Sunday, January 1, 2012

စတော့ဈေးကွက် သိမှတ်ဖွယ်ရာ

by Moenge Aung on Sunday, January 1, 2012 at 5:44pm
By HR Journal Originally posted 

တိုးတက်တဲ့နိုင်ငံတွေမှာ စတော့ဈေးကွက် (Stock Market) ဖြစ်ထွန်းပေါ်ပေါက် လာကြရစမြဲ ဖြစ်တယ်။  နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရေးအရ ဒီမိုကရေစီစနစ်နဲ့ စီးပွားရေးအရ အစိုးရရဲ့ပါဝင်စွက်ဖက်မှု ကင်းရှင်းပြီး လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေး စနစ်တကျ ပေါင်းစပ် ရုပ်လုံး ဖော်ဆောင်မှုတွေကနေ စတော့ ဈေးကွက်တွေ ပေါ်ပေါက်လာကြရတာ ဖြစ်တယ်။ စာရေးသူတို့ နိုင်ငံမှာ နှစ်ပေါင်းများစွာ နိုင်ငံသားတွေ မျှော်လင့်စောင့်စားနေခဲ့ကြရတဲ့ ဒီမိုကရေစီ အစိုးရတစ်ရပ် ပေါ်ထွန်းလာခဲ့ပြီဖြစ်ပြီး အစိုးရ ကိုယ်တိုင်ကလည်း ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှု (Good Governance) နဲ့ သန့်ရှင်းသော အစိုးရ (Clean Government) ဖြစ်လာအောင် လုပ်ဆောင်မယ်ဆိုတာ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် မြွတ်ဟပြောကြားခဲ့ပြီး ဖြစ်တယ်။
အခုဆိုရင် သက်တမ်း ၆ လသာရှိသေးတဲ့ ဒီမိုကရေစီ အစိုးရအနေနဲ့ ထင်သာမြင်သာတဲ့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်လာ၊ ပြောင်းလဲသင့်တဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေ ပြုပြင်ပြောင်းလဲလာနေတဲ့ အတွက် ကမ္ဘာ့နိုင်ငံတွေကနေ အာရုံစိုက်မှု များလာတာကို မြင်တွေ့နေရပြီ ဖြစ်တယ်။ အတိတ်ဖြစ်ရပ်တွေကို သင်ခန်းစာယူ၊ လက်ရှိ အခြေအနေမှာ အကောင်းဆုံး ပုံဖော်လုပ်ဆောင်မှုတွေကနေ အနာဂတ်အတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်လာတာကို မြင်တွေ့ရမှာ ဖြစ်တယ်။ ဒါတွေကနေ ၂၀၁၅ ခုနှစ်မှာ စတော့ဈေးကွက် ပေါ်ထွန်းလာလည်း မူဝါဒတွေ ချမှတ်ထားပြီးဖြစ်လို့ ပွဲမဝင်မီ ကြိုတင် ပြင်ဆင်နိုင်စေဖို့ သိသင့်သိထိုက်တဲ့ စတော့ဈေးကွက်နဲ့ ပတ်သက်တဲ့ အခြေခံ သဘောတရားတွေကို သိနိုင်မှတ်နိုင်စေဖို့ ရေးသားလိုက်ပါတယ်။
