Thursday, September 6, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၆-၉)


သစ်ထူးလွင်


Posted: 06 Sep 2012 07:05 AM PDT
မြိတ်ရှော့ပင်း စင်တာ အပေါ်ထပ်ရှိ ကစားဝိုင်း တခုကို တွေ့ ရစဉ်
တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့ ရှိ  မြိတ်ရှော့ပင်း စင်တာ အပေါ်ထပ်ရှိ သီးသန့် အခန်းထဲမှာ ကာစီနို လောင်းကစား ၀ိုင်းများဖြင့် စည်ကားနေ ကြောင်းသိရပါတယ်။

အခန်းတံခါးဝမှာ အသက်ဆယ့်ခြောက် နှစ်အောက် မ၀င်ရဟု စာကပ်ထားပေမယ့် အခန်းတွင်းမှာတော့ ကျောင်းသားလူငယ်များ နဲ့ စည်ကားနေပါတယ်။ လောင်းကစားဝိုင်းများ တင်းကြပ်နေချိန်မှာ မြိတ်ရှော့ပင်စင်တာ ပေါ်မှာတော့ ပေါ်ပေါ်ထင်ထင် ဖွင့်ထားဖြစ်ပါတယ်။

နေ့စဉ်နီးပါး လာကစားနေသော အမျိုးသမီးတစ်ဦးအား မေးကြည့်ရာ သူမတွင်စုစုပေါင်း ငွေကျပ်တစ်သိန်းနီးပါး ရှုံးနေပြီဟု Myanmar News Now ကို ပြောပါတယ်။

ကစားရာမှာ ပိုက်ဆံနဲ့  မဟုတ်ပဲ coil ဖြင့်ကစားရပြီး  coil တစ်ပြားကို ငွေကျပ်တစ်ရာဖြင့် ကောင်တာမှာ လဲလှယ်ပေးပါတယ်။ အနိုင်ရရှိသော coil များကိုမူ လုံးဝ လုံးဝ ပြန်မလဲပေးပါဟု အခန်း နံရံတွင် စာကပ်ထားတာလည်း တွေ့ ရပါတယ်။  အကယ်၍ ပြန်လဲချင်လျင် အခန်းတွင်းရှိနေသော ပြင်ပပွဲစားထံတွင် coil တစ်ပြားကို ကိုးဆယ်ကျပ်ဖြင့် ပြန်လဲပေးသည်ဟု သိရပါတယ်။ ငွေလဲပေးတဲ့ ပွဲစားမှာ ပိုက်ဆံလဲရန်အတွက် ကန်ထရိုက်ဆွဲ ထားရသည်ဟု သိရပါတယ်။

လူရှစ်ယောက်ကစားနိုင်သော လောင်းကစားဝိုင်း ခြောက်ဝိုင်းရှိရာ ညနေခြောက်နာရီခွဲ အချိန်တွင် ၀ိုင်းတိုင်းလူပြည့်နေပါတယ်။ ကစားဝိုင်းအပြင် ပန်းသီးဂိမ်းဟု ခေါ်သော ကစားဝိုင်းလည်း လေးဝိုင်းခန့် ရှိပါတယ်။ ပန်းသီးဂိမ်း ၀ိုင်းများမှာလည်း ကစားသူများနဲ့ စည်ကားနေပါတယ်။

အဆိုပါ ကစားဝိုင်းများ၏ ပိုင်ရှင်များမှာ ဟိုင်ဖွိုင်အမြန်ယာဉ် ပိုင်ရှင် ဦးစိုးဝင်း၊ RAINBOW စတိုးပိုင်ရှင် ဦးမျိုးမြင့် နှင့် အခြားတစ်ဦးအပါဝင် သုံးဦးစပ်တူ ဖွင့်ထားသည်ဟု သိရပါတယ်။

အဆိုပါ ကစားဝိုင်းများကြောင့် မြိတ်မြို့ပေါ်ရှိ ကျောင်းသားမိဘများလည်း စိတ်ညစ်နေကြကြောင်း Myanmar News Now မှ စုံစမ်း သိရှိရပါတယ်။


Posted: 06 Sep 2012 05:58 AM PDT
မန္တလေး၊ စက်တင်ဘာ ၅

မန္တလေးတိုင်း ဒေသကြီး နွားထိုးကြီးမြို့နယ် အုတ်တွင်းရွာတွင် သြဂုတ်လ ၁၉ ရက်နေ့တွင် နွားစာ ရှားပါးလာ၍ မိမိကိုယ်ကို ကြိုးဆွဲချ သေကြောင်း ကြံစည်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ရဲတပ်ဖွဲ့ စခန်းနှင့် ယင်းကျေးရွာ ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ ကျေးရွာနေ ဦးကုလား(ခ) ဦးဘုန်းမြိုင် ၄၇ နှစ်သည် သြဂုတ်လ ၁၉ ရက်နေ့တွင် ၄င်းနေထိုင်သော လေးပင်၊ သုံးပင် နေအိမ်၏ အနောက်ခန်းတံခါး ဘောင်တွင် လက်သန်းလုံးခန့် ရှိသော လေးပေ၊ ခြောက်ပေ အရှည်ရှိ ကြိုးဖြင့် ကြိုးဆွဲချ သေဆုံးနေကြောင်း၊ ယင်းကဲ့သို့ သေဆုံးရခြင်းမှာ နွားစာရှာ ခက်ခဲ လာသောကြောင့် ဖြစ်ကြောင်း အဆိုပါ ကျေးရွာတွင် နေထိုင် သူများက ဆိုသည်။

ယင်းသေဆုံးမှုကို နွားထိုးကြီးမြို့နယ် ရဲစခန်းက သေမှုသေခင်း အမှတ် ၉/ ၂၀၁၂ ဖြင့် အမှုဖွင့်ထားပြီး ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

The Voice Weekly


Posted: 06 Sep 2012 05:26 AM PDT
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်ထဲမှာ ကျေးရွာ အုပ်ချုပ်ရေးမှူးကို အများပြည်သူတွေရဲ့ ဆန္ဒအရ မဟုတ်ဘဲ အထက်က ရွေးချယ်ခန့်အပ် လိုက်တဲ့အတွက် ဒေသခံ ရွာသားတွေ ဆန္ဒပြမယ်လို့ ပြောပါတယ်။

သုံးခွမြို့နယ် ကတုံးပေါ် အထက်ကျေးရွာမှာ ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ် ပြောင်းလဲခန့်အပ်တာမရှိဘဲ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးကနေ လူဟောင်းကို ပြန်လည်ခန့် ထားတဲ့အတွက် ရွာသားတွေ မကျေမနပ်ဖြစ်ပြီး ဒီကနေ့ မနက်က မယကရုံးမှာ လာရောက် အရေးဆိုကြတယ်လို့ တောင်သူ လယ်သမားနဲ့ စိုက်ပျိုးရေးအဖွဲ့ ) အထွေထွေအတွင်းရေးမှူးဖြစ်သူ  ကိုရင်အေးက ပြောပါတယ်။

“ဒီကိစ္စနဲ့ပတ်သက်လို့ ကျေးရွာသူ ရွာသားတွေက မကျေနပ်လို့ ဒီကို အုပ်စုလိုက် ချီတက်လာလို့၊ ကျနော်တို့ စာရေးတင်ပြီး ညှိနှိုင်းဆွေးနွေးတာလည်း မအောင်မြင်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ (က)၊ (ခ) အရ နောက်ဆုံးထိ မပြေလည်ရင် ဆန္ဒပြ သပိတ်မှောက်သွားမယ်။”

ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းကို စက်တင်ဘာလ ၄ ရက်နေ့တုန်းက ခန့်အပ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံရွာသားတဦးက “ ကျနော်တို့ ကျေးရွာအတွက် ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ကောင်းတွေ လိုချင်တာပါ။ အခုက သူတို့ကို ကလန်ကဆန်လုပ်မယ့်သူတွေ၊ ထောက်နိုင်မယ့် လူတွေ ၁ ယောက် ၂ ယောက်ကျတော့ ဖြုတ်ထားခဲ့ပြီး ဥာဏ်ရည်မမီတဲ့လူတွေကျတော့ မင်းတို့ ဆယ်အိမ်မှူးလုပ်၊ ကြိုက်လဲလုပ်၊ မကြိုက်လဲလုပ်ဆိုပြီး ဆွဲတင်သွားတာ။”

