စမတ်ပါဝါနှင့် ပြည်သူ့အောင်ပွဲ
- Published on Sunday, 15 January 2012 18:44
- Written by ညီစောလွင်
“ ပါဝါအပျော့နှင့် ပါဝါအမာကို ချိန်ဆပေါင်းစပ်ရတဲ့ အလုပ်ဟာ ကြိုးတန်းပေါ်မှာ လမ်းလျှောက်ရသလိုပါပဲ”(ဂျိုးဇက် အက်စ် နိုင်း ဂျူနီယာ)
မြန်မာပြည်
အပြောင်းအလဲအတွက် အစဉ်အလာ စဉ်းစားချက်တွေ၊ သီအိုရီတွေဟာ လက်တွေ့
အလုပ်ဖြစ်မယ့်ပုံမရပါဘူး၊ ဒါကြောင့် အစဉ်အလာ စဉ်းစားချက်တွေ သီအိုရီတွေကနေ
ဖောက်ထွက်နိုင်ဖို့ဟာ ဒီမိုကရေစီအောင်မြင်ဖို့အတွက် အဓိကကျပါတယ်။
အစဉ်အလာ
နားလည်ထားချက်တခုအရ အပြောင်းအလဲတွေရဲ့ သဘာဝသုံးမျိုးရှိတယ်လို့ ဆိုပါတယ်၊
အောက်ခြေက လာတဲ့အပြောင်းအလဲ (Bottom-Up)။ အထက်က ချပေး အပြောင်းအလဲ
(Top-Down)၊ ပြင်ပလာတဲ့ ဖိအားကြောင့် ပြောင်းလဲသွားခြင်း (External
Pressure)။
ဥပမာတွေအနေနဲ့
လက်ရှိ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဒေသက လူထုအုံကြွမှုတွေ
(အာရတ်နွေဦး) ဟာ Bottom-Up ပုံစံနှင့် အပြောင်းအလဲ လုပ်ဖို့
ချဉ်းကပ်မှုဖြစ်ပြီး၊ ဒုတိယနည်းကတော့ တရုတ်တို့၊ တောင်ကိုရီးယား တို့မှာ
တွေ့ခဲ့ရပါတယ်။ စက်တင်ဘာ အကြမ်းဖက်မှု နောက်ပိုင်း အီရတ်တို့၊
အာဖဂန်နစ္စတန်တို့ဆီက နိုင်ငံရေး အပြောင်းအလဲကတော့ အမေရိကန်ရဲ့
စစ်ရေးစွက်မှုကနေ ဖြစ်ပေါ်တဲ့ တတိယ ပုံစံမှာ အကြုံးဝင်ပါတယ်။
မြန်မာပြည်မှာ
(Bottom-up) ပုံစံ နိုင်ငံရေးအပြောင်းအလဲလုပ်ဖို့
အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးပေမယ့် (အပြည့်အ၀) မအောင်မြင်ခဲ့ပါဘူး။
လွန်ခဲ့တဲ့ နှစ်တွေက မြန်မာပြည် ဒီမိုကရေစီအပြောင်းအလဲအတွက်
နည်းလမ်းရှာတဲ့အခါမှာ လူထုလှုပ်ရှားမှုတွေကိုလည်း အစိုးရက
အကြမ်းဖက်နှိပ်ကွပ်၊ အီရတ်တို့ အာဖရန်စနစ္စတန်လို့လည်း အမေရိကန်က ၀င်ရောက်
တိုက်ခိုက်ဖို့အခြေအနေမရှိ။၊ ဒါကြောင့် စစ်တပ်ကပဲ ဦးဆောင်ပြီး (Top-Down
ပုံစံ) အပြောင်း အလဲဖြစ်နိုင်တော့မယ်လို့ တချို့လေ့လာသူတွေ
စဉ်းစားခဲ့ကြတာတွေရှိပါတယ်၊ အခုအချိန်ထိ ယုံကြည်နေသူတွေလည်းရှိပါတယ်၊
