Thursday, September 20, 2012

မသိမှု အနီ


by ရင် နင့် အောင် on Wednesday, September 19, 2012 at 11:30pm ·

ဘယ်နေ့လဲ မမှတ်မိသောကြောင့် ကျွန်တော်က အဲဒီနေ့ဟု သုံးစွဲမည်။ ဟုတ်ပါသည်။ အဲဒီနေ့က ဖြစ်ပါသည်။ ဘယ်နေ့လဲဟု မမေးရ။ အဲဒီနေ့သာ ဖြစ်လေသည်။ အဲဒီနေ့က မနက်အစောကြီးဖြစ်သည်။ မနက်အစောကြီး၏ နေမင်းသည် နီတာရဲလေ၏။ နီသော နေသည် နေ့၏ အစ၊ ပထမဖြစ်လေသော အဲဒီနေ့တွင် ကျွန်တော်သည် အနီရောင်စောင်ကို ခြေနှင့် ကန်ကာထုတ်၊ အနီရောင် ခြင်ထောင်အတွင်းက ကမန်းကတန်းထလျက် ရှိလေ၏။ သေချာပါ၏။ အဲဒီနေ့။

အဲဒီနေ့။ မနက်ခင်း အိပ်ယာထသောအခါ သောက်နေကျ စီးကရက်ကို သေချာကိုင်ရင်း အနီရောင် မီးခြစ်နှင့် မီးညှိ၏။ မီးစွဲစေအောင် ရှူရှိုက်လိုက်သောအခါ စီးကရက်ထိပ်က မီးက နီနီရဲစွာ လောင်မြိုက်လျက်။ မသေချာသော အဲဒီနေ့။ စီးကရက် ငါးဖွာခန့် ဖွာလေရင်း အနီရောင်အိပ်ခန်းတွင်းက ထွက်ကာ ကျွန်တော့်အတွေးတွေ အနီရောင်တောက်လျက်ရှိလေ၏။

ကျွန်တော်သည် အနီရောင် မီးကို ငြိမ်းသက်၊ အနီရောင် အိပ်ခန်းကို ထားရင်း အနီရောင်အတွေးကို သိမ်းထုပ်ကာ မနီတနီ တွေဝေလျက်။ အနီရောင် ဘုရားစင်ပေါ်က အနီရောင် ဘုရားပန်းအိုးမလဲသေး။ အနီရောင်သွားတိုက်တံကို ကိုင်လျက် ကွမ်းစားထားသော ကျွန်တော့်အနီရောင်သွားများကို ပွတ်တိုက်လိုက်။ သုံးပါးသော လောကတစ်ခွင်တွင် သွားများ ပြောင်ရှင်းပါစေ။ သွားများ ရှင်းသန့်ပါစေ။ သွားများ ခိုင်မာပါစေသတည်း။

အဲဒီနေ့။ အနီရောင်သွားများကို သွားတိုက်ပြီးသောအခါ အနီရောင်လျှာဖျားကို အနီလျှော့စေလိုသော ကျွန်တော့်ဆန္ဒများ တဖွေးဖွေးနီနေပြန်၏။ ၀တ်ထားတဲ့ အနီရောင် စာတန်းပါ အင်္ကျီကို ချွတ်ရင်း အနီရောင်ဖလားဖြင့် ရေတွေကို လောင်း။ ရေချိုးသန့်စင်မှုအလုပ်ဖြင့် မနီသောအသားအရည်တို့ကို ရှင်းသန့်စေသတည်း။
အဲဒီနေ့။ မနေ့က မဟုတ်သော နီမြန်းမှုများနှင့် အဲဒီနေ့။ မနက်ဖြန်အတွက် ကြိုကြိုတင်တင် နီမြန်းနေရသော နေ့။ အနီရောင် ငွေစက္ကူတစ်ချို့ကို ရေတွက်၊ အနီရောင် ပိုက်ဆံအိတ်ထဲကို ပြန်ထည့်။ ငွေစာရင်းတွေကို ထုတ်လိုက်သွင်းလိုက် တွက်ချက်ရသော အဲဒီနေ့။ မတင်မကျ သက်ပြင်းနီတွေ မကြာခဏချရ။ မဆုံးသော လုပ်ငန်းတွေကို အနီရောင်လောဘတွေနှင့် ဘယ်လိုဘယ်ပုံ ထပ်လုပ်ရပါ့။ တွေဝေဆဲ၊ တွေဝေဆဲ၊ ယနေ့မဟုတ်သော အဲဒီနေ့။