ကတုံးပေါ်အထက်ကျေးရွာဟာ အိမ်ခြေပေါင်း ၅၀၀ နီးပါးရှိတဲ့ ရွာကြီးတရွာဖြစ်ပါတယ်။ အခုလက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဟာ သူတို့ ရွာမှာ အုပ်ချုပ်လာတာ ၃ နှစ် ရှိပြီလို့ ပြောပါတယ်။

အုပ်ချုပ်ရေးမှူးဟာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်ပေးတာ မရှိသလို သာသနာရေး လုပ်ငန်းနဲ့ ပတ်သက်ပြီး ငွေကြေးအရှုပ်အရှင်းရှိတဲ့အတွက် ရွာကောင်းကျိုး တကယ် လုပ်နိုင်တဲ့သူကို ရွာသားတွေကိုယ်တိုင် ရွေးချယ်လိုတယ်လို့ ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ပြည်သူတွေ ကိုယ်တိုင် ရွေးချယ်တင်မြှောက်ဖို့ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပြီး အချို့နေရာတွေမှာ စတင် အကောင်အထည်ဖော်နေပါတယ်။

by နန်းမြနဒီ  (ဒီဗွီဘီ)

Posted: 06 Sep 2012 05:05 AM PDT
ဒီနေ့ကျင်းပတဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကို စွပ်စွဲပြစ်တင်ချက် အထမြောက်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကြေညာ လိုက်ပါတယ်။

ပြည်သူ့ လွှတ်တော် စုံစမ်းစစ်ဆေးရေး အဖွဲ့က ပြည်သူ့ လွှတ်တော်ကို တင်ပြတဲ့ အစီရင်ခံစာနဲ့ ခုံရုံအား စွပ်စွဲပြစ် တင်ချက်ကို လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံသူ ၃၀၇ ဦး ရှိပြီး ပြည်သူ့လွှတ်တော်ရဲ့ ၃ပုံ ၂ပုံ ကျော်လွန်နေတဲ့အတွက် စွပ်စွဲပြစ်တင်မှု အထမြောက်ကြောင်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်က အခြေခံဥပဒေခုံရုံးကို စွပ်စွဲပြစ်တင်ချက် အထမြောက်ခဲ့တာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေ ဦးကိုနီ (မောင်ကိုနီ-တရားလွှတ်တော်ရှေ့နေ) ကို ဆက်သွယ်မေးမြန်းထားပါတယ်။

လွှတ်တော်က စွပ်စွဲပြစ်တင်လိုက်ပြီဆိုတော့ အဲကိစ္စက ဘယ်လောက်အထိ ဘယ်လိုဖြစ်သွားနိုင်လဲ ဆရာ၊ ဆွေးနွေးပေးပါဦး။

“စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းက ပြည်ထောင်စုလွှတ်တော်အနေနဲ့ အဆင့်ကတော့ အခု လုပ်ခဲ့တဲ့ အတိုင်းပါပဲ။ အမျိုးသားလွှတ်တော်က စပါတယ်။ အမျိုးသားလွှတ်တော်က သဘောတူတယ်။ ၃ ပုံ ၂ ပုံကျော်တယ်။ ၁၆၂ လား ၁၆၄ ယောက်လား မသိဘူး မတ်တပ်ရပ်ပြီး ဆန္ဒပြုလိုက်တယ်။ အဲအတွက် အမျိုးသားလွှတ်တော်အဆင့်ကို ကျော်ပြီးတော့ ပြည်သူ့လွှတ်တော်ရောက်လာတယ်။ ပြည်သူ့လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းအရဆိုရင် စုံစမ်းစစ်ဆေးရေး အဖွဲ့ကို လွှတ်တော်အမတ်တွေနဲ့ ဖွဲ့ပေးရတယ်။ အဖွဲ့ရဲ့ သဘောက တရားစီရင်သလို စီရင်ဖို့မဟုတ်ဘူး။ တချို့တွေက တရားစီရင်ဖို့ဖွဲ့တယ်လို့ ထင်ကြတယ်။ ဒါ မဟုတ်ပါဘူး။ စုံစမ်းစစ်ဆေးဖို့ ခုံရုံးဖွဲ့ပေးတာက စွပ်စွဲခံရသူတွေရဲ့ explanation (ရှင်းပြချက်) ပေါ့။ သူတို့ဟာ ဘယ်လိုများ ပေးအပ်ထားတဲ့ တာဝန်တွေကို မဆောင်ရွက်ဘဲနေတယ်။ ဒါမှမဟုတ်လည်း မှားမှားယွင်းယွင်း ဆောင်ရွက်တယ်ဆိုတာ မဟုတ်ပါဘူးဆိုတာကို ချေပဖို့၊ အခွင့်အရေး ပေးတဲ့သဘော။ သူတို့က ဘာမှဆုံးဖြတ်လို့မရဘူး။ ချေပချက်ကို နားထောင်ရုံသက်သက်ပဲ။ နားထောင်ပြီးတော့ ခေါ်ပြီးစစ်တဲ့အခါမှာ ဒီနည်းဒီပုံ ကျနော်တို့ကို ထွက်ဆိုပါတယ်။ အစစ်ခံချက်ပေးပါတယ်၊ ရှင်းလင်းချက်တင်ပြပါတယ် ဆိုပြီးတော့ အဲဒါကို ပြည်သူ့လွှတ်တော်ကို ပြန်ပြီးတော့ အစီရင်ခံ တင်ပြရမယ်။ ပြည်သူ့လွှတ်တော်က အစီရင်ခံတင်ပြတာကို နားထောင်ပြီးတော့မှ ဒါဆိုရင်တော့ စွပ်စွဲပြစ်တင်ဖို့ မထိုက်ဘူးဆိုရင်တော့ ဒါ ပြီးသွားပြီပေါ့။ စွပ်စွဲပြစ်တင်ဖို့ ထိုက်တယ်ဆိုရင်တော့ ဒီနေ့ ဆုံးဖြတ်သလိုပေါ့၊ စွပ်စွဲပြစ်တင်တယ်လို့ ၃ ပုံ ၂ ပုံကျော်က ဆုံးဖြတ်ရင် အတည်ဖြစ်သွားတယ်။ စွပ်စွဲပြစ်တင်တာ အတည်ဖြစ်သွားရင် လက်ရှိ ဒီရာထူးမှာ တာဝန်ထမ်းဆောင်လို့ မရတော့ဘူးပေါ့။ စွပ်စွဲပြစ်တင်ခြင်း လုပ်လိုက်တာနဲ့ တပြိုင်တည်း ရာထူးက ဖယ်ဖို့ အကြောင်းရင်း ဖြစ်သွားတာပေါ့။ တကယ်လို့ စွပ်စွဲပြစ်တင်ခြင်းမလုပ်ခင်ကြားမှာ တကယ်လို့ တဖက်နဲ့တဖက် ညှိနှိုင်းလို့ ပြေလည်မှုရမယ်ဆိုရင် ဒါဆိုရင်တော့ အဓိပ္ပာယ်က တမျိုးပေါ့။ စွပ်စွဲပြစ်တင်ခြင်းကို မလုပ်တော့ဘူးဆိုရင် သူတို့ ဒီရာထူးမှာ ဆက်ပြီးတော့ ရှိဦးမယ်။ အခုက မရပ်ဘဲ လမ်းဆုံးထိသွားဖို့ကို ခုံရုံးဘက်က ရွေးလိုက်တယ်လို့ မြင်တယ်။ ဘာကြောင့် ဒီလိုပြောလဲဆိုတော့ သူတို့ ခုံရုံးကို အခွင့်အရေးတွေပေးတယ်၊ ဒီဆုံးဖြတ်ချက်ဟာ မှားပါတယ်လို့ ပြန်ကြေညာပေးပါလို့ ကျနော်တို့ ပြောပါတယ်။ ပြောလိုက်တော့ လာရှင်းပါတယ်။ ခုံရုံးကနေ ပြည်ထောင်စုလွှတ်တော်မှာ လာရှင်းပါတယ်၊ ရှင်းပြီးတာနဲ့ ချက်ချင်းပဲ မဲခွဲတော့ ၄၄၇ မဲနဲ့ ခုံရုံးဆုံးဖြတ်ချက်မှားတယ်၊ ပြင်ပေးဖို့လိုတယ်ဆိုပြီး တောင်းဆိုချက် ဆုံးဖြတ်ချက်ကျသွားတယ်။ အဓိပ္ပာယ်ကတော့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်တယ်ဆိုတာဟာ နိုင်ငံတော်ရဲ့ အမြင့်ဆုံးအဖွဲ့အစည်းပဲ၊ ကျနော်တို့ တိုင်းပြည်ရဲ့ အခြေခံဥပဒေအရ နိုင်ငံတော်အချုပ်အခြာအာဏာကို ပြည်သူလူထုက ပိုင်ပါတယ်။ ပြည်သူလူထုက သူပိုင်တဲ့ အာဏာကို ပြည်ထောင်စုလွှတ်တော်ကို အပ်နှင်းထားတယ်။”

