Saturday, September 8, 2012

မိဘများ ၊ သားသမီးများ


by Nyein Soe Oo on Saturday, September 8, 2012 at 9:39pm 

  http://www.nyeinsoeoo.com/

               လူသားတို့အတွက် မျိုးဆက်အနီးဆုံးဟာ မိဘနဲ့ သားသမီးတွေပဲ ဖြစ်ကြပါတယ် ။ သာမန်အခြေအနေတွေမှာ သားသမီးတွေအပေါ်ကို ထားတဲ့ မိဘရဲ့ မေတ္တာဟာ ကြီးမားလှကြောင်း နည်းမျိုးစုံနဲ့ မှတ်တမ်းပြုခဲ့ကြတာကို လူသားတွေဟာ မ၀နိုင်အောင်ခံစားနေကြတုန်းလည်းဖြစ်ပါတယ် ။
ကမ္ဘာမီးလောင် သားတောင်ချနင်း ဆိုပြီး အတ္တတွယ်ဖက်တတ်တဲ့ လူသားသဘာဝကတော့ ခြွင်းချက်ပါ ။ သားသမီးဆိုတာကလည်း မိဘတို့အပေါ် အားကိုး ယုံကြည်မှုအပြည့်နဲ့ မှီခိုတတ်ကြမြဲဖြစ်ပြီး အရေးကြုံလာရင် မိဘတွေကိုတမ်းတမိတတ်ကြတဲ့ အခြေအနေဟာ ဒီလူသားနယ်ပယ်မှာ မဆန်းကြယ်တဲ့ အဖြစ်ပါ ။ ဒီလိုရိုးစင်းတဲ့ ဆက်နွယ်မှုတွေထဲမှာပဲ လူသားတို့ရဲ့ သဘာဝအတိုင်း မိမိတို့ရဲ့ တွေးဆမှုတွေပေါင်းဖွဲ့လို့ လှုပ်ရှားပြုမူကြတဲ့အခါ အဖြစ်ကလေးတွေဟာ မသိမသာကွဲပြားလာတတ်ကြပါတယ် ။ အသွင်တူ အဆင်ကွဲလေးတွေဖြစ်ကြမှာပါ ။ မျှော်လင့်ရည်သန်မှုတွေ တူကြပေမယ့် သွားကြတဲ့ လမ်းတွေမတူတတ်ကြတာကို သတိထားမိတာလေးတွေပြောပြချင်ပါတယ် ။
               ကျွန်တော့်အစ်ကိုအရွယ်တစ်ယာက်ဟာ သူငယ်စဉ် ကျောင်းသားဘ၀မှာတုန်းက သူ့မိဘတွေရဲ့ ဖြည့်ဆည်းမှု ကို ပြည့်ပြည့်၀၀ ရခဲ့ပါတယ် ။ မိဘတွေက ပညာရေးကို အားပေးကြပေမယ့် သူကတော့ စီးပွားရေးဘက်ကို စိတ်ရောက်တာစောခဲ့သူပါ ။ စီးပွားရေးအခြေအနေတိုးတက်အောင်ကြံဆောင်ပြီး တစ်အိုးတစ်အိမ်ထူထောင်နိုင်ခဲ့ပါတယ် ။ သားနှစ်ယောက်ကိုလည်းဖွားမြင်ခဲ့ပါတယ် ။ သားတွေကျောင်းသား ဘ၀ကို ရောက်တော့ သူလည်းစီးပွားရေးကတောင့်တောင့်တင်းတင်းဖြစ်နေပါပြီ ။ တက္ကသိုလ်ဝင်တန်းကိုရောက်လာကြတဲ့ အခါ သူကပညာရေးကို ဂရုစိုက်ပေးတာတွေ့ရပါတယ် ။ စီးပွားရေးဘက်ကို အခြား ယုံကြည်သင့်သူကို လွှဲအပ် ကြည့်ကြပ်စေခြင်းမျိုးတွေကို လုပ်လာပါတယ် ။ လုပ်ငန်းကို စိတ်မချတတ်တဲ့ သဘာဝဟာ ပြောင်းလဲလာပါတယ် ။ သားအကြီးက တက္ကသိုလ်ဝင်တန်းမှာ ကျရှုံးမှုဖြစ်တဲ့အခါ သားတွေရဲ့ပညာရေးဘက်ကို အချိန်များများပေးလာပါတော့တယ်။ သားနှစ်ယောက်လုံးက မတိမ်းမယိမ်းဖြစ်ကြတဲ့အတွက် သားကြီးရောသားငယ်အတွက်ပါ ပညာရေးဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားခဲ့တာကို တွေ့ရပါတယ် ။ သူအချိန်ပေးပုံက ဒီလိုပါ ။ သားတွေကို ဘော်ဒါဆောင်မှာပဲ ထားပါတယ် ။ ဒါပေမယ့် သူ့လက်ထဲမှာ အချိန်စာရင်းကူးထားပြီး မုန့်စားချိန် ၊ ထမင်းစားချိန် ၊ အိပ်ယာဝင်နီးချိန်တွေမှာ အရောက်လာပါတယ် ။ စားချင်တာ သင့်တော်တာကို အမြဲစုံစမ်းဖြည့်ဆည်းပေးပါတယ် ။ သားတွေရဲ့ ကျန်းမာရေးအတွက်လည်း ဆေးခန်းမှာ တစ်ပတ်တစ်ခါ ပြသပေးပါတယ် ။ သားတွေကြိုက်တတ်တဲ့ ဟင်းကို ကိုယ်တိုင်ချက်ပါတယ် ။ သားတွေရဲ့ အ၀တ်ဟောင်းတွေကို ကိုယ်တိုင်လျှော်ဖွတ်ပေးသလို လိုချင်တာတွေကိုလည်း ကိုယ်တိုင်လိုက်ဝယ်ပေးပါတယ် ။ ဒီကိစ္စတွေဟာ အရင်က သူ့ဇနီးပဲလုပ်ရပြီး သူ့အနေနဲ့ လှည့်ကြည့်တတ်တဲ့သူ မဟုတ်ပါဘူး ။ သားတွေအတွက်ကတော့ တဖြည်းဖြည်းနဲ့ အနေနီးသူတွေ သတိပြုမိအောင် ပြောင်းလဲနေတာကိုတွေ့ရပါတယ် ။ သူ့ညီတွေညီမတွေက လှောင်ပြောင်ကြတဲ့အထိဖြစ်လာပါတယ် ။ ဒါပေမယ့် သူကတော့ မလျှော့တမ်း ဆောင်ရွက်လာခဲ့တာ သားနှစ်ယောက်လုံး တက္ကသိုလ်ဝင်တန်းကို အောင်မြင်တဲ့အထိပါပဲ ။ အခုတော့ သားတွေကလည်း ဘွဲ့တွေရနေပါပြီ ။ သူ့ဆန္ဒလည်းပြည့်ပါတယ် ။ လဘက်ရည်ဆိုင်မှာ တစ်ခါဆုံမိလို့ မေးကြည့်မိပါတယ် ။ ဘာကြောင့် ပြောင်းလဲရသလဲဆိုတာကိုပေါ့ ။ သူကလည်း ပွင့်ပွင့်လင်းလင်းပြောပြပါတယ် ။ ငါ့အနေနဲ့ မင်းတို့မြင်တဲ့အတိုင်း စီးပွားရေးမှာ အဆင်ပြေနေတာပါ ။ ဒါပေမယ့် ဒို့ စီးပွားရေးသမားတွေဆုံကြတဲ့အခါ ငွေကြေးတွေကိစ္စတွေမှာ ကိုယ်လိုက်နိုင်သလောက် လိုက်ကြတာပေါ့ကွာ။ ပညာရေးမှာတော့ ငါက ဆယ်တန်းတောင်မအောင်ဘူးလို့ အပြောခံတာပါပဲ ။အဲဒါကိုတော့ ဘာပဲပြောပြော တစ်သက်လုံးကြုံသွားရမှာလေ ။ သားတွေကိုတော့ ဒီလိုအပြောမခံစေချင်ဘူးကွ ။ ဒါကြောင့် ငါတတ်နိုင်တဲ့ ဘက်က ၀င်ကူပြီး သူတို့ကို စာမေးပွဲအောင်ဖို့ပဲ တိုက်တွန်းနေခဲ့တာ ။ သူတို့အောင်သွားကြတော့ ငါအောင်သလိုတောင်ခံစားပြီး ၀မ်းသာမိတယ်ကွ ။ ငါပင်ပန်းခဲ့တာတွေကို ပြန်တွေးပြီး ကျေနပ်နေမိတယ်ကွ ။ ... တဲ့ အဲဒီစကားကို ကြားရတော့ မိဘတစ်ဦးရဲ့ တာဝန်ကျေပုံတစ်မျိုးပါလားလို့ သိလာရပါတယ် ။                              

