အိမ်နီးချင်းဆက်ဆံရေးနှင့် အမျိုးသားရေးသတိ (မောင်ဝံသ)
မှန်တာပြောသစ္စာ / မောင်ဝံသ - ယခုအပတ်ထုတ် True News သစ္စာဂျာနယ်မှာဖော်ပြခဲ့တဲ့ ဆောင်းပါး။
သည်တစ်ပတ်တော့ အိမ်နီးချင်း တရုတ်ပြည်ကြီးနဲ့ ကျွန်တော်တို့မှီတင်းနေထိုင်နေတဲ့ အမိမြန်မာပြည်ဆက်စပ်ပတ်သက်နေမှုတွေကို ဆင်ခြင်သုံးသပ်မိသမျှ တင်ပြချင်တယ်ဗျာ။
အခု အရှေ့တောင်အာရှဒေသလို့ခေါ်ခေါ်နေကြတဲ့ ဒေသကြီး တစ်ခုလုံးကို တစ်ချိန်က သမိုင်းပညာရှင် တွေက အင်ဒိုချိုင်းနားဒေသကို ခေါ်ဝေါ်ခဲ့ကြတာအားလုံး အသိပါ။ နိုင်ငံအကျယ်အ၀န်း ပမာဏအရရော၊ လူဦးရေအရရော၊ ယဉ်ကျေးမှု အစဉ်အလာအရပါ အင်မတန်မှ ကြီးမားရင့်ညောင်းခိုင်မာလှတဲ့ အိန္ဒိယနဲ့ တရုတ်ဆိုတဲ့ နိုင်ငံကြီး နှစ်ခုကြားမှာ တည်ရှိနေတာ ကြောင့် ပထ၀ီသဘောအရ ကွက်ကွက်ကွင်းကွင်း ထင်းခနဲ လင်းခနဲ ဖြစ်သွားအောင် Indo China လို့ ခေါ်ဝေါ်ခဲ့ကြတာဖြစ်တယ်ဗျ။
စိနနဲ့ မဇ္ဈိမတိုင်းသားအချိုး
အင်ဒိုချိုင်းနားဆိုတဲ့အတိုင်း အဲဒီဒေသနိုင်ငံတွေ နယ်မြေဒေသတွေဟာ အဲဒီနိုင်ငံကြီး နှစ်ခုကလာတဲ့ လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေး မှု၊ နိုင်ငံရေး စတဲ့ သက်ရောက်မှုမျိုးစုံကို မလွှဲမရှောင်သာ ခံယူခဲ့ကြရတာ ဖြစ်တယ်ဗျာ။
ကျွန်တော်တို့နိုင်ငံအကြောင်းကိုပဲ သီးခြားရွေးထုတ် ပြောမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ လူများစုကြီး ကိုးကွယ်နေကြတဲ့ ဗုဒ္ဓဘာသာဟာ အိန္ဒိယနိုင်ငံက ရောက်ရှိလာခဲ့တာဖြစ်ပြီး ကျွန်တော် တို့နိုင်ငံမှာ တစ်ချိန်က အင်မတန်မှ ကျော်ကြားထင်ရှားခဲ့တဲ့ ပါတီကြီးတစ်ခုဆိုရင် တရုတ်ကွန်မြူနစ်ခေါင်းဆောင်ကြီး မော်စီတုံးရဲ့ အတွေး အခေါ်ကို လုပ်ငန်းလမ်းညွှန်အဖြစ် သတ်မှတ်ခဲ့ဖူးတာဖြစ်တယ်ဗျ။ အဲသလိုပဲ ကျွန်တော်တို့နိုင်ငံရဲ့ လူဦးရေမှာလည်း (ဆရာငြိမ်းကျော် အသုံးအနှုန်းနဲ့ ခဏငှားပြီးပြောရရင်) စိနတိုင်းသားတွေနဲ့ မဇ္ဈိမတိုင်းသားတွေရဲ့အချိုးက သိပ်မနည်းလှတဲ့အတိုင်းအတာနဲ့ ပါဝင်နေတယ် ဗျာ။
