အာဖဂန်စစ်ပြေးဒုက္ခသည်တစ်ဦးရဲ့စာ ( လွမ်းရုံ )
မိုးကောင်းကင်ကြီးရဲ့ ဟိုတဖက်မှာ
ဘာတွေရှိမလဲလို့
ဆရာမပြောပြတဲ့ ပုံပြင်တွေကို စွဲလမ်းပြီး စိတ်ကူးယဉ်တတ်တဲ့
ဒုတိယတန်း ကျောင်းသူလေးကတွေးတယ်။
ကံဆိုးတဲ့ ဒီမနက်ကိုရောက်တော့ 
သူမဟာ အိပ်ရာထနောက်ကျ
ဆရာမပြောပြမယ့် ပုံပြင်ကို မမှီမှာစိုးလို့တဲ့
ကျောင်းကိုဖြတ်လမ်းက အမြန်ပြေးတယ်။
စစ်ဆိုတာ ကလေးလူကြီးမရွေး
အသက်ကိုပေးဖို့ တောင်းဆိုနေတာ
သူမက ဘယ်နားလည်ရှာမလဲ
မြေမြှုပ်မိုင်းက သူမရဲ့ခြေတစ်ဖက်ကို ဆုတ်ဖြဲပစ်လိုက်တယ်။
အာဖဂန်ဆိုတာ
ဆရာဝန်ရှ်ိပေမဲ့ ခွဲစိပ်စရာ ဓါးတစ်လက်တောင်
မရှိတော့တဲ့ နိုင်ငံတော်
အာဖဂန်ဆရာဝန်ကြီးက မင်းရဲ့ခြေထောက်
ဒေါက်မြင့်လှလှစီးနိုင်အောင် ဂျာမနီသွားပြီး ဆေးကုမှဖြစ်မယ်တဲ့
သူမက ဒုတိယတန်းကျောင်းသူလေ
ဂျာမနီဆိုတာ ဟိုးခပ်ဝေးဝေးဆိုတာလောက်ပဲ
အမေနဲ့ခွဲရမှာ ကြောက်တယ်ဆိုတာလောက်ပဲ
သူမရဲ့ ခြေတစ်ဖက်အလားအလာ ဘယ်သိနိုင်ရှာမလဲ။
ဂျာမနီရောက်တော့ သူမစီးချင်တဲ့
ဒေါက်ဖိနပ်ရောင်စုံတွေက ဝေဆာနေပေမဲ့
စီးစရာ ခြေတစ်ဖက်ကတော့ မရှိရှာတော့ဘူး
မိဝေးဖဝေး စစ်ကြောင့် ခြေတစ်ဖက်ပေးလိုက်ရသူလေးရဲ့ 
မျက်ရည်တွေဟာ
ဂျာမနီညတွေမှာ နှင်းတွေနဲ့အတူ ဝေလို့ပေါ့။
ဒါပေမဲ့
ခြေတုတစ်ဖက်နဲ့အသားကျလာတော့
ဂျာမနီရဲ့လွတ်လပ်ခြင်းဟာ
သူမရဲ့မျက်ရည်ကို သုတ်ပေးတယ်
ဘယ်တော့ပြန်ရမလဲဆိုတော့
မင်းတို့တိုင်းပြည်ရဲ့ ကောင်းကင်မှာ
ရော့ကဒ်တွေ ပျံဝဲနေတုန်းပဲတဲ့။
စစ်မရှိတဲ့ အခုလို နိုင်ငံမျိုးမှာ
ဘာလိုများလူမဖြစ်ရတာတုန်းလို့
သူမက နာကြည်းစွာတွေးတယ်
ငရဲဟာ အာဖဂန်ထက်တော့ ပျော်ဖို့ကောင်းမှာပဲတဲ့
တဒေါက်ဒေါက်မြည်နေတဲ့
ခြေတုရဲ့အသံကိုကြားတိုင်း
စစ်မရှိတဲ့ နိုင်ငံတော်
လိမ့်ကျလာတဲ့ မျက်ရည်ကိုသုတ်လို့ စိတ်ကူးယဉ်ကြည့်တယ်
ဂျာမနီမှာ ၂ နှစ်ပြည့်ပြီးနောက်
အမေရဲ့အပြုံးနဲ့
အလောင်းတွေသာ ရောင်းဝယ်ဖောက်ကားနေရတဲ့
အာဖဂန်ကို သူမ ပြန်မြင်ရ
ဂျာမနီရဲ့ ငြိမ်းချမ်းတဲ့ဘ၀ အဖေကိုပြောပြရင်း
အချိန်မရွေး သေသွားနိုင်တဲ့
အာဖဂန်ကနေ ထွက်ပြေးကြရအောင်လို့ဆိုရဲ့
အဖေကတော့ ဖြစ်သမျှအကြောင်း အကောင်းပဲတွက်ကြတာပေါ့တဲ့
