ကျွန်တော်တို့ မနက်ခင်းများနှင့် ခင်ဗျား.. အသက်ရှူလမ်းကြောင်း
by ရင် နင့် အောင် on Thursday, September 13, 2012 at 7:53pm ·
နှင်းတွေဝေနေတဲ့ မနက်ခင်းလေး တစ်ခုမှာပေါ့။ အသေအချာဆုံးက အဲဒီနေ့က နေမင်းဟာ တစ်နေ့လုံး ပျောက်ကွယ်နေခဲ့လိမ့်မယ်ဆိုတာ ဘယ်သူတစ်ဦးတစ်ယောက်ကမှ သေသေချာချာမသိခဲ့ဘူး။ မနက်ခင်းများစွာဟာ တစ်နေ့တည်းမှာ စုပေါင်းကျရောက်လာခဲ့တယ်။ ပန်းတွေဟာ တေးဂီတတိုင်းမှာ အရှိန်အဟုန်နဲ့ ပွင့်ခဲ့ကြပေါ့။ လေထုဟာ ညစ်ထွေးမှုတစ်ပိုက်နဲ့ တိတ်ဆိတ်နေခဲ့ပြန်တယ်။
“ဘ၀ဆိုတာ မျှော်လင့်ချက်တစ်ခုအတွက်
တန်ရာတန်ကြေးထက် ပိုပေးရတဲ့ ကာလတစ်ခုပါပဲ”
နေကြာပန်းလေးက ညည်းတွားလိုက်တဲ့အချိန်မှာ ကြက်ဖတစ်ကောင်ဟာ သူဖြန့်ထားတဲ့ သူ့အတောင်ကို သူပြန်ရုတ်သိမ်းလိုက်ပြီး ခေါင်းငိုက်စိုက်ကျသွားခဲ့တယ်။ ဘယ်မှာလဲ လမ်း..။ ဘယ်မှာလဲ ပန်းတိုင်..။ မရေရာမှုတွေက အစုလိုက် ဝေေ၀ဆာဆာနဲ့ ကြွေကျခဲ့ကြတယ်။
“ငါက မိုးလင်းပေးပါတယ်ကွာ …
နှင်းတွေက ငါ့ကို ကွယ်ထားကြလို့ပါ”
“မဖြစ်နိုင်ဘူး … ကျုပ်တို့နှင်းတွေက ရာသီအလိုက်
လောကကို ရောက်လာကြတာ .. ခင်ဗျားကို ကျုပ်တို့ မကွယ်ထားဘူး”
အယူအဆတွေဟာ ရေခဲတုန်းတွေလိုပါပဲ။ တဖြည်းဖြည်းချင်း ဖြစ်တည်မှု ဂုဏ်ဒြပ်တွေဟာ ပြောင်းလဲနေကြတာပဲ။ အစုံအဆန်မရှိတဲ့ ရေသေအိုင်တွေထက် လေကိုဆန်ချင်တဲ့ ငှက်တွေက နွေရာသီတွေကို တောင့်တနေကြမလား။ အဖြေတွေက ငွေ့ရည်ဖွဲ့ပြီး မိုးရွာလိုက်တော့ ပညာမတတ် ကလေးလေးတစ်ယောက်က သူထမ်းထားတာ ဈေးဗန်းမဟုတ်ဘဲ မျက်ရည်အထုတ်ကြီး တစ်ထုတ်ဖြစ်နေတာ တွေဝေနေခဲ့တယ်။
“လိပ်ပြာတွေမှာသာ ခြေရာထင်နိုင်ရင်
ပန်းတွေဟာ လှနိုင်ကြပါ့မလား”
ဥယျာဉ်မှူးကြီးတစ်ယောက်က သူ့မေးစေ့ကို ပွပ်ပြီး စဉ်းစားနေတဲ့ အချိန်မှာ သစ်တောထဲက သစ်ပင်အချို့ကို လူတွေက ခုတ်ထစ်လှဲချပစ်ခဲ့ပေါ့။ လောကဟာ ပွင့်ချပ်တွေနဲ့ တည်ဆောက်မိခဲ့သလား။ ထိခိုက်ပွန်းပဲ့ဖို့ သိပ်လွယ်နေခဲ့တဲ့ ရာသီရယ်.. အချိန်ရယ်..။ လူတန်းစေ့ ရူးသွပ်ကြဖို့ သတင်းစာတွေ ပြန်ဖတ်ရင်း သက်သေအခိုင်အလုံနဲ့ ရေမြောင်းတွေက ထည်လဲ စီးဆင်းကြတယ်။ လွယ်အိတ်တွေထဲက စာရွက်စာတမ်းတွေက ရုံးတော်က ပြန်လာဖို့ အားထုတ်ကြတယ်။
“ကုန်ပြန်ပြီ … တစ်လိပ် ..
