ခေတ်သစ်နန်းဆက်များ
အာရှမှာ ဒီမိုကရေစီဖွံ့ဖြိုးမှုအားမကောင်း သေးတာ ဘာကြောင့်လဲ။
၂၀၀၇ခုနှစ် အနှောင်းပိုင်းလတွေမှာ နိုင်ငံရေးအရ မတည်မငြိမ်ဆန္ဒပြမှုတွေဟာ အာရှတလွှားကို ရိုက်ခတ် ခဲ့ပါတယ်။ ထိုရိုက်ခတ်မှုဟာ ပါကစ္စတန်၊ ဘင်္ဂလားဒေရှ့်နဲ့ ဗမာနိုင်ငံတို့ကို ရိုက်ခတ်ခဲ့ရုံမျှမက အမြဲတမ်း တည်တည်ငြိမ်ငြိမ်ရှိနေတတ်တဲ့ ဂျပန်နိုင်ငံကိုပါ ရိုက်ခတ်ခဲ့တာပါ။ အဲဒီ့နိုင်ငံတွေအားလုံးမှာ လွတ်လပ်စွာ မဲပေး ပိုင်ခွင့်နဲ့ ပွင့်လင်းမြင်သာပြီး တာဝန်ယူတတ်တဲ့ နိုင်ငံရေးသမားတွေရှိဖို့စတဲ့ ဒီမိုကရေစီအတွက် အဓိကအရေး ပါတဲ့အရာတွေကို တောင်းဆိုလာကြပါတယ်။
ဒါပေမယ့် အဲဒီ့တောင်းဆိုချက်တွေ အစား သူတို့ဟာ မဖြစ်နိုင်တဲ့ ကတိတွေပဲ ရရှိသွားခဲ့ပါတယ်။ အဲ့ဒီလို ပြောင်းလဲမှုတောင်း ဆိုသံတွေရှိပေမယ့် အာရှရဲ့နိုင်ငံရေးအလွှာက စိတ်ပျက်စရာကောင်းတဲ့ ဒီမျက်နှာတွေနဲ့ပဲ ပြန်လည် တုံ့ပြန်နေပါတယ်။
နိုင်ငံရေးဩဇာညောင်းတဲ့ မိသားစုတွေဟာ ဒီမိုကရေစီဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်မှာ ပိတ်ထိုင်ပြီး အာရှရဲ့ နိုင်ငံရေးလောကကို ချုပ်ကိုင်ထားပါတယ်။ အဲဒီ့လို ကိစ္စရပ်တွေဟာ အာရှတစ်ခုထဲမှာ ကွက်ဖြစ်နေတာ မဟုတ် ပေမဲ့ အာရှမှာအဖြစ်များ နေတာပါ။ အိန္ဒိယနိုင်ငံရဲ့အင်အားကြီးမားတဲ့ ကွန်ဂရက်ပါတီကြီးမှာဆိုရင် မူဝါဒဆိုင်ရာ အကြံဥာဏ်ကောင်းတွေ မရှိတဲ့ ရာဟူးဂန္ဒီကို ဝန်ကြီးချုပ်ရာထူးအတွက် အလားအလာရှိတဲ့ လှေကားတထစ် အနေနဲ့ ပါတီအထွေထွေအတွင်းရေးမှူးချုပ်ရာထူးအထိ တိုးမြှင့်ပေးခဲ့ပါသေးတယ်။ ဒါဟာ နေရူးရဲ့ အရှိန်အဝါ ကြောင့်ဆိုလည်း မမှားပါဘူး။
လေ့လာချက်စစ်တမ်းတစ်ခုကလည်း ဖိလစ်ပိုင်ကွန်ဂရက်လွှတ်တော်ရဲ့အဖွဲ့ဝင်ထက်ဝက်ကျော်ဟာ နိုင်ငံရေး အရ ဩဇာညောင်းတဲ့မိသားစုတစ်ခုတည်းကနေ ဆင်းသက်လာကြောင်း ဖော်ပြနေပါတယ်။ မြေရှင်ပဒေသရာဇ် စနစ်ကို အပုတ်ချပြီး အာဏာရလာတဲ့ မော်စီတုန်းရဲ့ တရုတ်နိုင်ငံမှာလည်း မင်းသားငယ်တွေလို့ ဆိုလို့ရတဲ့ ရှန်ဟိုင်းကွန်မြူနစ်ပါတီ ခေါင်းဆောင်ကျန်စီဖျင်း အပါအ၀င် ယခင် ကွန်မြူနစ်ပါတီကေဒါဟောင်းတွေရဲ့ သားတော်တွေက ပဒေသရာဇ်အရှင်သခင်ကြီးတွေလို ထွက်ပေါ်နေပါတယ်။