သူမပြန်ရောက်ပြီး ၄ လမြောက်မှာ
ကံကိုပုံအပ်ပြီး အိမ်ပေါ်ထိုင်
ဖြစ်သမျှ အကောင်းတွက်နေတဲ့
အဖေနဲ့အမနှစ်ယောက်ဟာ ဒုံးမှန်ပြီး ပွဲချင်းပြီးတယ်
မကြာခင်မှာပဲ
ယောက်ျားမှန်ရင် စစ်ထဲဝင်ရမယ်ဆိုတဲ့
တာလီဘန်တွေရဲ့ အမိန့်ကြောင့်
သူမရဲ့မောင်နှစ်ယောက် အာဖဂန်မှ သေမင်းထံ
ထွက်ပြေးတိမ်းရှောင်တယ်
ပင်ပန်းမယ် ဆင်းရဲမယ်
အခန့်မသင့်ရင် နောက်ထပ်ခြေတစ်ဖက်
ပြတ်ထွက်သွားနိုင်မယ်ဆိုပေမဲ့
သေနတ်မှန်နေတဲ့ အာဖဂန်ထက်
ဘယ်မြေကြီးမဆို သာနိုင်တာပဲ မဟုတ်လား
သားအမိနှစ်ယောက်ဟာ
တောင်တွေရဲ့ဟိုဘက် ခက်ခဲစွာ ယက်လို့
ပါကစ္စတန်မှာ စစ်ပြေးဒုက္ခသည်အဖြစ်
ထိုးအပ်လိုက်တယ်
ပထမ၊ ပါကစ္စတန်နိုင်ငံ ကွစ်တာမြို့က
အဒေါ်အိမ်မှာ ခိုကပ်
ဒုတိယ၊ အရိုးထဲထိ ဆောင်းတွေစီးနေတဲ့
ကုလသမဂ္ဂဒုက္ခသည်စခန်းကို ရောက်တယ်
အမေက ပန်းနာရင်ကျပ်သည်
စောင်ပါးပါးတစ်ထည်က
ဒီမှာဆက်နေရင်
အသက်ကို အာမခံချက်ပေးဖို့ ခက်မယ်တဲ့
မြို့ပေါ်မှာ ၀ပ်စရာကျင်းတစ်ကျင်းရဖို့
ခြေတုတဖက်နဲ့ ၁၂ နှစ်သမီးက
ပါကစ္စတန်ရဲ့ အိမ်တစ်အိမ်မှာ
ကျွန်အဖြစ် ခိုင်းချင်ရာခိုင်းလို့ တောင်းပန်ပြီး
အမေ့ရဲ့အသက်ကို ဒုက္ခသည်စခန်းက ဆွဲနှူတ်လိုက်တယ်။
ကမ္ဘာပေါ်က ရှိသမျှ ဒုက္ခတွေ
သူမရဲ့ခေါင်းပေါ် ပုံကျလာတာလား
အချိန်က
သေဖို့ရာ ၀န်မလေးတော့တဲ့ အချိန်ပေါ့
အဲဒီမှာ ဗြုန်းကနဲ့ရောက်လာတဲ့ မေခလာ
ဒုက္ခသည်တွေထဲကမှ
ကျန်းမာရေးမကောင်းသူနဲ့ အင်္ဂါချို့တဲ့သူကို
ဦးစားပေးကယ်တင်မယ်
အနာဂတ်ဆိုတာကို စာလုံးပေါင်းတတ်အောင်
ငြိမ်းချမ်းသောနိုင်ငံတစ်ခု ဆီ ပို့ဆောင်ပေးမယ်တဲ့ 
အင်တာဗျူးခေါ်တဲ့ အဲဒီနေ့ 
ရှိသမျှ အင်အားတွေနဲ့ ခြေတုကို အသံပိုမြည်လိုက်တယ်
သူမအမြဲတမ်းရွံရှာခဲ့တဲ့ အဲဒီခြေတုကို
သူမကတောက်ပစွာကြည့်လို့
ရက်စက်တဲ့ မြေမြှပ်မိုင်းကိုပဲ ကျေးဇူးတင်ရဦးမှာလား
မြန်မာပြည်သား ကဗျာဆရာရဲ့နှလုံးသားဆီ
သူမကစာရေးလိုက်တယ်
ချီကာဂိုမှာ အမေရဲ့ကျန်းမာရေးက စိမ်းစိုလို့
သူမက ကိုယ်ပိုင်ကားမောင်း
ခြေတုဒီဇိုင်းနာကောင်းဖြစ်ေ အာင်
တက္ကသိုလ်တစ်ခုတက်လို့ 
သူမဘာမှမတတ်နိုင်တဲ့
အာဖဂန်မြေကတော့
ယနေ့တိုင်
ဈေးကွက်ထဲ အလောင်းတွေပုံလို့။
0 comments:
Post a Comment