အိန္ဒိယ-တရုတ်-ဂျပန်နဲ့ မြန်မာ့နိုင်ငံရေး
ကျွန်တော်တို့ နိုင်ငံဟာ သမိုင်းတစ်လျှောက် ဘာသာရေးနဲ့ ယဉ်ကျေးမှုအရ အိန္ဒိယဘက်ကို ပိုမိုတိမ်းညွှတ်ခဲ့ပါတယ်။ နိုင်ငံရေးအရလည်း အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှုတစ်လျှောက် တရုတ်နဲ့ ပတ်သက်ခဲ့တာ အလွန်နည်းပါးတယ်။ ထင်ရှားတဲ့ မြန်မာနိုင်ငံရေးခေါင်းဆောင်တွေဟာ ဂန္ဒီ-နေရူးတို့ ခေါင်းဆောင်တဲ့ အိန္ဒိယ ကွန်ဂရက်ပါတီနဲ့ အိန္ဒိယ ကွန်မြူနစ်ပါတီနဲ့ အဆက်အစပ်များခဲ့တယ်။ ကိုလိုနီလက်အောက်က လွတ်မြောက်ဖို့ ရုန်းကန် လှုပ်ရှားကြရင်း လူငယ်ခေါင်းဆောင်တွေ အတွေးထဲ ]]အနုနည်းနဲ့တော့ မရတော့ဘူး။ အကြမ်းနည်းနဲ့မှပဲ ရတော့မယ်}} ဆိုတဲ့ အယူအဆ သန္ဓေတည်လာချိန် (၁၉၄၀တစ်ဝိုက်) ကျတော့မှ တရုတ်တော်လှန်ရေးသမားတွေနဲ့ ဆက်မိအောင် ပထမဆုံး ကြိုးစားခဲ့ကြတယ်။ တရုတ်နိုင်ငံမှာကလည်း ပြည်သူကို ဖိနှိပ်အုပ်စိုးနေပေမယ့် နယ်ချဲ့ဖက်ဆစ်ဂျပန်ကို တွန်းလှန်တိုက်ထုတ်ဖို့ စိတ်ကူး ရှိပုံမရတဲ့ ချန်ကေရှိတ်အစိုးရကို မော်စီတုံးဦးဆောင်တဲ့ ကွန်မြူနစ်ပါတီက ပြည်သူတွေရဲ့ အင်ါအားကိုပါရယူပြီး တော်လှန်နေတဲ့ အချိန်နဲ့တိုက်ဆိုင် နေတာမို့ သခင်အောင်ဆန်း ဦးဆောင်တဲ့ သခင်လူငယ်တစ်စုဟာ တရုတ်ကွန်မြူနစ်ပါတီဆီ အရောက်သွားပြီး အကူအညီတောင်းဖို့ ကြိုးစားခဲ့ကြတဲ့အထိ တရုတ်ပြည်နိုင်ငံရေးက မြန်မာ့နိုင်ငံရေးအပေါ် သြဇာသက်ရောက်မှုရှိခဲ့တယ်ဗျ။ သခင်အောင်ဆန်းတို့ တရုတ်ကွန်မြူနစ်အဆက်အသွယ်ကိုစောင့်ရင်း ဂျပန်အဆက်အသွယ်တွေက လက်ဦးအောင် ခေါ်သွားကြတဲ့ သမိုင်းတစ်ကွက်ဟာ အလွန် စိတ်ဝင်စားဖို့ ကောင်းတယ်ဗျာ။
ပါတီစုံမှ တစ်ပါတီသို့
တရုတ်နိုင်ငံရေးက မြန်မာ့နိုင်ငံရေးအပေါ် သြဇာသက်ရောက်မှုဟာ ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေးစနစ် တစ်ဆစ်ချိုးကွေ့သွားခဲ့တဲ့ ၁၉၆၂ နောက်ပိုင်းမှာ ပိုပြီးထင်ရှားလာခဲ့တယ်။ အကြောင်းကတော့ အဲဒီနှစ်ထဲမှာ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တဲ့ တပ်မတော်ခေါင်းဆောင်စုက