ကျွန်တော် နှင့် စက်တင်ဘာ (၂၀၁၂ )
by ကိုဝိုင် ဝိုင်ကေ on Wednesday, September 19, 2012 at 4:10pm
တကယ်တော့ ကျွန်တော်ဟာ စက်တင်ဘာ(၄)ရက်ဖွား ပီပီ ကိုယ့်မွေးလကို အမြတ်တနိုးထားရမှာပါ။ အရင် က စက်တင်ဘာတွေ ကို အကြီမ်ပေါင်း(၃၉)ကြီမ် ကို သတိမထားမိပါဘူး။ အခု အကြိမ်(၄၀)မြောက် စက်တင်ဘာလကိုတော့ သတိထားမိပါတယ်။ ဖေ့ဘုတ်ခ်ပေါ် တနေ့ တနေ့ ဘာရေးရမလဲ စဉ်းစားတဲ့ အကျင့်ကြောင့် များလားတော့ မသိပါဘူး... ဟုတ်ဖို့များတယ် ထင်တာပဲ...။
၁၉၈၈ စက်တင်ဘာ အာဏာသိမ်းတော့ ၂၆ (ဘီ)လမ်းပေါ်မှာ လူစု ခွဲခံရတဲ့ အချိန် မှာ အပြေးအပုန်းကောင်းခဲ့လို့ ရှင်သန်ရတဲ့ ဘဝကို ကျေနပ်နေခဲ့ဘူးပါတယ်။ ၁၉၈၉ စက်တင်ဘာလ မှာပဲ မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ မှာ အလုပ်အမှုဆောင် ဖြစ်ခွင့် စရခဲ့တာပါ။ ဒါဆို ကျေနပ်နေမှာပေါ့ လို့ ဆိုခဲ့ရင် ဟုတ်တာပေါ့ လို့ ဖြေလို့ရပါတယ်။ အသေးအမွှားလေးတွေ အချို့လည်းရှိတာပေါ့ဗျာ.. ရက်ထဲမှာကျ (၂၆)ကို မှတ်မိတယ်ဗျ.. မတ်လ(၂၆)ရက်မှာ အဖမ်းခံ ရတာကိုးဗျ။ ရက်ရောလရော(၂၆ စက်တင်ဘာ) မှာ ရာဇသံပေးလာတာလေး ပြောဦးမယ်...။
နံနက်(၄)နာရီ ကျူရှင်သွားတိုင်း (၅)နာရီခွဲဆို ကျွန်တော် ရည်းစားအိမ်အောက်ထပ် ငှားဖွင့်ထားတဲ့ လ္ဘက်ရည်ဆိုင်မှာ နံနက်စာ စားပါတယ်။ အဲဒီစက်တင်ဘာ (၂၆) မနက်အစောကြီး... ဖြစ်ချင်တော့ ကျုရှင်က ပိတ်တယ်... ဖွင့်သလိုနဲ့ အိမ်က ထွက်လာတာလေ။ ဆိုင်မှာ ထိုင်ပြိး ပဲနံပြားစား လ္ဘက်ရည်သောက်ပြီးစောင့်တာပေါ့။ အမယ်... ချစ်သူက သနားခါး အဖွေးသားနဲ့ ဆင်းလာတာ... ပျော်သွားတာပေါ့။ ဒါပေမယ့် စောစောစီးစီး မျက်နှာ ရှစ်ခေါက်ချိုးကြီးနဲ့ ကျွန်တော် ကြောင်သွားတာပေါ့။ ထုံးစံအတိုင်း ပြုံးပြလိုက်တာပေါ့..အလို ခပ်တည်တည်နဲ့...ရော့ဆိုပြီး စားပွဲခုံပေါ် စာရွက်ခေါက်လာတင်ပြီး လှည့်ထွက်သွားတယ်။ ကျွန်တော်လည်း စာကို ချက်ချင်းကောက်ဖတ်လိုက်တာ ပေါ့ဗျာ...။ အင်း အကြောင်းရင်းပဲ ပြောပြမယ်ဗျာ ။ သူ့ကိုဖြတ်မှာလား ခုလုပ်နေတာတွေ ရပ်မှာလားတဲ့...။ ဒါနဲ့ စာပြန်ရေးပေးထားခဲ့တယ်... ညနေ အကြောင်းပြန်ပါ့မယ်ပေါ့။
