Sunday, January 22, 2012

သင် အလွယ်တကူ အရှုံးပေးတတ်သလား ?

by So Min Oo on Saturday, January 21, 2012 at 10:29am
 
သင်ဟာ အလွယ်တကူ အရှုံးပေးတတ်ပါသလား။ ရှုံးနိမ့်မှုတွေ၊ အတားအဆီးတွေက သင့်အခန်းတံခါးကို လာခေါက်တဲ့အခါ သင်ဟာ ချက်ချင်းပဲ အရှုံးပေးလေ့ရှိသလား။ အရင်ကရော အဲဒီလို ဖြစ်ခဲ့ဖူးသလား။ ဖြစ်ခဲ့ဖူးမယ်ဆိုတာ သေချာပါတယ်။ ကျနော်လည်း အရှုံးမပေးဖူးဘူးလို့ ပြောရလောက်အောင် ကိုယ့်ကိုယ်ကိုယ် လိပ်ပြာမလုံပါဘူး။ ကျနော်တို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေဟာ ဘာပဲဖြစ်ဖြစ်၊ ကျနော်တို့ အလွယ်တကူ အရှုံးမပေးဘူး၊ ရှေ့ကို ဆက်သွားရမယ်လို့ ကျနော်တို့ကိုယ်ကျနော်တို့ သတိပေးနေဖို့ လိုပါတယ်။

အခက်အခဲတွေကို အောင်မြင်နိုင်မယ့် နည်းလမ်း ၇ ခု

၁။ အတားအဆီးကို သိပါ
ပထမဆုံးလုပ်ရမယ့်အရာကတော့ အတားအဆီးဟာဘာလဲဆိုတာကို တိတိကျကျ သတ်မှတ်ဖို့ပါပဲ။ အတားအဆီးကို တိတိကျကျ သတ်မှတ်ပြီးတဲ့အခါ အဲဒီအတားအဆီးဟာ ကျနော်တို့ ထိန်းချုပ် (control) လုပ်နိုင်တဲ့ အရာလား၊ ဒါမှမဟုတ် ကျနော်တို့ မထိန်းချုပ်နိုင်တဲ့အရာတစ်ခုလားဆိုတာကို ဆုံးဖြတ်ဖို့လိုပါတယ်။ ကျနော်တို့ မထိန်းချုပ်နိုင်တဲ့အရာတွေမှာ ဘာတွေပါသလဲ။
ဥပမာတချို့အနေနဲ့ပြောရရင် မိုးလေ၀သ ရာသီဥတု၊ သတင်းစာမျက်နှာတွေပေါ်က သတင်းတွေ ဒါမှမဟုတ် စစ်ပွဲတွေ။ ကျနော်တို့ မပြောင်းလဲနိုင်တဲ့ ဒါမှမဟုတ် မထိန်းချုပ်နိုင်တဲ့အရာတွေအတွက် စိတ်ပူနေစရာ အကြောင်းမရှိပါဘူး။ အဲဒီအစား ကျနော်တို့ ထိန်းချုပ်နိုင်တဲ့ ဧရိယာအတွင်းမှာရှိတဲ့အရာတွေကိုပဲ အာရုံစိုက်သင့်ပါတယ်။ ဥပမာ- ဆေးလိပ်သောက်တာ၊ စိတ်နေသဘောထား၊ ဒါမှမဟုတ် အလေ့အကျင့်ဆိုးတွေပေါ့။

၂။ အောင်မြင်ဖို့ကို အာရုံစိုက်ပါ
အတားအဆီးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ကျနော်တို့လုပ်တဲ့ အဆိုးဆုံးအရာကတော့ အဲဒီအတားအဆီးအပေါ်မှာ အာရုံစိုက်တာပါပဲ။ အတားအဆီးပေါ်မှာ ပိုပြီးအာရုံစိုက်လေ၊ ကျနော်တို့ ပိုပြီး စိတ်ဓာတ်ကျလေပါပဲ။ ကျနော်တို့ဟာ အဲဒီအတားအဆီးကို အောင်နိုင်ဖို့ကိုပဲ အာရုံစိုက်ရပါမယ်။ ကျနော်တို့ရဲ့စိတ်ထဲမှာ အတားအဆီးတွေကို အောင်မြင်တဲ့ပုံရိပ်ကိုပဲ အမြဲမြင်ယောင်နေရပါမယ်။ သင့်ရဲ့ အတားအဆီးကို ကျော်လွှားနိုင်တဲ့အခါ သင်ရရှိမယ့် အကျိုးရလာဒ်တွေကို စဉ်းစားကြည့်ပါ။ အဲဒီကနေရမယ့် စိတ်ခံစားမှုဟာ အလွန်ပဲ အံ့သြစရာကောင်းပါတယ်။

၃။ သင့်မှာရှိသမျှတွေထဲက အကောင်းဆုံးကို ထုတ်ပါ
သင့်မှာ ဘာတွေရှိသလဲ စဉ်းစားပါ။ ပြီးတော့ အဲဒီထဲက အကောင်းဆုံးကို ထုတ်ပါ။ သင်မပြောင်းလဲနိုင်တဲ့ သင့်ရဲ့ ချို့ယွင်းချက်တွေကို အများကြီးမစဉ်းစားပါနဲ့။ အဲဒီအစား သင့်မှာရှိတဲ့ခွန်အားတွေကိုပဲ စဉ်းစားပါ။ အနာဂတ်မှာ အဲဒါတွေ ပိုပြီး တိုးတက်လာအောင် ကြံစည်ပါ။