                 နောက်တစ်ဦးကတော့ ကိုယ်တိုင်က စီးပွားရေးချောင်လည်ပြီး ပညာတတ်တဲ့ မိဘတွေပါ ။ သားလေးရဲ့ ပညာရေးကို ငယ်စဉ်ကတည်းက ဂရုစိုက်ခဲ့ကြတဲ့သူတွေပါ ။ အချိန်စာရင်းအတိအကျနဲ့ သားကို စာဖတ် ၊ စာကျက် ၊ ပြန်စစ် စတဲ့အလုပ်တွေကို မိဘတွေက အလှည့်နဲ့ လုပ်တတ်ကြပါတယ် ။ အားကစားကိုလည်း မလစ်ဟင်းစေရပါဘူး ။ အားကစားအချိန်မှာ အဖေကိုယ်တိုင် အားကစားလုပ်ရင်း သား ကစားတာကို ဖြည့်ပေးလေ့ရှိပါတယ် ။ တစ်ကယ် စံနစ်တကျ စီမံခဲ့တာကိုတွေ့ရပါတယ် ။ အတန်းစဉ်အလိုက်ဆုတံဆိပ်တွေနဲ့ တင့်တယ်ခဲ့တဲ့ကလေးဖြစ်ခဲ့ပါတယ် ။ ဒါကို မိဘတွေကလည်း ဂုဏ်ယူတတ်ကြပါတယ် ။ အထက်တန်းအဆင့်ရောက်တော့ ပိုပြီးစည်းကမ်းကြပ်ကြပ်မတ်မတ်နဲ့ ဂရုစိုက်ကြတာကိုတွေ့ရပါတယ် ။ တက္ကသိုလ်ဝင်တန်းမှာ ဂုဏ်ထူးတွေရနိုင်သလောက်ရစေချင်တဲ့ မိဘတွေပါ ။  တက္ကသိုလ်ဝင်တန်းရောက်ပြီး အောက်တိုဘာလလောက် ရောက်လာချိန်မှာတော့ ကျောင်းသားရဲ့ စာမေးပွဲအမှတ်တွေ ကျဆင်းလာလို့  မိဘတွေလည်း ထိတ်ထိတ်ပြာပြာဖြစ်ကြပါတော့တယ် ။ သူ့ကိုထားတဲ့ အဆောင်မှာ စာမေးပွဲတွေစစ်ကြည့်တဲ့အခါ ဆရာ ဆရာမတွေက အနီးကပ်စောင့်ကြည့်ကြပါတယ် ။ သူက ဖြေတော့ဖြေနေတာပါပဲ ။ ပြန်စစ်ကြည့်တဲ့အခါ မမှားသင့်တဲ့အမှားတွေကအစ မှားနေတာကို တအံ့တသြတွေ့ကြရပါတယ် ။ သူ့ကို ကြည့်တဲ့အခါ သေသေချာချာတွေးပေမယ့် မဖြေနိုင်တာဖြစ်နေပါတယ် ။ နည်းနည်းစူးစမ်းကြည့်ကြတော့ ကော်ဖီမစ်တွေကို မအိပ်ချင်အောင် လျက်ဆားလို လျက်တဲ့အကျင့်ဟာ ရှစ်တန်းလောက်ကတည်းက ဖြစ်နေတယ်လို့ သိရပါတော့တယ် ။ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးဝါးတွေနဲ့ ပြန်လည်ပြုပြင်ပေမယ့် သူ့အခြေအနေက စာမေးပွဲမှာ ထူးခြားအောင် မဖြေဆိုနိုင်တော့ပါဘူး ။ အောင်စာရင်းထွက်တဲ့အခါ ဂုဏ်ထူးတစ်ခုတော့ ရခဲ့ပါသေးတယ် ။ မိဘတွေမျှော်လင့်သလို မြင့်မားတဲ့ ထူးချွန်မှုကို မရခဲ့တော့ပါဘူး ။ မိဘတွေကဖြစ်စေချင်စိတ်ကြီးမားခဲ့ပေမယ့် ၊ ကျောင်းသားကလည်း ကြိုးစားချင်စိတ်ရှိပေမယ့် လွဲချော်ခဲ့ရတဲ့အခြေအနေပါ ။ အမှားလမ်းပေါ်က်ု ချော်ကျခဲ့တယ်လို့ ယူဆနိုင်ပါလိမ့်မယ် ။