“အဲ့တော့ အမြင့်ဆုံးအာဏာပိုင်အဖွဲ့ဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်က ဒါမှားပါတယ်လို့ ပြောရင် ဒါကို ကျနော်မှန်ပါတယ်လို့ ခုံရုံးဘက်ကနေ ပြောဖို့ အနေအထား မသင့်ဘူးလို့ ထင်တာပေါ့ဗျာ။ ဘာကြောင့်လဲဆိုတော့ ခုံရုံးဆိုတာဟာ ပြည်ထောင်စုလွှတ်တော်ရဲ့အတည်ပြုချက်နဲ့ ဖွဲ့စည်းပေးထားတာ။ ဆိုတော့ ပြည်ထောင်စုလွှတ်တော်ဆိုတာက ပြန်ပြီးတော့ စွပ်စွဲပြစ်တင်ခြင်းအားဖြင့် ဖယ်ရှားလို့ရတယ်ပေါ့ဗျာ။ ပြောချင်တာကတော့ ခုံရုံးနဲ့ ပြည်ထောင်စုလွှတ်တော်ဆိုရင် ပြည်ထောင်စုလွှတ်တော်က ပိုပြီးမြင့်ပါတယ်။ အမြင့်ဆုံး အချုပ်အခြာအာဏာပိုင် အဖွဲ့ဖြစ်တော့ ဒီအဖွဲ့ကလိုလားတယ် ဆိုတဲ့ဟာကို ကျန်တဲ့အဖွဲ့က ဒါကို အလေးအနက်ထားပြီး စဉ်းစားပေးရမယ်။ လောလောဆယ် အနေအထားတော့ ပွဲပြီးသွားပြီလို့ မြင်ပါတယ်။”

အခု ဖြစ်သွားတဲ့ လွှတ်တော်နဲ့ အခြေခံဥပဒေခုံရုံး ကိစ္စက ဒီမိုကရေစီစံနှုန်းတွေနဲ့ညီ မညီ၊ အများပြည်သူအတွက် စိတ်ချမ်းသာမှု ရှိမရှိ အဲဒီအပိုင်းလေးတွေ ဆွေးနွေးခဲ့လားဗျ။

“ဒီမိုကရေစီစံနှုန်းနဲ့ ညီမညီဆိုတာက ပထမဆုံး စမ်းသပ်ခံရတဲ့ ပွဲတပွဲလို့ ကျနော်မြင်ပါတယ်။ ကျနော် အကောင်းမြင်ပါတယ်။ ဒါက ရင်ထဲက ရှိတဲ့အတိုင်း ပြောတာပါ။ ကျနော် အခုကိစ္စမှာ တတ်နိုင်သမျှ ဘက်မလိုက်ဘဲ ပြောတယ်။ တဖက်က ဥပဒေပညာရှင် တယောက်အနေနဲ့ မရပ်ဘဲနဲ့ ပြောရင်ဆိုရင် မပြတ်မသား ဖြစ်လွန်းတယ်။ ပြည်သူလူထုဘက်မှာလည်း ရှုပ်ထွေးမယ်။ ဒါကြောင့်မို့ ကျနော်က လက်ခံတာ လက်မခံတာ အယူအဆကိုက ကျနော်ခံယူချက်နဲ့ ကျနော်ပြောတာ အမြင်မတူတဲ့သူတွေ သဘောထား ကွဲလွဲနိုင်တာရှိပါတယ်။ ဒါကို လက်ခံပါတယ်။ ဒါပေမယ့် ပြတ်ပြတ်သားသားပဲ ရပ်တာက ခုနကလို ပြည်သူလူထုထဲမှာ ရှင်းရှင်းလင်းလင်း ဖြစ်စေချင်တယ်။ ဒါကြောင့် အခုပွဲသည် ဒီမိုကရေစီနိုင်ငံ စတည်ဆောက်တဲ့ အချိန်မှာပဲ ပထမဦးဆုံးဖြစ်တာက ပြည်သူ့လွှတ်တော်နဲ့ သမ္မတနဲ့ ဖြစ်တာ။ သမ္မတဘက်က တင်တာက လွှတ်တော်ကဖွဲ့တဲ့ အဖွဲ့ဟာ ပြည်ထောင်စုအဆင့် မရှိဘူး။ ဒါကို လွှတ်တော်က မဟုတ်ဘူး။ ရှိတယ်။ အဲဒါက သမ္မတနဲ့ ပြည်ထောင်စုလွှတ်တော်နဲ့ အားပြိုင်ပွဲပါ။ အဲဒီအားပြိုင်ပွဲမှာ ဆုံးဖြတ်ချက် ချတဲ့အခါ ခုံရုံးက သမ္မတဘက်က ရပ်တည်ပြီးတော့ ပြည်သူ့လွှတ်တော်က ဖွဲ့တဲ့ အဖွဲ့တွေဟာ၊ အမျိုးသားလွှတ်တော်က ဖွဲ့တဲ့အဖွဲ့တွေဟာ ပြည်ထောင်စုအဆင့်မရှိဘူးလို့ ဆုံးဖြတ်ပေးလိုက်တယ်။ သမ္မတဘက်ကနိုင်သွားတဲ့ သဘောရှိတယ်။ သို့သော် ပြဿနာက ခုံရုံးဘက်ကို လှည့်သွားတယ်။ ခုံရုံးမှားပါတယ်ဆိုပြီး ခုံရုံးနဲ့ ပြည်သူ့လွှတ်တော်ရဲ့ ပြဿနာ ဖြစ်သွားတယ်။ အဲဒီတော့ ဒီမိုကရေစီနိုင်ငံမှာ အဲဒီ ပြဿနာတွေက ရှိမှာပဲ။ အဲဒီပြဿနာကို ဒီမိုကရေစီစံနှုန်းနဲ့ ညီအောင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတဲ့ နည်းနဲ့ ဖြေရှင်းတာဟာ ကျနော်သဘောကျတယ်။ အဖြေဟာ ခုံရုံးအတွက် ၀မ်းနည်းစရာကောင်းတယ်။ ခုံရုံးအဖွဲ့ဝင် လူကြီးတွေအတွက် ကျနော် တော်တော်လေးကို စိတ်ထိခိုက်တယ်၊ ခံစားရတယ်။ ဒါပေမယ့် တဖက်က ဒီမိုကရေစီစံချိန်စံညွှန်းတွေကို စမ်းသပ်မှု တရပ်ဟာ အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်တယ်လို့ ထင်မြင်ယူဆပါတယ်။ ဒါက တချက်ပေါ့။