အဲဒီတနေ့လုံး စိတ်ညစ်နေတာပေါ့ဗျာ.... ကျောင်းတက်ရတာလဲ စိတ်မကြည်တော့ဘူး။ ကျောင်းဆင်းတော့ မစိုးရိမ်တိုက်ဟောင်းမှာ လုပ်တဲ့ (၁၃)အထက ကျောင်းသားများသမဂ္ဂ အစည်းအဝေးတက် ၊ အိမ်ပြန်ရောက်တော့ တခါမှ သားပြန်လာပြီလားလို့ မသုံးတဲ့ အသုံးအနှုန်း၊မမေးဘူးတဲ့ မေးခွန်း နဲ့ အဖေက နုတ်ဆက်မေးပါတယ်။ ဟုတ် လို့ဖြေလိုက်တော့ ထိုင်ဦးတဲ့ ဟုတ် လို့ပဲ ထပ်ဖြေရင်း အဖေ့ဘေးမှာ ထိုင်လိုက်ပါတယ်။ မင်း ကျောင်းသားလှုပ်ရှားမှုတွေ ပါနေတယ်ဆိုတဲ့... ဟုတ် လို့ ထပ်ဖြေပေးပါတယ်။ အေး မင်းလိုချင်တာယူပြီး အိမ်မှာ အေးအေးဆေးဆေး နေမလား ... ဒါမှ မဟုတ် အိမ်ကဆင်းပြီး အဲတာတွေ ဆက်လုပ်မလားတဲ့... ဟုတ် အဖေ ကျွန်တော် စဉ်းစားပါ့မယ် လောလောဆယ် ပိုက်ဆံ ၁၀၀ လောက်လိုချင်တယ် လို့ ပြောတော့ တစ်ဆယ် အစိတ်တောင် ဆူခံရတဲ့ ခေတ်မှာ ရှောရှောရှုရှု ထုတ်ပေးလိုက်တယ်။
ကျွန်တော်လည်း အဝတ်အစားလဲပြီး မိချောင်းစက်ဘီး အညိုလေး တွန်းထုတ်ပြီး ထွက်လာခဲ့တယ်...။ သမဂ္ဂကျောင်းသားတွေ ထိုင်နေကြ ဂန္ထဝင် လို့ အမည်ပေးထားတဲ့ ဥမ္မာ တို့ ဖွင့်တဲ့ ဆိုင်မှာ ထိုင်နေရင်း ကိုယ့်ဘော်ဒါတွေ ရောက်လာတော့ စစ်အစိုးရ ဆန့်ကျင်ရေးကိစ္စ တွေ ပြောကြရင်း မစိုးရိမ်ကျောင်းမှာ ညအိပ် ညနေ နေကြတဲ့ ကိုယ့်ဘော်ဒါတွေ ဆီ ချီတက်ကြတယ်....။ မနက်ဖြန် ကျွန်တော်တို့ ဆန္ဒပြမယ် လို့ ဆုံးဖြတ်ချက်ကြောင့် တိုင်ပင်ကြဖို့ သွားကြတာပါ။ ငြင်းကြခုန်ကြရင် ညမှောင်သွားပါတယ်။ ဒါနဲ့ ပြန်မနေတော့ပဲ ညအိပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်... အိမ်ကတော့ အိမ်ပြန်မအိပ်တာ ရိုးနေပြီဆိုတော့ စိတ်ပူမှာ မဟုတ်ပါဘူး။ ဒီလိုနဲ့ ချစ်သူကို ပေးမယ့် အဖြေ ၊ အဖေကို ပေးမယ့် အဖြေကို အဲဒီညကစပြီး အိမ်မပြန်ပဲ... ထောင်ကလွတ်သည် အထိ အဖြေမပေးခဲ့သေးတာ ယနေ့ထိပါပဲ..။ ချစ်သူကတော့ ပေးစရာ မလိုတော့ဘူးလေ...