Friday, September 14, 2012

ဆရာဝန် ၊ ဒေါ်အေး ၊ တရုတ်ကလေး ၊ ခွေး


by Mg Linnith on Saturday, July 28, 2012 at 2:42pm 

အခန်း(၁) ခွေး

          မိုးရွာပြီးခါစ ဖြစ်သောကြောင့် လမ်းကလေး၏ ဘေးတစ်ဘက်တစ်ချက် ရှိ သစ်ပင်များ စိမ်းစိုလှပနေကြသည်။
ဆရာဝန် ခမျာမှာတော့ ဘေးပါတ်ဝန်းကျင် အလှအပများကို မခံစားနိုင်ပဲ ရှေ့တည့်တည့်က အခက်အခဲများ ဖြစ်သော ရေအိုင်များ၊ချိုင့်ခွက်များ၊ခလုတ်ကန်သင်းများကိုရှောင်ရှားရင်း ခေါင်းထဲတွင်လည်း အတွေးနယ်ချဲ့နေပါသည်။
    ဆရာဝန် ရာသီ(တုပ်ကွေးရာသီ) ဖြစ်သောကြောင့် ဆေးခန်းတွင် လူများသည်။ မနေ့ကလည်း အိမ်ပြန်နောက်ကျသည်။
ထို့ကြောင့် ဒီနေ့ ဆေးခန်းကိုစောစောထွက်လာခဲ့သည်။ လိုအပ်သောဆေးဝါးတွေကိုလည်း စစ်ဆေး ရမည်။ မနှစ်ကထက် ဒီနှစ် မိတ်ပိုများလာသည်။

နောက်နှစ်လောက်ဆို အကူတစ်ယောက်ခေါ်မှဖြစ်တော့မည်။ အကူ အဖြစ် နာ့စ်မချောချောလေး တစ်ယောက် ခေါ်ရမည်။
လူနာတွေ ရှင်းသွားချိန်တွင် ထို နာ့စ်မလေး က "ဆရာ ကော်ဖီဖျော်ပေးရမလား" ဟုမေးလိမ့်မည်။
အနေနီး၍  ကြာလာတော့ ရင်းနှီးပြီး......

    " ဒီမှာ မိတ်ဆွေ...."

    တစ်ယောက်တည်း ပြုံးပြုံးကြီး လမ်းလျှောက်လာသော ဆရာဝန်မှာ ရုတ်တရက် ခေါ်သံကြောင့် အိုးတိုးအမ်းတမ်း ဖြင့် အသံလာရာသို့လှည့်ကြည့်သည်။
လမ်းတစ်လမ်းလုံး သူတစ်ယောက်တည်း ဖြစ်ပြီး သူ့နောက်တွင် ခွေးတစ်ကောင်သာ တွေ့ရသည်။

    " ဒီမှာ မိတ်ဆွေ.... ကျုပ်ကို တစ်ခုလောက် ကူညီပါ.. "

    အသံသည် ခွေး ဆီမှလာကြောင်း သေချာသွားသဖြင့် သူစိတ်ညစ်သွားသည်။ တစ်ကယ်ဆို သူ ခွေးတွေနှင့် သိပ်စကားမပြောချင်လှ။ သူတို့က မလိုရင် တစ်မျိုး လိုရင်တစ်မျိုး။
သူလိုဆရာဝန် တစ်ယောက် အနေဖြင့် လမ်းပေါ်တွင် ခွေးတစ်ကောင်နှင့် ရပ်စကားပြောနေသည်ကို တစ်ယောက်ယောက်မြင်သွားလျှင် သူ့သိက္ခာလည်း ကျနိုင်သည်။
သို့သော် ခွေးပါးစပ် ပြဲပြဲထဲမှ အစွယ်ကို ကြောက်၍ (တစ်ကယ်တော့ ခွေးက သူ့ကို ပြုံးပြနေခြင်းဖြစ်သည်)

    " ဟုတ်ကဲ့ ဘာကူညီပေးရမလဲခင်ဗျ "  ဟု မတတ်သာသော လေသံကြီးဖြင့် ပြန်မေးလိုက်ရလေသည်။

    " ဒီလိုပါ... ကျုပ်ကို အမြီး ဖြတ်ပေးပါ။ ခင်ဗျားက ဆရာဝန်ဆိုတော့ ပိုကျွမ်းကျင်မှာပေါ့။ ပြီးတော့ မေးခိုင်ကာကွယ်ဆေးလေးဘာလေး ထိုးပေးပေါ့ဗျာ။ "
ပိုင်စိုးပိုင်နင်းလေသံဖြင့် ခွေးကပြောသည်။