“ဒုတိယမေးခွန်း ဖြစ်တဲ့ ပြည်သူလူထုဘက်က သဘောထားကို ယေဘုယျအားဖြင့်လည်း ပြောလို့ရပါမယ်။ ဘာလို့လဲဆိုတော့ ကျနော်က ပြည်သူထဲက တယောက်ဖြစ်နေတဲ့အတွက် အများကိုတော့ ကိုယ်စားပြုပြီး ပြောလို့ မဖြစ်ပါဘူး။ ပြောနိုင်တာက ပြည်ထောင်စုလွှတ်တော်ဆိုတာက ကျနော်တို့ ပြည်သူလူထုက ရွေးချယ်ပြီး တင်မြောက်ထားတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်အနေနဲ့ အခုလို စွပ်စွဲပြစ်တင်တဲ့လမ်းကြောင်းကို မလွဲသာလို့ လုပ်ရတယ်ဆိုတာ ဒီနေ့လည်း ဦးရွှေမန်း ပြောသွားပါတယ်။ သူတို့လည်း ဒီလို ဆုံးဖြတ်ရတာ ၀မ်းနည်းတယ်ဆိုတဲ့အကြောင်း ပြောပါတယ်။ ဒါပေမယ့် ၀မ်းနည်းစရာ ကောင်းပေမယ့်လည်း ပြည်သူလူထုအနေနဲ့လည်း ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက် မှန်တယ်လို့ အများစု လက်ခံမယ်လို့ ကျနော်ယုံကြည်တယ်လို့ ပြောလိုပါတယ်။”

by ရွှေအောင်  (ဒီဗွီဘီ)




Posted: 06 Sep 2012 04:08 AM PDT
မင်္ဂလာဒုံမြို့နယ်  -      လေယာဉ် ထုတ်လုပ် ပြင်ဆင်ရေး ဌာနချုပ်
အောင်ဆန်း သူရိယ လှသောင်း “ကျောင်းခွဲ” အ.ထ.က (၂) မင်္ဂလာဒုံ မြို့နယ်ရှိတပ် တွင်
လ.ထ.ခ ကျောင်း၏ ပညာရေး ၀န်ဆောင်မှု အခြေအနေကို သိရှိစေ လိုကြောင်း ။

       လ.ထ.ခ ကျောင်းခွဲမှာ ယခုလက်ရှိ အခြေအနေအရ ပညာရေးမှာ လွန်စွာဆိုးရွားလျက်ရှိနေသောကြောင့် ကျောင်းမှ လက်ရှိ (၇)တန်းနှင့် (၈) တန်း ဆရာ၊ ဆရာမများက ကျောင်းသား/သူများအား ၄င်းတို့၏ “ကိုယ်ပိုင်ကျူရှင်”သို့ မတက်ရောက်သောကျောင်းသား/သူများအား အတင်း အကြပ် တက်ရောက်ရန် စည်းရုံး၍ ၄င်းတို့ကျူရှင် မတက်ရောက်သော ကျောင်းသား/သူများအား စာမေးပွဲအောင်နိင်မည် မဟုတ်ကြောင်း အကြိမ်ကြိမ် ပြောဆိုခြိမ်းချောက်ခြင်းဖြင့် ၄င်းတို့ကျူရှင်သို့တက်ရောက်ရန် စည်းရုံးခြင်း၊ လပတ်စာမေးပွဲများတွင် ၄င်းတို့ ကျူရှင်တက်လျက်စာမေးပွဲ ကျရှုံးနေသော ကျောင်းသား/သူများအား နားချိန်တွင ၄င်းတို့ နားနေဆောင်သို့ ခေါ်ယူပြီး စာပုဒ်များအား ဖြေလွှာတွင် ပြန်လည်ကူးချစေပြီး အမှတ်ပေးခြင်း၊ ၄င်းကျူရှင်မှ ကျောင်းသား/သူ အမှန်တကယ် ရမှတ်ထက် ထက်ဝက်မကတက်လာအောင် လုပ်ကြံပြု လုပ်ပေးခြင်း။ ကျောင်း၏စာသင်ချိန်များတွင်လည်း ကျောင်းသား ကျောင်းသူ များအား စာကိုတကယ်တတ်မြောက်အောင် မသင်ဘဲ ကျောင်းသား ကျောင်းသူများအား အိမ်စာများသာပေး၍ ကျောင်းသားကျောင်းသူများမှာ ၄င်းအိမ်စာများကို မသိနားမလည်သောကြောင့် ကျူရှင်စာအုပ်များမှ အိမ်စားများကို ပြန်လည်ကူယူနေသည်မှာ မဖြစ်သင့်သော ကိစ္စ ပင်ဖြစ်ပါသည်။

ဟိုယခင် ပညာသင်ကြားရေးမှာ လွန်စွာဆုပ်ယုတ်ပျက်ပြား နေသည်ကို တွေ့ရှိရ ပါသည်။ ပညာရေးမြင့်မားလာသည်မှန်သော်လည်း ကျောင်းသားကျောင်းသူများ၏ ပညာရေးမှာ ဆရာ/ဆရာမများ၏ သွန်သင်မှု့ နှင့် သင်ကြားမှုအောက်တွင် ပျက်ဆီးနေပါသည်။

စာမေးပွဲနီး လာလျှင်လည်း ကျောင်းသားကျောင်းသူများမှာ ဆရာ/ဆရာမ များပေးသော မေးခွန်းများကို ရရန်ဆရာ/ဆရာမများဆီမှာ မေးခွန်းများကို ပိုက်ဆံပေးပြီး ၀ယ်ယူကြရသည့်အဖြစ်သို့ ရောက်ရှိနေရပါသည်။ ထိုအတိုင်း ကြားလျှင် ကျောင်းသား/ကျောင်းသူများအား အငြိုးထား၍ ရိုက်နှက်မည်ကို စိုးရိမ်သဖြင့် မိဘများမှာ အကြိမ်ကြိမ် သီးခံခဲ့ကြရပါသည်။

 ယခုလို ကိစ္စရပ်များကို ပညာရေးဌာနနှင့် အခြားသောပြည်သူများသိရှိစေရန် ဖော်ပြထားခြင်း ဖြစ်ပါသည်။
လက်ရှိထိုသို့သော အပြုအမှုများကို ဆိုးရွားစွာ ပြုလုပ်နေသော ဆရာ၊ ဆရာမများမှာ -
(၁)   ဦးမောင်မောင်
(၂)   ဒေါ်ခင်ယုကြည်
(၃)   ဒေါ်သန်းသန်းမြင့်
(၄)   ဒေါ်သန်းသန်းဌေး
(၅)   ဒေါ်ဝင်းဝင်းကြည် တို့ပင်ဖြစ်ပါသည်။

          လက်ရှိထိုကဲ့သို့ ဆိုးရွားစွာပြုမူနေသော ဆရာဆရာမများကို လက်ရှိလှသောင်းကျောင်း၏ တာဝန်ရှိသူများမှ ထိုကဲ့သို့ ပင်ကြည့်နေကြတော့မည်လား။ ၄င်းတို့၏ ဆိုးရွားသောအပြုအမှုများကို မြေတောင်မြှောက်ပေးနေတော့မည်လားဟုပင် တွေးစရာများဖြစ်လာပါသည်။ ထို့ပြင် ၄င်းကျောင်းခွဲတွင် သင်ခန်းစာများကို စနစ်တကျ သင်ကြားပေးခြင်း လုံးဝမရှိတော့ပါ။ စာများကူးချစေပြီး လုံးဝရှင်းမပြသည့်အပြင် ၄င်းကျူရှင်မှ စာအုပ်ကို ကျူရှင်ကျောင်းသားအား white board ပေါ်သို့ ထွက်ရေးစေပြီး လက်ဆင့်ကမ်းစာကူး စေပြီးရှင်းမပြဘဲ အိမ်စာအဖြစ်သာ တာဝန်များပေးနေပါသည်။

 စနစ်တကျလေ့ကျင့်သင်ကြားပေးခြင်းမရှိဘဲ အိမ်စာအဖြစ်သာ စာအုပ်ထဲသို့ ကူးရေးစေသည့် ရှင်းပြမှုမပါသော ထိုအဖြစ်မျိုးလုံးဝ မဖြစ်သင့်ပါ။ မိဘများကလည်း ၄င်းအဖြစ်မျိုးများကို သိ၍တိုင်တန်းချင်ကသော်လည်း ၄င်းတို့၏ သားသမီးများကို အငြိုးထားသော အဖြစ်မျိုးများကို ကြုံတွေ့ဖူးခဲ့ကြသူများရှိ၍ မိမိသားသမီးများကျောင်းတွင် အငြိုးခံကြမည့် အဖြစ်ကို စိုးရိမ်၍ အငြိမ်ခံနေကြခြင်းဖြစ်ပါကြောင်း တာဝန်ရှိသူများကို သိစေချင်ပါသည်။