 စတော့ဆိုတာဘာလဲ
နိုင်ငံတစ်နိုင်ငံ တိုးတက်လာစေဖို့ နိုင်ငံအတွင်းမှာ ပုဂ္ဂလိက ကုမ္ပဏီတွေထက် အများပိုင်ကုမ္ပဏီ (Public Companies) တွေ များများပေါ်ထွန်းလာစေရမှာ ဖြစ်တယ်။ ပုဂ္ဂလိက ကုမ္ပဏီတွေက လူနည်းစု အကျိုးအတွက်ဖြစ်ပြီး အများပိုင် ကုမ္ပဏီတွေက အများအကျိုးအတွက် အလေးထား ဆောင်ရွက်ကြရတဲ့ ကုမ္ပဏီတွေ ဖြစ်တယ်။ ပုဂ္ဂလိက ကုမ္ပဏီတွေက အစုရှယ်ယာတွေကို ထုတ်ရောင်းလို့မရဘဲ အစုရှယ်ယာတွေကို လွှဲပြောင်းမှု (Share Transfer) တွေသာ လုပ်ဆောင်နိုင်ကြတယ်။ အများပိုင် ကုမ္ပဏီတွေမှာ အစုရှယ်ယာတွေကို ရောင်းချနိုင်တယ်။ အစုရှယ်ယာဝင်တွေရဲ့ လုပ်ပိုင်ခွင့် အခွင့်အလမ်းတွေကလည်း ပုဂ္ဂလိက ကုမ္ပဏီတွေထက် ပိုများတယ်။ သာမန်အားဖြင့် အများပိုင် ကုမ္ပဏီတွေရဲ့ အစုရှယ်ယာတွေကို ရောင်းချရာမှာ လွှဲပြောင်းရောင်းချသူက ဝယ်ယူသူအမည်ကို လွှဲပြောင်းပေးကြရတယ်။ ဝယ်ယူသူက ကုမ္ပဏီကနေ နှစ်စဉ်ရမယ့် အကျိုးခံစားခွင့်ပါ ရရှိသွားစေတာ ဖြစ်တယ်။ အများပိုင်ကုမ္ပဏီတွေက စီးပွားရေး တိုးချဲ့လုပ်ဆောင်နိုင်စေဖို့ ရင်းနှီးမြှုပ်နှံသူတွေကို ကုမ္ပဏီရဲ့ အပိုင်းတစ်ခုကို ဝယ်ယူခွင့်ပြုလိုက်တာ ဖြစ်တယ်။ ရင်းနှီးမြှုပ်နှံသူမှာ ရှိနေတဲ့ ငွေကြေးကို ကုမ္ပဏီကို ပေးလိုက်ရပြီး ကုမ္ပဏီက ထုတ်ပေးတဲ့ စတော့ ရှယ်ယာလက်မှတ် ကိုင်စွဲထားနိုင်တယ်။ အများပိုင် ကုမ္ပဏီတွေရဲ့ အစုရှယ်ယာတွေကို စတော့တွေက အမည်လွှဲပြောင်းဖို့ မလိုအပ်ပဲ စတော့လက်မှတ်ကို ကိုင်ဆောင်ထားနိုင်သူက ပိုင်ရှင်ဖြစ်တယ်။ ကုမ္ပဏီက နှစ်စဉ် အကျိုးခံစားခွင့်ကို စတော့ လက်ဝယ်ကိုင်ထားသူက ရရှိသလို စတော့တွေကို စတော့ဈေးကွက်မှာ မိမိဝယ်ယူထားတဲ့ ကုမ္ပဏီရဲ့ လုပ်ဆောင်ချက်အပေါ် မူတည်ပြီး ဈေးအတက်အကျအရ မိမိပိုင်စတော့တွေကို ထုတ်ရောင်းနိုင်တယ်။
