မြန်မာ့နိုင်ငံရေး အတွေးအခေါ် (အပိုင်း- ၃)
by cherrymyodaw on Monday, January 16, 2012 at 4:57am
မြန်မာ့နိုင်ငံရေးအတွေးအခေါ် အပိုင်း(၃) မှာဆက်တင်ပြပါမယ်။ တာဝန်ဝတ္တရားကို ပိုင်းခြားသတ်မှတ်ပြီး
ဥပဒေစည်းကမ်းနှင့်အညီ အုပ်ချုပ်တဲ့စနစ်ရှိဖို့ လိုအပ်တာကို (၁၉) ရာစုအလယ်ပိုင်း
မင်းတုန်းမင်းလက်ထက်ရောက်မှ သဘောပေါက်လာကြပေမယ့် တရားဥပဒေအရ
အုပ်ချုပ်ရမယ်ဆိုတာကို ဗမာမင်းက နားလည်တာမဟုတ်ပါဘူး။ မင်းတုန်းမင်းရဲ့ သမီးတော်နှစ်ဦးနဲ့
ရည်းစားဖြစ်သူ သာမန်အရပ်သားတစ်ဦးကို သေဒဏ်ပေးလိုက်တဲ့ကိစ္စဟာ
ထင်ရှားတဲ့သာဓကလို့ဆိုပါတယ်။
မင်းမျိုးနဲ့ ချစ်ကြိုက်မိတဲ့အမှုမှာ ငွေ ၄၀၀ က ၁၀၀၀ အထိသာဒဏ်ရိုက်နိုင်တယ်လို့
ဓမ္မသတ်ကျမ်းတွေမှာ ဖော်ပြထားပေမယ့် သေဒဏ်ကျခံရတာဟာ ဓမ္မသတ်တွေကိုရော
ဓလေ့ထုံးစံဥပဒေကိုရော ဂရုမစိုက်တာ ထင်ရှားပါတယ်။ မင်းမှုထမ်းတွေကလည်း အဂတိ
လိုက်စားပြီး အာဏာအလွဲသုံးစားလုပ်ရာမှာ နာမည်ကြီးပါတယ်။ မြို့ဝန်အဆင့်လောက်ဆိုရင်
ထင်ရာစိုင်းတတ်ပါတယ်။ ဒါကြောင့်လည်း “မင်းဆိုသမျှ-ကွင်းရှောင်မယ်-ထမင်းတောင်စားချင်ဘူးလေ”
လို့ ဦးပုညက စာချိုးထားတာပါပဲ။ မင်းတုန်းမင်းလက်ထက် နန်းတွင်းလုပ်ကြံမှုမှာ
အခါပေးမှုနဲ့အဖမ်းခံရတဲ့ဦးပုညကို မြောက်မြို့ဝန်-ဦးသာအိုက ထိန်းသိမ်းထားပါတယ်။
ဒီလိုထိန်းသိမ်းထားတုန်းဘုရင့်ခွင့်ပြုချက်မရဘဲ ဦးသာအိုက ဦးပုညကို ကွပ်မျက်လိုက်ပါတယ်။
ဒီအကြောင်းကို မင်းတုန်းမင်းကြားရတော့ ““လူကိုခွေးကသတ်လိုက်ပြီ”” ပြောလိုက်တာဟာ
သမိုင်းတွင်သွားပါတယ်။
၁၉ ရာစုနှောင်းပိုင်းအထိ မြန်မာပြည်မှာ သက်ဦးဆံပိုင်ဘုရင် စနစ်ထွန်းကားပါတယ်။
အင်္ဂလိပ်ကို စစ်ရှုံးတော့မှပဲ အာဏာရှင်ဘုရင်စနစ် နိဂုံးချုပ်သွားပါတော့တယ်။
အဲဒီခေတ်ကတော့ ပတ်ဝန်းကျင်တိုင်းပြည်တွေဖြစ်တဲ့ အိန်္ဒိယ-တရုတ်နဲ့ ထိုင်းနိုင်ငံတွေဟာလည်း
မြန်မာပြည်နဲ့ ပိန်မသာလိမ်မသာပါပဲ။
အတုယူစရာ အိမ်နီးချင်းနိုင်ငံ မရှိတာကလည်း သက်ဦးဆံပိုင်ဘုရင်စနစ် သက်ဆိုးရှည်စေတဲ့
အချက်တစ်ချက်ပါပဲ။ မျိုးရိုးစဉ်ဆက်နေရာဆက်ခံရတဲ့ အထက်တန်းလွှာ သူကောင်းမျိုး
လူတန်းစားမရှိတာကလည်း သက်ဦးဆံပိုင်ဘုရင်စနစ်ကို သက်ဆိုးရှည်စေတယ်လို့
ဆရာဦးမောင်မောင်ကြီးက ဆိုပါတယ်။
မြန်မာမင်းလက်ထက်မှာ ဘုရင့်မိသားစုနဲ့ မင်းမှုထမ်းကတစ်ဖက်၊ ပြည်သူလူထုကတစ်ဖက်
လူတန်းစားနှစ်မျိုးသာရှိပါတယ်။ အနောက်တိုင်းမှာလို ရှင်ဘုရင်အပေါ်သြဇာညောင်းနိုင်တဲ့
အထက်တန်းစားမရှိပါဘူး။ ဒါတင်မကသေးပါဘူး။ မြို့ကြီးပြကြီးတွေမရှိတဲ့အတွက်
အတိုက်အခံလုပ်ချင်သူတွေ စုဝေးစရာ ခိုလှုံစရာနေရာမရှိတာကလည်း ဘုရင်စနစ်ကို