။ ထောင်ကထွက်တော့ လွတ်တဲ့နေ့မှာ ပဲ ကလေးတရားရုံးလို့ခေါ်တဲ့ မဟာအောင်မြေတရားရုံးကို သွားပါတယ်။ အဲဒီနေ့က စောရန်အောင်(ကွယ်လွန်)၊နေထူး(ကွယ်လွန်)၊ ဝဏ္ဏကိုကို(ကွယ်လွန်) တို့ ကို ရုံးချိန်းကို သွားတွေပါတယ်။ ထောက်လှမ်းရေး ကတော့ မြန်မြန်ပြန်လို့ပြောပါတယ်။ဒါနဲ့ ကျွန်တော်လည်း စက်ဘီးကို ခဏထားရာက အပ်လိုက်ပြီး သူတို့ ကို အချုပ်ကားပေါ် ပြန်တင်ပြီး ထောင်ကို ပြန်ပို့တဲ့အချိန်ထိ ပြီးအောင်နေပစ်လိုက်ပါတယ်။ စောရန်အောင် အမက ရယ်တယ်။ နင်ကတော့ ကန့်လန့်တော့ အတော် တိုက်တာပဲတဲ့ ။
ညကျတော့ မတွေ့တာကြာတဲ့ ထောင်ထွက် ကျွန်တော့်ကို ဘယ်လ္ဘက်ရည်ဆိုင်ထိုင်မလဲ မေးတော့ ကျွန်တော်က ချစ်သူတို့ အိမ်ကို ပဲ ပြောလိုက်တော့.. အင်း မင်း သဘောပဲလေတဲ့...။ (စည်ဘီယာဆိုင်တွေ မရှိသေး) ဘာလဲ... ဘာ မင်းသဘောလဲပေါ့။ ဒါနဲ့ ချိန်းထားတဲ့ အချိန်မှာ ရောက်တော့ သူငယ်ချင်းတွေ စုံစုံလင်လင် ဆုံတွေ့ရပါပြီ... စကားလေးပြောလိုက် ဟိုကြည့် ဒီကြည့် လုပ်နေတဲ့ ကျွန်တော့် ကို သတိထားမိကြပါတယ်။ မင်း (----) ကိုရှာနေတာ မဟုတ်လားတဲ့.. သူ ဒီမှာမနေတာ တနှစ်လောက်ရှိပြီတဲ့..။ ဟာ မဖြစ်နိုင်တာ ခုဏကတင် သူ့အကိုရော သူ့အမေရော ငါနုတ်ဆက်ပြီးပြီ.. အိမ်မှမပြောင်းတာလို့ ဖြေတော့ ရယ်ကြပါတယ်... ချက်ချင်းပဲ ပြန်တည်သွားကြပြီး ဟော ဟိုမယ် လာပြီ လို့ ညွှန်ပြပါတယ်.....။ ကျွန်တော် ခဏကြည့်ပြီး အဲဒီကနေ ထွက်လာခဲ့ပါတယ်...။ သူမကို မြင်ရတာ ဆူဆူပူပူ အနေအထားနဲ့မို့ပါ.... ။ ဟုတ်မှာပေါ့ အိမ်ထောင်ကျတာ တနှစ်ကျော်ပြီ ဆိုပဲ..။ ဒါကြောင့် ချစ်သူကို သူမေးတဲ့ မေးခွန်း ဖြေခဲ့ပြီးသား ဆိုတာ မပြောတော့ပဲ ပြန်လာခဲ့တာပါ။
တော်ပြီဗျာ အတိတ်တွေ .. အခု ဖြစ်နေတဲ့ အကြိမ်(၄၀)ပြည့် စက်တင်ဘာကို ပဲ ပြောပြတော့မယ်။ အကောင်းအဆိုးတွေ ၊ ပျော်စရာတွေ ၊ စိတ်ညစ်စရာတွေ နဲ့ ပြည့်နေတဲ့ လပါပဲ...တသက်မှာ မကြုံဘူးပါဘူး။ စက်တင်ဘာ (၁)ရက်နေ့က ကျွန်တော် တွေးပူလိုက်တာ (၃)ရက်နေ့ညထိပါပဲ... မနက်ဖြန်(၄)ရက် နေ့ အတွက် ကျွန်တော်မှာ ပိုက်ဆံမရှိပါဘူး။ (၄)ရက်နေ့ မွေးနေ့မှာ ကျွေးဖို့ စုထားတဲ့ ၅သောင်းထဲက ဖုန်းဘီလ် ကုန်လို့ ကျပ်တစ်သောင်းကဒ်ဝယ်ဖြည့်လိုက်ရပါတယ်။ ကိုယ်က ဗကသမှာ သတင်းပြန်ကြားယူထားတာ ဆိုတော့ ဖုန်းခ က အတော်ကုန်ပါတယ်။ အိတ်စိုက်ရတာပဲ မတတ်နိုင်ဘူး။ ဒါနဲ့ ကျပ်လေးသောင်းပဲ ရှိတဲ့ ကျွန်တော်ဟာ စိတ်အေးအေးနေခဲ့ပါတယ်။ ဒါပေမယ့် မာမာဦး(၁၃အထက) ဆီက ဖုန်းလာပါတယ် .. အိမ်ကို ခဏလာခဲ့ပါဦးတဲ့.. ဟိုရောက်တော့ သူငွေလိုနေပါတယ်။ သူ့သမီးလေးက သွေးသွင်း သွင်းနေရတာ ငယ်ငယ်လေးကတည်းက ဆိုတာ သိနေတော့ ကျွန်တော်တို့ သမီးလိုပါပဲ.. သနားခဲ့ကြတာပါ။ ဒါနဲ့ ကျွန်တော် အိတ်ထဲက သုံးသောင်း ကို ပေးခဲ့ပါတယ်။ သူကတော့ ချေးတာလို့ ဆိုပေမယ့် ကျွန်တော်က တော့ နင်ခေါင်းထဲ ပြန်ဆပ်ရေး မစဉ်းစားနဲ့ အေးအေးဆေးဆေး ကလေး ဂရုစိုက်ဆိုပြီး သူ့တို့လင်မယားကို နုတ်ဆက်ထွက်ခဲ့ပါတယ်။
ဇာတ်လမ်းက စပြီ မွေးနေ့က မနက်ဖြန် လက်ထဲ ပိုက်ဆံကမရှိ တနေ့ ၂၀၀၀ လောက်သုံးရတော့ လက်ထဲ မှာ (၃)ရက်နေ့ညကျ ၄၀၀၀ ကျော်ပဲ ရှိတော့တယ်လေ။ မနက်ဖြန် ဘာစားရမှာလဲလို့ သူငယ်ချင်းက မေးလာတော့ အားနာနေတယ်။ ငါဖုန်းဆက်လိုက်မယ်လို့...။ နောက် မွေးနေ့ မမေးပဲ သူ့ဟာသူပြော ၊ သူ့ဟာသူကျွေးသွားတဲ့ ဒီမိုစနေ ကိုလည်း ပြန်ကျွေးချင်တယ်။ သက်ပြင်းများနဲ့ အိမ်ကိုပြန်ခဲ့ပါတယ်။ အွန်လိုင်းမှာလည်း ဆုတောင်းစာတွေက ကြိုရောက်နေလို့ သိပ်ကျေးဇူးတင်လို့ စာတွေ ကို စိတ်ရှည်ရှည်ထားပြန်ပါတယ်။ လိုက်ခ် လုပ်ခဲ့ပါတယ်။ အိမ်ထဲ အခန်းထဲ မှာ တွေတွေ ငေးပြီး ဘယ်သူဆီ ပိုက်ဆံ ချေးရမလဲ စဉ်းစားနေတာ .. အင်း ညီမ ကိုပဲ နှိပ်စက်ရတော့မှပဲ ဆိုပြီး လိုက်ရှာတော့ မတွေ့တာနဲ့ ညီတော်မောင်ကို မေးတော့ ရွှေဆံနွယ်ဆရာတော် ဆီ သွားကြတယ်တဲ့.. သေပြီဆရာ... ။ ကြံရာမရ မင်းထဲ တစ်သောင်းလောက်ရှ်လားဆိုတော့ အင်း ရှိပါတယ်လို့ ညီတော်မောင်က ပြောတော့ အေးပေးစမ်းပါကွာ ဆိုပြီး သူထဲက ယူလိုက်ပါတယ်။ မတတ်နိုင်ဘူး လ္ဘက်ရည်နဲ့ မုန့်တမျိုးမျိုး ဆို သူ့တို့ကျေနပ်လောက်ကောင်းပါရဲ့......။ အလွန် စိတ်ချမ်းမြေ့ဖွယ် ဖြစ်တဲ့ မွေးနေ့ လေး အသွင်ကို ပြောင်းစေတဲ့ အချက်ထဲမှာ အဓိက တွန်းအားကတော့ အွန်လိုင်း မိတ်ဆွေ တွေရဲ့ ဆုတောင်းစာတွေ ပါပဲ။ အဲဒီအတွက် ကျေးဇူးတင်တာမှ ပြောမပြတတ်အောင်ပါပဲ...။