နိုင်ငံလွတ်လပ်ရေးရတဲ့အချိန်ကစလို့ ကျင့်သုံးလာခဲ့တဲ့ (အိန္ဒိယနိုင်ငံရေးစနစ်နဲ့ အနှစ်သာရ အားဖြင့် အတူတူဖြစ်တဲ့)ပါတီစုံစနစ်ကို ဖျက်သိမ်းပြီး တရုတ်နိုင်ငံမှာ ကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်နဲ့ ]ကြောင်းတူသံကွဲ} ဖြစ်တဲ့ တစ်ပါတီ စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ကြလို့ပဲ ဖြစ်တယ်ဗျ။ အဲဒီအချိန်မှာ တောထဲကနေ အစိုးရကို လက်နက်စွဲကိုင်ပုန်ကန်တိုက်ခိုက်နေကြတဲ့ အဖွဲ့အစည်းတွေထဲက အင်အားအကြီးဆုံးအဖွဲ့ အပါအ၀င် အဖွဲ့အချို့ရဲ့ လက်စွဲသဘောတရားကလည်း တရုတ်ကွန်မြူနစ်ပါတီကိုင်စွဲထား တဲ့ လက်ဝဲ၀ါဒပဲဖြစ်တာမို့ အဲဒီကာလတွေမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဟာ အာဏာရရော အာဏာမဲ့ပါ အိန္ဒိယထက် တရုတ်နဲ့ အများ ကြီး ပိုနီးစပ်ခဲ့တာဖြစ်တယ်ဗျ။
တရုတ်ကို အားထားခဲ့ရချိန်
ရှစ်ဆယ့်ရှစ် လှုပ်ရှားမှုကြီး နောက်ပိုင်းမှာတော့ အဲဒီအခြေအနေမက ပိုပြီး နက်ရှိုင်းသွားခဲ့တယ်ဗျာ။ အကြောင်းကတော့ နိုင်ငံတော် အာဏာကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထဲက လွှဲပြောင်းရယူခဲ့တဲ့ တပ်မတော်ခေါင်းဆောင်တွေက နိုင်ငံရေးစနစ်ကို ပါတီစုံစနစ် သို့ ပြန်လည်ပြောင်းလဲလိုက်ပြီလို့ ပြောဆိုခဲ့ကြပေမယ့် လက်တွေ့မှာ စစ်တပ်ကသာ အုပ်ချုပ်တဲ့စနစ်ဖြစ်နေတာကြောင့် အနောက် ဒီမိုကရေစီနိုင်ငံကြီးတွေက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ကြတယ်။ ဒီအနေအထားကို ခုခံကာကွယ်နိုင်ဖို့အတွက် မြန်မာ့စစ်ခေါင်းဆောင်တွေဟာ မိမိတို့အပေါ် နိုင်ငံတကာ မျက်နှာစာ မှာ ရှေ့နေလုပ်ပြီး အခိုင်အမာ ကာကွယ်ပေးခဲ့တဲ့ ဗီတိုအာဏာပိုင် တရုတ်နိုင်ငံနဲ့ သမိုင်းမှာ မကြုံဖူးလောက်အောင် ရင်းနှီးနီးစပ်လာခဲ့တာပဲ ဖြစ်တယ်ဗျ။
ဖိတဲ့ အိတဲ့ဒဏ်