လက်တွေ့မှာ ဒီလိုမဟုတ်ပါဘူး။
လက်ရှိ
နိုင်ငံရေးဖြစ်ထွန်းမှုတွေမှာ သီအိုရီကနေ ဖောက်ထွက်တဲ့ အပြောင်းအလဲတွေလို့
တွေ့နေရပါတယ်။ စောစောကတင်ပြထားတဲ့ သီအိုရီတမျိုးတည်းနဲ့
ဖြစ်ပေါ်နေတာမဟုတ်ဘဲ၊ စနစ်တကျ ရောနှောပေါင်းစပ်ပြီး ဖြစ်ထွန်း
တိုးတက်နေတာလို့ ယူဆပါတယ်။ (မှတ်ချက်၊ ၊ ကဒါဖီရဲ့ လစ်ဗျားမှာလည်း Bottom-Up
နှင့် External Pressure တို့ရဲ့ အရောအစပ်ကို တွေ့ရပါတယ်)
အနှစ်၂၀ခရီး
ထောင်ကနေ
လွတ်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ပြောတဲ့စကားဟာ
အလွန်စဉ်းစားစရာကောင်းပါတယ်။ တိုင်းပြည် အပြောင်းအလဲတွေကို စစ်တပ်က
ဦးဆောင်ပြီးလုပ်မှ ဖြစ်နိုင်တော့မယ်လို့ ယူဆသူတွေနဲ့
ပြောင်းပြန်ဖြစ်ပါတယ်။
ကိုမင်းကိုနိုင်က
“ ဒီမိုကရေစီဆိုတာ အနှစ် ၂၀ လောက် ပေးဆပ်ပြီးတော့ တိုက်လိုက်တဲ့အခါမှာ
အခုအချိန်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေကအစ ဒီမိုကရေစီကို မသွားရင်
မရတော့ဘူးလို့ သဘော ပေါက်သွားတဲ့ အနေအထားကို ရောက်ခဲ့ပြီမဟုတ်လား၊ သူတို့
ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ဒိမိုကရေစီကို သူတို့ ငြင်းလို့ မရတော့ဘူး၊
အဲဒါ ပြည်သူအောင်ပွဲမဟုတ်လား”
ဒါပေမယ့်
နောက်ဆုံးတနေ့ ဒီမိုကရေစီ အောင်ပွဲရဖို့ အမှားနှင့် အမှန်ကို သိဖို့၊
လိုအပ်ရင် သတ္တိရှိဖို့၊ စည်းကမ်းရှိဖို့၊ ညီညွတ်ဖို့ လိုတယ်လို့
ပြောသွားပါတယ်။ ကိုမင်းကိုနိုင်ပြောတဲ့ အနှစ် ၂၀ ခရီးကို
ခြေရာပြန်ကောက်ကြည့်ရင်၊ Bottom-up ရော၊ Top-down ရော မအောင်မြင်ခဲ့ပေမယ့်
ဘယ်လို ပေါင်းစပ်မလဲဆိုတဲ့ အချိုးအဆတခုကို ရှာဖွေခဲ့ပုံရပါတယ်။
၁၉၈၈
လူထု အရေးတော်ပုံကြောင့် မဆလ အာဏာရှင်ပြုတ်ကျသွားပါတယ်။ ဒီမိုကရေစီ နည်းကျ
ရွေးကောက်ပွဲကို ၁၉၉၀ ခုနှစ် ကျင်းပခဲ့ပေမယ့် အနိုင်ရပါတီကို စစ်တပ်က
အာဏာမလွှဲခဲ့ပါဘူး။ အဲဒီနောက်ပိုင်းမှာ ဒီမိုကရေစီအင်အားစုတွေဘက်က ၁၉၈၈
