Thursday, January 19, 2012

မီးမှန်ရန်အတွက်..ဂါထာတစ်ပုဒ်

by Ever Leisure Ly on Thursday, January 19, 2012 at 1:09am
 

  မီး...မီး...မီး...မီး။ ခုတလော မီးတွေကတော့ အတော်ခေတ်စားနေတာပေါ့နော်။ ဒါပေမယ့် ခုကတော့ မီးလောင်လို့အော်နေခြင်းမဟုတ်ပါ။ ကျနော်တို့ရွာတွင် ရာစုနှစ်တစ်ခု နီးပါး နေ့မြင်ညပျောက်၊ တခါတရံ လေးငါးဆယ်ရက် ပျောက်ပျောက်သွားတတ်သည့် လျှပ်စစ်မီးအား တောင့်တ နေရခြင်းပါ။ ဒီမီး နှယ့် ဘယ်တော့များမှ မှန်မှန်လာ မလဲဗျာ?(မှန်မှန်လာရအောင် မီတာခတို့၊ ဈေးကောက်တို့မှ မဟုတ်တာနော့်)။ ငါသေရင်တော့ မီးလေးနဲ့သေရအောင်(ဟိုဆိုင်က ချာတိတ်မလေး မဟုတ်ပါ) မီးစက်လေးတော့မောင်းပေးပါနော်....။
မီး မမှန်တော့..မီးနဲ့ လုပ်ရတဲ့ စီးပွားရေး ဘယ်လိုလုပ်ရမတုန်း...? နိုင်ငံခြားက စီးပွားရေးကလည်း မီးမရှိတဲ့ မမှန်တဲ့ဘဝမှာ ဘယ်လာပါ့မလဲနော်...။ အသေးစားစီးပွားရေးတွေ၊ အလုပ်အကိုင်တွေလည်း ဘယ်ဖြစ်လာမလဲနော်..။ ဟာ!!!!!!!!!! မန်ယူက ပြန်ထည့်ခါနီးမှ.... သောက်မီးက ပျက်သွားပြီ (ကိုကို ဘောသမားများအသံ)။ အော်..မီး...မီး။ ဒီလိုပဲ မီးနဲ့ ပတ်သက်တဲ့ ရင်ဖွင့်တမ်းချင်းလေးတွေ၊ သြဘာပေးသံလေးတွေ လှိုင်လှိုင် ကြားခဲ့ ကြားနေရဆဲပါ။

                           ဒါနဲ့ တစ်ချိန်တည်းမှာပဲ ပြည်သူအများရဲ့တောင်းဆိုမှုကြောင့် သမ္မတကြီးက မြစ်ဆုံစီမံကိန်းကြီးကို သူ့အစိုးရသက်တမ်းမှာ  ရပ်ပေးပြီး ပြည်သူ့ဆန္ဒ ကို အသိအမှတ်ပြုလိုက်ပါသတဲ့..။ ဘာပြောကောင်းမလဲနော်..။ သား...မီးတို့..သားတို့..အရမ်းအရမ်းကို ကျေးဂျူးတင်ပါတယ်ရှင့်..ပေါ့။ မှောင်ထဲမှာပဲ ငုတ်တုတ်ထိုင်နေပါရစေလေ...ဒီလိုဆည်မျိုးတော့မဆောက်ပါနဲ့ လို့တောင် ဆိုကြပါတယ်။ ကျနော်တို့ ရွာသားတွေ ရွာကြီးရဲ့  သဘာဝသယံဇာတတွေ ကိုဘယ်လောက်များ ချစ်မြတ်နိုးလိုက်သလဲလို့ပေါ့နော်..။ ဝမ်းသာလိုက်ထာ..မျက်ရည်များတောင်လည်မိပါရဲ့။ ဒီလိုနဲ့ပဲ ဟိုတလောက ရွာတောင်ပိုင်းက ကျောက်မီးသွေးစက်ရုံကို ထပ်ရပ်လိုက်တယ်ကြားရပြန်တယ်။ ရွာကြီးကိုချစ်ကြပြန်ပြီပေါ့လေ...။ တကယ်ပါ.။ဖြစ်နိုင်ရင်လေ အနားမှာထားပြီး..အာဘွား ချည်းပေးနေချင်တယ်။ နောက်လဲနောက်လဲ ဒီလိုပဲ တို့တတွေ ရွှေလက်တွဲလို့ အမှောင်ထဲမှာ ငုတ်တုတ်ထိုင် ချစ်ကြအောင်နော်။ မိုးပျံရထားကြီးတို့၊ လျှပ်စစ်ရထားတို့ ကို အိပ်ယာဝင်ပုံပြင်ထဲမှာထားပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ရွာသစ်ကြီးကို ဒို့တွေ ဖယောင်းတိုင်ကိုင်ပြီး မှောင်မှောင်ကြီးထဲမှာ စမ်းတဝါးဝါး တည်ဆောက်ကြရအောင်နော်..။