ဖိနှိပ်ခံနေရတဲ့ အချိန်မှာတော့ လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဒေါ် အောင်ဆန်းစုကြည် လို ပြယုဂ်မျိုးတွေရှိတာဟာ နိုင်ငံအတွက်တောက်ပတဲ့မျှော်လင့်ချက်သင်္ကေတတစ်ရပ်ဖြစ်စေနိုင်ပါတယ်။ သို့သော် နိုင်ငံတစ်နိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်သွားရင် အဲဒီ့လိုနိုင်ငံရေးဩဇာနဲ့သမိုင်းကြောင်း ကြီးမားတဲ့ မိသားစုတွေရဲ့ ထိန်းချုပ်မှုကိုခံလိုက်ရတဲ့ ပါတီတွေဟာ သူတို့ရဲ့ ရပ်တည်မှုကိုသာ ဦးစားပေးပြီး အတွေးအမြင်သစ်(Ideology)ရှိတဲ့ သူတွေကို ကျောခိုင်းလာ တတ်ပါတယ်။ သူတို့ဟာ ဩဇာကြီးမားတဲ့ လူတွေနောက်ကို လိုက်သွားတတ်ကြပါတယ်။
ယခင်ဝန်ကြီးချုပ်ဟောင်းတစ်ဦးရဲ့ မြေးဖြစ်သူ ရှင်ဇိုအေဘိဟာ ရာထူးသက်တမ်းရှိနေတဲ့အချိန်မှာ ဂျပန်ရဲ့ သမိုင်းအမွေဆိုးတွေဖြစ်တဲ့ ဒုတိယကမ္ဘာစစ်တွင်းက ဖြစ်ရပ်တွေပေါ်မှာပဲ အာရုံစိုက်နေခဲ့ပါတယ်။ ဒါကြောင့် လည်း တကယ်လုပ်ဆောင်ရမယ့် စိန်ခေါ်မှုတွေဖြစ်တဲ့ ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်သစ်တွေ ဖော်ဆောင် ရေး၊ ကျန်းမာရေးစနစ်ကို ပြုပြင်ရေးစတဲ့ အရေးပါတဲ့အရာတွေကို ဖော်ဆောင်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ ဒါကြောင့်လည်း ရာထူးမှာ ကြာကြာမခံခဲ့တာပါ။ ရှင်ဇိုအေးဘိကို ဆက်ခံတဲ့ ၀န်ကြီးချုပ် ရာဆိုဖကူဒါဟာလည်း အတွေးအခေါ်သစ်တွေ ခေါင်းထဲရှိပုံ မရပါဘူး။ ဘာကြောင့် ဒီလိုမျိုးသူတွေကို နိုင်ငံခေါင်းဆောင်တင် ပေးခဲ့သလဲဆို တာကို ပြန်စစ်ကြည့်ရင် အဖြေကတော့ သူတို့တွေ အားလုံးဟာ နိုင်ငံရေးဩဇာကြီးမားတဲ့ မိသားစုတွေကနေ ဆင်းသက်လာခဲ့တယ် ဆိုတာပါပဲ။