ပုံစံ လူထုအုံကြွမှုနှင့် စစ်အစိုးရကို ဖြုတ်ချဖို့ ကြိုးစားခဲ့ပေမယ့်
မအောင်မြင်ခဲ့ပါဘူး။ (Bottom-up)
၁၉၉၀
နောက်ပိုင်းမှာ စစ်တပ်က သူတို့နည်းသူတို့ဟန်နဲ့ ဒီမိုကရေစီ နိုင်ငံတော်ကို
ချီတက်ဖို့ (အနည်းဆုံးအနေနဲ့ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်လာပြီး၊
စစ်တပ် အကျိုးစီးပွားကို မထိခိုက်တဲ့ ဒီမိုကရေစီလမ်းစဉ်ကို ချီတက်ဖို့
ကြိုးစားခဲ့ပါတယ်၊ ထင်တိုင်းမပေါက်ခဲ့ပါဘူး၊ ပြည်သူတွေနှင့် နိုင်ငံတကာရဲ့
အငြိုအငြင်ကို ခံခဲ့ရပါတယ်၊ Top-down –မအောင်မြင်။
ဒီလိုနှင့်
၂၀၀၃ ခုနှစ်မှာ ဒီပဲယင်းအရေးအခင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို
လုပ်ကြံဖို့အထိ ရုပ်ပျက်ဆင်းပျက် ကြိုးစားခဲ့ပြီး၊ အဲဒီအရေးအခင်းကြောင့်
လူထုနှင့် နိုင်ငံတကာရဲ့ မကျေနပ်ချက်တွေကို ပြန်ပြီးချွေးသိပ်ဖို့
ဒီမိုကရေစီသို့ လမ်းပြမြေပုံ (၇) ချက်ကို ချက်ချင်းလက်ငင်းပဲ
ချပြခဲ့ရပါတယ်။ အကြောင်းအမျိုးမျိုးပြပြီး စစ်တပ်က အချိန်ဆွဲထားခဲ့ပါတယ်၊
ဒီလိုနဲ့ ၂၀၀၇ သံဃာတွေ ဦးဆောင်တဲ့ လူထုလှုပ်ရှားမှုပေါ်ပေါက်ခဲ့ပါတယ်။
အစိုးရကို ဖြုတ်ချဖို့ ကြိုးစားခဲ့ပေမယ့် ဒီတကြိမ်လည်း စစ်တပ်က
နှိမ်နင်းတာခံရပါတယ်။ (Bottom-up –)
၂၀၀၇
ရွှေဝါရောင်တော်လှန်ရေးကြောင့် စစ်အစိုးရက အချိန်ဆွဲထားတဲ့ လမ်းပြမြေပုံကို
အလျင်အမြန်နဲ့ အကောင်းအထည်ဖော်ပြီး၊ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပဖို့
ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို မအောင်မြင်ဖို့ အတိုက်အခံတွေက ကြိုးစားတာ
မအောင်မြင်ပါဘူး။ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမှုရဖို့ အစိုးရက
ကြိုးစားတာ အပြည့်အ၀ မအောင်မြင်ပါဘူး၊ (Top-down )
အမေရိကန်ရဲ့ စမတ်ပါဝါ
တချိန်တည်းလိုလို
၂၀၀၉ ခုနှစ် သမ္မတအိုဘားမားတက်လာတဲ့ နောက်ပိုင်း အမေရိကန် နိုင်ငံခြားရေး
ပေါ်လစီမှာ အပြောင်းအလဲ တချို့ဖြစ်ခဲ့ပါတယ်။ သမတဘုရှ်ရဲ့ အာဏာရှင်
နိုင်ငံတွေက အစိုးရဖြုတ်ချရေး ဆိုတဲ့ ပေါ်လစီမဟုတ်တော့ပါဘူး၊