    " ဘာလို့များ အမြီးဖြတ်ချင်ရတာလဲဗျာ။ ဒါက မဖြစ်မနေများ လုပ်ဖို့လိုလို့လား။ သေချာ စဉ်းစားပါဦးဗျာ..."
    " ဒီလိုဗျ... ရပ်ကွက်ထဲက ငွေတိုးချေးစားတဲ့ ဝဝတုတ်တုတ်နဲ့ အဒေါ်ကြီးကိုသိတယ်မဟုတ်လား...  "
    " ဒေါ်အေးကို ပြောတာထင်တယ်.... "
    " ဒေါ်အေးလား ဒေါ်ခွေးလား မသိဘူးဗျာ။ သူ့မှာ သမီးတစ်ယောက်ရှိတယ်လေ "
    " အင်း ဟုတ်ပါတယ်.... ဒေါ်အေးပါ။ နေပါဦးဗျ .... အဲဒါနဲ့ ခင်ဗျား အမြီးဖြတ်တာနဲ့ ဘာဆိုင်လို့လဲ?"
    " ပြောမယ်လေဗျာ ... ခင်ဗျားက စကားဆုံးအောင်မှ နားမထောင်ပဲ ဖြတ်ဖြတ်ပြောနေတာကိုး... "
ဆရာဝန် ခမျာမှာ နဲနဲတော့ အောင့်သက်သက် ဖြစ်သွားသည်။ စိတ်ထဲကလည်း အတော်လူပါးဝတဲ့..ခွေး... အဲ... ခွေးပါးဝတဲ့... ခွေး ဟု ကြိတ်ပြီး ကျိန်ဆဲနေမိသည်။

    " ဟိုတစ်နေ့က သူ့သမီးနဲ့ ကြိုက်နေတဲ့ ကောင်လေးကို သူရန်တွေ့နေတာ ကျုပ်ကြားခဲ့တယ်ဗျ "
    " အော်... တရုတ်ကလေးလေ၊ သူတို့က ကြိုက်နေတာ ကြာပြီပဲ... အဲ.."
ဖြတ်ပြောပြန်ပြီ ဆိုသည့် သဘောဖြင့် ခွေးက မျက်စောင်းထိုးသည်။ သူ့ဘဝတွင် ခွေးမျက်စောင်းထိုးခြင်းကို ပထမအကြိမ်မြင်ရခြင်းဖြစ်ပြီး အတော်ရယ်ချင်သွားသည်။
အစွယ်ကြီး တကားကားနှင့် မိန်းမလို မိန်းမရ ပုံစံ.... တော်တော်တော့ မလိုက်ဖက်။

    " အဲ..သူက သူသမီးကောင်လေးကို ပြောတယ်ဗျ၊ ဟဲ့.. အကောင်... နင်လိုကောင်မျိုးနဲ့ ပေးစားမယ့် အစား ခွေးကို အမြီးဖြတ်ပြီးပဲ ပေးစားလိုက်မယ်.... နားလည်လား....တဲ့ "
 ခွေးက ဆက်ပြောသည်။
    " အဲဒါကြောင့်... ကျုပ်က အမြီးဖြတ်ဖို့ ခင်ဗျားကို အကူအညီ တောင်းရတာပဲ၊ ကဲ ရှင်းပြီလား... "
ဒီခွေးတော့ ခက်ပြီ....။ တစ်ကယ်ဆို ဒေါ်အေးက စိတ်ဆိုးတုန်း စကား အဖြစ်ပြောသွားခြင်းသာ ဖြစ်ကြောင်း၊သူ အမြီးဖြတ်လိုက်လျှင်လည်း ပေးစားမည် မဟုတ်ကြောင်း ရှင်းပြလျှင်လည်း
(ခွေးဖြစ်သောကြောင့်) နားလည်မည့် ပုံမပေါ်....
    " ဒါနဲ့ နေပါဦး... ခင်ဗျားက ဒေါ်အေး သမီးကို ကြိုက်လို့လားဗျ... "
    " ဖွီ... ခင်ဗျားတို့ လူတွေ ဘာလို့ကြိုက်ရမှာတုန်း၊ ဒီလောက် ရှုပ်ထွေးပွေလီပြီး အချင်းချင်း ယုတ်မာနေကြတာ.... ပြီးတော့အရုပ်က လည်းဆိုးသေးတယ်၊
    အသံကလည်း ဘယ်လိုမှ နားထောင်လို့ မရဘူး  ထားပါ အဲဒါက ခင်ဗျားတို့ကိစ္စ။ ဒီလိုဗျ ကျုပ်အမြီးဖြတ်ပြီးလို့ ဒေါ်အေးသမီး နဲ့ညားရင် သူ့ခြံထဲရောက်ပြီ။
     အဲ....ကျုပ်က ခွေးဖြစ်တဲ့ အတွက် သူတို့အပြင်သွားရင် ခြံစောင့်ရမှာပဲ.. ဟဲဟဲ... အဲဒီကျမှ.... ကျုပ်သဘောကျနေတဲ့ သူတို့ ခြံထဲက အမွေးဖြူခွေးမလေး နဲ့ နီးစပ်မှာပေါ့ဗျ... "