မင်းအိပ်မက်တွေကို ဒီလိုပဲ မီးညှိ ရှိုက်ဖွာနေတော့မှာလား”
သူငယ်ချင်းက ပြောတော့ နောက်ဆုံးအိပ်မက်ကို မီးငြိမ်းရကောင်းနိုးနိုး ဆက်ဖွာရကောင်းနိုးနိုးနဲ့ တွေဝေနေမိတယ်။
“တကယ်တော့ ငါဖွာတာ အိပ်မက် မဟုတ်ဘူးကွ
အိပ်မက်ထဲမှာ လိပ်ထားတဲ့ ငါ့အတ္တတွေကို ငါဖွာတာ ရှူရှိုက်တာ
အိပ်မက်ဆိုတာ အပြင်က ပတ်ထားတဲ့ စာရွက်တစ်ရွက်ပါပဲ”
စကားလုံးတွေကို ကြိုးတစ်ကြိုးနဲ့ ချည်နှောင်ပြီး အနောက်တောင်ထောင့်က လေအားကိုးနဲ့ ကျွန်တော် လေတံခွန်လွှတ်ဖူးတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ စကားလုံးဘယ်လောက် ကောင်းကောင်း၊ သူ့ကို လွှတ်တင်လိုက်တဲ့ စိတ်ရင်းဆိုတဲ့ ကြိုးကသာ ခိုင်မာဖို့လိုတာ။
“အခြေအနေအရ ဖြစ်တည်မှုတွေပါကွာ
မင်းတို့ပြောပြောနေကျ လောကဓံဆိုတာ
ငါနဲ့ ဘာမှ မဆိုင်ဘူး”
ပြောပြီး ထပြန်သွားတဲ့ လောကဓံကြီးရဲ့ နောက်ကျောက သိပ်တော့ လုံမယ်မထင်ဘူး။ ခြေရာများ.. ခြေရာများကသာ ကျွန်တော်တို့ကို လိုက်လံ ခြိမ်းခြောက်နေခဲ့ကြသလား။ မခိုင်လုံတော့တဲ့အခါ မိုးမလုံတဲ့ ခေါင်မိုးများကို အပြစ်နေလိုက်ကြတယ်။ အိမ်တိုင်း အိမ်တိုင်းသာ ညစာစားပွဲဖြစ်ခဲ့ကြရင် အမြဲတမ်း ညတာတွေ တိုနေခဲ့ကြမယ်။ မရှင်းမသန့် စိတ်ကူးတွေနဲ့ ဒုက္ခကို လက်ဆွဲ နှုတ်ဆက်ဖို့ ဖြစ်တည်လာတဲ့ သံသရာဟာ တိုးတိတ်ညင်သာစွာ မသိသာမှုနဲ့ ရှည်ရှည်လာတယ်။
“လေပြေလေးက စတည်ခဲ့မှုပါပဲ”
မရိုးသားမှုတွေနဲ့ အနာဂတ်ကို အနာကပ်ပလာစတာ တစ်ချို့နဲ့ ဒဏ်ရာဖြစ်ကြောင်း အလံထူလိုက်ကြတယ်။ စစ်တွေ တိုက်ကြတဲ့ အတ္တတွေကြားမှာ ထမင်းငတ်တဲ့ ဒုက္ခဟာ တန်းမ၀င်ခဲ့ကြဘူး။ အတူတကွဆိုတဲ့ စကားလုံးကို သုံးရင်း တစ်သီး ပုဂ္ဂလတွေ သောင်ထွန်းလာကြတယ်။
“မင်းသောက်တဲ့ ရေဟာ မသန့်ဘူး”
“ဟုတ်တယ် .. ကျွန်တော် သောက်နေတာက ရေက သပ်သပ်
သန့်တယ်ဆိုတာက သပ်သပ်ပဲ