မြန်မာပြည်နှင့် တိုက်ရိုက် ပတ်သက်တဲ့ ကိစ္စကတော့ အရင်က ဒဏ်ခတ်
ပိတ်ဆို့မှုသက်သက် ကျင့်သုံးရာကနေ၊ တဖက်ကနေ
ထိတွေ့ဆက်ဆံရေးလမ်းကြောင်းဖွင့်ပြီး၊ နှစ်လမ်းသွား ပေါ်လစီကို
ကျင့်သုံးလာပါတယ်။ တကယ်တော့ ဒါဟာ ၂၀၀၉ ခုနှစ်မှာ အိုဘားမား တက်တက်လာချင်း
ပြောတဲ့ စမတ်ပါဝါ Smart Power သဘောတရားကို လက်တွေ့ ကျင့်သုံးတာ ဖြစ်ပါတယ်။
ပါဝါအပျော့နှင့်
ပါဝါအမာကို လိုအပ်သလို ရောစပ်အသုံးပြုမယ်ဆိုတဲ့ နိုင်ငံခြားရေးပေါ်လစီ
ဖြစ်ပါတယ်။ မြန်မာပြည်နှင့်ပတ်သက်လို့ အမေရိကန်ပေါ်လစီက အောင်မြင်ပုံရပါတယ်၊
ဒါကြောင့် မကြာခင်မှာ မြန်မာပြည်ကို သံတမန်အဆင့်မြင့်ဖို့ အမေရိကန်
ဆုံးဖြတ်လိုက်တာပါ။
အစိုးရနှင့် အတိုက်အခံ
မြန်မာအစိုးရကလည်း
ရွေးကောက်ပွဲကို စိတ်ကြိုက်ကျင်းပခဲ့ပေမယ့် ပြည်သူတွေနဲ့ နိုင်ငံတကာက
အသိအမှတ်ပြုလာအောင် အစိုးရဘက်က လိုက်လျှောမှုတချို့တွေလုပ်ပေးလာရပါတယ်။
တဖက်မှာတော့ အရေးကြီးတဲ့ နိုင်ငံရေးအာဏာတွေနဲ့ စစ်တပ်ကို လက်မလွှတ်ပါဘူး။
အတိုက်အခံတွေဘက်က
ကြည့်ရင်လည်း အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တဖက်က လူထုရဲ့
ထောက်ခံမှု၊ နိုင်ငံတကာရဲ့ ထောက်ခံမှုကို အပြည့်အ၀ရထားကြောင်း ပြသရင်း
သဘောထား ပျော့ပြောင်းမှုတွေပြသပြီး အစိုးရကို ချဉ်းကပ်ခဲ့ပါတယ်။ ရလဒ်ကတော့
ပြီးခဲ့တဲ့ လတွေကို တွေ့ရတဲ့ နိုင်ငံရေးတိုးတက်မှုတချို့ပါပဲ။
အံ့သြစရာ တိုက်ဆိုင်မှုကတော့ မြန်မာပြည်နိုင်ငံရေးမှာ နိုင်ငံတကာ၊ အစိုးရ၊ အတိုက်အခံတို့ အားလုံး Smart Power သဘောတရားကို လက်တွေ့ကျကျ ကျင့်သုံးလာကြတဲ့ အချက်ပါပဲ။ ဒါပေမယ့် Smart Power သဘောတရားဟာ အိုဘားမားအစိုးရက မနေ့တနေ့ကမှ အသစ်တီထွင်လိုက်တာတော့ မဟုတ်ပါဘူး။
ကမ္ဘာ့နိုင်ငံရေးကို
ကြည့်ကြည့်၊ မြန်မာပြည်နိုင်ငံရေးကို ကြည့်ကြည့် အတိတ်ကနေ အခုချိန်အထိ
တည်ငြိမ်ပြီး ဖွံ့ဖြိုးတဲ့ အင်ပါယာတွေတိုင်းမှာ Smart
Power ဟာ ပုံစံတမျိုးမျိုးနဲ့ ရှိခဲ့ပြီး၊ ပါဝါနှစ်ခု
