ဦးဂမ္ဘီရနှင့်( မိုးမခ ၊ Yangon Press International အင်တာဗျူး
by Ko Thaung on Sunday, January 15, 2012 at 6:51pm
၂၀၀၇ သံဃာ့ အရေးအခင်းကာလတွင် အာဏာပိုင်များက ၀င်ရောက် စီးနင်းခဲ့ပြီး ချိတ်ပိတ်ခံထားရသော ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ကျောင်းတိုက်သို့ စနေနေ့နံနက်က ရောက်ရှိလာခဲ့သော ဦးဇင်း ဦးဂမ္ဘီရအား ၀ိုင်ပီအိုင်က တွေ့ဆုံမေးမြန်းထားသည်။
ဝိုင်ပီအိုင်။ ။ဦးဇင်းတို့ လွတ်လာပြီဆိုတော့ ဗမာပြည်ဟာ အပြုသဘောဆောင်တဲ့အပြောင်းအလဲတစ်ခု ဖြစ်နေပြီလို့ပြောနိုင်ပြီလားဘုရား၊
ဦးဂမ္ဘီရ။ ။ ပြောင်းလဲတယ်ဆိုတာ လက်ရှိအနေအထားမှာ ကျုပ်မနေ့က ထောင်ကလွတ်လာတယ်၊
ဒီနေ့ ရန်ကုန်ပြန်ရောက်တယ်။ ဒါကတော့ အသေချာဆုံးပဲ၊ ကျန်တာတွေကတော့ ဘာတွေပြောင်းလဲတယ် ဆိုတာ သေချာ မသိရသေးဘူး၊ သိပ်တော့ မထူးခြားသေးပါဘူး။
လက်ရှိအနေအထား ဘာသုံးသပ်မိသလဲ ဆိုတော့ ခင်ဗျားတို့ ပြောတာ ကျုပ်ကြားနေရတာလည်း တော်တော် ဒေါသထွက်တယ်။ အများကြီး ပြောင်းလဲသွားပြီ၊ အများကြီး တိုးတက်သွားပါပြီ အများကြီးအခွင့်အရေးတွေရသွားပြီဆိုတာ ၊ အဲဒါခင်ဗျားတို့ အရင်တုန်းက မတရားဖိနှိပ်ခံထားခဲ့ကြရတာကို၊ အဲဒီကနေ နည်းနည်းလေး အခွင့်အရေး မစို့မပို့လေး ရတာကိုပဲ တကယ့် အခွင့်အရေးကြီး ရနေသလို၊ အရင်ကနဲ့ သွားတိုင်းတာကို…
ဝိုင်ပီအိုင်။ ။ မြန်မာပြည်ရဲ့ လက်ရှိအနေအထားကရော အရင်ကထက်စာရင်တော့ ပိုပြီး ပွင့်ပွင့်လင်းလင်း ရှိလာတယ်လို့ မမြင်ဘူးလားဘုရား။
ဦးဂမ္ဘီရ။ ။ စတုတ္ထမဏ္ဍိုင်ဆိုတဲ့ မီဒီယာတွေက Freedom of speech တို့ Freedom of press တို့ ဘယ်လောက်ရနေပြီလဲ၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ စီတန်း လှည့်လည်ခွင့်၊ ပုံနှိပ် ထုတ်ဝေခွင့် ဘယ်လောက် ရှိနေပြီလဲ၊ သူတို့ ဥပဒေပြုတဲ့အထဲမှာ ငြိမ်းချမ်းစွာ စုဝေးခွင့်အတွက် ခွင့်ပြုချက် တောင်းရမယ်ဆိုတာ အဓိပ္ပါယ်မရှိဘူး၊ ကိုယ့်ဆန္ဒဖေါ်ပြတာကို ခွင့်ပြုချက် တောင်းနေရဦးမလား၊
အကျဉ်းထောင်တွေထဲမှာ လူမဆန်ဘဲ လုပ်ခဲ့တာတွေ အများကြီးပဲ၊ လွတ်ခါနီး လပိုင်းအလိုလောက်ကမှ ဆန်ကောင်း ကျွေးသလိုလို ဘာလိုလိုနဲ့၊ ခင်ဗျားတို့ သိပ် မထင်နဲ့၊ အရင်ထက် နည်းနည်းလေး ကောင်းလာတာကိုပြောတာ၊ ကျန်းမာရေး စောင့်ရှောက်မှု မပြည့်စုံ၊ ဆေးဝါး အလုံအလောက်မရှိ၊ ဆရာဝန် အလုံအလောက်မရှိဘူး၊ နေရေးထိုင်ရေး စားသောက်ရေးတွေ ထောင်ထဲမှာ လိုအပ်နေတုန်းပဲ စစ်အာဏာရှင်စနစ်ရဲ့ စရိုက်ဆိုးတွေ အကျင့်ဆိုးတွေ ထောင်ထဲမှာ အခုထိ ရှိသေးတယ်။
