“ကံတော်ကုန်သွားတဲ့ ရန်ကုန်” (စိမ်းခက်စိုး)
by Sein Khat Soe on Tuesday, September 11, 2012 at 7:52am ·
နားထောင်ပါဦး မြရေ……………..
သူ့အတွက်လို့ ရည်လာတဲ့ ဆံတော်ကအစ
ချယ်ရီဝက်ဂွန်ကားလေးတွေအဆုံး
ခိုးယူဖြတ်ဘုံး လူလုံးမလှခြင်းတွေနဲ့ အတိတ်ကလည်းလှခဲ့တယ်တဲ့ မြရေ။
ရောင်တစောင်းခေတ်ကနေ အီမိုကေတွေခေတ်အထိ
လူ့မလိုင်တွေနဲ့ ဝေလေလေတွေရဲ့ ကားဘီးရာတွေ
တက်တူးထိုးကြမ်းကြမ်းထိုးထားတဲ့ သူ့ကျောပေါ်မှာ
ရွှေပြည်အေးတရားတွေလည်း သိမ်းထားသေးဘူးတယ်တဲ့ မြရေ။
အစုန်တစ်ခါမှမရှိခဲ့တဲ့ရန်ကုန်ဟာ
ခေါင်းဆောင်အစ လမ်းဘေးဈေးသည်အဆုံးကို
အညွန့်တုံးရင်ပြီးရော နည်းအမျိုးမျိုးသုံးပြီး နပန်းလုံးလည်းသတ်ခဲ့တယ်တဲ့ မြရေ။
ခေါင်းလောင်းကို ဖောင်နဲ့သယ်ဖြတ်ခဲ့တဲ့ ခေတ်ကနေ
ဝေလေလေတွေများတဲ့ ဒီမိုကရေစီဆိုလားဆိုလားခေတ်အထိ
မြင်မိကြားမိသမျှတော့
အဲ့မြို့သားတွေ စားပွဲပေါ်မှာ ငြိမ်းချမ်းရေးလုပ်တယ်။
အဲ့မြို့သားတွေ တိုက်ခန်းထဲမှာ ငြိမ်းချမ်းရေးလုပ်တယ်။
အဲ့မြို့သားတွေ ဟောခန်းမတွေထဲမှာ ငြိမ်းချမ်းရေးလုပ်တယ်။
အဲ့မြို့သားတွေ လ္ဘက်ရည်ဆိုင်ထဲမှာ ငြိမ်းချမ်းရေးလုပ်တယ်။
အဲမြို့သားတွေ လမ်းပေါ်မှာငြိမ်းချမ်းရေးလုပ်တယ်။
အဲ့မြို့သားတွေ တောထဲမှာ ငြိမ်းချမ်းရေးလုပ်တယ်။
အဲမြို့သားတွေ ဖေ့ဘွတ်ပေါ်မှာ ငြိမ်းချမ်းရေးလုပ်တယ်။
တစ်ခုခုလုပ်ဖို့ သတိယသူတိုင်း ငြိမ်းချမ်းရေးတော့လုပ်လိုက်တာဘဲတဲ့ မြရေ။
ဒါပေမယ့်နော်……………..
လူစုံပြီလားဟေ့ဆို ဖြုတ်ထုတ်သတ် စက်သေနတ်ကိုမောင်းတင်
ဖြူဖြူမည်းမည်းမြင်ရာစွတ်ပစ်
မင်းကို ကုလားဖြစ်လို့ပစ်တယ်။ ဗမာဖြစ်လို့ ပစ်တယ်။
မင်းကို ရခိုင်ဖြစ်လို့ ပစ်တယ်။ ဘုန်းကြီးဖြစ်လို့ ပစ်တယ်။
မင်းကို ကချင်ဖြစ်လို့ ပစ်တယ်။ ဘုရင်ဖြစ်လို့ ပစ်တယ်။
မင်းကို ကျောင်းသားဖြစ်လို့ ပစ်တယ်။ သူတောင်းစားဖြစ်လို့ ပစ်တယ်။
မင်းကို ကျူးကျော်တဲ့မို့ ပစ်တယ်။ ရူးသလိုဘဲမို့ ပစ်တယ်။
ဖြူဖြူမည်းမည်းမြင်ရာ ကျည်မကုန်တမ်းပစ်ခတ်ခဲ့ဖူးသေးတယ်….
ခုရောဘယ်လိုလဲမမေးပါနဲ့….ကျွန်တော်မဖြေရဲသေးဘူး
အပတ်စဉ်ထုတ် ဂျာနယ်လေးသာ ၀ယ်ဖတ်ပေတော့ မြရေ။
သူ့ရေရှည်စီမံချက်ထဲမှာ
နိုင်ငံရေးသမားနဲ့ ကျူးကျော်တဲ၊ ဘကကျောင်းနဲ့ လမ်းဘေးဈေးသည်
လေသံပင်မကြားချင်ခဲ့ပေမယ့်………………………….
တက္ကသိုလ်တွေနဲ့ ပညာဒါနတွေ ခေါင်းလောင်းသံပင်မကြားချင်ပေမယ့်
မျက်မှေး၊ နှာချွန် လူလွန်မသားတွေကိုတော့
နဂါး ကလေးနဲ့မှ… ဒိုးပတ်အိုးစည်လေးနဲ့မှ ကြိုဆိုချင်ကြသလို
မာဆတ်နဲ့ ကေတီဗွီတွေကိုတော့ သူ့ရင်ငွေ့လေးနဲ့မှ နွေးထားချင်သေးသတဲ့ မြရေ။
ဒီရေ ဒီကုန်းမှာ လူလားမြောက်သွားတဲ့သူတွေလည်း
လေကောင်းလေသန့်လေးများ နည်းနည်းမရလိုက်နဲ့
ဝတ်လစ်စလစ်နဲ့ အွန်လိုင်းပေါ်တက်သူတက်သလို
နောက်ကျောကို ဓါးနဲ့မရလို့ တရီးရီးနဲ့ထိုးသူလည်းထိုးရဲ့ မြရေ။
တော်ကြာနေ ဒါတွေပြီးသွားရင်
ဘာတွေလာဦးမလဲ ရန်ကုန်လို့ အသံကုန်ဟစ်မေးစရာမလိုဘူး
မပေါ်တဲ့အမှုတွေရယ်….မျက်နှာပြောင်ဒေါ်လာစားတွေရယ်
မကြာမှီလာမည် မျှော်
ဒီဇာတ်တော်ဟာ ရှော်ပါတယ်ဆိုပေမယ့် ၀ါသနာပါရင်အရူးကွက်နင်းပြီး
သူ-မင်း-ငါ အားလုံးဝင်ကလို့လည်း ရသတဲ့…. မြရေ။
နောက် နာရီအနည်းငယ်မှာ ညကလပ်က မီးရောင်မှိန်မှိန်တွေအောက်
လူကြီးလူကောင်းဆိုသူတို့ရဲ့ သားသမီးတွေ ရောက်လာပါဦးမည်
အခုဆို ၂၁ရာစုလမ်းကြား အမှိုက်ပုံထဲမှာ
ရန်ကုန်ဟာ ကံတော်ကုန်သွားပေါ့ မြရေ။
စိမ်းခက်စိုး
(အင်္ဂါ) စက်တင်ဘာ ၁၁၊ ၂၀၁၂
ညနေ - ၀၆း ၅၁ နာရီ
0 comments:
Post a Comment