ပြတင်းပေါက် အနီရှေ့က အနီရောင် ကန့်လန့်ကာကို ဘေးကပ်လိုက်၏။ လွန်လေပြီးသော နေ့စွဲများ၏ အနီရောင်ဒါဏ်ရာဟောင်းများကို တိတ်တိတ်ဆိတ်ဆိတ်လေး ဘေးကပ်ထားသည်။ အနီရောင် ပြက္ခဒိန်ပေါ်က နီလေခဲ့သော အမှတ်တရများကို ကျွန်တော် ချစ်ခဲ့ဖူး၏။ ခုတော့ နီသောစကားလုံးများနှင့် အနီရောင်ကွင်းစ ကွင်းပိတ်များက လုပ်ငန်းတစ်ခု၏ အရှုံးကို မသေသပ်စွာ နီစေခဲ့လေ၏။ အဲဒီနေ့။ အတွက်အချက်မှားသော စီးပွားရေးလျို့ဝှက်ချက်များနှင့်။ အဲဒီနေ့။

“မေမေရယ် .. မီးပွိုင့်နီတိုင်း ကျွန်တော်ဘာလို့ ရပ်ရတာလဲ”
“သားက မီးပွိုင့်စိမ်းစေချင်လို့လား”
ကျွန်တော့်အဖြေတွေ အနီရောင်ကျဲခဲ့လေသည်။ မသေချာမှုများကြားတွင် မေမေ့မေးခွန်းများသည် နီသွေးသွမ်းခဲ့၏။ မေမေမသိသေးသော ကျွန်တော့် ဘ၀အနီများတွင် မေမေလိုက်မနီနိုင်ကြောင်း ကျွန်တော့်အသိတွေ နာတာရှည်ခဲ့ပြန်သည်။ တကယ်တော့ မီးပွိုင့်နီနှင့် မီးပွိုင့်စိမ်းများသည် အတူတူပင်ဖြစ်ကြောင်း ကျွန်တော် မေ့ထားခဲ့သည်မှာ ကြာပြီ။ မမျှော်လင့်မှုများသည် အထင်လွဲမှုများအတိုင်း စီးဆင်းခဲ့ပါစ။ အဲဒီနေ့။  

မသေချာသော ကျွန်တော်သည် မရေရာသော အနီရောင်သင်္ကေတများကို ပွေ့ပိုက်လျက် မေမေ့ရင်ခွင်ဆီက ထွက်ပြေးခဲ့သည်။ မေမေသည် နီသော မျက်လုံးများဖြင့် ကျွန်တော့်အတွက် အနီရောင်မျက်ရည်များကျခဲ့၏။ လမ်းမနီများက ကျွန်တော့် ခြေဖ၀ါးများကို သွေးတို့ဖြင့် နီကြမ်းစေခဲ့သည်။ ကျွန်တော့် အနီရောင်အမောဆို့မှုများကား ယုံကြည်ချက်များကို တဖြည်းဖြည်းချင်း မီးနီပြခဲ့ကြသည်။ တစ်ခါ တစ်ခါ ကျွန်တော် ဆို့နင့်ခဲ့၏။ တစ်ခါတစ်ခါ ကျွန်တော် သေးသိမ်ခဲ့၏။ ကျွန်တော်သည် တဖြည်းဖြည်း မနီတတ်သော အနီရောင် စိတ်ကွယ်မှုများကြားက အမှိုက်သာသာ ဖြစ်လာလေတော့၏။