နိုင်ငံနှစ်ခု အဲသလောက် နီးနီးကပ်ကပ် နက်နက်ရှိုင်းရှိုင်း ဆက်ဆံလာကြတဲ့ကိစ္စမှာ နှစ်နိုင်ငံစလုံးက ပြည်သူတွေ ရှုထောင့်က ကြည့် ရင် အကျိုးအမြတ်တွေ ရှိခဲ့ကြလိမ့်မယ်ဆိုတဲ့အချက်ကတော့ သံသယဖြစ်စရာမလိုဘူးဗျ။ ဒါပေမယ့် အင်အားကြီးတဲ့ နိုင်ငံတစ်ခုနဲ့ အင်အား သေးတဲ့နိုင်ငံတစ်ခု၊ အထူးသဖြင့် ခြံစည်းရိုးချင်းကပ်နေတဲ့ အင်အားကြီးတဲ့နိုင်ငံတစ်ခုနဲ့ အင်အားသေးတဲ့ နိုင်ငံတစ်ခုတို့ရဲ့ ပုံမှန်ထက် ပိုပြီး နက်ရှိုင်းနီးကပ်တဲ့ ဆက်ဆံရေးမှာ ဘေးထွက်ဆိုးကျိုး သက်ရောက်မှုဒဏ်ကို နိုင်ငံငယ်က ပိုပြီးခံရမှာဖြစ်တယ်ဆိုတာ ရှင်းတယ်ဗျ။ နိုင်ငံကြီးရဲ့ ဖိတဲ့အိတဲ့ဒဏ်ကို နိုင်ငံငယ်က ကြာလေ ပိုခံစားရလေဖြစ်မှာ အသေအချာပါပဲဗျာ။
နယ်စပ်မြို့တွေနဲ့ မန္တလေး
ဒါကြောင့်လည်း မြန်မာနယ်စပ်မြို့တွေဟာ တရုတ်မြို့တွေနဲ့ တစ်နေ့တခြား ပိုပိုပြီးတူလာနေကြပြီ။ မြန်မာဘုရင် နောက်ဆုံးမင်းစိုက်ခဲ့ ရာ မန္တလေးမြို့ရဲ့ အချက်အချာနေရာအားလုံးလိုလိုကိုတောင် မြန်မာအမည်နဲ့ပေမယ့် မြန်မာစကားမပြောတတ်တဲ့ အသားဖြူနီစပ်စပ် မျက်ပေါက်ကျဉ်းကျဉ်းတွေက စီးနင်းသိမ်းပိုက်ထားကြပြီဆိုတဲ့ အရေးအသားတွေ ဒီဖက်နှစ်ပိုင်းမှာ ကျွန်တော်ကို ခပ်စိပ်စိပ်ဖတ်လာခဲ့ကြ ရတာ ဖြစ်တယ်ဗျာ။
အခုရက်ပိုင်းအတွင်း ကျွန်တော် ဖတ်လိုက်ရတဲ့ International Herald Tribune သတင်းစာပါ ဆောင်းပါးတစ်ပုဒ်ကလည်း အမျိုးပျောက်မှာစိုးကြောက်သူ ကျွန်တော်တို့နိုင်ငံသားတွေရဲ့ သွေးတိုးနှုန်းကို ပိုပြီးမြန်စေမှာဖြစ်တယ်ဗျ။ အဲဒီဆောင်းပါးက တရုတ်နိုင်ငံမှာ ကျားမအချိုး အလွန်အမင်း ကွာဟမှုကြောင့် အိမ်ထောင်ဖက်ရှာမတွေ့နိုင်သူ တရုတ်အမျိုးသားတွေ ပိုမိုပြီး များလာနေတဲ့အကြောင်း ဖြစ်တယ်ဗျ။ အမေရိကန်နိုင်ငံမှာ ကျားမအချို့က ၁၀၅း၁၀၀ ရှိနေချိန်မှာ တရုတ်ကျေးလက်ဒေသတွေမှာ ၁၂၀း၁၀၀ ဖြစ်နေတဲ့အကြောင်း၊ ပြည်နယ် ၉ ခုမှာဆိုရင် ၁၆၀း၁၀၀ လောက်တောင်ဖြစ်နေတဲ့ အကြောင်း ဖော်ပြထားတယ်ဗျ။ ကျွန်တော်တို့ မြန်မာအမျိုးသမီးငယ်လေးတွေ တရုတ်ပြည်မှာ အရောင်းစား ခံနေကြရတဲ့ အခုတလော ခပ်စိပ်စိပ်ကြားလာရတဲ့သတင်းတွေနဲ့ ဒီဆောင်းပါးကို ဆက်စပ်ကြည့်ပြီး ကျွန်တော်တော့ ရင်မောမိတာ အမှန်ပဲဗျာ။
အိမ်နီးချင်းကို ရွေးလို့မရ
