ခန္တီ
Q: သည်းခံတယ်ဆိုဟာ
အတိုင်းအတာ ရှိတယ်လို့ ပြောလေ့ ရှိပါတယ်။ ဘယ်လောက် အတိုင်းအတာ ထိ သည်းခံ
ရပါမလဲ။ သည်းမခံ နိုင်တဲ့ အနေအထား တစ်ခုကို ဘယ်လို ဆက်ပြီး သည်းခံ
သွားနိုင်မလဲ။
A: :) သည်းခံနေတဲ့ လူတစ်ယောက် - ကိစ္စတစ်ခုကို သူ ဆက်ပြီး သည်းခံနေရင်း တစ်ချိန်မှာ ထမေးတယ် ဆိုပါစို့။ “ငါ ဒါကို ဘယ်လောက်ထိ သည်းခံနေရမှာလဲ”
အဲ့အချိန်မှာ သေသေချာချာ ကြည့်ကြည့်ပါ။ သူတကယ် သည်းခံ မနေတော့ဘူးရယ်။ ဆိုလိုတာက သည်းခံခြင်း ( ခန္တီတရား ) သက်သက်မှာ မေးခွန်း မရှိပါဘူး။ အလားတူ ၊ အတိုင်းအတာ တစ်ခု အနေနဲ့ လည်း ရှိမနေဘူး။ ခင်ဗျား မေးခွန်းရဲ့ အစမှာ ရှိတဲ့ “သည်းခံတာဟာ အတိုင်းအတာရှိတယ်” ဆိုတဲ့ စကား ကိုယ်နှိုက်က စင်စစ် မှားယွင်းနေတဲ့ စကားပဲ ဖြစ်ပါတယ် ။ အဲ့စကား ပြောတဲ့သူ ဟာ နကိုကတည်းက သည်းခံနေတာ မဟုတ်ဘူး။ အောင့်အည်း ထားတာ ၊ ချုပ်တည်း ထားတာပဲ ဖြစ်ပါလိမ့်မယ်။ စင်စစ် သည်းခံခြင်း သက်သက် ဟာ အတိုင်းအတာ မရှိပါဘူး။
ဒါ့ကြောင့် “ဘယ်လောက်ထိ၊ ဘယ်လိုမျိုး” စသည် မေးခွန်း တွေဟာ သည်းခံစိတ် စင်စစ် ရှိသူရဲ့ သန္တာန်မှာ ပေါ်မလာဘူး။ အဲ့ဒါကို နားလည် ထားဖို့ လိုပါတယ်။ ကိစ္စရပ် တစ်ခု အပေါ် သည်းခံနိုင်တဲ့ အနေအထား ရှိခြင်း မရှိခြင်းဟာ ခင်ဗျားရဲ့ သိမြင်မှု၊ ရှုမြင်မှု အပေါ်မှာသာ မှီတည်တယ်။ ခင်ဗျား ရှုကြည့်မှု အသိကို ရှင်းလင်း ကြည်လင်နေဖို့သာ လိုပါတယ်။ ဒါဟာ အားစိုက်ထုတ်နေတာ မဟုတ်ဘူး။ အားစိုက်ထုတ်မှု ပါတဲ့ သည်းခံမှု ဟာ စင်စစ် သည်းခံ နေတာ မဟုတ်ဘူး။
ခင်ဗျားရဲ့ နောက်ပိုင်း မေးခွန်း ဖြစ်တဲ့ “သည်းမခံနိုင်တဲ့ အနေအထားတစ်ခုကို ဘယ်လိုဆက်ပြီး သည်းခံသွားနိုင်မလဲ”
လောကတစ်ခွင်က ဘယ်ကိစ္စရပ် အပေါ်ကို မဆို ခင်ဗျား စင်စစ် လုပ်ကိုင်နိုင်တယ် ဆိုတာ ဘာတစ်ခုမှ မရှိပါဘူး ။ ဘယ်အရာကို ခင်ဗျား တကယ် လုပ်လို့ ရနေ ပါသလဲ။ ဆိုလိုတာက ဘယ်အရာကို သာယာညှင်းပျောင်း အားစိုက် ဆောင်ရွက်နိုင်ပါသလဲ။ ခွန်အား စိုက်ထည့်သမျှ ခင်ဗျား ပါဝင်လုပ်ကိုင်သမျှ အရာအားလုံး ဟာ ခင်ဗျား အတွက် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်နေပါ လိမ့်မယ်။ ဒါ့ကြောင့် အနေအထား တစ်ခုဟာ ခင်ဗျား အတွက် သည်းမခံနိုင်လောက်အောင် ဖြစ်လာသလား -- အဲ့ဒါဟာ ခင်ဗျား သည်းမခံနိုင်တာ သက်သက်ပဲ ဖြစ်ပါတယ် ။ ဆက်ပြီး သည်းခံဖို့ အားစိုက်ရင် - သည်းခံမှု အစစ်အမှန် မဟုတ်ဘဲ ခင်ဗျားကိုယ် ခင်ဗျား ချုပ်တည်းလိုက်တာ ပဲ ဖြစ်သွား ပါလိမ့်မယ်။
ခင်ဗျား တကယ် စင်စစ် လိုအပ်တာက သိမြင်နားလည်မှု တစ်ခုတည်း ဖြစ်ပါတယ်။ သိမြင်နားလည်မှု ရှိရင် သည်းခံမှုဟာ အလိုလိုတွယ်ကပ် ပါဝင်လာတယ်။ အားစိုက် ထုတ်နေစရာ မလိုအပ်ဘူးရယ်။ အဖြေအနေနဲ့ - လိုအပ်ကောင်း လိုအပ်နေမှာက ခင်ဗျား ရဲ့ ရှုမြင်နိုင်မှုသာ ဖြစ်ပါတယ်။
ဒါဆို ဘယ်အရာကို ရှုမြင်ရမှာလဲ ။ အဲ့ဒီ သည်းမခံနိုင်တဲ့ အနေအထားကြီး ကိုလား ။
မဟုတ်ပါဘူး။ အဲ့ဒီ အနေအထားဟာ ခင်ဗျားရဲ့ ပြင်ပမှာ သူ့အကြောင်း သူ့အကျိုးနဲ့ သူ ဆက်လက် ဖြစ်တည်နိုင်တယ်။ ဒါမှမဟုတ် ပျက်သုဉ်းသွားနိုင်တယ်။ အဲ့ဒါ ခင်ဗျား ကိစ္စ မဟုတ်ဘူး။ စင်စစ် ကြည်လင် နေအောင် သုံးသပ်မြင် ထားမယ့် အရာဟာ ခင်ဗျားကိုယ် ခင်ဗျားသာ ဖြစ်ပါတယ်။ အဲ့ဒီ သိမြင် နားလည်ထားမယ့် ကြည်လင်တဲ့ စိတ်သန္တာန်သာ မိမိ မှာ ရှိနေပါစေ။ အဲ့ဒီ ခဏ ရှင်းလင်း ကြည်လင်နေချိန်မှာ - သည်းခံမှု ဟာ အလိုလို ပေါ်ပေါက် လာပါလိမ့်မယ်။
Jan. 11st. 2012 at 12:05 AM
................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/

0 comments:
Post a Comment