ခွေး ကအတည်ကြီး စိတ်ကူးယဉ်နေသည်။ သူကိုယ့်သူ အကြံသိပ်ပိုင်သော ခွေး ဟုထင်နေပုံပေါ်သည်။ စိတ်ကူးထဲတွင် ခွေးဖြူမလေး နှင့် ကလေးတွေ ဘာတွေ မွေးနေသည်။
ဆရာဝန် မှာတော့ အကြပ်ရိုက်ကာ ဒီကိစ္စကို ဘယ်လိုရှင်းရင်ကောင်းမလဲ ဟူသော အဖြေကို အမြန်စဉ်စားပြီး အောက်ပါ အတိုင်း ခွေးကိုပြောချလိုက်လေ၏။

    " အဲ....ဒါက ဒီလိုရှိတယ်ဗျ၊   ခင်ဗျားကို အမြီးဖြတ်ပေးဖို့ ကိစ္စမှာ... လိုအပ်တာလေးတွေတော့ရှိတယ်။
     အမြီးကို ဖြတ်တဲ့ အချိန်မှာ မနာအောင် ထုံဆေးလိုမယ်ဗျာ...အဲ..ပြီတော့ ခင်ဗျား ပြောသလို
    မေးခိုင် ကာကွယ်ဆေးထိုးရမယ်ဗျာ..... ပြီးရင် တစ်ပါတ်စာလောက်တော့ သောက်ဆေးလိုမယ်...
    အဲဒီ အတွက်တော့ ခင်ဗျားမှာ ပိုက်ဆံရှိမှဖြစ်မယ်....
    အရက်ပြန်၊ထည့်ဆေး၊ဂွမ်းတို့ ပါတ်တီး တို့  အပရိက လောက်ကတော့ ကျွန်တော် စိုက်ပေးနိုင်ပါတယ်...
    ကျန်တာတော့ စားရိတ်မျှပေး ကျန်းမာရေးပေါ့ဗျာ.... ဟဲဟဲ "

ခွေး တစ်ချက်တော့ ငိုင်သွားပြီး....

    " ရှုပ်ပါတယ်ဗျာ... ထုံဆေးတွေ ဘာတွေ လုပ်မနေနဲ့  နာရင်လည်း နာပေ့စေ...
    မေးခိုင်ကာကွယ်ဆေးလည်း ထိုးမနေ တော့ဘူး.. ဒီအတိုင်းသာ ဖြတ်ပေးဗျာ....
    အဓိက က အမြီးပြတ် သွားဖို့ပဲ... "
    " ဒီအတိုင်း ဖြတ်လို့ မဖြစ်ဘူးလေ.... ဒီအတိုင်းဖြတ်ရင် နာမှာပဲ....နာရင် ခင်ဗျားက သတိလက်လွတ်ဖြစ်ပြီး ကျုပ်ကို ကိုက်မှာပဲ....
     အဲ့ကျမှ.... ကျုပ်မှာ ကူလည်းကူညီရသေး... ခွေး.. အဲ..အဲ... ခင်ဗျားကိုက်တာလည်းခံရဦမယ်... ဆေးဖိုးက တစ်ခါထပ်ကုန်ဦးမယ်..."
    " မကိုက်ဘူးလို့ ကျုပ်ကတိပေးတယ်ဗျာ.."
    " ဒါက ခင်ဗျား... အထင်ကိုး... တစ်ကယ်တမ်း အသားနာလာရင်...ဘယ်သူက သည်းညည်းခံနိုင်မှာလဲ....
    စကားပုံတောင် ရှိသေးတာပဲ၊ ဘာတဲ့ ခင်ဗျားကို ချောင်ပိတ်ရိုက်ရင် ပြန်ကိုက်တယ်ဆိုတာလေ...
    အဲ...ဒါပေမယ့် တစ်ခုတော့ ရှိတယ်....ခင်ဗျား ကျုပ်ကို မကိုက်နိုင်အောင်လို့ အရင်ဆုံး ခင်ဗျားရဲ့ အစွယ်တွေ အကုန်ချိုးပစ်လိုက်ရင်တော့....."