ဆွေမျိုးဆိုတာ မခေါ်ရင်ရတယ် မတော်ချင်လို့တော့ မရဘူးဆိုသလို ကမ္ဘာမှာ အိမ်နီးချင်းနိုင်ငံဆိုတာလည်း ရွေးလို့ရတာမျိုး မဟုတ် ဘူးဗျ။ ကိုယ့်အိမ်နီးချင်း ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ မဖြစ်မနေ မိတ်ဝတ်မပျက် ဆက်ဆံရမှာပဲ ဖြစ်တယ်ဗျ။ ဒါပေမယ့် ကိုယ့်ထက် အဆပေါင်းများစွာ အင်အားပိုမိုကြီးထွားတဲ့ အိမ်နီးချင်းနိုင်ငံနဲ့ ဆက်ဆံရတဲ့ နိုင်ငံငယ်တစ်ခုရဲ့ ဦးစီးခေါင်းဆောင် တွေအနေနဲ့ကတော့ အင်မတန်ကို ပါးပါးနပ်နပ်နဲ့ သတိတမန် ဥာဏ်မြေကတုတ်လုပ်ကြဖို့တော့ လိုသပေါ့ဗျာ။ ရေတိုအကျိုးထက် ရေရှည်အကျိုးကို ကြည့်ပြီး လျှော့တန်လျှော့ တင်းတန်တင်း နည်းပရိယာယ်ကြွယ်ဝစွာနဲ့ ဆက်ဆံခဲ့ကြတဲ့ အိမ်နီးချင်း ဒစ်ပလိုမေစီတွေကို နမူနာယူနိုင်ကြမယ်ထင်တယ်ဗျာ။
အမျိုးသားရေးသတိနဲ့ ဆင်ခြင်
မြန်မာပြည်သူများရဲ့ အကျိုးစီးပွားရှုထောင့်က ရပ်တည်ပြီး ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းကို မြန်မာနိုင်ငံဘက်က မကြာသေးခင်ကပဲ ရပ်ဆိုင်းလိုက်တယ်။ နှစ်ပေါင်းငါးဆယ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတစ်ဦး မြန်မာနိုင်ငံ လာလည်တယ်။ အခုတလော ကြားရတဲ့သတင်းတစ်ခုမှာ မန္တလေး မြို့က ကြော်ငြာဘုတ်ကြီးတွေမှာ မြန်မာနဲ့ အင်္ဂလိပ် ဘာသာနှစ်ခုက လွဲပြီး တခြားဘာသာစကားတွေ အသုံးပြုဖို့ တားမြစ်လိုက်တယ်လို့ ဆိုတယ်။ အဲဒီလုပ်ရပ်ရဲ့ ပစ်မှတ်က တရုတ်ဘာသာစကားလို့ ဆိုကြတယ်။ နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်သံအမတ်ကြီးက ဒီချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လာတွေ့သွားတယ်။
ကျွန်တော်တို့နိုင်ငံအတွက် အလွန်တရာ အရေးပါတဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမှာ နိုင်ငံခေါင်းဆောင်တွေနဲ့ တစ်ပြိုင်တည်း လိုက်ပြီး ကျွန်တော်တို့ ပြည်သူတွေကလည်း အမျိုးသားရေးသတိနဲ့ မပြတ်မလပ် ဆင်ခြင်နေသင့်ကြတယ်လို့ တိုက်တွန်းလိုက်ရကြောင်းပါဗျာ။
မောင်ဝံသ
၂၇ ၁၂ ၂၀၁၁

0 comments:
Post a Comment