                          အတည်ပြောပါရစေတော့နော်။ ကျနော်တို့ရွာကြီး မီးမှန်ဖို့ ရွာသူကြီးအဆက်ဆက် ကြိုးစားလာလိုက်ကြတာ ရာစုနှစ်တောင်တိုင်တော့မယ်နော်။ ခုထိလဲအောင်မြင်ခြင်းမရှိသေးပါ။ ဘယ်တော့မှ အောင်မြင်မယ်မှန်းလဲ မသိသေးပါ။ သေချာတာတော့ ပရောဂျက်ကိုင်ကြီးတွေရဲ့  တိုက်ကြီးတွေ မြင့်မြင့်လာပြီး၊ အိပ်ကြီးတွေ ဖောင်းဖောင်းလာတာပဲ။ ထားပါတော့လေ..လိုရင်းမရောက်ပဲနေပါ့မယ်။

                          သဘောဝ ပတ်ဝန်းကျင်ဆိုတာကြီးက ကျနော်တို့ သိပ်ချစ်သင့် စောင့်ရှောက်သင့်၊ မြတ်နိုးသင့်တဲ့ အရာပါ။ တစ်ချိန်တည်းမှာ ကျနော်တို့ ကိုယ့်ဖာသာ ပြန်ငုံ့ကြည့်ကြပါ(ထင်ရာမတွေးနဲ့နော်)။ သဘာဝပတ်ဝန်းကျင်ကို မြူမှုန်တစ်မှုန် သော်မျှ မထိခိုက်ပဲ၊ အသုံးမချပဲ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်လေး လက်တစ်ဆစ်လောက်မျှ မထွက်ပဲ ဆင်ယင်ထားတဲ့ အသုံးအဆောင်၊ လူနေမှု ပစ္စည်းလေးများရှိခဲ့သော် ကျနော့်အားပြပါ။ ဖန်ဆင်းရှင်ဆိုတဲ့ ပုဂ္ဂိုလ်က ကမ္ဘာကြီးကို ဖန်ဆင်းထားတာဆိုရင် ၊ အဲ့ဒီ့ကမ္ဘာကြီးကို ပြန်ဖျက်စီးဖို့ လူဆိုတဲ့ သတ္တဝါကို ဖန်ဆင်းခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ကဲ မထူးတော့ပါဘူးလေ ဆက်တွေးကြတာပေါ့။

                          ထွက်လာတဲ့အဖြေက သဘာဝပတ်ဝန်းကျင်ကို၊ ဒါမှမဟုတ် လူမဟုတ်တဲ့ သတ္တဝါ မျိုးနွယ်တွေကို တနည်းနည်းနဲ့ ဖျက်ဆီးမနေပဲ လူ့အသိုင်းအဝိုင်းကြီးရဲ့ ဘစ်ကနီ ယဉ်ကျေးမှုကြီး တိုးတက်မလာဘူးဆိုတာပါပဲ။ ဥပမာ..ကျနော်တို့ကြက်သားစားနေကြတယ်။ ကြက်တွေ ဘယ်တော့မှ မျိုးတုန်းမသွားဘူး။ ဘာလို့ဆို ကျန်တစ်ယောက်က ပြန်မွေးနေတယ်လေ။ သစ်ပင်လည်းဒီလိုပဲဖြစ်ရမှာပါ။ မခုတ်နဲ့လို့တော့လုပ်လို့ရမှာ မဟုတ်ဘူး။ အဲ့တော့ တစ်ယောက်ကခုတ်ရင် တစ်ယောက်ကပြန်စိုက်နေရမယ်။ တစ်ယောက်ကဖျက်ရင် တစ်ယောက်ကပြင်နေရမယ်။ ဒီလိုနည်းနဲ့ ဂေဟ စနစ်ကို ထိန်းသွားရပါတယ်။ ခုတော့ မညီမျှမှုကြောင့် ကမ္ဘာရာသီဥတုက တစ်နေ့တစ်ခြား ဆိုးရွားလာမှု၊ ရေရှားပါးလာမှုကို စာဖွဲ့ပြရန် မလိုတော့ပါ။