    ကဲ... ဘယ်လိုလဲ ဆိုသည့် အကြည့်ဖြင့် ခွေးကို ဆရာဝန်က ကြည့်သည်။ခွေး လုံးဝ ခေါင်းငိုက်စိုက် ကျသွားသည်။
 ဒီအစွယ်တွေကို သူစွန့်လွှတ်လို့မဖြစ်။ အစွယ် မရှိတော့ လျှင် သူ ကို ဘယ်ခွေးမှ လေးစားမည် မဟုတ်။
ရပ်ကွက်ထဲမှာ ခွေးဗိုလ် ဟူသော ရာထူးကို သူစွန့်လွှတ်ရလိမ့်မည်။ ဒါ့အပြင် သူ အနိုင်ကျင့်ခဲ့သမျှ ခွေးတွေက သူ့ကိုပြန်ပြီး လက်တုံ့ပြန်လာနိုင်သေးသည်။
ထို့နောက် ခွေးမျက်နှာ တစ်ချက်တင်းခနဲ့ ဖြစ်သွားပြီး.....

    " ဘာပဲဖြစ်ဖြစ် ခင်ဗျား ကျုပ်အမြီးကို ဖြတ်ပေးရမယ်။ ဖြတ်မပေးရင်လည်း ခင်ဗျားကို ကျွန်တော် ကိုက်မှာပဲ..."

နောက်ဆုံး ဒီလိုဖြစ်လာမည်ကို သူကြိုတွက်ထားပြီးဖြစ်သည့် ဆရာဝန်သည် တစ်ချက်ပြုံးလိုက်သည်။

    " ခင်ဗျား ကျွန်တော့်ကို ကိုက်မယ်ဆိုရင် ဖြစ်လာ့မယ့် အကျိုးဆက်တွေကို စဉ်းစားသင့်တယ်။
     ဥပမာ-ရပ်ကွက်ထဲမှာ ခွေးလေခွေးလွင့်တွေများနေပါတယ်လို့ စည်ပင်ကိုတိုင်တာမျိုး.....
    နောက်တစ်ခု အနေနဲ့ ခင်ဗျား ဗိုလ်ကျပြီး မှီခိုစားသောက်နေတဲ့ အမှိုက်ပုံကို ကျန်းမာရေးနဲ့ မညီညွတ်လို့ဆိုပြီး
    အမှိုက်ကန်အဖြစ် ပြောင်းခိုင်းမယ်ဗျာ...အဲ ကျုပ်ကဆရာဝန်ဆိုတော့...ကျုပ်ပြောရင်ဖြစ်မှာပဲ... အဲဒီ အမှိုက်ပုံမရှိရင်...."
    " တော်တော့ ကျုပ်သဘောပေါက်ပြီ.... အဲဒီအမှိုက်ပုံမရှိရင် စားရမဲ့သောက်ရမဲ့နဲ့ အားနည်းပြီး ပိန်လာမယ်....
    အဲ့ကျရင် ကျုပ်အနိုင်ကျင့်ခဲ့တဲ့ကောင်တွေ ကျုပ်ကိုပြန်အနိုင်ကျင့်ကြမယ်....ခင်ဗျားက ကျုပ်ကို ဆန်ရှင်လုပ်ဖို့ကြိုးစားတာပဲ.."
    " ခင်ဗျားက ဆန်ရှင်တွေ ဘာတွေသိလို့ပါလား "
    " ကျုပ်က အမှိုက်ပုံမှာနေတဲ့ခွေးဆိုပေမယ့် စာလည်းဖတ်တယ်ဗျ၊ အမှိုက်ထဲမှာပါလာတဲ့ စာတိုပေစ အကုန်ဖတ်တယ်....
    နျူကလီယား ... ဒီမိုကရေစီ.... မြစ်ဆုံ....ဖယောင်းတိုင်....လယ်မြေ.....ခရိုနီ....အကုန်သိတယ်.....အဲဒါကြောင့် ခင်ဗျားတို့လူတွေ ရှုပ်ထွေးပွေလီ ယုတ်မာတယ်လို့ပြောနိုင်တာပေါ့....
    အထူးသဖြင့် ခင်ဗျားတို့လို ပညာတတ်ဆိုတဲ့လူတွေ ယုတ်မာရင်ပိုဆိုးတယ်....ဖွီ....ခင်ဗျား မဖြတ်ပေးရင်လည်းနေ ဖြတ်ပေးမယ့်သူပဲ သွားရှာတော့မယ်..."