 စတော့ဈေး (Stock Market) မှာ စတော့တွေကို မိမိတို့စိတ်ကြိုက် ရောင်းချပိုင်ခွင့် ရရှိတယ်။ ဈေးကွက် စီးပွားရေး လွတ်လပ်မှု ရှိလာတာနဲ့အမျှ စတော့ဈေးကွက်တွေ ဖြစ်ထွန်းပေါ်ပေါက်လာစေတာ ဖြစ်တယ်။ စတော့ဆိုတာက အများပိုင် ကုမ္ပဏီတွေကနေ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်တဲ့ ငွေကြေးတွေ မြင့်မားလာစေဖို့ စတော့တွေကို ထုတ်ရောင်းခြင်းအားဖြင့် ကုမ္ပဏီရဲ့ အစိတ်အပိုင်းကို ရောင်းလိုက်တာ ဖြစ်တယ်။ စတော့ဝယ်ယူသူတွေက ကုမ္ပဏီပိုင်ရှင် တစ်စိတ်တစ်ပိုင်း ဖြစ်လာစေတာ ဖြစ်တယ်။ ကုမ္ပဏီရဲ့ နှစ်စဉ်ရရှိတဲ့ အကျိုးခံစားခွင့်ကို အခွန်ပေးဆောင်ရန် တာဝန်ရှိတဲ့ အကျိုးခံစားခွင့် (Dividende) တွေဖြစ်တယ်။ ကုမ္ပဏီ အကျိုးခံစားခွင့်က ကုမ္ပဏီ ဒါရိုက်တာတွေရဲ့ လုပ်ဆောင်ချက် ကောင်းမွန်မှုအပေါ် မူတည်ပြီး ရရှိနိုင်ကြတာ ဖြစ်တယ်။ စတော့ဈေးနှုန်းကလည်း စတော့ဈေးကွက်မှာ ကုမ္ပဏီ လုပ်ဆောင်ချက် နာမည်ကောင်းရှိမှု အကျိုးအမြတ်များများ ရရှိအောင် ဆောင်ရွက်နိုင်မှုအပေါ် မူတည်တာ ဖြစ်တယ်။ အကျိုးခံစားခွင့်တွေ ခွဲဝေပေးမှုမှာ အားလုံးကို ခွဲဝေပေးတာ မဟုတ်ဘဲ အချို့ ကုမ္ပဏီ စီးပွားရေး လုပ်ငန်းတွေအတွက် ပြန်လည် ရင်းနှီးမြှုပ်နှံဖို့ အသုံးပြုကြတာ ဖြစ်တယ်။ ကုမ္ပဏီရဲ့ လုပ်ဆောင်မှုကောင်းရင် အကျိုးခံစားခွင့်တွေ များများရရှိလာနိုင်စေမှာ ဖြစ်သလို စတော့ ဈေးကွက်မှာ စတော့ဈေးနှုန်းတွေလည်း မြင့်တက်လာစေမှာ ဖြစ်တယ်။ ကုမ္ပဏီ လုပ်ဆောင်ချက် မကောင်းရင်တော့ အကျိုးခံစားခွင့်တွေ မရရှိနိုင်သလို စတော့ဈေးကွက်မှာလည်း စတော့ဈေးနှုန်းတွေ ကျဆင်းသွားမှုကြောင့် အကျိုးမရှိ ဖြစ်စေတယ်။ ဒါကြောင့် ကုမ္ပဏီတွေမှာ စတော့ရှယ်ယာတွေ ဝယ်ယူတော့မယ်ဆိုရင် ဘယ်ကုမ္ပဏီတွေက စတော့ဈေးကွက် အတွင်းမှာ နာမည်ကောင်း ရရှိနေသလဲဆိုတာ သိအောင်လုပ်ဖို့ လိုအပ်တယ်။ စတော့တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေက စွန့်စားရမှု အမြဲရှိနေတယ်။ ယေဘုယျအားဖြင့် စွန့်စားရမှုပိုများလေ အကျိုးခံစားခွင့် ပိုမိုကြီးမားလေ ဖြစ်တယ်လို့ဆိုတယ်။ စတော့တွေမှာ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ စွန့်စားရမှုတွေဖြစ်လာရင် ခံနိုင်ရည် ရှိ၊ မရှိ မိမိကိုယ်မိမိ ဆုံးဖြတ်ကြရမှာ ဖြစ်တယ်။ ကုမ္ပဏီကနေ မိမိ ဝယ်ယူထားတဲ့ စတော့ အနည်းအများအပေါ် မူတည်ပြီး စွန့်စားရမှု အနည်းအများ ရှိစေတာဖြစ်တယ်။