ဒီစက်တင်ဘာမှာ ကျွန်တော့်ကို တသက်လုံးပြန်မပေးနိုင်၊ ပြန်မရနိုင်တဲ့ ဆုံးရှုံးမှုကို ကျွန်တော် ရင်နင့်စွာ နဲ့ ကျွန်တော်ပွေ့ပိုက်ခဲ့ရပါတယ်။ ကျွန်တော် ကို ကလေးချစ်သူများကွန်ယက်မှ စေလွတ်လို့ ရန်ကုန်မှာ ငြိမ်းဖောင်ဒေးရှင်း(ရှလွန်)က ကျင်းပတဲ့ အရပ်သား လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေး ဖိုရမ် ကို တက်ရောက်ဖို့ (၁၀)ရက်နေ့ညကား ဖြတ်ထားပါတယ်။ (၁၁)ရက်နေ့ နံနက်မှာ ရောက်ပြီး မကြာမှီ ဖိုရမ် တက်ရပါမယ်...။ ဒီဖိုရမ်မှာ အွန်လိုင်းက မိတ်ဆွေ တွေ ဖြစ်တဲ့ ကိုဗလ ၊ကိုထိုက်ထိုက် ၊ ကိုဇော်မိုးထက်၊ ကိုကျော်ဇေယျ ၊ မခွန်ဂျာ ၊ နှင့် အခြားသူများပါ ဆုံစည်းရတာ သိပ်ကိုကျေနပ်ခဲ့ရပါတယ်။ ကျွန်တော် အတတ်နိုင်ဆုံး ပြုံးနေခဲ့ပါတယ်...။ ရင်ထဲမှာ တော့ ဝေဒနာက အပြင်းစားပါပဲ ။ ဒီလိုနဲ့ ကျွန်တော် အမြန်ပြန်ခဲ့ပါတယ်။ ကျွန်တော်ခံစားနေရတဲ့ ဝေဒနာ ကြီးကို နောက်ထားပြီး မန္တလေးရောက်ရောက်ခြင်း အဝတ်အဟောင်း နဲ့ အသစ် ပြန်ပြောင်းထည့်ပြီး မုံရွာကို ဆက်ထွက်ခဲ့ပါတယ်.. လက်ပတောင်းတောင် လယ်ယာမြေ ကိစ္စ ဆန္ဒပြမှုတွေ ဆောင်ရွက်နေတဲ့ ဗကသ ကျောင်းသားတွေ ထံကိုပါ။ ဒီကြားထဲ ကိုဂျင်မီ ရဲ့ ပြောစကား မပြည့်စုံလို့ တောင်သူတွေ ခံစားသွားရတဲ့ ကိစ္စ ကိုထောက်ပြတဲ့ ဆောင်းပါး ပို့စ် ကို တင်လိုက်တဲ့ အတွက် ကိုယ်ချစ်သော ပုဂ္ဂိုလ်အဖွဲ့အစည်းကို ကောင်းစေချင်တဲ့ အပြုသဘောဆောင်လား မဆောင်လား မတွေးတော့ပဲ အထိမခံတဲ့ သူတချို့ရဲ့ မုန်းတီးမှု များလည်း ရရှိခဲ့ပါတယ်။ ဒီမိုကရေစီ ဆိုတာကို လည်း စဉ်းစားစရာ အဖြစ်ခေါင်းထဲ ထည့်ထားလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ အစိုးရကို (သို့) စစ်အုပ်စုကို ပက်ပက်စက်စက်ပြောလို့ရပြီး ကိုယ့်ဘက်လူကို ဝေဖန်လိုက်တာ နဲ့ ရန်သူလို တုန့်ပြန်တာ ၊ ကိုယ်ကပဲ သွေးခွဲသူ ရန်သူအကြိုက် လုပ်သူလို့ စွတ်စွဲခံရတာ တဖက်သတ် လွတ်လပ်စွာပြောခွင့်ဒီမိုကရေစီ ဖြစ်နေပြီ ၊ တကယ်တမ်း အဲလိုတုန့်ပြန် ရန်ဖြစ် စိတ်ဝမ်းကွဲတာ ၊ ထောက်ပြ ထိမ်းကျောင်းမှု မရှိပဲ အားနည်းချက်တွေ များလာတာသာ ရန်သူ အကြိုက်ဆိုတာ သိထားစေချင်တာပါ။ ခုတောင် ဒီလိုရေးတာ မေတ္တာ ပို့ကြပါဦးမယ်။