    ပြောပြောဆိုဆို ခွေးကလှည့်ထွက်သွားသည်။ ပွစိပွစိ တိုးတိုး တိုးတိုး ဖြင့်လည်း မကျေမနပ် ရေရွတ်သွားသေးသည်။ဆရာဝန်ခမျာ ခုမှပဲ သက်ပြင်းချနိုင်တော့တယ် ဟုတွေးကာ
ရင်ထဲမှ အလုံးကြီးကျသွားတော့သည်။ထို့နောက် ဆေခန်းဘက်သို့ ဆက်လက်ထွက်ခွာရင်း ခွေး ပြောခဲ့သောစကားများကိုစဉ်းစားရင်း တရုတ်ကလေး အကြောင်း ကိုစဉ်းစားမိလေသည်။

    တရုတ်ကလေး ဆိုသည်မှာ ရပ်ကွက်မှပေးထားသော နာမည်ဖြစ်ပြီး နာမည်နှင့် မလိုက်အောင် အသားမည်းသူဖြစ်သည်။ တရုတ်ကလေးသည် ပိုက်ဆံရမည်ဆိုလျှင်
အိမ်သာကျင်းတူး၊မြောင်းဖော်၊ဖိနပ်ချုပ် သည်မှအစ....ဆိုက်ကားနင်း၊ပွဲစား အလယ်.... ထီးပြင်၊ဓနိမိုး၊သွပ်ဖာ အဆုံး အောက်ခြေမှစ အထက်ထိ အလုပ်မရွေးလုပ်သူဖြစ်သည်။
ရပ်ကွက် ဓမ္မာရုံရှိ အလှုခံပုံးကိုပင် တရုတ်ကလေးက ပုတ်ပြတ် ကန်ထရိုက်ဆွဲထားခြင်းဖြစ်ပြီး ဒီကိစ္စကို ဘုရားလူကြီးနှင့် သူသာသိသည်။
ရလျှင်ရလိုဖြောင်တတ်ခြင်း၊ အကွက်ရွှေ့ခြင်း၊ လက်တစ်လုံးခြားလုပ်စားခြင်းများကြောင့် နာမည်ပျက်ဖြင့် နာမည်ကြီးသော်လည်း ဂျိုကာကဲ့သို့လိုရာသုံးဖြစ်ခြင်း၊ ဈေးသက်သာခြင်းတို့ကြောင့်
 တရုတ်ကလေးကို မည်သူမျှမကင်းနိုင်ကြပေ။ဒေါ်အေး သမီးကိုမှ ရွေးပြီးချိန်ရခြင်းမှာလည်း တရုတ်ကလေး၏ မဟာဗျူဟာမြောက် အကြံအစည်တစ်ခုပင် ဖြစ်ရမည်ဟု တွေးရင်းဆေးခန်းသို့
 ရောက်မှန်းမသိ ရောက်လာလေတော့သည်။(တရုတ်ကလေးဟု ခေါ်ရခြင်းမှာ အသားမည်းသည်ကို နောက်ပြောင်၍ပေးခြင်းလား....ပိုက်ဆံရှာသည်ကို အစွဲပြု၍ ပေးခြင်းလားကိုမူ...
ငယ်မွေးခြံပေါက် မဟုတ်သောကြောင့် ဆရာဝန်သေချာမသိပေ။)

            -----------------------------------------------------------------------

                အခန်း(၂) တရုတ်ကလေး

    " ဆရာ... ဆရာ ရောက်ပြီလားဗျ...ကျွန်တော့်ကို ကြည့်ပေးပါဦးဗျာ... "
ခေါ်သံကြောင့် လိုအပ်သော ဆေးစာရင်းများပြုလုပ်နေသော ဆရာဝန် တစ်ချက်ခေါင်းထောင်သွားသည်။ တရုတ်ကလေး၏ အသံဖြစ်ကြောင်းလည်း တပ်အပ်သိလိုက်သည်။
    " တရုတ်ကလေးလားကွ ဝင်ခဲ့လေကွာ..."
တရုတ်ကလေး ဝင်လာသည်တွင်.....
    " ဟ.... ဘယ်လိုဖြစ်တာလဲကွ.... တစ်ကိုယ်လုံးလည်း သွေးတွေးချည်းပါပဲလားကွာ..."
    " ခွေးကိုက်ခံရတာပါ ဆရာရယ်...ကျွတ်..ကျွတ်.. "
    " ကဲ..ကဲ...ခုတင်ပေါ်တက်ကွာ....ဘယ်လိုဖြစ်လို့များ ခွေးက ဒီလောက်တောင်ကိုက်တာလဲကွာ...
     တစ်ကယ်ဆို ခြေထောက်ကိုပဲ ကိုက်ခံရမှာကို... "