၎။ နားချိန် ယူပါ
နားမှဖြစ်မယ်ဆိုရင် အနားယူပါ။ ဒါပေမဲ့ ဘယ်တော့မှ ရပ်မပစ်လိုက်ပါနဲ့။ အတားအဆီးတစ်ခုကို ကျော်လွှားတဲ့အခါ သိပ်ပင်ပန်းနေတယ်ဆိုရင် အနားယူလိုက်ပါ။ နောက်တစ်ကြိမ် ပြန်မစခင် အနားယူပြီး သင့်ကိုယ်သင် အားသစ်မွေးပါ။

၅။ ရှုံးနိမ့်သူတွေရဲ့ ပြောစကားကို နားမယောင်ပါနဲ့
သင်ကြုံတွေ့နေရတဲ့ အခြေအနေအတိုင်း ကြုံခဲ့ရပြီး ကျရှုံးခဲ့ကြတဲ့သူတွေလည်း ရှိမှာပါပဲ။ သူတို့က သင့်ကို ” မင်း အဲဒါကို မလုပ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငါတုန်းကလည်း မလုပ်နိုင်ခဲ့လို့ပဲ ” စသဖြင့် လက်ချာတွေ လာပေးတဲ့အခါ သူတို့ကြောင့် သင့်ရဲ့စိတ်တွေ ညစ်နွမ်းမသွားပါစေနဲ့။ သူတို့မလုပ်နိုင်ဘူးဆိုတာ သင်မလုပ်နိုင်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။


၆။ ကိုယ့်ကို အထောက်အကူပေးတဲ့သူ
အတားအဆီးတွေ၊ အခက်အခဲတွေကို သင်တစ်ယောက်တည်း ရင်ဆိုင်ရတာ ပင်ပန်းလွန်းနေသလား။ သင်ယုံကြည်ရတဲ့ တစ်ယောက်ယောက်ကိုရှာပါ၊ ပြီးတော့ သင်ကြုံတွေ့နေရတဲ့ အတားအဆီးတွေကို သူ့ကို ပြောပြပါ။ ဦးနှောက်နှစ်ခုဟာ တစ်ခုတည်းထက် ပိုကောင်းပါတယ်။ သူတို့ဟာ အဖြစ်အပျက်တွေကို မတူညီတဲ့ရှုထောင့်တွေကနေ မြင်ကြပါလိမ့်မယ်။ ဒီတော့ သင့်အတွက် အတွေးအမြင်သစ်တွေ ရနိုင်ပါတယ်။

၇။ ဆက်ကြိုးစားနေပါ
သင့်ရဲ့အခက်အခဲကို အောင်မြင်နိုင်ဖို့ သင်အသုံးပြုနေတဲ့ နည်းလမ်းတစ်ခုက အလုပ်မဖြစ်ဘူးဆိုရင် ချက်ချင်း လက်မြှောက်အရှုံးမပေးလိုက်ပါနဲ့။ သင့်ရဲ့ နည်းလမ်းကို ပိုကောင်းအောင် မွမ်းမံပါ။ ပြီးတော့ ထပ်ကြိုးစားပါ။ ရှုံးနိမ့်တဲ့အခါ တော်တော်လေး စိတ်ပျက်သွားနိုင်ပါတယ်။ ဒါပေမဲ့ သင်ဟာ အမြဲတမ်း ပြန်ထရပါမယ်။ ရှုံးနိမ့်တဲ့သူတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ လဲကျပြီးနောက် ပြန်ထနိုင်တဲ့သူများသာ အောင်မြင်တဲ့သူတွေ ဖြစ်လာကြပါတယ်။

ဘ၀ဆိုတာ ရေရှည် (Long term ) အရာတစ်ခုပါ။ ဒီတော့ အခု ခဏလေး ရှုံးနိမ့်တာနဲ့ပဲ ဘ၀တစ်ခုလုံးကို ဘာကြောင့် အရှုံးပေးလိုက်မှာလဲ။ ညအမှောင်ပြီးရင် နေထွက်ရသလို ရှုံးနိမ့်မှုပြီးရင်လည်း ပျော်ရွှင်မှုဆိုတာ အမြဲတမ်းရှိပါတယ်။ သင်ဟာအခု အမှောင်ထဲမှာ ရှိချင်ရှိနေမယ်။ ဒါပေမဲ့ သင့်ရဲ့ စိန်ခေါ်မှုတွေကို အောင်မြင်ဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်၊ သင်ဟာ အမှောင်ထု ပြီးခဲ့အခါ အလင်းရောင်ကို တွေ့မြင်ရပါလိမ့်မယ်။ သင်လုပ်နိုင်ဆိုတာ ကျနော် ယုံကြည်ပါတယ်။

Ref: Do you give up easily? by Vincent Tan

http://yourlifesuccess.blog.com/category/best-you/

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...