 ကုမ္ပဏီမှာ စတော့ရှယ်ယာ ပိုင်ထားသူတစ်ဦးရဲ့ ပိုင်ဆိုင်မှုက သင်ပိုင်ဆိုင်တဲ့ စတော့ရှယ်ယာ အရေအတွကို ကုမ္ပဏီကနေ ထုတ်ရောင်းတဲ့ စတော့ရှယ်ယာ အရေအတွက်နဲ့ စားတာဖြစ်တယ်။ ဥပမာအားဖြင့် ကုမ္ပဏီကနေ စတော့ရှယ်ယာ ၁၀၀၀ ထုတ်ထားပြီး သင်ကစတော့ရှယ်ယာ ၁၀ ခုဝယ်ယူထားရင် သင့်ရဲ့ပိုင်ဆိုင်မှုက ၁ ရာခိုင်နှုန်းရှိတယ်လို့ ဆိုနိုင်တယ်။ အကယ်၍ ကုမ္ပဏီကြီးတစ်ခုမှာ သင်ဝယ်ထားတဲ့ စတော့က ၁၀ ခုဖြစ်ပြီး ကုမ္ပဏီကနေ ထုတ်ထားတဲ့ စတော့ အရေအတွက် သန်းပေါင်းများစွာ ရှိနေရင် ကုမ္ပဏီမှာ သင့်ရဲ့ပိုင်ဆိုင်မှုက အင်မတန် နည်းပါးတဲ့ အစိတ်အပိုင်း တစ်ခုသာဖြစ်မယ်လို့ ဆိုလိုတာဖြစ်တယ်။ စတော့ဈေးကွက် သဘောတရားက နာမည်ကောင်းရရှိပြီး အောင်မြင်တိုးတက်မှု ရရှိနေတဲ့ ကုမ္ပဏီ စတော့တွေကို ဝယ်ထားမှုတွေကနေ အလုပ်တက်မှုပြစရာမလိုပဲ စီးပွားရေးလုပ်ငန်း ပိုင်ရှင်တစ်ယောက် ဖြစ်လာနိုင်စေတဲ့ သဘောဖြစ်တယ်။ သို့ပေမဲ့ စတော့ရှယ်ယာ သဘောတရားတွေကို ကျယ်ကျယ်ပြန့်ပြန့် နှံ့နှံ့စပ်စပ် မသိရှိဘဲ စတော့ ဈေးကွက်အတွင်း ဝင်ရောက်မယ်ဆိုရင်တော့ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ကြရမှာ ဖြစ်တယ်လို့ ဆိုတယ်။ လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်ကနေ စတင်ပြီး လူအတော်များများက စတော့ဈေးကွက်မှာ စိတ်ဝင်စားမှု ပိုမိုမြင့်မားလာခဲ့တယ်။ စတော့ဆိုတဲ့ ယာဉ်ကိုစီးပြီး ချမ်းသာကြွယ်ဝလာစေဖို့ ရွေးချယ်ရာမှာ ကုန်သွယ်မှု နည်းပညာတွေက ရှေ့ကို တက်လှမ်းတိုးတက်လာတာနဲ့အမျှ ဈေးကွက် စီးပွားရေးတွေ ပွင့်လာတာနဲ့အမျှ ဒီကနေ့ခေတ်မှာ လူတိုင်းက စတော့တွေကို ပိုင်ဆိုင်နိုင်ကြတာ ဖြစ်တယ်။ စတော့ဆိုတာက ကုမ္ပဏီတစ်ခုရဲ့ ပိုင်ဆိုင်မှု ရှယ်ယာတစ်ခု ဖြစ်တယ်။ စတော့ကို ဝယ်ယူထားရင် ကုမ္ပဏီ အစိတ်အပိုင်း တစ်ခုကို ပိုင်ဆိုင်ထားတာ ဖြစ်တယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...