    တစ်ကိုယ်လုံးရှိ ဒဏ်ရာများကို ဆရာဝန်က ဖန်ရေဆေး သုတ်သင်၍ ဆေးထည့်ပေးနေစဉ်မှာ တရုတ်ကလေးက ဇာတ်စုံခင်းပြလေသည်။ တရုတ်ကလေး၏ ပြောကြားချက်အရ
၎င်းအားကိုက်လိုက်သော ခွေးမှာ သူလမ်းတွင်တွေ့ခဲ့သောခွေးပင်ဖြစ်ကြောင်း သိလိုက်ရသည်။ ခွေးက သူ့အားအမြီးဖြတ်ပေးရန်နှင့် အမြီးပြတ်၍ ဒေါ်အေးသမီးနှင့်ရလျှင် သူကခွေးဖြူမလေးကိုသာ
ယူမည်ဖြစ်ကြောင်း တရုတ်ကလေးက ဒေါ်အေးသမီးကိုခိုးပြေးရန် ကူညီမည်ဖြစ်ကြောင်း( ဗမာဗွီဒီယိုကားများမှပါသကဲ့သို့ မြေးတစ်ယောက်ရမှ မျက်နှာချိုသွေး၍ ပြန်တက်မည်ဟု တရုတ်ကလေးက
 တွေးထားသည်။ တစ်ဦးတည်းသောသမီးဖြစ်သောကြောင့် ကျိန်းသေပေါက်လက်ခံလိမ့်မည်ဟု သူကအပိုင်တွက်ထားသည်)သူနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန်ကမ်းလှမ်းခဲ့ကြောင်း....
ထို့ကြောင့် သူက ခွေးအမြီးကိုဖြတ်ပေးခြင်းဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း....။သို့သော် အမြီးဖြတ်ပြီးသည့် အချိန်တွင် မထင်မှတ်ပဲ ခွေးက ထကိုက်ခဲ့၍
သူက လက်ပြန်ဖြင့်ပြန်ရိုက်ရာမှ အစပြုပြီး နှစ်ယောက်သား အဲ.. နှစ်ကောင်သား....(ဒါလည်းမဟုတ်သေးဘူးဟ)တစ်ယောက်နှင့်တစ်ကောင်သား သူကိုက် ကိုယ်ရိုက်ဖြင့် နပန်းလုံးကြရာမှ
နှစ်ယောက်စလုံး အထိနာခဲ့ကြောင်း ခွေးက အစွယ်နှစ်ချောင်းကျိုး ခြေတစ်ဖက်ဆာသွားပြီး သူကတော့ ကိုက်ရာဗလပွ ရရှိခဲ့ကြောင်း.... စသည်ဖြင့် စီကာပါတ်ကုံးပြောပြလေသည်။

    တရုတ်ကလေး၏ စကားအဆုံးတွင် ဆရာဝန်သည် ကြီးစွာအံ့သြသွားလေသည်။ ဒေါ်အေးအနေဖြင့် အမြီးဖြတ်ထားသောခွေးနှင့် သူ့သမီးကို ပေးစားလိမ့်မည် ဟုခွေးတစ်ကောင်က
ယုံကြည် နေခြင်းထက် ထိုခွေး ပြောသမျှကိုပါ ယုံကြည်၍ (အကျိုးတူပူးပေါင်း)ဆောင်ရွက်သော တရုတ်ကလေးအား အလွန်အမင်း အံ့အားသင့်နေလေသည်။ တို့နောက် တရုတ်ကလေးက

    " နောက်ဆို ခွေးတွေနဲ့ အလုပ်မလုပ်တော့ဘူးဗျာ။
     ဒီကောင်တွေက ဘယ်လိုမှန်းလည်း မသိဘူး မှန်းဆရခက်တယ်။
     တစ်ကယ်ဆို သူပြောတဲ့အတိုင်း အမြီးဖြတ်ပေးခဲ့တာပေး ဥစ္စာ
    ဘာလို့များ ကတိမတည်တာလဲ မသိဘူး.... အား...ကျွတ်..ကျွတ်..ကျွတ်.. "

ကုတင်ပေါ်မှ ဆင်းရင်းပြောသည်။ တို့နောက် ဆေးဖိုးပေးပြီး သူ့အား နှုတ်ဆက်သွားလေသည်။

    " ဒေါ်အေးကို ဆေးဖိုးပါထည့်တောင်းရမယ်...တောက်... တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်ရမျာကိုကွာ ... "
     ဟု ရေရွတ်သွားသည်ကို မပီမသ ကြားလိုက်ရသည်။

        - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

                အခန်း(၃) ဒေါ်အေး

    လူနာများ ရှင်းသွားပြီး ဆေးခန်းပိတ်ရန် ပြင်နေစဉ်.....

