Friday, January 20, 2012

ဇာဂနာပြောတဲ့ ဇာဂနာ ဘာကြောင့် ဦးခင်ညွှန့်နဲ့တွေ့ရလဲ

by General Knowledge on Saturday, January 21, 2012 at 1:01am
 
ချင်းမိုင် (မဇ္ဈိမ) ကိုဝိုင်း | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၈ ရက် ၂၀၁၂ ခုနှစ် ၁၂ နာရီ ၅၉ မိနစ်

(ဇာဂနာနှင့် အင်တာဗျူး)

စွယ်စုံရ အနုပညာရှင် ကိုဇာဂနာသည် ရုပ်ရှင်သရုပ်ဆောင်နှင့် ဒါရိုက်တာများကြဖြစ်သော ဇင်ဝိုင်း၊ မင်းထင်ကိုကိုကြီး၊ ကြည်ဖြူသျှင်တို့နှင့်အတူ စစ်အစိုးရလက်ထက် ထောက်လှမ်းရေးညွှန်မှူး၊ အတွင်းရေးမှူး-၁ နှင့် ဝန်ကြီးချုပ်တာဝန်များ ယူခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်အား ဇန်နဝါရီလ ၁၅ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့သည်။

တနင်္လာနေ့က ထောက်လှမ်းရေး ဗိုလ်မှူးကြီးဟောင်း ဦးစန်းပွင့်ကိုလည်း ကိုဇင်ဝိုင်းနှင့်အတူ တွေ့ဆုံခဲ့သေးသည်။


ဦးခင်ညွန့်သည် ၂ဝဝ၄ ခုတွင် အဂတိလိုက်စားမှုများဖြင့် ဖမ်းဆီးခံရပြီးနောက် ၂ဝဝ၅ ခုတွင် ထောင်ဒဏ် ၄၄ နှစ် ချမှတ်ခံခဲ့ရသည်။ ဦးစန်းပွင့်မှာလည်း သူနှင့်အတူ အမှုတွဲအဖြစ် အဖမ်းခံခဲ့ရသည်။

ဦးခင်ညွန့်တို့အား သွားရောက်တွေ့ဆုံခဲ့ရသည့် အကြောင်းများနှင့်ပတ်သက်၍ ကိုဇာဂနာအား မဇ္ဈိမ သတင်းထောက် ကိုဝိုင်းက ဆက်သွယ်မေးမြန်းထားသည်။
-------------------------------

ဦးခင်ညွန့်နဲ့ သွားတွေ့တယ် ကြားလို့ပါ။

“၁၅ ရက်နေ့က သွားတွေ့တာ။ ညနေ ၅ နာရီ။ သူ့အိမ်မှာလေ။”


သွားတွေ့ရတဲ့ အကြောင်းရင်းလေး ပြောပြပေးပါ။

“ကျနော် ထောင်က လွတ်လာကတည်းက ကျနော်က ‘ဗိုလ်ချုပ်ကြီးခင်ညွန့်ကိုလည်း လွှတ်ပေးသင့်ပါတယ်’ ဆိုပြီးတော့ တောင်းပေးသေးတယ်လေ သမ္မတကို။”

“အဲဒီတော့ သူလွတ်လာတဲ့အခါကျတော့ ကျနော် ဒီလိုမျိုးတောင်းပေးခဲ့တဲ့အတွက်၊ ရဲရဲရင့်ရင့်နဲ့ သူ့အတွက်
ပြောပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ဆိုပြီး ကျေးဇူးတင်စကား ပြောချင်လို့ပါ။ သူ့တူမ တယောက်လွှတ်ပြီး
ပြောခိုင်းတယ်။ သူက သူကိုယ်တိုင်ပဲ ပြောချင်ပါတယ်ဆိုတော့၊ သူက လူကြီးဆိုတော့ မဟုတ်ဘူး ကျနော် လာခဲ့ပါမယ်ဆိုပြီး အဲဒီအချိန်မှာ ကျနော်က ဖြူးကို ရောက်နေတယ်။ ရန်ကုန်ပြန်ရောက်တော့ ကျနော်ရယ် ဇင်ဝိုင်းတို့ပါ ကျနော်တို့က အဖွဲ့အလိုက် အစည်းအဝေးလုပ်နေတဲ့အချိန် သွားမယ်ဆိုတော့ သူတို့ကလည်း ဒါဆို ဦးခင်ညွန့်နဲ့တွေ့ချင်တယ်ဆိုတော့ သူတို့ပါ ရောပြီး ပါလာတဲ့သဘောပါ”