ရေကို သန့်အောင် သောက်နေတာမှ မဟုတ်ဘဲ”
မီးခိုးတွေကို ဖျော်ထားတဲ့ ဖျော်ရည်တွေက ရင်ဘတ်ထဲက အန်ကျလာတယ်။ လက်ဖက်ရည်ဆိုင်ဆိုတာ အချိန်ကို ၀ါးစားတတ်တဲ့ မြို့ပျက်တစ်ခုပဲ။ ၀တ်နေကျ အ၀တ်အစားတွေက အချဉ်ပေါက်လာတဲ့ မတိုက်ဆိုင်မှုတွေပါပဲ။ ခက်ခက်ခဲခဲ လွယ်ကူကြည့်တယ်။ မလွယ်ကူမှုတွေကြားက လူကို လူလို့ မြင်ရတာ ရိုးအီလာတယ်။
“ငါတို့ ဘာဆက်လုပ်ကြမလဲ”
“ဒီနေ့က စပြီး တဖြည်းဖြည်း သေဆုံးဖို့ပဲ ရှိတော့တာပဲ”
မသေချာကြဘူး။ သေချာဖူးတာတွေလည်း မသေချာကြဘူး။ အငွေ့တထောင်းထောင်း တောက်လောင်နေတဲ့ နှင်းတွေက ဆောင်းရာသီဆန်မှုကို ဖေါက်ပြန်ပြီး လမ်းသလားနေကြပြီ။ ဘယ်မှာလဲ အဖြေ။ ဘယ်သူကမှ လက်မဖြန့်ကားတော့ဘဲ ခါးသီးမှုကို မြိုချလိုက်ကြတယ်။ ခေတ်တစ်ခေတ်တိုင်းမှာ နေတစ်စင်းစီ ထွန်းလင်းရမှာလား။ မေးခွန်းတွေ တစ်ထပ်ကြီးနဲ့ စာမေးပွဲက ခေတ်ကို တစ်နေ့ပြီး တစ်နေ့ မွေးဖွားနေတယ်။ မရှင်းလင်းမှုဟာ ကြာလေလေ လောကကို သေသပ်လှပလာစေသလားပဲ။
“မင်းမပြောဖြစ်တဲ့ စကားလုံးကို
ငါပြောပြမယ် သူငယ်ချင်း
မင်းဟာ လေလာရာအရပ်ကို ဆန့်ကျင်ထားတဲ့
တန်ပြန်တိုက်ခတ်မှု စစ်ပွဲတစ်ပွဲပဲ”
ပြောပြီး ငြိမ်ကျသွားတဲ့ ခဲတံတစ်ချောင်းက သူ့ကိုယ်သူ ချွန်ရင်း ကျိုးကျသွားတယ်။ မနက်ခင်းဆိုတာ မနေ့က အဖြစ်အပျက်တွေရဲ့ တရားခံတစ်ဦးပါပဲ။ အစိမ်းရောင်လမ်းတွေက ခဏတိုင်း ခရီးမတွင်မှုကို ထောက်ခံခဲ့ကြတယ်။ မထီမဲ့မြင်ခြင်းဟာ အဂတိတရားရဲ့ အဖေါ်မွန်တွေ မဟုတ်ခဲ့ရင်။ သံသယဟာ သံသရာရှည်စေခြင်း အကြောင်းတရား မဟုတ်ခဲ့ရင်။
“မင်းတစ်ယောက်တည်း ခိုင်လုံနေတာပဲ
ငါတို့ ပယောဂမှ မပါဘဲ”
“မူးတာက ခင်ဗျားတို့ကြောင့်
မူးစေအောင် လှုံ့ဆော်တာက ကျုပ်တို့ကြောင့်”
မသေချာကြဘူး။ လောကဟာ ကြက်ဥအစ ရှာရင်း ထမင်းဆီစမ်းတွေကို ပြန်လွမ်းနေရတဲ့ ဆီပူအိုးကြီးတစ်ခုပါပဲ။ ကလေးဆန်မှုတွေဟာ တရွရွှနဲ့။