    " ဆရာရေ....ခေါင်းထဲက နောက်တောက်တောက်နဲ့ ဖြစ်နေလို့ သွေးပေါင်လေးချိန်ပေးစမ်းပါဦးရှင်။ ဟို....ပြီးတော့ ကြွပ်ကြွပ်အိတ်ကလေး တစ်လုံးလောက် ရရင်ပေးပါဦး ဆရာရယ် "

အသံနှင့် အတူ ဆေးခန်းအတွင်းသို့ ဒေါ်အေးဝင်လာလေသည်။

    " အော်...ဒေါ်အေး...  တစ်ယောက်ထဲလားဗျ... လာလေဗျာ။ ဟင်... လက်ထဲမှာ ခွေးမြီးကြီးပါလား...ဘာလုပ်ဖို့တုန်းဗျ... "
    " ယတြာခြေ ဖို့ပါဆရာရယ်....လုပ်ပါဦး ကြွပ်ကြွပ်အိတ်တစ်လုံးလောက်....ဒါကြီးထည့်ဖို့ "
    " ကြွပ်ကြွပ်အိတ်တော့ မရှိဘူး စက္ကူ ကတ္ထူအိတ်ပဲရှိတယ်။ ရော့ ... ကျွန်တော်က ကြွပ်ကြွပ်အိပ် မသုံးဘူးဗျ။ တစ်ကယ်တော့ ကြွပ်ကြွပ်အိတ်ဟာ..... "
    " လက်ကလေး သုတ်ချင်လို့ တစ်ရှုးလေးပါ ပေးပါဦး ဆရာရယ်"

    ဆရာဝန်ခမျာ ကြွပ်ကြွပ်အိတ်၏ ဆိုးကျိုးများကို ပြောခွင့်မသာလိုက်။ တစ်ရှုးကိုရှာရပြန်၏။ လက်သုတ်ပြီးသည်နှင့် ဒေါ်အေးသည် ကုတင်ပေါ်သို့ (ဝါရင့် ကပ်စတမ်မာဖြစ်သည်နှင့်အညီ)
သူ့ဘာသာသူ အလိုက်တသိ တက်၍ လှဲလေသည်။ ဆရာဝန်က လိုအပ်သော စမ်းသပ်မှုများ ပြုလုပ်ရင်း.....

    " နေပါဦး ဒေါ်ခွေး .. အဲလေ ...ဒေါ်အေး ရ... ခွေးမြီးနဲ့ ခြေခိုင်းတဲ့ ယတြာရယ်လို့ တစ်ခါမှ မကြားဖူးပါဘူးဗျာ...."
    " အော်.... ဒီလထုတ် (    ) မဂ္ဂဇင်းထဲမှာ ပါတာလေ။ ခွေးမြီး ခုနှစ်လက်မကိုကိုင်ပြီး  ခုနှစ်မိုင်က ခင်မောင်ရင် ခမောက်စောင်းပြီး ခေါက်မုန့်စား လို့ ခုနှစ်သံချီနဲ့အော်... ပြီးမှ ခွေးမြီးကို
    ခုနှစ်မိုက် အကွာကို ပစ်ပြီး ခိုမားဝေါ် လို့ပြောပါတဲ့ ဒါဆိုရင် ကံပွင့်ပြီး ကြွေးမြီများ တိုးလတ္တံ့ တဲ့....."
    (ဒေါ်အေးပြောသွားသော မဂ္ဂဇင်းမှာ ဟာသ မဂ္ဂဇင်း တစ်ခုသာဖြစ်ပြီး ၎င်းတွင်ပါဝင်သော ဗေဒင်မှာလည်း ဟာသ အနေဖြင့် အပျောင်အပျက် လျှောက်ရေးထားခြင်းဖြစ်ကြောင်း
ဆရာဝန်က သိသော်လည်း ဒေါ်အေး ကြည့်ရတာ အတည်ကြီးဖြစ်နေသောကြောင့် ရှင်းပြမနေတော့ချေ။)

    " ကြွေးမြီး ကင်းရှင်းသွားမှမဟုတ်ဘူးလားဗျ "
    " တိုးပွားတာ... တိုးပွားမှာ... ဆရာမေ့နေပြီထင်တယ် ကျွန်မက ချေးစားတာလေ... အဲ... အတိုး....အတိုး....။
     အဲဒါကြောင့် ကြွေးမြီများလေ ကြိုက်လေပေါ့ဆရာရယ်... "

    သူ့အတွေးနဲ့သူ တော့ ဟုတ်နေတာပဲ ဟု ဆရာဝန်က ပြုံးသည်။

    " ဒီခွေးမြီးတောင် မျက်နှာကြော မတည့်တဲ့ ကြားကပဲ တရုတ်ကလေးကို အကူအညီတောင်းပြီးရှာခိုင်းရတာ...
    ခွေးမြီးဖိုးတင်မကဘူး ခွေးကိုက်ခံရလို့တဲ့ ဆေးဖိုးပါပေးလိုက်ရသေးတယ် "