                         ဖွံဖြိုးတိုးတက်ပြီး နိုင်ငံများသည် သဘာဝပတ်ဝန်းကျင်ကို ကောင်းစွာဖျက်ဆီး ထုတ်ယူပြီးလို့ ထိန်းဖို့ နည်းလမ်းတွေရှာကြပေပြီ။ ကမ္ဘာကြီးကိုလည်း ထိန်းသိမ်းဖို့ ပြောကြလေပြီ။ အမှန်တကယ်လည်း လိုအပ်လာပါပြီ။ မထိန်းသိမ်းလို့ကို မရတော့။ ယခင်က ပြန်မစိုက်ပဲ ခုတ်ထားသမျှ ယခုအတိုးနဲ့ပြန်စိုက် ဖို့လိုလေပြီ။ ရှားပါးမျိုးနွယ် တွေထိန်းသိမ်းဖို့လိုလေပြီ။ ကျနော်တို့ ရွာကြီးလည်း ထိုနည်းတူပါပဲ။ စနစ်မကျစွာ ထုတ်ယူထားသည်များကို ထိန်းဖို့ လုပ်နေကြရပါပြီ။ဒါဆိုရင် ကိုယ်ကျိုးစီးပွားဆိုတဲ့ အပိုင်းက ကျနော်တို့ ပြန်တွက်ကြည့်ရအောင်။

                        နိုင်ငံတစ်နိုင်ငံမှာ ကိုယ်ကျိုးစီးပွားမရှိလို့မရပါဘူး။ ကျနော်တို့ ကိုယ်ကျိုးစီးပွားအတွက်တော့ အရွေ့ တစ်ခုကိုသွားသင့်ပါတယ်။ လူဆိုတဲ့ သတ္တဝါသည်မွေးဖွားလာထဲက ခုလက်ရှိအချိန်အထိ သဘာဝကို အနည်းနဲ့ အများဖျက်ဆီးနေကြပြီးဖြစ်တယ်လို့ သုံးသပ်ပြခဲ့ပြီးဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ပျက်စီးလို့ ဆိုပြီး ကျနော်တို့ သားစဉ်မြေးဆက် မှောင်ထဲမှာ ငုတ်တုတ်ထိုင် နေလို့ မဖြစ်ပါဘူး။ လုပ်သင့်လုပ်ထိုက်တာတော့လုပ်ရပေမည်။ နောင်မွေးဖွားလာမယ့် မျိုးဆက်တွေဟာ..ဘစ်ကနီ ယဉ်ကျေးမှုကြီးမှာ လူတန်းမစေ့ကြရင်..သမိုင်းရဲ့ တရားခံတွေအဖြစ် လက်ညှိုးထိုးခြင်းခံရပါလိမ့်မယ် (ခုကကော စေ့နေလို့လား လို့မေးရင်တော့..ကိုယ့်ဖာသာကြည့်လို့ပဲ ဖြေရမှာပါ)။ သဘာဝစွမ်းအင်ကို ထုတ်ယူအသုံးချနေရမှာ ဖြစ်သလို၊ ဘယ်လို ပြန်ကုစားမလဲ၊ထိန်းသိမ်းမလဲ ဆိုတာကို တစ်ပြိုင်တည်း ရှာဖွေဆောင်ရွက်နေရမှာပဲဖြစ်ပါတယ်။

                       ဝမ်းနည်းစရာကောင်းတာက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်သာ ပြောကြပြီး (တကယ်ထိန်းမထိန်းတော့မသိပါ)... အမှောင်ထဲက ဘယ်လိုဆွဲထုတ်မလဲဆိုတဲ့ အရွေ့တစ်ခုအတွက် နှာစေး၊ လက်ရှောင်နေကြခြင်းဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့က လူတစ်ဦးချင်းစီပေါ်မှာ တာဝန်အပြည့်အဝရှိပါတယ်။ သဘာဝပတ်ဝန်းကျင်ကိစ္စကို လက်ကုန်မနှိုက်နိုင်ပဲ အစိုးရကို နိုင်ငံရေး တိုက်ကွက်တစ်ခုအနေနဲ့တော့ ပုံမဖော်ပါနဲ့လို့ပဲ တောင်းပန်ပါရစေ။ အမှောင်ထဲမှာမွေး..အမှောင်ထဲမှာ သေသွားကြရမှာ..ကျုပ်တို့ ရွာသားတွေပဲ ဖြစ်လို့ပါ။             

                   ကဲ...မထူးပါဘူးလေ ဒို့ မိရိုးဖလာနည်းပဲ သုံးကြရအောင်။ သွားနေ မေးနေကြ၊ ဘိုးတော်များ၊ ဗေဒင်၊အကြားအမြင်  ဆရာများဆီသွားပြီး မီးမှန်ရန်အတွက်..ဂါထာတစ်ပုဒ် လောက်တော့တောင်းထားလိုက်တော့..။ (ယတြာတော့တောင်းမနေနဲ့တော့။..မီးပျက်တိုင်း ယတြာချေနေရရင် ပိုက်ဆံ ကုန်ပါတယ်)။

  1/19/2012  1:07PM(THU)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...