အရောအစပ်ပျက်စီးသွားတဲ့ အခြေအနေမှာ တိုင်းပြည်တွေ ကျဆုံးပြီး၊ ပြည်သူတွေ
ဒုက္ခရောက်သွားတတ်ပါတယ် (အသေးစိတ်သိချင်ရင် ဖြည့်စွက်ချက်ကို ကြည့်ပါ)။
ဒါပေမယ့် စမတ်ပါဝါဆိုတာ ထင်သလောက်မလွယ်ပါဘူး၊ အရင်က အမေရိကန် အစိုးရရဲ့
လုံခြုံရေးအကြံပေးလည်းဖြစ်၊ ဟားဘတ်တက္ကသိုလ်က ပါမောက္ခဂျိုးဇက်အက်နိုင်းက
ပါဝါအမာနှင့် ပါဝါအပျော့ကို ပေါင်းစပ်ရတဲ့အလုပ်ဟာ ကြိုးတန်းပေါ်မှာ
လမ်းလျှောက်ရသလိုပဲလို့ ဆိုပါတယ်။
မြန်မာပြည်နိုင်ငံရေးမှာလည်း စမတ်ပါဝါက ဘယ်လောက်အထိ အလုပ်ဖြစ်မလဲမသိနိုင်ပေမယ့် အခုအချိန်ထိတော့ အသုံးတည့်နေတာကတော့ တွေ့ရပါတယ်။ တဖက်ကကြည့်ရင် မြန်မာပြည်
နိုင်ငံရေးမှာ အတိုက်အခံနှင့် အာဏာရအုပ်စုတွေအကြား နှစ်ပေါင်းများစွာ
တဖက်ကို တဖက် အပြတ်ရှင်း၊ အပြုတ်တိုက်ရေးဆိုတဲ့ အခြေအနေ မအောင်မြင်တဲ့
အဆုံးမှာ စေ့စပ်ညှိနှိုင်းတဲ့ သဘောတရားဘက်က ရွှေ့လာတဲ့ တိုးတက်လာတဲ့
သဘောဖြစ်ပါတယ်။
တိုင်းပြည်နှင့်
ပြည်သူရဲ့ အကျိုးစီးပွားအတွက် ဒီပါဝါနှစ်ခုအရောအစပ် ပျက်စီးမသွားဖို့၊
stakeholder တယောက်ယောက် ကြိုးတန်းပေါ်က လိမ့်ကျ-မသွားဖို့ပဲ အရေးကြီးပါတယ်။
ညီစောလွင်
၁၅၊ ၀၁၊ ၂၀၁၂
စမတ်ပါဝါနောက်ခံအကျဉ်း
Smart
Power သဘောတရားဟာ နိုင်ငံတကာဆက်ဆံရေးမှာ အသစ်အဆန်း မဟုတ်ပါဘူး၊ နိုင်ငံတကာ
ဆက်ဆံရေးမှာ တကမ္ဘာလုံး လက်တွေ့ ကျင့်သုံးနေကြတဲ့ သဘောတရားပါပဲ။
စင်ကာပူနိုင်ငံဆိုရင် သူ့နိုင်ငံရဲ့ စစ်တပ်အင်အားကို အကောင်သေးပေမယ့်
အဆိပ်ပြင်းတယ်လို့ အိမ်နီးချင်းနိုင်ငံတွေ အထင်ခံရအောင် ခေတ်မှီအောင်
အင်အားဖြည့်ထားပြီး၊ တဖက်မှာ စင်ကာပူတက္ကသိုလ်တွေဟာ ဒေသဆိုင်ရာ အစိုးရ
မဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေကို ခွင့်ပြုထားပြီး
သူ့နိုင်ငံရဲ့ ပါဝါအပျော့ကို ထူထောင်ထားပါတယ်။
ဆွစ်ဇာလန်နိုင်ငံဟာလည်း
စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းထားပြီး၊ ပထ၀ီအနေအထား၊ စစ်ရေးအရ
တောင်တန်းထူထပ်တဲ့ အတွက် တိုင်းပြည် ကာကွယ်ရေးမှာ အလွန်စိတ်ချရတဲ့