The Art of Freedom ရုပ်ရှင်ပွဲတော် ကျင်းပရခြင်းကိစ္စနှင့် စပ်လျှဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားနေသည့် ပွဲစီစဉ်သူ တဦးဖြစ်သူ ကိုသူရ (ဇာဂနာ) ကို တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)

ဦးခင်ညွန့်က လွတ်လွတ်ချင်း မီဒီယာနဲ့တွေ့တယ်။ ပြီးတာနဲ့ ကိုသူရနဲ့ တွေ့တယ်ဆိုတော့ မထူးခြားဘူးလား။

“မထူးခြားပါဘူး။ တကယ့်တကယ်ပြောမယ်ဆိုရင် ဗိုလ်ချုပ်ခင်ညွန့်နဲ့ ကျနော်က ဘာကိစ္စနဲ့မှ ကျနော်တို့ မတွေ့ခဲ့ဖူးဘူးဗျ။ ဘယ်တုန်းကမှ။ သူ အင်မတန် သြဇာတိက္ကမ ကြီးမားနေတဲ့အချိန်မှာ သူ့ရဲ့ အထောက်အပံ့ သူ့ရဲ့ အကူအညီတွေ ရခဲ့ကြတဲ့ ရုပ်ရှင်သမားတွေထဲမှာ ကျနော်မပါဘူးဗျ။ ရုပ်ရှင်သမား အားလုံးလောက်နီးပါးက သူပေးလို့ တယ်လီဖုန်း ရတယ်၊ မြေကွက် ရတယ်၊ မော်တော်ကား ဝယ်ခွင့် ရတယ်၊ အဲဒီထဲမှာလည်း ကျနော် မပါခဲ့ဘူးဗျ။ အဓိကပြောရရင်တော့ သူ သြဇာတိက္ကမ ကြီးတဲ့အချိန်တုန်းက ကျနော်က အဖမ်းခံရတာပဲရှိတယ်။ သူ့လက်ထက်မှာကို ကျနော် နှစ်ခါ အဖမ်းခံရတာကိုး။”

“အခု သူတင်မှ မဟုတ်ပါဘူးဗျာ။ ထောက်လှမ်းရေး-၆ ထဲမှာ ကျနော့်ကို တကယ် ဖမ်းဆီးခဲ့တဲ့ ဦးစန်းပွင့်လည်း အခုလွတ်လာတာပဲ။ ကျနော် သွားနှုတ်ဆက်ပါတယ်။ ဒီအချိန်မှာ ဘာလုပ်ရမှာတုန်းဗျာ၊ ဒီစိတ်တွေ မရှိပါဘူး ကျနော့်မှာ။ အာဃာတတွေ အငြိုးအတေးတွေ မရှိပါဘူး။ ဦးစန်းပွင့် ကိုယ်တိုင်ပင်လျှင် ကျနော့်ကိုဖမ်းခဲ့တာ ထောက်လှမ်းရေး-၆ ထဲမှာ နှစ်ခါလုံးလုံး၊ ဗိုလ်မှူးခင်မောင်ထွေးတို့ ဘာတို့။ သူတို့တွေတောင် ကျနော် နှုတ်ဆက် တာပဲ။”

“ဘာလို့လဲဆိုတော့ သူတို့လည်း တိုင်းပြည်အတွက် တချိန်တုန်းကတော့ လုပ်ခဲ့ကြတာပဲ။ ထိုနည်းတူ ကျနော်တို့ကိုလည်း လုပ်ခဲ့တယ်ဆိုတဲ့ အငြိုးတို့ အာဃာတတို့ ကျနော့်မှာ တစက်မှ မရှိပါဘူး။ အခု သူတို့ ထောင်ကလွတ်လာတယ်၊ လွတ်လာတဲ့အတွက် ကျနော် သွားပြီးတော့ နှုတ်ဆက်တယ်၊ ထောင်ကလွတ်လာတဲ့ လူတယောက်ကို ကျနော် ကြိုဆို နှုတ်ဆက်တဲ့ သဘော ပါပဲ။ ဒီထက်ကို ဘာမှမရှိပါဘူး။”

“သို့သော် တချို့ကတော့ ထင်မှာပေါ့လေ ဘာဖြစ်လို့ သူတို့ကို ဒီလောက်တောင် ခွင့်လွှတ်နိုင်ရ တာလဲဆိုပြီး။ ခံရတာ ကျနော်ပါ။ ကျနော်ကိုယ်တိုင်တောင် ခွင့်လွှတ်နိုင်သေးတာပဲ။”