ဝိုင်ပီအိုင်။ ။ ကုလသမဂ္ဂက လူ့အခွင့်အရေးကိုယ်စားလှယ် ကွင်တာနားလာတုန်းက လူ့အခွင့်အရေး ချိုးဖေါက်မှုတွေအတွက် စုံစမ်းရေး ကော်မရှင် ဖွင့်ဖို့ လိုအပ်တယ်လို့ ပြောခဲ့ဖူးပါတယ်။ ဦးဇင်း အဲဒီကိစ္စကို ဘယ်လို ထင်ပါသလဲဘုရား၊
ဦးဂမ္ဘီရ။ ။ စုံစမ်းရေးကော်မရှင် လိုအပ်တယ် လို့ ပြောတာ ဘယ်လောက်ကြာပြီလဲ၊ အခုရပြီလား၊ အခုထိ ဘာဖြစ်တုန်း၊ အခုလုပ်နေပြီလား၊ ရပြီလား၊ ဒါပါးစပ်ကပြောတာ၊ ဒုန်းဒိုင်း တံဆိပ်တွေနှိပ်၊ မြန်မာနိုင်ငံ အခြေအနေက လူ့အခွင့်အရေး စိမ်ခေါ်မှုတွေရှိနေတယ် ဘာညာနဲ့ပြောနေပေမဲ့ ဘယ်လောက် လက်တွေ့ကျကျ လုပ်နေလို့တုန်း၊
ဝိုင်ပီအိုင်။ ။ မြန်မာနိုင်ငံမှာ တစ်ကယ်တမ်းစစ်မှန်တဲ့ အပြောင်းအလဲဖြစ်ဖို့ ဘာတွေ လိုအပ်တယ်လို့ ထင်ပါသလဲဘုရား၊
ဦးဂမ္ဘီရ။ ။ အပြောင်းအလဲ အပြောင်းအလဲနဲ့ စကားလုံးလှလှတွေနဲ့ ကဗျာဆန်ဆန်တွေ လျှောက်မလုပ်နဲ့၊ အမေရိကန်က အိုဘာမားက Change ဆိုတိုင်း သံယောင်လိုက်နေကြတာ၊ ဘာတွေ Change လို့လဲ၊ တချိန်းချိန်းနဲ့ကြာတော့ ဖတ်ရတာတစ်မျိုးပဲဗျာ၊ ထောင်ထဲမှာကလည်း ဒါပဲ ဖတ်ရတာကို၊ မလုံမလောက် စာပေ လွတ်လပ်ခွင့်လေးနဲ့ရတဲ့ ဂျာနယ်ဘ၀နဲ့ ပုံနှိပ်ထားတာတွေ ဖတ်ပြီး အပြင်ကို မှန်းနေရတာ အံစာတုံးလေးတွေ ဆက်သလို ဆက်စပ်ကြည့်နေရတာ၊
ဟိုမှာ တိုင်းရင်းသားတွေဘာဖြစ်နေပြီ၊ ကချင်ပြည်နယ် ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်တွေ ပြည့်နှက်နေပါပြီ၊ နိုင်ငံတော် သမ္မတက အပစ်အခတ်တွေ ရပ်ဖို့ပြောတယ်။ ဒါပေမယ့် ပစ်တုန်း ဒါ ဘာလို့ မဖြေရှင်းတာလဲ၊ ကုန်ဈေးနှုန်းတွေ
တက်နေတာ ဘာလို့မဖြေရှင်းပေးတာလဲ၊
ဆယ်စုနှစ်ပေါင်းများစွာ လူ့အခွင့်အရေး ချိုးဖေါက်ခံထားရတာ၊ အခုပဲကြည့် ကျူပ်တို့ လွတ်လာပြီ၊ တစ်ချို့ ကျန်ခဲ့သေးတယ် ဦးမြင့်အေးတို့ အေးအောင်တို့ ဉာဏ်ရွှေတို့ လူ့အခွင့်အရေး မြှင့်တင်ရေးအဖွဲ့ကို မတရားပုဒ်မတွေတပ်ထားတာ ဖေါက်ခွဲရေး ပုဒ်မတွေ တပ်ထားတာ၊ ဒါ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ တရားဥပဒေစိုးမိုးမှု မရှိဘူး ဆိုတာပဲ၊ လုပ်ရပ်နဲ့ ပုဒ်မနဲ့က တခြားစီ၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးပါတယ် ဘာညာနဲ့ ကျုပ်တို့တော့လွတ်လာပြီ၊ ဘာလို့ သူတို့ ချန်ထားလဲ၊ ဒါ မရိုးသားဘူး၊ ဒီလိုသာ မရိုးမသား လုပ်နေလို့ကတော့ ဘာဒီမိုကရေစီမှ ဖြစ်မှာ မဟုတ်ဘူး ။
0 comments:
Post a Comment