ကျွန်တော် စာပဲ ဆက်တော့မယ်.... ကျွန်တော် ရင်ထဲက ဝေဒနာကို ရန်ကုန် မုံရွာ တောင်ကြီး သယ်မသွားပဲ အလုပ်ထဲ နှစ်ထားခဲ့သောလည်း အိမ်ကို ခဏလေးခြေချလိုက်တာနဲ့ ရင်ထဲမှာ အောင့်နေအောင် ခံစားရပါတယ်။ ကျွန်တော် ရန်ကုန် ထွက်ခွာသွားတဲ့ နေ့မှာ ပဲ ကျွန်တော် သမီးလေး ဟာ ကျွန်တော့် ဘဝ ထဲက ထွက်ခွာသွားလိုပါပဲ...။ ကျွန်တော် ရင်ထဲမှာ ဘယ်လောက်ငိုနေလဲ ..ထားလိုက်ပါ ကျွန်တော် အားလုံးကို ပြုံးပြနေနိုင်အောင် ကြိုးစားခဲ့ပါတယ်။
ခုစာရေးနေတုန်းမှာပဲ ကိုယ်ကို စော်ကားတာလား ၊ ကိုယ်ပဲ မတူမတန်သေးတာလား ၊ ကိုယ်ပဲ ကိုယ့်ဟာကိုယ် အထင်ကြီးနေမိတာလား ၊ တခုခုပဲ ဆိုချင်ပေမယ့်....။ ခက်ပါတယ်ဗျာ ဒီနိုင်ငံမှာ ပြုလုပ်သူကို နားချတာထက် ခံရသူကို နှစ်သိမ့်ပြီး သီးခံခွင့်လွတ်ဖို့ တိုက်တွန်းကြတာ ဘာသဘောလဲဗျာ...။ ကျွန်တော်လည်းလူပါဗျာ.... ကျွန်တော်မှာလည်း စိတ်ခံစားမှုတွေ ရှိပါတယ်။ ကျွန်တော် ဒေါသ ဘယ်လောက် ထွက်ထွက် အတတ်နိုင်ဆုံး စိတ်ကို လျှော့ခဲ့တာများပါတယ်။ အထူးသဖြင့် အဖွဲ့အစည်းဆိုင်ရာတွေမှာပါ။ အွန်လိုင်းမှာ ကျွန်တော်ကို ပက်ပက်စက်စက် ပြောခဲ့ရင်လည်း ကျွန်တော် ဘယ်လို တုန့်ပြန်လည်း စာဖတ်သူတို့ တွေ့မှာပါ။ အထူးသဖြင့် ကျွန်တော် ပရိုဖိုင် တချက်မကြည့်ပဲ ဝေဖန်သူတွေ တွေ့တဲ့ အခါ မျက်ရည်တောင် လည်ပါတယ်။ ကျွန်တော် အခြား ဘာမှ မျှော်လင့်ထားလို့ မဟုတ်ပါဘူး။ အသိအမှတ်မပြုချင်နေပါ။ အကျိုးအကြောင်းမဲ့ တဖက်သားမငဲ့ ပြောရက်တဲ့ သူတွေ ကို စိတ်ပျက်တာပါ။ ဘာသာ သာသနာ စော်ကားသူ ၊ ကိုယ်အဂါင်္အစိတ်အပိုင်းတပ်ဆဲသူ ၊ မိဘကို ထိပါးလာသူတွေ ကိုတော့ ဘလော့ဘ်လိုက်ပေမယ့် ဝေဖန်သူတွေကို ကျွန်တော် ဘလော့ဘ်တာ ၊ ကွန်မန့်တွေ ဖျက်ပစ်တာ မလုပ်ခဲ့ပါဘူး။ ခုဆို အကောင့်ကပြည့်နေတယ် ကျောင်းသားသမဂ္ဂ အကောင့်တွေ သမဂ္ဂကျောင်းသားအကောင့် တွေ လက်ခံချင် အပ်ချင်တာ မှန်ပေမယ့် ကိုယ့်ကို တခွန်းမှ မဆဲဘူးသူတွေကို မဘလော့ဘ်ချင်လို ခေါင်းခြောက်ရပါတယ်။