“ဘာဖြစ်လို့လဲ ဆိုတော့ ဦးခင်ညွန့်ဆိုတာ တခါမှ မတွေ့ဖူးဘူး။ သူ့ပါးစပ်ကတောင် ပြောခဲ့တယ် အဲဒီနေ့က သူအလုပ်လုပ်ပေးနိုင်ခဲ့တဲ့ အချိန်တုန်းကတဲ့ မောင်သူရနဲ့ အန်ကယ်နဲ့ တခါမှ မဆုံနိုင်ခဲ့ဘူးနော်တဲ့ ခုလိုအချိန် ကျတော့လည်း သူဘာမှ မကူညီနိုင်ပြန်ဘူးတဲ့။ ရပါတယ် အဲဒီဟာတွေ ကျနော့်စိတ်ထဲမှာ မရှိဘူးလို့။”

ဦးစန်းပွင့်နဲ့က ဘယ်တုန်းက သွားတွေ့လိုက်လဲ။

“မနေ့က မနက်က။”


တချို့ကလည်း ဦးခင်ညွန့်က သူသြဇာရှိနေတုန်းက ဒီမိုကရေစီဘက်သားတွေကို ဖမ်းတယ်ပေါ့။ သူနဲ့ သွားတွေ့တာကို ဝေဖန်နေကြတာတွေရှိပါတယ်။

“အဲဒီလိုတွေ ပြောနေလို့လည်း ပြီးမှာလည်း မဟုတ်ပါဘူးဗျာ။ ဝေဖန်တဲ့သူတွေကိုလည်း မေးကြည့်ကြပါဦး။ အဲဒီတုန်းကဖမ်းလို့ ဆီးလို့ ဆိုတဲ့အထဲမှာ ဦးသိန်းစိန်ရော မပါဘူးလားလို့၊ ဦးရွှေမန်းရောမပါ ဘူးလားလို့။ ဒီလူတွေနဲ့တောင်အခု ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပင်လျှင် လက်ဆွဲ နှုတ်ဆက်နေကြပြီ မဟုတ်ဘူးလား။ အဲဒီတော့ ဘာဖြစ်လို့ အဲဒီလို စိတ်တွေ မွေးကြမှာလဲလို့။ ကျနော်ကတော့ အဲဒါတွေ အဓိပ္ပါယ်မဲ့တဲ့စကားတွေပါ။ မဖြေရှင်းချင်ဘူး။ ကျနော်တို့ ကာယကံရှင်ဖြစ်တဲ့၊ တိုက်ခိုက်ခံနေရတဲ့သူ တွေဖြစ်တဲ့ ကျနော်တို့တွေက ဘာမှမပြောရဘဲနဲ့ တခါမှ မခံရဘူးတဲ့လူတွေက ပြောနေပုံရပါတယ်လို့။”


ဦးခင်ညွန့်နဲ့တွေ့တော့ရော ဘာတွေများပြောဖြစ်လဲ။

“ရုပ်ရှင်အကြောင်းပေါ့ ကျနော်တို့ Freedom Film festival လုပ်တာကို သူ ဂျာနယ်တွေမှာ ဖတ်ရလို့ အရမ်းကျေနပ်မိတဲ့ အကြောင်း။ နောက် အဲဒီဇာတ်ကားတွေ တကယ်လို့များ ကျနော်တို့ က အခွင့်ရှိတယ်ဆိုရင်တော့ သူကြည့်ချင်ပါတယ်ဆိုတဲ့အကြောင်း၊ သူ့ကို ကူညီပါဆိုတဲ့အကြောင်း ပေါ့ဗျာ။ အဲဒါက တစ်ပေါ့။ နှစ်ကတော့ သူ့အနေနဲ့ကတော့ သူ ၇ နှစ်လုံးလုံး ဒီထဲမှာ နေနေရတဲ့ အချိန်မှာ ထောင်ထဲမှာ နေရတဲ့လူလိုပါပဲပေါ့။ အင်မတန် ကျဉ်းကျပ်တယ် ဆိုတဲ့အကြောင်း။ သူ့မှာ တနေ့တနေ့လည်း တရားထိုင်လိုက်၊ ဘဝနာပွားလိုက်။ အခုဆို သူ့စိတ်ထဲမှာလည်း ဘာမှမရှိတော့ဘူး ဆိုတဲ့အကြောင်းပေါ့ဗျာ။ အရင်တုန်းက လုပ်ခဲ့ကိုင်ခဲ့တဲ့ ဟာတွေထဲမှာလည်း သူ့မှာလည်း တာဝန်အရသာ လုပ်ခဲ့ရပေမယ့် သူ့မှာလည်း ဘာစိတ်မှ မရှိပါဘူးဆိုတဲ့ အကြောင်းတွေပေါ့ဗျာ။ အဲဒါမျိုးတွေ ပြောဖြစ်ကြတာပါ။”