ကျောင်းသားမိဘများ




Posted: 06 Sep 2012 03:51 AM PDT
လူငယ်ငါးဦး၏ တစ်ဦးချင်းစီ တင်ဆက်သော ဟာသပြက်လုံး၊ အမူအရာတို့ကို ကြည့်ရှု နေသူများ အူလှိုက်သည်းလှိုက် ရယ်ရွှင်နေကြသည်။ ထိုလူငယ်များသည် ပြက်လုံး ဟာသများကို ဇာတ် သဘင်ရှေးရိုး အတိုင်း တောင်ရှည်ပုဆိုး၊ ရင်ဖုံးအင်္ကျီ တို့ကို ဝတ်ဆင်ပြီး ပြက်လုံးပြက်ခြင်း မဟုတ်ပေ။ နိုင်ငံ တကာရှိ ဟာသ အနုပညာ သမားများကဲ့သို့ မြန်မာ နိုင်ငံတွင် စွန့်ဦး တီထွင် ပြက်လုံးများ ထုတ်ကာ ဖျော်ဖြေနိုင်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။ ၎င်းင်းတို့မှာ သီးလေးသီး မျိုးဆက်သစ်ဟု နာမည်ခံထားသည့် လူငယ် ငါးဦးဖြစ်သည်။ ထိုသူ တို့မှာ ကျေးကျေး၊ ဝါဝါ၊ ဆူးဆူး၊ သားချိုနှင့် ဘူးခါး တို့ဖြစ်ကြသည်။
ထိုသို့ ပြက်လုံးပြက်ရခြင်းနှင့် ပတ်သက်၍ အသက် ၂၈ နှစ်အရွယ်ကျေးကျေးက “ဆိုင်းတွေ၊ ဗုံတွေ မပါဘဲ ကျွန်တော်တို့တွေ ဟာသတွေ ထုတ် နိုင်ကြတယ်။ ပရိသတ်တွေကလည်း ဟာသကို ကြိုက်လို့ လာအားပေးတယ် ဆိုတာကို ပြချင်တာ ပါ” ဟု ရှင်းပြသည်။

အသက် ၂၅ နှစ်အရွယ် ဝါဝါက “ကျွန်တော် တို့ ဒီလို လုပ်တာဟာ မြန်မာ့ဇာတ်သဘင်ကို သွေ ဖည်ချင်လို့ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ Standard ကိုမြှင့်ချင်တာ။ ကိုယ့်ဟာသ လူရွှင်တော်တွေရဲ့ Roll ကိုမြှင့်ချင်တာပါ” ဟုဆိုသည်။
မြန်မာ့ ဇာတ်သဘင်တွင် မင်းသမီးသည်သာ အဓိကဖြစ်နေပြီး လူရွှင်တော်တို့သည် ပံ့ပိုးသူ အဖြစ် နှင့်သာ ရှေးယခင် ကတည်းက ရှိနေခြင်းဖြစ်သည်။ ထိုအကြောင်းအရာနှင့် ပတ်သက်၍လည်း အသက် ၂၅ နှစ်အရွယ် ဆူးဆူးက “ကျွန်တော်တို့ မြန်မာ့ အစဉ်အလာ မပျက်အောင်လည်း ကကြမယ်။ Stand up Comedian အတွက်လည်း လုပ်ကြမယ်” ဟုဆိုသည်။

ယင်းလူငယ်တို့ ကနဦးအစတည်ခဲ့သည်မှာ အွန်လိုင်း စာရေးသူများ စုစည်းသည့် ပရဟိတ ရန်ပုံ ငွေပွဲ တစ်ခုမှ ဖြစ်သည်။ ထို့နောက် ၎င်းတို့၏ ဟာသ ပြက်လုံးများကို အွန်လိုင်းတွင် တင်ရာ လူကြိုက်များ ခဲ့သည်။ လူရွှင်တော် ဂေါ်ဇီလာက ယင်းလူငယ်တို့ ၏ ပြက်လုံး ပြက်ကွက်များသည် အလားအလာ ကောင်း များ ရှိနေသည့် အတွက် ကူညီပံ့ပိုး ပေးခဲ့သည်။ လူရွှင်တော် ဇာဂနာနှင့် လူကြိုက်များနေ သည့် သီးလေးသီးတို့က ထိုလူငယ်များကိုတွေ့ ဆုံပြီး ပြည်တော်ပြန် သီးလေးသီး၏ ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ပြုလုပ်သော အငြိမ့်ပွဲ၌ သီးလေး သီး မျိုးဆက်သစ် လူငယ်သုံးဦးကို စတင် ပွဲထုတ်ခဲ့ သည်။

“မှတ်မှတ်ရရ အဲဒီပွဲမှာ စင်ပေါ် မတက်ခင် ကျွန်တော်လက်တွေတုန်တာ လုံးဝ မပျောက်ဘူး။ ဒါပေမဲ့ ပွဲကတဲ့အခါ အဆင်ပြေခဲ့ပါတယ်။ အဲဒီပွဲ မှာ အကကောင်းလို့ ခြေထောက် ကျိုးခဲ့ပါတယ်” ဟု ကျေးကျေးက ၎င်း၏ အတွေ့အကြုံကို ရှင်းပြသည်။ ပို့ကုန် သွင်းကုန် ဝန်ဆောင်မှု လုပ်ငန်းကို လုပ်ကိုင်ပြီး အတွေ့အကြုံ မရှိဘဲ စင်ပေါ်တက် ဖျော် ဖြေသည့်အခါ အဆင်မပြေမှုများ ရှိသော်လည်း ပရိ သတ်၏ အားပေးမှု ရရှိခဲ့သည့်အတွက် ပီတိဖြစ်ရ သည် ဟုလည်း အသက် ၂၇ အရွယ် သားချိုကပြော သည်။

ဝါဝါကလည်း “တကယ် စင်ပေါ်တက်တော့မှ ပြက်လုံး ပညာဟာ အရေးကြီးမှန်း သိတော့တယ်။ ပထမနှစ်ပွဲ လောက်မှာ ကျွန်တော် ပြက်ပေမယ့် ပရိသတ် တွေက မရယ်ကြဘူး။ တော်တော်စိတ်ပျက်သွား တယ်။ မလုပ်တော့ဘူးကို စဉ်းစားလိုက်မိတယ်။ နောက်ပြက်ရင်းနဲ့ အဆင်ပြေ လာတာပါ” ဟု အဆင် မပြေမှုများနှင့် ဖြတ်သန်း ခဲ့ရပုံကို ပြောပြသည်။ ထိုမျိုးဆက်သစ် လူငယ်များကို ဒုတိယ အကြိမ် အဖြစ် လူရွှင်တော် အရိုင်းနှင့် လူရွှင်တော် ကင်းကောင် တို့က ပခုက္ကူ ရေဘေးအတွက် ရန်ပုံငွေပွဲ အဖြစ် ပွဲထုတ် ခဲ့သည်။

“အဲဒီပွဲမှာ လူရွှင်တော် ကိုးယောက် ပါတော့ အားသာချက်၊ အားနည်းချက်တွေကို သိခဲ့ရပါတယ်။ မှတ်မှတ်ရရတော့ အဲဒီပွဲ ကပြီးတော့ ပင်ပန်းပြီး အိပ်ပျော်သွားတယ်” ဟု အသက် ၂၅ နှစ်အရွယ် ဆူးဆူးက မျက်နှာ ပြောင်ပြကာ ၎င်း အတွေ့အကြုံ ကို ပြောပြသည်။