    ဒေါ်အေးကို ဆေးဖိုးပါထည့်တောင်းရမယ်..... ဟူသော တရုတ်ကလေး စကားကိုပြန်ကြားယောင်ကာ ဆရာဝန် ခုမှပင် ဇာတ်ရည်လည်သွားသည်။ ဒေါ်အေး က ခွေးမြီး အရှာခိုင်းချိန်....
ခွေးကလည်း အမြီးဖြတ်ခိုင်းချိန်....ထန်းသီးကြွေခိုက် ကျီးနင်းခိုက် ဖြစ်ကာ.....တရုတ်ကလေးက ခွေးအမြီးကို ဖြတ်ခဲ့ခြင်းဖြစ်သည်။ ဒေါ်အေးထံမှ ခွေးမြီးဖိုးကိုလည်းရ.... ခွေးအကူအညီဖြင့်
သူ့သမီးကို လည်းခိုးပြေးနိုင်မည်ဟုတွေးကာ တစ်ချက်ခုတ် နှစ်ချက်ပြတ် အတွေးဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ တတ်လည်းတတ်နိုင်တဲ့ တရုတ်ကလေးဟု ဆရာဝန်က ကြိတ်ရယ်မိသည်။

    " ဒါထက် ဆရာလည်း မငယ်တော့ဘူးနော်... အိမ်ထောင်လေးဘာလေးပြုဖို့ စိတ်မကူးသေးဘူးလား... "

    ဒေါ်အေး အတွက် သောက်ဆေးထည့်ပေးနေသော ဆရာဝန် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။

    " အဲ ...ဒါက.. ဟို... မိဘကို လုပ်ကျွေးချင်သေးလို့ပါဗျာ...."
    " အေးလေ.... ဆရာကလည်း တစ်နေ့ တစ်နေ့  အိမ် နဲ့ ဆေးခန်း... ဆေးခန်း နဲ့ အိမ်... ဒါပဲရောက်တာကိုး
     အော် ဒါနဲ့ စကားမစပ် အိမ်က ဆရာ့ညီမလေ သူက သူနာပြုသင်တန်းတက်နေလေရဲ့... အဲဒါ ပြီးရင် ဆရာ့ ဆီမှာပဲ အလုပ်သင်ဖြစ်ဖြစ် ဝင်လုပ်ခိုင်းမလားလို့
    ရပ်ကွက်ထဲမှာကလည်း လူကောင်းသူကောင်း ဆိုလို့ ဆရာတို့လို လူမျိုးပဲရှိတာလေ.... ကျွန်မ သမီးလေးကို ဆရာနဲ့ဆို စိတ်ချထားလို့ ရတာပေါ့ရှင်...ဟင်း..ဟင်း.."

    ဒေါ်အေးက အဓိပ္ပါယ်ပါသော လေသံကြီးဖြင့် ပြောပြီး ဆရာဝန်အား နှုတ်ဆက်၍ ဆေးခန်း အတွင်းမှ ထွက်ခွာသွားလေသည်။

                ---------------------------------------------------------
                အခန်း(၄) ဆရာဝန်

    ဒေါ်အေးထွက်သွားပြီးနောက် တစ်ယောက်တည်း ကျန်ခဲ့သော ဆရာဝန်မှာ ဆေးခန်းမသိမ်းနိုင်သေးပဲ ဒေါ်အေး သမီး ကော်ဖီခွက်ကလေး ကိုင်ကာ သူ့ကိုပြုံးပြနေပုံကို
စိတ်ကူးမြင်ယောင်နေမိလေသည်။ ထို့နောက် ဒေါ်အေး ကျန်ခဲ့သော ခွေးမြီး အထုပ်ကို မြင်ကာ မိမိ၏  မြီးညှောင့်ရိုး နေရာသို့ လက်ဖြင့် အလန့်တကြားစမ်းရင်း အမျိုးအမည်မသိသော
ဝေဒနာတစ်မျိုးကို ခံစားနေရလေတော့သည်။


လင်းနစ်
(29.7.12)
AM 3:31

    စတီရီယိုဟင်ဂျာကို ရေးတာကို သဘောကျ ကြတဲ့လူတွေက လင်းနစ် စာအရေးသားကောင်းတယ် ရေးပါဦးလို့ မြှောက်ပေးကြလို့ ထပ်ရေးကြည့်တာပါ။
လိုအပ်ချက်တွေ ရှိနေပေမယ့် ကြိုးစားထားပါတယ်......................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...