အခြေအနေရှိပါတယ်၊ ဒါပေမယ့် တဖက်မှာတော့ ဘဏ်လုပ်ငန်း၊ ကုန်သွယ်ရေးနှင့်
ယဉ်ကျေးမှုကွန်ယက်တွေကို ဖြန့်ကျက်ထားပါတယ်၊
ကာတာ
ဆိုတဲ့ နိုင်ငံငယ်လေးဟာ အမေရိကန်ရဲ့ အီရတ်စစ်မှာ အမေရိကန်တပ်တွေရဲ့
အခြေခံစခန်းအဖြစ် အသုံးပြုခွင့်ပေးခဲ့ပြီး၊ တဖက်မှာ အမေရိကန်ရဲ့
ပေါ်လစီတွေကို ပြင်းပြင်းထန်ထန် ဝေဖန်တဲ့ Al Jazeera သတင်းဌာနရဲ့ အခြေစိုက်ခွင့်ပြုထားပါတယ်။
နော်ဝေနိုင်ငံဆိုရင်လည်း
ကာကွယ်ရေးအတွက် နေတိုးအဖွဲ့ထဲမှာ ၀င်ထားပြီး တဖက်မှာ
နိုင်ငံတကာဖွံ့ဖြိုးရေးအကူအညီတွေပေး၊ ငြိမ်းချမ်းရေးကြားဝင် စေ့စပ်သူအဖြစ်
ဆောင်ရွက်ရင်း သူရဲ့ ပါဝါအပျော့ကို အားကောင်ဖို့ ကြိုးစားနေတာတွေ့ရပါတယ်၊
ဂျပန်ဟာလည်း မေဂျီပြုပြင်ပြောင်းလဲရေး (1867-1868) ခေတ်နောက်ပိုင်းမှာ
စစ်အင်အားကို တိုးချဲ့ခဲ့ပြီး၊ ၁၉၃၀ ပြည့်လွန်နှစ်တွေမှာ အရှေ့အာရှသာ
တူညီမျှ ကောင်းစားရေးဆိုတဲ့ ကြွေးကြော်သံ အောက်က
ဂျပန်အင်ပါယာအိပ်မက်မက်ခဲ့ပါတယ်။ ဂျပန်က အဲ့ဒီကြွေးကြော်သံ (ပါဝါအပျော့)
ကို တလွဲသုံးမိတဲ့ အတွက် ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးခဲ့ရပါတယ်၊ အဲဒီနောက်မှာ
အမေရိကန်နှင့် စစ်ရေး မဟာမိတ်ပြုပြီး စီးပွားရေးကိုပဲ ဇောင်းပေးခဲ့ပါတယ်။
ဒါပေမယ့် ဂျပန်ဟာ စစ်တပ်ခေတ်မှီရေး နှင့် ကမ္ဘာတလွှာ ပါဝါအပျော့
ဖြန့်ကျက်ရေးကို မျက်ခြေပျက်မခံခဲ့ပါဘူး။
တရုတ်ကလည်း
ဒီသဘောပါပဲ။ တရုတ်ကွန်မြူနစ်ပါတီဟာ သူ့ရဲ့ စစ်အင်အားကို တောင့်တင်းအောင်
လုပ်တဲ့ တချိန်တည်းမှာ မော်စီတုန်းသဘောတရားတွေကို ဖြန့်ပြီး၊
တတိယကမ္ဘာသွေးစည်းရေးဆိုတဲ့ ကြွေးကြော်သံနှင့် တရုတ်သြဇာကို ပြင်ပကမ္ဘာမှာ
ထူထောင်ဖို့ ကြိုးစားခဲ့ပါတယ်။ မော်ဝါဒ အာနိသင့်ပျယ်သွားတဲ့ ၁၉၇၀
ပြည့်လွန်နှစ်တွေ ရောက်မှ စီးပွားရေးဘက်ကို လှည့်လာ တာဖြစ်ပါတယ်။
တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်က နိုင်ငံတကာစွန့်စားခန်းတွေဟာ