ထားပါတော့ ဒီ စက်တင်ဘာဟာ ကျွန်တော့် ရဲ့ (၄၀)နှစ်ပြည့်တဲ့ လပါ။
တခါမှမတွေ့ဘူး မမြင်ဘူးသူတွေရဲ့ ဆုတောင်းသံတွေ ကြည်နူးစွာ ရခဲတဲ့ လပါ။
ကြည်နူးလို့ ၆ ရက်မြောက်မှာ ဘယ်တော့မှ ပြန်မရတော့ ဆုံးရှုံးမှုကို ပေးလိုက်ရတဲ့ လပါ။
စေတနာစကားတွေ အရာ မထင်ခဲ့တဲ့ လပါ။
ဘာကောင်မှ မဟုတ်ပဲ ပန်းကုံးစွတ်ခံ ရတဲ့ လပါ။
သူတပါးကို ကိုယ်အငတ်ခံပြီး ကူညီခွင့် ရတဲ့ လပါ။
ကိုယ့်မွေးနေ့မှာ ပိုက်ဆံမရှိလို့ အသံ မဟ ရဲတဲ့ လပါ။
အနာကြီးဝေဒနာရှင်တွေ ကျွေးတာ ရဲရဲ စားပြီး သူတို့ကို ငွေလှူနိုင်ခဲ့တဲ့လပါ။
ကိုယ့်မှာအသုံးပြတ် လို့ အကြွေးတင်တဲ့ လပါ။
အချင်းချင်း ရန်မဖြစ်ပဲ အစော်ကားခံရတဲ့ လပါ။
ခရီးဆက်တိုက် အထွက်ရဆုံး လပါ။
လက်ခုပ်သံတွေ ရပြီး အဆဲ အခံရဆုံး လပါ။
ဒီလဟာ ကျွန်တော် ဂျိုကာလို သရုပ်ဆောင်ရတဲ့ လပါ။
မျက်နှာဖုံးက အမြဲပြုံးနေပေမယ့်
ရင်ထဲမှာ အငိုရဆုံး လပါ။
သမီးလေးကိုလွမ်းတယ်....
မျက်ရည်ဝဲတိုင်း သုတ်ပစ်ရတယ် .... လူတွေထဲ သွားနေရတာကိုး...။
အမျိုးသမီးက အဲဒီ အတွက် စိတ်ဝေဒနာ ပြန်ဖြစ်တယ် ။ ဒါပေမယ့် သူ့ ခမျာလည်း ကျွန်တော်ကို တွေ့တိုင်း သမီးဟာ ကျွန်တော့် အသည်းမှန်း သိတော့ ကျွန်တော့် ရှေ့မှာ သူ့ဝေဒနာကို မပြဘူး ကြံဖန်ပြီး ကျွန်တော့်ကို ဂရုစိုက်လာတယ်...။ တကယ်တမ်းကျ ညတွေ ညတွေ သူမအိပ်ဘူး ။ သူ့ခေါင်းအုံးလည်း မျက်ရည်တွေ နဲ့ ဆိုတာ ကျွှန်တော် သွားမကြည့်ပဲ သိပါတယ်။ ကျွန်တော်လည်း ညတွေ မအိပ်ခဲ့ပါဘူး... ခုလည်း ခင်ဗျားတို့ နဲ့ ရှိနေမှာပါ။
အားလုံးကို ကျေးဇူးတင်ပါတယ်။
ကျွန်တော့်ကြောင့်
ကာယကံ
ဝစီကံ
မနောကံ ထိပါးခံရမှု များ
သင့်ကို ရိုက်ခတ်ခဲ့ရင်
တောင်းပန်ပါတယ်။
ကျွန်တော်
ညတွေမှာ လင်းပေးနေပါတယ်။
မိုးသားတွေ အုံ့ဖွဲ့ မဲမှောင်နေလို့
သင်မမြင်ရလည်း
အဲဒီ မိုးသားတွေ နောက်မှာ
မှိန်မှိန်လေးသော ကြယ်ဖြစ်အောင် ကြိုးစားနေပါ့မယ်။
ကိုဝိုင်ဝိုင်ကေ
၂၀-၉-၁၂
0 comments:
Post a Comment