                 ပညာရေးဆိုတာ ခွံ့ကျွေးလို့ ရတဲ့ အစားအစာလိုမဟုတ်ဘဲ စိတ်အာဟာရဖြစ်နေတာမို့ အထူးဂရုစိုက်ပြီး အဖက်ဖက်က ချင့်ချိန်ဖို့လိုပါလိမ့်မယ် ။ ကျောင်းသား ၊ မိဘ ၊ ဆရာ ပူးပေါင်းတဲ့အခါ ပတ်ဝန်းကျင်အခြေအနေနဲ့ အချိန်အခါအရ လက်ခံနိုင်တဲ့အတိုင်းအတာကိုလည်း ထည့်သွင်းတွက်ချက်နိုင်ဖို့ လိုပါမယ် ။ ပူဖောင်းထဲကို လေတွေ မတန်တဆဖြည့်စွက်တဲ့အခါ ပေါက်ကွဲသွားနိုင်တဲ့ အခြေအနေတွေကိုလည်း ဂရုပြုကြရပါလိမ့်မယ် ။ မိဘများ အနေနဲ့ သားသမီးများအပေါ် မေတ္တာ စေတနာတွေကို ပေးဝေတဲ့အခါ မိမိတို့ရဲ့ ဆန္ဒပြည့်ရေး တစ်ခုတည်းကို မကြည့်မိကြဖို့ လိုမယ်ဆိုတာ သတိထားမိစေပါတယ် ။ ချင့်ချိန်နှိုင်းဆပြီး မိဘများက သားသမီးများကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးနိုင်ကြပါစေလို့ ဆန္ဒ ပြုလိုက်ရပါတော့တယ် ။
 သိတတ်လို့ တတ်သိပြီး  သတ္တိတွေတိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...

ငြိမ်းစိုးဦး
 ( 8 ; 9 ; 2012 )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...