“ခပ်သိမ်းသော မျှော်လင့်ချက်တွေဟာ
ခပ်ပြီး သိမ်း သွားခဲ့တယ် ရင်ခပ်ပန်း”
ကဗျာဆရာက သူ့ရင်ဘတ်ကို သူကိုယ်တိုင် မရှင်းလင်းနိုင်ဘဲ အလင်းကို ဖူးပွင့်စေဖို့ စိုက်ပျိုးလိုက်တယ်။ ဘယ်မှာလဲ။ ပန်း။ ဘယ်မှာလဲ။ လမ်း။ ပန်းတိုင်တွေဟာ မနက်ခင်းတွေကို ကျီစယ်သမှု ပြုလို့။ နှင်းတွေကလည်း ပန်းတွေကြားမှာ မှုန်ပြာရီဝေမှိုင်းလို့။
“မင်းမျှော်လင့်နေကျ မနက်ခင်းဆိုတာ
ငါတို့ ၀င်ရိုးစွန်းမှာ အိပ်မက်တွေကို ရောင်းစားခဲ့တာ ကြာပါပြီ”
ကျွန်တော်တို့ အားလုံး ရူးသွပ်ခဲ့ကြတယ်။ ဖြေရှင်းချက်တိုင်းဟာ ရွာရန် ရာနှူန်းပြည့်ပါပဲ။ အဘယ်အတွက်ကြောင့် ဘ၀တွေ တွန့်ခေါက်ခဲ့ကြသလဲ။
“မင်းဖြေရှင်းဖို့ အားထုတ်နေတဲ့ ပြဿနာဟာ
ပေါက်နေကျ တောကို တစ်လုံးတစ်ဘာသာ ခုတ်ထွင်ရှင်းလင်းခြင်းပါပဲ”
မသေချာကြပြန်ဘူး။ လောကနဲ့ အတ္တဟာ အမှတ်တူ အောင်လာတဲ့ ပညာရှင်ဝင်တန်းတွေပဲ။ ဘယ်လိုရှင်းကြမလဲ။ မနက်ခင်းက သူ့ဘာသာအားထုတ်ပြီး မိုးလင်းနေကြတာပဲ။ နေမင်းဟာလည်း သူ့အလုပ်သူ ပြန်တန်းဝင် ပင်စင်မရှိဘဲ ထထ လာနေတာပဲ။ အဘယ် ငွေရေးကြေးရေးနဲ့ တိုင်းတာလို့ ပလာစတာ ကပ်ကြမှာလဲ။ ဒဏ်ရာတွေက တစ်လွှာပြီး တစ်လွှာနဲ့ ပျော်ရွှင်မှုကို ပေးတယ်။ အတောင်တွေ ပြန်ရုတ်သိမ်းထားတဲ့ ကြက်ဖက ပြန်လည် ဖြန့်ကားလို့ မနက်ခင်းကို ဖွင့်လှစ်လိုက်တယ်။
မနက်လင်းပြီ။
ငါတို့တွေရဲ့ သေခြင်းတရားဟာ ပြုံးပျော်မှုမဲ့စွာ။
ငါတို့လှစ်ဟနေကျ အတ္တနဲ့ တမ်းတမှုများဟာ ရွှင်ပြခြင်းကင်းစွာ။
အိပ်တန်းတက်နေကျ ငှက်တွေကလည်း သူတို့ အတောင်တွေ ခိုးဝှက်နေကျ မုန်တိုင်းတွေကို မုန်းစွာ။
အဲဒီနေ့က မိုးက မလင်းဘူး။
ဘယ်နေ့တွေ .. ဘယ်နေ့တွေကမှလည်း မိုးမလင်းခဲ့ကြဘူး။
တစ်ညတာကို ကျော်လွန်လို့ အိပ်မက်တစ်ဖွာစာ စိတ်ကူးယဉ်လို့ အပြီးမှာပေါ့။
ရင်နင့်အောင်
0 comments:
Post a Comment