ထိုလူငယ် များသည် နာမည်ကျော် သီးလေး သီးကဲ့သို့ ပြည်သူ့အသံ ပြည်သူ့ဟန်ဟု ခံယူခြင်း မျိုး ၎င်းတို့သည်လည်း ပြည်သူ့တို့၏ လိုလားချက် လိုအပ်ချက်များကို ပြောနိုင်သော ပြည်သူ့ Speaker ဖြစ်ရမည်ဟု ခံယူထားကြသည်။ ရှေးဘုရင်များ လက်ထက်ကတည်းကပင် တိုင်းရေးပြည်ရာ အခြေအနေများကို ဘုရင်မင်း တရားကြီးက သိချင်သည့် အခါများတွင် သဘင်ပွဲများ ပြုလုပ်ကာ ပွဲတော်ခံကြသည်။ ကပြ တီးမှုတ် ဖျော်ဖြေ သူများကို သဘင်သည်၊ ဆိုင်းသမား၊ ရွာစားစသဖြင့် ခေါ်ဝေါ်မှုများ၊ ချီးမြှောက်မှုများလည်း ရှိခဲ့ကြသည်။ ယင်းအပြင် အရေးတကြီး ပါဝင်ရသည်မှာ ပျော်တော် ဆက် ဖြစ်သည်။ ပျော်တော်ဆက်သည် တိုင်းရေး ပြည်ရေး လိုအပ်ချက်များကို ဟာသနှော၍ ပြက်လုံး များဖြင့် ဘုရင်ကြီးကို တင်ပြရသည်။

ထိုခေတ်ထိုအခါက ဝန်ကြီး မတ်ကြီးများသည် ဘုရင် မင်းတရားကြီးကို လျှောက်တင်ရာတွင် အလျှောက်မတော်ပါက မင်းပြစ်မင်းဒဏ်ခံရသေး သည်။ သို့သော် ပျော်တော်ဆက်များကိုမူ မင်း ပြစ်မင်းဒဏ် မခံရသော အခွင့်ထူးခံ လူတန်းစားဟု သမုတ် ခဲ့ကြသည်။

ပြောင်းလဲလာသည့် ခေတ်စနစ်အရ နောက်ပိုင်း တွင် ပျော်တော်ဆက်များကို လူရွှင်တော်ဟူ၍ ဖြစ် လာသည်။ ယင်းနောက် မင်းပြစ်မင်းဒဏ် မခံရသော ပျော်တော်ဆက်ခေါ် လူရွှင်တော်တို့ အထုအထောင်း ခံခဲ့ကြရသည်များလည်း ရှိသည်။
သီးလေးသီး မျိုးဆက်သစ် လူငယ်တို့ကမူ အစဉ်အလာကို ထိန်းသိမ်းသည့် အနေဖြင့် တိုင်းပြည် ၏ လိုအပ်ချက်များကို ပြက်လုံးများဖြင့် ထောက်ပြ ကြမည်ဟူသော ခံယူချက်ကတော့ တူညီ နေကြသည်။ ၎င်းတို့ ပြက်ခဲ့သည့် ပြက်လုံးများ အနက်မှ ပြက်လုံး တစ်ခုကိုလည်း ကျေးကျေးက ယခုကဲ့သို့ ပြန်လည် ပြောပြသည်။ ၎င်းပြက်ခဲ့သည့် ပြက်လုံး မှာ ‘တောတစ်ခုထဲသို့ ယုန်တစ်ကောင်ကိုလွှတ် လိုက်သည်။ အမေရိကန်စုံထောက် FBI ၊ နိုင်ငံတကာ စုံထောက် အင်တာပိုနှင့် မြန်မာထောက်လှမ်းရေးတို့ ယုန်ကို မည်သူ မိမည်နည်းဟု ပြိုင်ကြသည်။ FBI သည် တပ်ဖွဲ့အင်အား ၅၀ ဖြင့် တောနင်းရှာသည်။ မတွေ့၊ အလားတူ အင်တာပိုသည်လည်း တပ်ဖွဲ့ အင်အား ၁၀၀ ဖြင့် ရေကုန်ရေခန်း ရှာပြန်လေသည်၊ မတွေ့။ မြန်မာထောက်လှမ်းရေး အလှည့်သို့ ရောက် လာသည်။ တပ်ဖွဲ့အင်အား တစ်ယောက်မျှ မပါ။ FBI နှင့်အင်တာပိုတို့ မျက်လုံးပြူးကာ မြန်မာ ထောက်လှမ်းရေး အရာရှိကို ကြည့်ကြသည်။ တစ် နာရီသာ ကြာသည်။ မြန်မာ ထောက်လှမ်းရေး အရာရှိသည် ဝက်ဝံတစ်ကောင်ကို ကုပ်ဆွဲ နပန်း ရိုက်ကာ ခေါ်လာသည်။ ဝက်ဝံထံမှလည်း “ကျွန်တော် ယုန်ပါ ခင်ဗျ။ ကျွန်တော် ယုန်ပါ ခင်ဗျ”ဟု အော်ဟစ် လေသည်။

ထိုပြက်လုံးကို မျက်နှာဟန် မျက်နှာထား ကောင်းကောင်းဖြင့် ပြက်ခဲ့ကြသည့်အတွက် ပရိသတ် များ အထူး အားပေး ခဲ့သော်လည်း ထောက်လှမ်းရေး အဖွဲ့ကမူ မည်သည့် ရည်ရွယ်ချက်ဖြင့် ပြက်ခဲ့သည် ကို ခေါ်ယူ စစ်ဆေး ခဲ့သည်ဟုလည်း ၎င်းကပြန်လည် ပြောပြသည်။

ယင်းအပြင် ထိုလူငယ်များသည် အလုပ် ကိုယ်စီ ရှိသော်လည်း ဟာသ လူရွှင်တော်လိုင်းတွင် ရည်မှန်းချက် မြင့်မြင့် ထားကြသည်။ နိုင်ငံတကာ ဟာသပွဲတော်ကို ကမ္ဘာ့နိုင်ငံများ အသီးသီးမှ အလှည့် ကျ ကျင်းပကြပြီး နိုင်ငံစုံ ဟာသ ဝါသနာရှင်၊ ပညာ ရှင်များ ပါဝင်ဖျော်ဖြေကြသည်။ ထိုပွဲတော်တွင် မြန်မာနိုင်ငံ မပါဝင်သေးသည့်အတွက် ၎င်းတို့က ယင်းပွဲ၌ ပါဝင်နိုင်သည်အထိ ကြိုးပမ်းကြရန် ရည်မှန်းထားကြသည်။

ယင်းပွဲတော်တွင် ဟာသပြက်လုံး ထုတ်သူ တစ်ယောက်က ပြောလိုက်သည်နှင့် အခြားနိုင်ငံ များကလည်း နားလည်ကြသည်။ ထိုသူတို့ပြောကြ သည်မှာ အင်္ဂလိပ်ဘာသာစကားဖြင့်သာ ပြောဆို ကြခြင်းဖြစ်သည်။ “မြန်မာလို ပြက်လုံး လုပ်ဖို့တင် မဟုတ်ဘူး။ အင်္ဂလိပ်လိုပါ ဘာသာပြန်ပြီး ပြက်လုံး ပြက်ဖို့ ရှိတယ်။ ဒါပေမဲ့ မလုပ်နိုင်သေးဘူး” ဟု ဆူးဆူးက ဆိုသည်။

နိုင်ငံတကာထိ ထိုးဖောက်နိုင်ရန် ပြင်ဆင်နေ သော်လည်း ထိုလူငယ်အဖွဲ့၏ အွန်လိုင်း Fan Club ဖွဲ့ပြီး စတင်ခဲ့သော ရည်ရွယ်ချက် ဖြစ်သည့် ပရဟိတ အလှူများ အတွက် အနုပညာ ဒါနပြုနေ သည်ကိုမူ အဆက်မပြတ် လုပ်ဆောင်မည် ဖြစ်ကြောင်း ဝါဝါ က ရှင်းပြသည်။

Engineering Service ကုမ္ပဏီတွင် အလုပ် လုပ်ကိုင် နေသော အသက် ၂၈ နှစ်အရွယ် ကျေးကျေးက ၎င်းတို့အဖွဲ့၏ ကြိုးစား အားထုတ်မှုကို အောက်ပါ အတိုင်း ပြောကြားသည်။

“မြန်မာ့ အငြိမ့်၊ မြန်မာ့ပြက်လုံးတွေ ဘယ်လို ရှိတယ်ဆိုတာကို ကမ္ဘာကသိအောင်ကျွန်တော်တို့ ကြိုးစားသွားမယ်”