ပြည်တွင်း ဖွံ့ဖြိုးရေးကို နှောင့်နှေးစေလိမ့်လို့ သတိပေးခဲ့ပါတယ်။
၂၀၀၉
ခုနှစ် ကမ္ဘာ့ စီးပွားရေး ပျက်ကပ်ကနေ လွတ်မြောက်သွားတာကို တရုတ်တချို့က
ဂုဏ်အယူလွန်ပြီး၊ ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံမှာ အမေရိကန်အကျ၊
တရုတ်အတက်ဖြစ်တော့မယ်၊ တလွဲကောက်ချက်ဆွဲကြပါတယ်၊ ဒီလိုနဲ့ ကိုယ့်ဘာသာ
ယုံကြည်မှုလွန်သွားပြီး၊ ၂၀၀၉-၂၀၁၀ နှစ်တွေမှာ တရုတ်ရဲ့ နိုင်ငံခြားရေး
ပေါ်လစီဟာလည်း နိုငိငံတကာမှာ ဝေဖန်တာခံ၊ အမေရိကန်၊ ဂျပန်၊ အိန္ဒိယအပါအ၀င်
တခြားနိုင်ငံတို့နှင့် ဆက်ဆံရေးကို ထိခိုက်လာ ပါတယ်၊ ဒီလိုနဲ့
မှားမှန်းသိတဲ့ တရုတ်ဟာ တရုတ်ဟာလည်း ခေါင်းဆောင်ကြီး တိန် ရဲ့
လမ်းညွန်ချက်တွေဆီ နောက်ပြန် လှည့်သွား ပါတယ်။
အမေရိကားဆိုရင်လည်း
သမတဘုရှ်ရဲ့ ကောင်းဘွိုင်ဆန်တဲ့ ပေါ်လစီတချို့ကြောင့် ကမ္ဘာ့ဇာတ်ခုံမှာ
အမေရိကန်ရဲ့ ဥပဓိရုပ်ကျဆင်းခဲ့ပြီးတဲ့နောက်မှာ အိုဘားမားက ပြန်အဖက်ဆယ်ဖို့
ကြိုးစားကြည့်နေတာဖြစ်ပါတယ်။ ဒါပေမယ့် အီဂျစ်၊ ဘာရိန်၊ ဆော်ဒီအာရေးဘီးယား၊
ရီမင် နိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်လို့ အစိုးရတွေဘက်က မလိုက်ရင်
အမေရိကန်ရဲ့ အရေးကြီးတဲ့ နိုင်ငံခြားရေးပေါ်လစီဖြစ်တဲ့ အရှေ့
အလယ်ပိုင်းငြိမ်းချမ်းရေး၊ ပါရှန်းကွေ့က ရေတပ်စခန်း၊ ရေနံဈေးကွက်၊
အကြမ်းဖက်မှု တိုက်ဖျက်ရေးတို့အတွက် ထိခိုက်နိုင်ပါတယ်၊ တဖက်မှာလည်း
သတင်းနှင့် နည်းပညာခေတ်မှာ ပြည်သူတွေဆန္ဒကိုလျစ်လျူရူ့ရင် အမေရိကန်ရဲ့
ဥပဓိကရုပ်သာမက ဒေသတခုလုံးရဲ့ ရေရှည် တည်ငြိမ်ရေးကို ထိခိုက်လာနိုင်လို့
စမတ်ပါဝါ အရော အစပ်အတွက် နည်းလမ်းရှာနေရပါတယ်။
ပြန်ခြုံကြည့်ရင်
ပါဝါအမာနှင့် အပျော့ကို ပေါင်းစပ်ရတာ အမြဲတမ်းမလွယ်ပါဘူး၊
အတက်အကျသဘောလည်းရှိပါတယ်။ တချိန်ချိန်မှာ တဖက်ဖက်ကို အစွန်းရောက်သွားရင်
တန်ပြန် ဆိုးကျိုးတွေ ခံစားရ တတ်ပါတယ်။ ဒါကို သင်ခန်းစာယူရင်း၊
ပြုပြင်ရင်းကပဲ လူသားတွေရဲ့ သမိုင်းဟု ယူဆစရာရှိပါကြောင်း။ ။
0 comments:
Post a Comment