သူလွတ်လာတော့ နိုင်ငံရေးမလုပ်ဘူးပြောတယ်။ ငြိမ်းချမ်းရေးတို့ လူမှုရေးကိစ္စတို့ စိတ်ဝင်စားမှု ပြောဖြစ်သေးလား။

“ကျနော်တို့ အဲဒီအကြောင်းတော့ မပြောဖြစ်ဘူးပေါ့။ သို့သော် ငြိမ်းချမ်းရေးကိစ္စတွေကတော့ သူတို့ အရင်တုန်းကဗျာ ဗိုလ်ချုပ်မြတို့ ရှိတဲ့ အချိန်တုန်းက သူကိုယ်တိုင်သွားတွေ့ခဲ့တာ ရှိခဲ့တာကိုး။ အဲဒီတုန်းက အဆင့်တဆင့် ရောက်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးဆိုတာကို လည်းပဲ ပြောဖြစ်ကြတာ ပေါ့ဗျာ။ အဲဒီကိစ္စမှာက ဦးစန်းပွင့်နဲ့ သူနဲ့နှစ်ယောက် လုပ်ခဲ့ကြတာလေ။ ကျနော်တို့မှာ ဗီဒီယိုတွေ ဘာတွေ ရှိပါတယ်။ အဆင့် တဆင့်ရောက်ပေမယ့် အဲဒီအချိန်မှာ သူတို့အဖမ်းခံရပြီးတဲ့အခါ ကျတော့ အဲဒီလုပ်ငန်းစဉ်က ပျက်ခဲ့ကြရတယ်ပေါ့ဗျာ။ သူတို့ တကယ်လုပ်ခဲ့တာရှိပါတယ် ခွန်ဆာနဲ့ သွားပြီးတော့ ဦးစန်းပွင့်နဲ့ သူနဲ့ နှစ်ယောက်ထဲသွားပြီး တွေ့ဆုံခဲ့တာလေ။ ဒါလေးတွေ
ပြောဖြစ်တာပေါ့ဗျာ။ ကျနော်က ပြန်မေးတာပေါ့ဗျာ ကျနော်သိချင်တာလေးတွေ။ ခွန်ဆာကိစ္စ သူတို့ အောင်မြင်တယ်ပေါ့။”


သူ့သား နှစ်ယောက်လုံး တွေ့ခဲ့လား။

“ကိုရဲနိုင်ဝင်းရော၊ ကိုဇော်နိုင်ဦးရောတွေ့ပါတယ်။”


ဦးစန်းပွင့်နဲ့ တွေ့တော့ရော ဘယ်သူတွေပါသေးလဲ။ ဘာတွေပြောဖြစ်ကြလဲ။

“ကျနော်နဲ့ ကိုဇင်ဝိုင်းနဲ့ နှစ်ယောက်ထဲ။ ခဏတဖြုတ်ပဲ။ သွားနှုတ်ဆက်တဲ့သဘောပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်နဲ့ ကိုဇင်ဝိုင်းနဲ့ နှစ်ယောက်က ထောက်လှမ်းရေး-၆ ထဲမှာ အတူတူဖမ်းခံခဲ့ရတုန်းက ဗိုလ်မှူးစန်းပွင့်က ကျနော်တို့ကို ဖမ်းခဲ့တာလေဗျာ။ အဲဒါကြောင့် ကျနော်တို့ နှစ်ယောက်က သွားနှုတ်ဆက်တာပါ။ စကားတောင် သေချာမပြောနိုင်ပါဘူးဗျာ။ လူတွေက သိပ်များနေလို့။”


ထောက်လှမ်းရေး-၆ မှာ ဘယ်တုန်းက အဖမ်းခံရတာလဲ။

“ရှစ်လေးလုံးပြီးပြီချင်း ဗမာပြည်မှာ ပထမဦးဆုံး ဖမ်းခံရတာ ကျနော်နဲ့ ဇင်ဝိုင်းပဲ။”

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...