Written by  မင်းထက်စံ၊ အောင်အောင်ထွန်း

The Voice Weekly

Posted: 06 Sep 2012 03:44 AM PDT
စက်တင်ဘာ(၆)နံနက်ပိုင်းက လူသတ်မှုတစ်ခု ပုဇွန်တောင် မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ပုဇွန်တောင်မြို့နယ်၊ (၇)ရပ်ကွက်၊ ဦးဝိဇ္ဖာလမ်းရှိ တိုက်တစ်တိုက်မှ (၅)လွှာတွင်နေထိုင်သူ အသက်(၆၂)နှစ်အရွယ် ဒေါ်မေနှင်း ဆီဟန်ဖြစ်ပြီး၊ မီးဖိုခန်းထဲတွင် ထိုးသွင်းဒဏ်ရာ (၁၀)ချက်မျှဖြင့် သေဆုံးနေ ခြင်းဖြစ်သည်။

သူ၏ သမီးဖြစ်သူ အပြင်မှ ပြန်လာစဉ် အိမ်တံခါးကို သော့ဖြင့် ခတ်ထားသည့် အပြင် မိခင်ကိုလည်း ခေါ်မရသဖြင့် သော့ပြင်ဆရာကိုခေါ်ကာ သော့ဖွင့်ပြီး အိမ်ထဲသို့ဝင်ရာ မီးဖိုခန်းတွင် မိခင်ဖြစ်သူသေဆုံးနေခြင်းကိုတွေ့ရခြင်းဖြစ်သည်။

ကွယ်လွန်သူသည် ရဲအရာရှိတစ်ဦး၏ ဇနီးဖြစ်ကြောင်းသိရသည်။

အမှုကို ပုဇွန်တောင်ရဲစခန်းနှင် စီအိုင်ဒီတို့မှ ကိုင်တွယ်စုံစမ်းလျှက်ရှိကြောင်းသိရသည်။

သူရထွန်း - Popular Myanmar News Journal







Posted: 06 Sep 2012 02:14 AM PDT
    လွှတ်တော် အသီးသီးက ဖွဲ့ စည်းပေးသော ကော်မတီ ကော်မရှင်နှင့် အဖွဲ့ဝင်များကို ပြည်ထောင်စု အဆင့်ဟု အဓိပ္ပါယ်ဖွင့်ဆိုခြင်းမှာ အခြေခံဥပဒေနှင့် မညီညွှတ်ကြောင်း အခြေခံ ဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်အပေါ် လွှတ်တော်အမတ်များက မကျေနပ် ကြသောကြောင့် ဆုံးဖြတ်ချက် မှားယွင်းကြောင်း မဲခွဲဆုံးဖြတ်ခြင်း ခုံရုံးအဖွဲ့ ဝင်များကို ပြစ်တင်ရှုံ့ချခြင်း ဆုံးစမ်းစစ်ဆေးခြင်းများ ဆောင်ရွက် လျှက်ရှိကြောင်း ကြားသိရသည်။

    ခုံရုံးအပါအ၀င် တရားရုံးများ၏ စီရင်ဆုံးဖြတ်ချက်များကို တရားရေး ဆိုင်ရာအဖွဲ့ စည်း အဆင့်ဆင့်ကသာ အယူခံ ပြင်ဆင်မှုများဖြင့် ပြင်ဆင်ဆုံးဖြတ်ခွင့်ရှိသည်။ ဥပဒေတွင် အပြီးအပြတ်ဖြစ်သည်ဟု အခွင့်အာဏာပေးထားသော တရားရုံး၏ ဆုံးဖြတ်ချက်ကိုမူ ပြင်ဆင်ဆုံးဖြတ်ပိုင်ခွင့်မရှိပါ။ မှားယွင်းသည်ဟုလည်း ဆုံးဖြတ်ပိုင်ခွင့် မရှိကြောင်းဥပဒေများတွင်တွေ့ ရှိရသည်။သို့ မှသာ ဥပဒေကို လေးစားလိုက်နာရာ ရောက်ပေသည်။ ဥပဒေကို မလိုက်နာလျှင်၊ မလေးစားလျှင် ယနေ့ လူဘောင်အဖွဲ့ အစည်း များအားလုံးသည် ကိုယ်ထင်တိုင်း လုပ်ကြသည့်ကျောက်ခေတ် လူ့ အဖွဲ့အစည်းအဖြစ် ပြန်ရောက်သွားမည် ဖြစ်သည်။ အကယ်ရှ်ျ ဆုံးဖြတ်ချက်ချမှတ်သော တရားသူကြီးများ အဂတိလိုက်စားပါက အဂတိအမှုဖြင့် အရေးယူရန်ဖြစ်သည်။ တရားရုံးများ၏ အပြီးသတ်ဆုံးဖြတ်ချက်ကို လွှတ်တော်က မဲခွဲဆုံးဖြတ်ပိုင်ခွင့်မရှိသလို ချေဖြတ်ပိုင်ခွင့်လည်း မရှိပါ။ ထိုသို့ မဟုတ်လျှင် တရားစီရင်ရေးအာဏာသည် မည်သို့ သက်ရောက်ရမည်နည်းဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။ နိုင်ငံတကာတွင်လည်း တရားရုံးများ၏ အပြီးသတ်ဆုံးဖြတ်ချက်ကို လွှတ်တော်မှ မဲခွဲဆုံးဖြတ်ခဲ့သည်ဟု မရှိခဲ့ဘူးပါ။ လေးစားလိုက်နာသည်သာ တွေ့ မြင်ရပါသည်။ ဥပမာအားဖြင့် တရားစီရင်ရေးကိုတာဝန်ထမ်းဆောင်သူတရားသူကြီးဖြစ်လင့်ကစား ၊ ၄င်းကိုယ်တိုင် အငြိမ်းစားယူပြီး ပြင်ပရှေ့ နေအဖြစ် တရားရုံးလိုက်ပါဆောင်ရွက်သည့်အခါတွင် ၄င်းအပါအ၀င် တရားလို ရှေ့ နေ ၊ တရားခံရှေ့ နေနှင့်လက်ရှိဆောင်ရွက်နေသော တရားသူကြီးတို့ သည်ဥပဒေတစ်ခုတည်းကိုပင် အမြင်ခြင်းများတူညီနိုင်ကြမည်မဟုတ်ပေ။ အမြင်ချင်းမတူကြသော်လည်း ဥပဒေက အာဏာအပ်နှင်းထားသည့် လက်ရှိတရားသူကြီး၏ ဆုံးဖြတ်ချက်ကို လိုက်နာကြရမည်   ဖြစ်သည်။ ယင်းမှာ လွတ်လပ်စွာ တရားစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေး၏အနှစ်သာရပင်ဖြစ်သည်။

       အကယ်ရှ်ျ ဥပဒေသည် ပကတိအခြေအနေနှင့် မကိုက်ညီပါက ဥပဒေကို လွှတ်တော်က ပြင်ဆင်ရုံသာ ရှိမည်ဖြစ်သည်။ သို့ ရာတွင် တည်ဆဲလက်ရှိဥပဒေ အရ တရားစီရင်မှုကို အမြင်တူသည်ဖြစ်စေ မတူသည်ဖြစ်စေ လွှတ်တော်က လေးစားလိုက်နာရမည်သာဖြစ်သည်။  လွှတ်တော်ကိုယ်စားလှယ်များက မဲခွဲဆုံးဖြတ်ခြင်းသည် ဥပဒေပြုရေးတွင်သာ အကျုံးဝင်ပြီး တရားစီရင်ရေးတွင် ယင်းသို့ လွှမ်းမိုးဆောင်ရွက်ခွင့် မရှိပါ။ သို့ မှသာ လွတ်လပ်စွာ တရားစီရင်နိုင်မည် ဖြစ်သည်။ လွှတ်တော်နှင့် အမြင်မတူကမျှဖြင့် ခုံရုံးအဖွဲ့ အ၀င်များကို အရေးယူမည်ဆိုပါက နောင်တွင် မည်သူမျှ တရားစီရင်ဝံ့ကြမည်မဟုတ်။ ယင်းသို့ ဆိုလျှင် တရားစီရင်ရေး စနစ်တခုလုံး ပျက်စီး ဆုံးရုံးရပေတော့မည်။

ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကလည်း အမြင်ခြင်းမတူသည်မှာ ကြောက်စရာမလိုကြောင်း အပြန်အလှန် ငြိ့ နှိုင်းဖြေရှင်းရန်သာ လိုကြောင်း လွှတ်တော်တွင် လက်တွေ့ ကျကျ ဆွေးနွေးထောက်ပြခဲ့သော်လည်း ဆန္ဒလွန်ကဲနေသည့် အချို့သောကိုယ်စားလှယ်များက ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးချက်ကို အလေးမထား ပစ်ပယ်ခဲ့ကြကြောင်းတွေ့ ရှိရသည်။ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁(က) တွင် နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မ သုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ နှင့် တရားစီရင်ရေး အာဏာတို့ ကိုတတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်းအပြန်အလှန် ထိန်းအကျောင်းခြင်းပြုကြောင်း အတိအလင်းဖော်ပြထားသည်။ ဥပဒေပြုရေးအာဏာက တရားစီရင်ရေးအာဏာကို လွှမ်းမိုးသည်ဟု ဖော်ပြထားခြင်းမရှိပါ။ အချို့ သော သူများရေးသားပြောဆိုနေကြသည့် လွှတ်တော်သည် ပြည့်သူ့ ကိုယ်စားလှယ်များဖြင့် ဖွဲ့  စည်း ထားခြင်းဖြစ်သဖြင့် တရားစီရင်ရေးကို လွှမ်းမိုးနိုင်ခွင့် ရှိသယောင်ယောင် ပြောဆိုရေးသား နေကြသည်ကို တွေ့ ရှိရသည်။ ကိုယ်လိုရာကို ဆွဲပြီး ပြောဆိုရေးသားခြင်းမှာ မသင့်ပါ။ ဥပဒေသည် လွှတ်တော်အပါအ၀င် နိုင်ငံသားတိုင်း လိုက်နာရမည့် စည်းကမ်း ဖြစ်ပါသည်။ ဖွဲ့  စည်းပုံအခြခံဥပဒေသည်လည်း လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံဝန်ထမ်းများ၊ အသိပညာရှင်အတတ်ပညာရှင်များနှင့် လုပ်သားပြည်သူအားလုံးတို့ က ရေးဆွဲအတည်ပြုခဲ့ကြခြင်း မဟုတ်ပါလော။ မိမိတို့ ရေးဆွဲအတည်ပြုသည့် ဥပဒေကို မိမိတို့ လိုက်နာရန်လိုမလို ဆန်းစစ်ကြည့်သင့်သည်။

     ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥပဒေများ၏ အခန်း (၁)အဓိပ္ပါယ် ဖွင့်ဆိုချက်တွင် လွှတ်တော်အသီးသီးနှင့် ယင်းတို့ ကဖွဲ့ စည်းပေးထားသော ကော်မတီ၊ ကော်မရှင်နှင့်  အဖွဲ့ အ၀င်များသည် ပြည်ထောင်စု အဖွဲ့ အစည်းများဖြစ်သည်ဟု အဓိပ်ပယ်ဖွင့်ဆိုထားကြောင်း တွေ့  ရသည်။ လွှတ်တော်ကိုကိုယ်စားလှယ်များက ယင်းပြဠာန်းချက်ကို ဆုပ်ကိုင်ပြီး ပြောဆိုနေကြခြင်း ဖြစ်သည်။ သို့ ရာတွင် အဆိုပါဥပဒေ ပုဒ်မ ၁၇ တွင် လွှတ်တော် ဥက္ကဠနှင့်  ဒုက္ကဠများသည် ပြည်ထောင်စု အဆင့်အဖွဲ့ အစည်းတခုခုတွင် တာဝန်ပေးအပ်ခြင်းခံရပါက ဥက္ကဠနှင့် ဒုဥက္ကဠရာထူးတို့  မှ နှုတ်ထွက်ပေးရမည်ဟု ဖော်ပြထားသည်။ ဖွဲ့ စည်းပုံအခြေခံဥပဒေတွင် ယင်းကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့ အ၀င်များကို ပြည်ထောင်စု အဆင့် အဖြစ်အဓိပ်ပယ်ဖွင့်ဆိုထားခြင်း မရှိကြောင်းတွေ့ ရသည်။ လွှတ်တော်ဥပဒေများသည် ဖွဲ့ စည်းပုံအခြေခံဥပဒေနှင့် ကွဲလွဲနေကြောင်းတွေ့ ရသည်။ဖွဲ့ စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၄၆ တွင် တည်ဆဲဥပဒေများသည် အခြေခံဥပဒေနှင့် ကွဲလွဲဆန့် ကျင်နေလျှင် ပြတ်ပြယ်ကြောင်းဖော်ပြထားသည်။ အခြေခံဥပဒေ ပုဒ်မ ၄၄၉ တွင် ဖွဲ့ စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွင်းရှိ ဥပဒေအားလုံး၏ အခြေခံဥပဒေဖြစ်သည်ဟု ဖော်ပြပါရှိသည်။ သို့ ဖြစ်သောကြောင့် လွှတ်တော်အသီးသီး၏ တည်ဆဲဥပဒေများတွင်လည်းကောင်း နိုင်ငံတော်သမ္မတက တင်သွင်းသည့် တင်သွင်းလွှာတွင်လည်းကောင်း ဖော်ပြထားသည့် ကော်မရှင်၊ ကော်မတီ နှင့်အဖွဲ့ အ၀င်များသည် ပြည်ထောင်စုအဆင့်အဖွဲ့ အစည်း ဖြစ်သည်ဆိုသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ ဖွဲ့  စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားခြင်းမရှိသဖြင့် အခြေခံဥပဒေနှင့် ကွဲလွဲဆန့် ကျင်နေကြောင်း၊ ယင်းသို့ ကွဲလွဲဆန့် ကျင်နေသဖြင့် ကော်မရှင်၊ ကော်မတီ နှင့်အဖွဲ့ အ၀င်များသည် ပြည်ထောင်စုအဆင့်အဖွဲ့ အစည်း ဖြစ်သည်ဆိုသည့် အဓိပ်ပယ်ဖွင့်ဆိုချက်မှာ ဥပဒေနှင့်ညီညွှတ်ခြင်းမရှိဟု အခြေခံဥပဒေ ခုံရုံးက ဆုံးဖြတ်ခဲ့ခြင်းမှာ မှားယွင်းခြင်းမရှိကြောင်း တွေ့  ရှိရသည်။

    လွှတ်တော်များက ခုံရုံးအဖွဲ့ အ၀င်များကို မှားယွင်းဆုံးဖြတ်မှုဖြင့် ပြစ်တင် ရှုံ့  ချမည်ဆိုပါလျှင် မူလက ရွေးချယ်ခံထားခဲ့သောနိုင်ငံတော်သမ္မတ၊ ပြည်သူ့ လွှတ်တော်ဥက္ကဠ၊ အမျိုးသားလွှတ်တော် ဥက္ကဠတို့ သုံးဦးတွင်လည်းကောင်း အတည်ပြုပေးခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်အားလုံး တွင်လည်းကောင်း တာဝန်မကင်း ဖြစ်မည်ကို စိုးရိမ်မိသည်။

    ပြည်သူ့ လွှတ်တော်ဥက္ကဠ သူရဦးရွှေမန်း ယခင်က မကြာမကြာ ပြောခဲ့ဘူးသောစကားမှာ ဥပဒေအထက်တွင် မည်သူမျှမရှိဟုဖြစ်သည်။ ယခုအခါ သူရဦးရွှေမန်းက လွှတ်တော်အထက်တွင် မည်သူမျှ မရှိဟုဆိုနေပြန်ပြီဖြစ်ရာ လွှတ်တော်သည် ဥပဒေအထက်တွင်ရှိနေပြီလား ဥပဒေပြုသူများသည် ဥပဒေကို လိုက်နာရန်မလိုတော့ဘူးလား ဟုမေးခွန်းထုတ်စရာဖြစ်နေကြောင်းတွေ့  ရှိရသည်။

အောင်ဟိန်း(တရားရေး) ၊ ခေတ္တ နေပြည်တော်




                           

Posted: 06 Sep 2012 01:59 AM PDT
ပြီးခဲ့တဲ့ အပတ်က ပြည်သူ့လွှတ်တော်ထဲမှာ တရားစီရင်ရေးဆိုင်ရာ အဆို တခု ဆွေးနွေးခဲ့ကြပါ တယ်။ ပြည
...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...