“ကိုကို ချစ်တာ ညီမရဲ့ အနီရောင် နှုတ်ခမ်းလေးတွေကိုလေ”
“မောင်ချစ်တာ မရဲ့ အနီရောင် ဆံပင်တွေကိုလား ဟင်”
“မဟုတ်ဘူး”
“မဟုတ်ဘူး”
ကျွန်တော့ ငြင်းဆန်မှုများသည် အနီကို ငြင်းသော အနီရောင်များဖြစ်ကြလေသည်။ နီသော နှုတ်ခမ်းများ တစ်ခုနှင့် တစ်ခု ထိတွေ့ကြလေသည်။ စိတ်တွေသည် နီမြန်းခဲ့၏။ ပါးရောင်တွေသည် နီမြန်းခဲ့၏။ ခန်းခြောက်သွားသော သံယောဇဉ်မြစ်တို့အောက်တွင် အတ္တနီနီများ သောင်ထွန်းခဲ့လေသည်။ ကျွန်တော်ဆိုသည်မှာ ကျွန်တော်မဟုတ်ကြောင်း ခိုင်လုံစေရန် ကျွန်တော်များစွာ ပတ်ပတ်လည် အနီရဲခဲ့၏။ ချစ်သူသည် အနီရောင် နှုတ်ခမ်းကို လှုပ်ခါရမ်းရင်း ကျွန်တော့် မုန်တိုင်းများ နီစွေးခဲ့ပြန်သည်။

မေမေနှင့် ပြန်တွေ့ဖြစ်သော တိမ်တောက်နေသည့် အနီရောင် ညနေတွင်ကား ကျွန်တော့်မျက်လုံးတို့ တဖန်ပြန်လည် နီဖြစ်ခဲ့သည်။
“မေမေ…………သား ………….လေ”
လေထုတို့သည် နီခဲ့၏။ စိတ်ကူးများသည် နီခဲ့၏။ ပန်းပွင့်နီနီများ ကတိုက်ကရိုက် ဖူးပွင့်ကြ၏။ ဘ၀င်မကျမှုများကလည်း အနီရောင်မြန်းရင်း သေဆုံးခဲ့ကြ။ ညနေခင်းသည် အနီရောင်များဖြင့် သေဆုံးခဲ့၏။
“မေမေ
မေမေ့လောက် မချစ်တဲ့ မိန်းမတစ်ယောက်ကို
သားလေ…
မေမေ့ထက် ပိုချစ်ဖြစ်ခဲ့တယ်”
မေမေမငိုခဲ့ဘူး။ သို့သော် မေမေ အတွေးများ တဖြတ်ဖြတ် အနီလူးလို့ ကျဆုံး။ ကျွန်တော် ရူးသွပ်ဆွေးမြေ့ခဲ့ပါသည်။
“မေမေ့သားက မေမေ့သားပါပဲ
မေမေ့သားဟာ ရင်ဘတ်တွေ အနီရောင်ဆွေးမြေ့ခဲ့တဲ့အထိ
မာနတွေ နီနီတောက်နေရမယ်”
မေမေ့စကားတစ်ခွန်းတည်းနှင့် ကျွန်တော်ပြန်လည် နီမြန်းခဲ့ပါသည်။ ချစ်သူ၏ အနီရောင် နှုတ်ခမ်းကို ဆင်မြန်းနေချိန်တွင် မေမေသည် အနီရောင် ဘုရားသခင်ရှေ့ တိတ်ဆိတ်ငြိမ်းချမ်းနေလိမ့်မည်။ ထို.. ထိုသော စကားများဖြင့် ကျန်သောစကားများ အနီရောင် သမ်းစေသည်း။
အဲဒီနေ့။ ကျွန်တော့် အတွေးများ တွန့်ခေါက်ကျဆုံးကြ။ တဒင်္ဂများစွာဖြင့်သာ နီတာရဲခဲ့လေ၏။ စီးကရက်မီးနီနီများကို ဖွာကာ မီးပွိုင့်နီများကို စောင့်စားခဲ့။ ကျွန်တော် မသေချာခဲ့ဘူး။ မသေချာသော အတွေးများဖြင့် ကျွန်တော်သည် မသေချာသူတစ်ယောက် ဖြစ်တည်လို့ လာခဲ့သည်။ အဘယ်သော အရပ်ဒေသတွင် အနီရောင် ကင်းစင်ကြပါသနည်း။ မေးခွန်းများဖြင့် စာမေးပွဲများကို အနီရင့်စေခဲ့သည်။ ကျေးဇူးပြု၍ဟု စကားမဆိုသော မှင်နီများဖြင့် ကျရှုံးမှုနီနီများက အနီကို အနီချင်းထပ်ခဲ့ကြသည်။

