ဆရာဝန်နဲ့လူနာကြားက သင်ခန်းစာများ(၁)
ကျွန်ုပ် ဒေါက်တာ ရှားလော့ဟုန်းနဲ့ ၀မ်းချုပ်သော အမှုကြီး
တစ်ရက်မှာ လူနာတစ်ယောက် ၀မ်းချုပ်လို့ အပြင်ဆေးရုံကို လာတက်ပါတယ်။ တာဝန်ခံဆရာဝန်လေးတွေက ၀ိုင်းမေးကြတော့ ၄-၅ ရက်လောက် ရှိပြီလို ပြောသတဲ့။ ဒါဆိုယင်တော့ အူပိတ်တာ ဖြစ်နိုင်တယ်ဆိုပြီး ခွဲစိတ်ဆရာဝန်ကြီးကို ခေါ်ပြသတဲ့။ ခွဲစိတ်အထူးကုက ကြည့်ပြီး သိပ်မတူတော့ အာထရာဆောင်းရိုက်ကြည့်ပြီး ကျနော့်ကို လွှဲလိုက်တော့တယ်။ ကျနော်သွားကြည့်တော့ - ဟုတ်တယ်။ လုံးဝ အကောင်းကြီးပဲ။ (လူနာကို နဖူးရေ ဒူးရေ ကြည့်ပြီး တန်းရိပ်မိတာကိုး.. ဒါကြောင့်လည်း သမားဆို အိုမှ လို့ ပြောကြတာ၊ ကျနော့်ခေါင်းတော့ ဆံပင်ဖြူတွေ အများကြီးဗျ)။
ဒါနဲ့ ၀မ်းချုပ်တာ ဘယ်လောက်ကြာပြီလဲလို့ ထပ်မေးရတယ်။ ၀မ်းက တကယ်တော့ ခဏခဏ ချုပ်တာပါဆရာရယ်တဲ့ (ဟော ဆရာမေးတော့ တမျိုးဖြေပြန်ပြီ ဆိုပြီး နောက်က လိုက်လာတဲ့ ဆရာဝန်လေးက ရေရွတ်တယ်)။ မေးတဲ့ မျက်နှာထားချင်းက မတူဘူးလေ။ အမှုစစ်ရဲက အချုပ်ခန်းထဲက တရားခံကို မေးတဲ့ မျက်နှာထားမျိုးလည်း တခါတလေ ဆရာဝန်က မျက်နှာထားတတ်ရသေးတာကိုး)။ ဒါများ ခင်ဗျား ၀မ်းနှုတ်ဆေး ဘာလို့ မစားလဲပေါ့ (အစ်တာ.. အစ်တာ.. တကယ်တော့ ၀မ်းနှုတ်ဆေး ဆိုတာ အမြဲစားနေရတာမျိုး မဟုတ်ဘူးလေ။ အစားအသောက် ပြင်စား အနေအထိုင် ပြင်ကြည့်။ နောက်ဆုံး ဒုက္ခများလွန်းမှ စားရတာ ကလား။ တကယ်တော့ သူလာတဲ့ အကြောင်းရင်း complaint က hidden ဖြစ်နေတယ်လို့ ထင်လို့ အစ်နေတာ)။
စားလည်း တခါတလေ မသက်သာဘူးတဲ့ (ဟင် ဘာမသက်သာတာလဲ၊ ၀မ်းမသွားတာကို ပြောနေတာလား လို့ စိတ်ထဲ စဉ်းစားရင်းနဲ့) ဘာမသက်သာတာတုန်း (open question) မေးလိုက်တယ်။ လူနာက စိတ်မရှည်တဲ့လေသံနဲ့ “ဟာ... ဆရာကလည်း ဇက်တွေထိုး နောက်ကြောတွေ တက်တာပေါ့” တဲ့ ( အထူးကုလုပ်နေပြီး ၀မ်းချုပ်ရင် ဇက်ထိုး ခေါင်းကိုက်တာများ မသိရကောင်းလား ဆိုတဲ့ မျက်နှာနဲ့) ဖြေတယ်။
ဒီတော့မှာ လူနာလာရတဲ့ အကြောင်းရင်း ဇက်ထိုးနောက်ကြောတက် တာကို သိရတော့တယ်။ ရိုးရာအယူအဆအရ ကျနော်တို့က “၀မ်းတလုံးကောင်း ခေါင်းမခဲ” ဆိုတာကို တချို့က ၀မ်းမချုပ်ရင် ခေါင်းမကိုက်ဘူး လို့ ဘာသာ ပြန်ကြသတဲ့။ ဒီတော့ ဇက်ထိုးနောက်ကြောတက်တိုင်း ၀မ်းချုပ်လို့လို့ ယိုးတတ်ကြတော့တယ်။ ထန်းသီးကြွေခိုက် ကျီးနင်းခိုက် ဆိုသလို ဇက်ထိုးတိုင်း ၀မ်းက ချုပ်သလို ဖြစ်နေတော့ ၀မ်းချုပ်တာကို တရားခံလုပ်တတ်ကြတယ်။ လူနာက ၀မ်းချုပ်ယင် ဇက်ထိုးတာကို ဒီအထူးကု မသိဘူးလို့ ထင်သွားတယ်။