အဲဒီ့လို နိုင်ငံရေးဩဇာတိက္ကမကြီးမားသူတွေရဲ့ မျိုးဆက်တွေဟာ တာဝန်ယူမှုကို လစ်လျူရှုလေ့ရှိကြပါတယ်။ ပါကစ္စတန် အမျိုးသားခေါင်းဆောင် အလီဘူတိုရဲ့ သမီးဖြစ်တဲ့ ဘနာဇီယာဘူတိုရဲ့ ဝန်ကြီးချုပ် ရာထူး နှစ်ခု ဟာလည်း ကြီးမားတဲ့ လာဘ်စားမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ သူမလက်ထက်မှာ ပါကစ္စတန်နိုင်ငံဟာ နိုင်ဂျီး ရီးယားပြီးရင် ကမ္ဘာ့ဒုတိယလာဘ်စားမှု အများဆုံးနိုင်ငံဖြစ်ခဲ့ပါတယ်။ လာဘ်စားမှုက ဘယ်အုပ်ချုပ်မှု စနစ်မှာမဆို ဖြစ်ပေါ်နိုင်ပေမယ့် ဒီမိုကရေစီမရင့်ကျက်တဲ့ အုပ်ချုပ်မှုစနစ်တွေမှာဆိုရင် ပိုမိုဆိုးရွားပါတယ်။ နိုင်ငံရေးသမားတစ်ယောက်ဟာ ဩဇာအာဏာစည်းစိမ်ရပိုင်ခွင့် မျှော်လင့်ချက် ရှိလာရင် (အဲဒီ့မျှော်လင့်ချက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားလာပြီဆိုရင်) သူခိုးတာ လူမိမှာကို မကြောက်တော့ပါဘူး။ အထူးသဖြင့် သူတို့ရဲ့ မျိုးဆက်တစ်ဦးဦးက ဆက်လက်ရာထူးဆက်ခံဖို့ သေချာနေပြီဆိုရင် သူတို့ရဲ့ ပြစ်မှုတွေကို (လာဘ်စား မှုတွေကို) စုံစမ်းဖော်ထုတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာကို သိထားတဲ့အတွက် မကြောက်မရွံ့ လုပ်ဆောင် လေ့ရှိပါတယ်။
တည်ငြိမ်ပြီး နှစ်ပါတီစနစ်နဲ့ သွားနေတဲ့ နိုင်ငံကြီးတွေထက် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ နိုင်ငံရေးအတွေးအခေါ် အသစ်တွေနဲ့ ပါတီသစ်တွေ ပေါ်ပေါက်ရေးကို ဩဇာကြီးမားတဲ့ မိသားစုတွေက တားမြစ်ပိတ်ပင်လေ့ ရှိပါတယ်။ ဘင်္ဂလားဒေ့ရှိမှာဆိုရင် နိုင်ငံရေးအရှိန်အ၀ါရှိတဲ့ မျိုးနွယ်စုတွေကနေ ဆင်းသက်လာတဲ့ ရှိတ်ဟစီနာနဲ့ သူ့ရဲ့ အဓိကပြိုင်ဘက် ခယ်လီဒါဇီယာတို့ဟာ ပါတီသစ်ဖွဲ့စည်းဖို့ ကြိုးပမ်းမှုတွေကို ဖျက်ဆီးခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်အစောပိုင်းအတွင်း ဂရာမင်း(Grameen)ဘဏ်ကို တည်ထောင်သူ မိုဟာမက်ယူနွတ်က ပါတီသစ်တည် ထောင်ဖို့ စတင်လုပ်ဆောင်တော့ ဟစီနာရဲ့ နိုင်ငံရေးပါတီကလူတွေ အပါအဝင် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးသမား များစွာက ချက်ချင်းကန့်ကွက်ပါတယ်။
သူတို့မှာ မကောင်းမှုတွေရှိပေမယ့် ဩဇာညောင်းတဲ့ မိသားစုတွေဟာ သူတို့အမာခံပရိသတ်တွေရဲ့ ထောက်ခံမှု ကို ရရှိကြပါတယ်။ အိန္ဒိယမှာ ရာဟူးဂန္ဒီနဲ့ သူ့ညီမပရီယန်ကာတို့ဟာ ၀ိုင်းဝန်းအရေးတယူ ဆက်ဆံခံရသလိုမျိုး ဘနာဇီယာဘူတိုနဲ့ ဘင်္ဂလားဒေ့ရှ်က ဟစီနာတို့ဟာ လူထုကြားမှာ တကယ်ကို ထင်ပေါ်ကျော်ကြားနေတုန်းပါ။