အားကောင်းစေပါတယ်။ ဘုရင်က ရိုသေလေးစားတဲ့ သံဃာတော်တွေရှိပေမယ့်
သူတို့က လောကီအရေးကို စိတ်ဝင်စားတာမဟုတ်လို့ နိုင်ငံရေးနဲ့ဝေးနေပါတယ်။
ဒါကြောင့်မို့ မြန်မာမင်းလက်ထက်က အုပ်ချုပ်သူလူတန်းစားဆိုတာ ဘုရင့်မိသားစုသာဖြစ်ပါတယ်။
မှူးမတ်ဆိုတာလည်း ဘုရင်ခန့်ထားတဲ့ သာမန်လူတန်းစားဖြစ်လို့ ဘုရင့်ကိုပဲ မှီခိုနေရပါတယ်။
ဘုရင်သေတာနဲ့ သူခန့်ထားတဲ့မှူးမတ်တွေလည်း အာဏာလက်လွှတ်ဖြစ်ကုန်တာများပါတယ်။
ဘုရင့်အလိုကို ဆန့်ကျင်ပြောဆိုတဲ့ မင်းမှုထမ်းဆိုတာမရှိသလောက်ဖြစ်ပြီး
အားလုံး “မှန်လှပါဘုရား” တွေဖြစ်နေပါတယ်။
ပညာတတ်အားလုံး ဘုန်းကြီးကျောင်းထွက်ဖြစ်နေတာကြောင့် ဗုဒ္ဓဘာသာကျမ်းဂန်တွေမှာ
ကျွမ်းကျင်ကြပေမယ့် လောကီရေးရာကိုတော့ သိပ်မသိကြပါဘူး။
ဒါကြောင့် တိုင်းပြည်အုပ်ချုပ်ရေးပညာမှာ ဗြာဟ္မဏ-ပုဏ္ဏားတွေရဲ့ ဟိန္ဒူအတွေးအခေါ်
လွှမ်းမိုးနေတာတွေ့ရပါတယ်။ ရာဇနီတိကျမ်းကို ဗြာဟ္မဏပုဏ္ဏားနှစ်ဦးက ပြုစုတာဖြစ်ပါတယ်တဲ့။
တကယ်တော့ လောကနီတိဟာ ဟိန္ဒူမဏုကျမ်းပါ။ ဒီကျမ်းကို မြန်မာသက္ကရာဇ် (၁၁၉၆)
ခရစ်သက္ကရာဇ် (၁၈၃၄) ခုနှစ်မှာ “မဟာအောင်မြေဘုံစံကျောင်း” ဆရာတော်ဦးဗုဓ်က
မြန်မာဘာသာပြန်ဆိုခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မှူးမတ်တွေရဲ့ နိုင်ငံရေးအမြင်ဆိုတာဟာ
အစဉ်အလာကျမ်းဂန်လာ အကန့်အသတ်ဘောင်အတွင်းမှာ ရှိနေတဲ့အတွက်
သက်ဦးဆံပိုင်ဘုရင်စနစ်ကို အပြစ်မမြင်နိုင်ကြပါဘူး။ ဘုရင့်အာဏာကို ဘယ်သူကမှ
မေးခွန်းမထုတ်ကြပါဘူး။ အများလက်ခံတဲ့ ရိုးရာအစဉ်အလာ အယူအဆဘောင်ကို
ဗမာပညာတတ်ကမကျော်နိုင်ပါဘူး။
၁၉ ရာစုအစပိုင်းမှာ မြန်မာပြည်ရဲ့ လူဦးရေဟာ သုံး၊ လေးသန်းသာရှိတယ်လို့
ခန့်မှန်းကြပါတယ်။ ပြင်ပနဲ့အဆက်အသွယ်နည်းတာကြောင့် အယူအဆအသစ်အဆန်းတစ်ခု
ရှင်သန်ဖို့အခြေအနေမပေးပါဘူး။ နေရာတကာမှာ ဘာသာရေးက စိမ့်ဝင်ပျံ့နှံ့နေတာမို့
ရှိပြီးသားဘာသာရေးအယူအဆကို ဆန့်ကျင်ပြီး အယူအဆသစ် ရှာဖွေဖို့ဆိုတာ အလွန်ခက်ခဲတဲ့ကိစ္စပါ။
သံဃာတော်တွေ နိုင်ငံရေးကင်းရှင်းတယ်ဆိုပေမယ့် အာဏာရှင်ဘုရင်ကိုတော့
ထောက်ခံကြပါတယ်။ မြန်မာမင်းလက်ထက်က ပညာရေးတိုးတက်မှုဆိုတာဟာ ဗုဒ္ဓဘာသာကျမ်းဂန်တွေကို
မြန်မာပြန်ဆိုပြီး အနက်အဓိပ္ပာယ်ဖွင့်တာပဲဖြစ်ပါတယ်။ လက်ရှိဘ၀ကို ခွဲခြမ်းစိတ်ဖြာပြီး
ဝေဖန်ဆန်းစစ်တဲ့ပညာရေးမဟုတ်ပါဘူး။ ဘုရင်မင်းမြတ်အမိန့်ကို မဆိုင်းမတွ အပြည့်အဝ
နာခံဖို့ကိုသာ မြန်မာစာပေနဲ့ နန်းတွင်း လက်စွဲကျမ်းတွေက တိုက်တွန်းကြောင်း
သမိုင်းပါမောက္ခ -ဆရာမောင်မောင်ကြီးက ရေးသားထားပါတယ်။
(ဒေါက်တာမောင်မောင်ကြီး)
0 comments:
Post a Comment