပဲ မြတ်နိုးတွယ်တာစွာ ချစ်နေပါရစေတော့ ရှင်ကြေကွဲတဲ့ အခါ ကျွန်မ ဆီကို လာခဲ့ပါအုံး ။


မောင်မျိုး
ရွှေဒေါင်းတောင်မှ ကူးယူဖော်ပြပါတယ် ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...