အာရှယဉ်ကျေးမှုမှာ မိမိအရေးထက် မိသားစုအရေးကို အလေးထားလေ့ ရှိကြပါတယ်။ မိသားစု အစဉ်အဆက် လုပ်ကိုင်နေတဲ့ စီပွားရေးလုပ်ငန်းတွေက အိန္ဒိယစီးပွားရေးကို ချုပ်ကိုင်နေချိန်မှာ တရုတ်စီးပွားရေးရဲ့ အစိတ် အပိုင်းအတော်များများကို ခရိုနီတွေက ချုပ်ကိုင်နေပါတယ်။ ဒီတော့ သာမန်ပြည်သူတွေက အရှိန်အ၀ါ ကြီးမားတဲ့ မိသားစုတွေက နိုင်ငံရေးမှာ အစဉ်အဆက်ချုပ်ကိုင် တာကိုလည်း ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စလို့ပဲ သဘောထားတာ မဆန်းပါဘူး။ နာမည်ကြီးသူကို လူကြိုက်များခြင်းကလည်း အဲဒီ့မိသားစုတွေကို ထောက်ပံ့ ပေးနေသလိုပါပဲ။
နိုင်ငံရေး တိက္ကမကြီးများသူ မိသားစုတွေ အစဉ်အဆက် နန်းဆက်ခံအုပ်ချုပ်ခြင်းဟာ အာရှမှာပဲ ကွက်ပြီး ဖြစ်နေတာတော့ မဟုတ်ပါဘူး။ အာဂျင်တီးနားမှာဆိုရင် ခရစ္စတီးနားဖာနန်ဒက်ဟာလည်း ခင်ပွန်းဖြစ်သူ နက်စတာရဲ့ သမ္မတအမွေကို ဆက်ခံတဲ့သူ ဖြစ်ပါတယ်။
လေ့လာဆန်းစစ်ချက်တွေအရ အမေရိကန် ကွန်ဂရက်လွှတ်တော်မှာတောင် သက်တန်းရှည်ကြာစွာ တာဝန် ထမ်းဆောင်ခဲ့သူတွေဟာ သူတို့ရဲ့ မျိုးဆက်တွေကို ကွန်ဂရက်ခန်းမထဲမှာ ဆက်လက်ရှိစေချင်ကြပါတယ်။
အမေရိကန်မှာလည်း သမ္မတဂျွန်အက်ဖ် ကနေဒီရဲ့ညီတွေဖြစ်တဲ့ ရောဘတ်ကနေဒီနဲ့ အက်ဝတ် ကနေဒီတို့ ဟာလည်း အမေရိကန်နိုင်ငံရေးလောကမှာ ကျော်ကြားခဲ့သူတွေပဲဖြစ်ပါတယ်။ အက်ဝတ်ဟာ သမ္မတ ဖြစ်ဖို့ အတွက် ရေပန်းစားခဲ့သူ လည်း ဖြစ်ပါတယ်။ အိမ်ဖြူတော်မှာလည်း ဘုရှ်မျိုးဆက် နှစ်ဆက်တိတိ တာဝန်ထမ်း ဆောင်ခဲ့ပါသေးတယ်။ ဒါ့အပြင် ၂၀၀၈ ခုနှစ် ရွေးကောက်ပွဲမှာ ဟီလာရီ ကလင်တန်ကို သမ္မတ ရာထူးပေးဖို့ ကြိုးစားခဲ့သေးပါတယ်။ ဒါကြောင့် ကမ္ဘာ့နိုင်ငံတွေမှာ နိုင်ငံရေးဟာ ဩဇာတိက္ကမကြီးမားတဲ့ မိသားစုတွေရဲ့ အရေးကိစ္စအဖြစ် တည်ရှိနေခြင်းဟာ ဝမ်းနည်းစရာပါဘဲ။
Ref : Family Affairs from TIME Magazine
0 comments:
Post a Comment