(ဒါနဲ့ နောက်တဆင့်က သူက ၀မ်းချုပ်တယ်လို့ ပြောတိုင်း ကိုယ်ဆရာဝန်က သူပြောနေတာကို နားလည်ပြီလား လို့ ကိုယ့်ဘာသာ မေးကြည့်ရတယ်။ နားလည်သေးဘူး)။ “၀မ်းချုပ်တယ်ဆိုတာ ခင်ဗျားက ဘာပြောတာတုန်း” (What do you mean by constipation? ပေါ့ဗျာ) မေးကြည့်မိတယ်။ (လူနာက ဇဝေဇ၀ါနဲ့ ကြည့်နေတယ်။ မဖြေဘူး။ ငါတော့ အထူးကု မှားပြမိပြီ။ ကြောင်တောင်တောင် ဆရာဝန်နဲ့တော့ တိုးနေပြီ စသည်ဖြင့် တွေးချင်တွေးနေမှာပေါ့)။
ဒီတော့မှာ အနားမှာ ပါလာတဲ့ ဆရာဝန်လေးတွေကို လှည့်ပြီး စာသင်ပေးရပြန်ပါတယ် (အဲ - ရောင်းလှည့်တယ်ဆိုတာထက် စာသင်တယ်ဆိုတာက ပိုမှန်ပါတယ်လို့ မပြောနဲ့ဦး)။ “ငါတို့ သိထားတဲ့ constipation နဲ့ သူပြောတဲ့ constipation တူချင်မှ တူမှာ။ ဟုတ်တယ်လေ။ လူနာက ဆေးကျောင်းတက်ထားတာမှ မဟုတ်တာ။ ဆေးကျောင်းတက်ထားယင်တော့ ကျောင်းပြေးတာ များယင် constipation ရဲ့ definition မသိဘူး။” လို့ ပြောတော့ သူတို့ ရီကြတယ်။ တကယ်တော့ သူတို့လည်း သိပ်မမှတ်မိဘူး။ (MCQ ထဲလည်း မပါ။ Essay လည်း မမေး။ Bedside မှာလည်း မထောက် တဲ့ constipation ရဲ့ definition ကိုးဗျ)။
“တစ်ပါတ်ကို သုံးခါထက်နည်းယင် ဒါမှမဟုတ် ၀မ်းက အရမ်းမာနေပြီး ညှစ်လွန်းနေရယင် ဆိုတာက အများဆုံး လက်ခံထားတဲ့ ၀မ်းချုပ်ခြင်းပါပဲ” - လို့ လည်း ကျနော်ပြောလိုက်တော့ လူနာက စဉ်းစားနေတဲ့ မျက်နှာနဲ့ ၀င်ပြောတယ်။ “ကျနော်က အဲလိုမဟုတ်ဘူးဆရာ” တဲ့။ “ကျနော်က တခါတခါ ထမင်းစားရင် အများကြီးစားတာ” တဲ့- လက် ၂ ဖက်နဲ့ အ၀ိုင်းကြီး ၀ိုင်းပြတယ်။ “ဒါပေမဲ့ ၀မ်းသွားယင် နည်းနည်းလေးပဲ သွားတာ။ နေ့တိုင်းတော့ သွားတယ်” - တဲ့... လက် ၂ ဖက်နဲ့ အ၀ိုင်းသေးသေးလေး လုပ်ပြယင်း ပြောတယ်။ “အဲဒါကြောင့် ကျနော့်မှာ ဇက်ထိုး နောက်ကြောတက်နေတာဟာ ၀မ်းချုပ်လို့ - လို့ ထင်ခဲ့တာပါ ”-တဲ့။ (စားသမျှ ပြန်မထွက်တော့ အပုတ်အစပ်တွေ လှောင်ပြီး ခေါင်းနောက် ဇက်ထိုး ကြောတက် ဖြစ်တယ်ဆိုတဲ့ ရိုးရာ အယူအဆကို အခြေခံတာပါခင်ဗျာ)။
( လူငယ်တွေကို Communication Skills နဲ့ ပါတ်သက်သော အတွေ့အကြုံများ ပြောပြချင်ပါတယ်။ ဒါပေမဲ့ ကြာယင် ကျနော်က မေ့ မေ့သွားတတ်လို့ ဒီတစ်ခုက စပြီး ကြုံယင် ကြုံသလို မှတ်တမ်းတင်သွားပါမယ်။)

0 comments:
Post a Comment