“ဘ၀ဆိုတာ အနီရောင် ကာလတစ်ခုပါပဲ
မနီချင်ဘဲ နီခဲ့ရတာ”
အနီရောင် သူငယ်ချင်း၏ နီမြန်းသော စကားများကြား ကျွန်တော် နီလိုက် ပြန်နီလိုက်ဖြင့် ရူးသွပ်ခဲ့ဖူးသည်။
“#0000ff ဆိုတာပဲ ငါသိတယ်”
ကျွန်တော်သည် နည်းပညာ အနီများကြားက မသိတသိ နီလို့နေခဲ့သည်။
“မင်းနီနေကျ သစ္စာတရားနဲ့
ငါတို့ ချစ်ခြင်းတရားဟာ ခိုင်မြဲစွာ နီကြည့်ချင်တယ် ချစ်သူ”

အပြုံးများဖြင့်လည်း နီခဲ့ဖူး၏။ အနီရောင်ခန္ဓာအတွင်းက အနီရောင်သွေးများကို စတေးခဲ့ရင်း လောကကို ကြည့်ခဲ့ဖူးသော ကလေးသူငယ်များ။ ကျွန်တော်သည် နီတာရဲလေ၏။
မတတ်နိုင်၍သာ တစ်ခါတစ်ခါ ကျွန်တော် နီခဲ့လေ၏။ မသိမသာလည်း ကျွန်တော်နီခဲ့လေ၏။ သေချာပိုင်နိုင်စွာလည်း ကျွန်တော် တိတိကျကျနီခဲ့ဖူး။ ရူးသွပ်မှုများဖြင့် ကျွန်တော်တို့ အောက်စီဂျင်နီနီများကို စားသုံးခဲ့ဖူးကြသည်။ ကျွန်တော်နီ၏။ ခင်ဗျား မနီ။ ခင်ဗျားနီ၏။ ကျွန်တော်မနီ။ ထိုသို့သော လွဲချော်မှုများသည်လည်း လောကကို နီတာရဲခဲ့စေလေ၏။
ရဲဗဒေါင်းခတ်သည့် နီမြန်းသော ရာသီဥတုများကြားက ခေတ်သည် အလင်းနီကို ဖွာလန်ကျဲ ရှူရှိုက်ခဲ့ကြသည်။ ကျွန်တော့်စကားလုံးများ အိပ်ဆေးနီနီများကို စားသုံးလိုက်ကြ၏။ ကျွန်တော့်အတွေးများ အနီရောင် အတ္တတို့ကြားက အိပ်မက်ချည်တိုင်များကို တလွင်လွင် စိုက်ထူခဲ့ကြသည်။ ကျွန်တော့်။ ကျွန်တော့်။ မသေချာမှုနှင့် ပိုင်ဆိုင်မှုနီနီများကို အနီရောင် ကွင်းစ ကွင်းပိတ်များ ၀န်းရံထားကြသည်။

ကျွန်တော် မသေချာတော့။
နီမှုဖြင့် အတိပြီးသော အဲဒီနေ့။
ဖြစ်သည်။ မဖြစ်သည်။ ရှိသည်။ မရှိသည်။ ကြမ်းရှသုံး အနီရောင် နှလုံးသားကို ကျွန်တော်တို့ ဖေါက်ထုတ်ပစ်လိုက်သည်။ သွေးလွှတ်ကြော၊ သွေးပြန်ကြောတို့ကို ပြောင်းပြန်စီးဆင်းစေခဲ့သော အဲဒီနေ့။ အတိတ်သမိုင်းတို့ အရိုင်းဆန်ခဲ့ကြ။ မတူညီသော အေးစက်စက် သဘောထားများဖြင့် လူနီနီများ သေဆုံးခဲ့ကြ။ အဲဒီနေ့။ အနီရောင် ပြဿဒါးများနှင့် ရက်ရာဇာကို သတ်လိုက်ကြသော အဲဒီနေ့။ ကိုယ်တိုင်ကိုယ်ကျ နီခြင်း၊ မနီခြင်း။ ကိုယ်တိုင် ကိုယ်ကျ ရွေးချယ်မိကြသော အနီရောင် အနီရောင် စကားလုံးများ။ အဲဒီနေ့။
လက်ဖ၀ါးတစ်ပြင်လုံး သွေးတို့ဖြင့် နီနီရဲခဲ့လေ၏။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...